ဖိနှိမ်ခြင်း
Vol. 73 Ch. 1086
“အစ်မရှီ.. အစ်မရှီ.. “
ဦးချိုမဲ့နဂါးတစ်ကောင်က လုံရှီ၏ရှေ့သို့ အမောတကောဖြင့် ပြေးလာလေသည်။
“လုံယန်းက လုံမိုကို ပြဿနာသွားရှာတာ.. အခု သူတို့နှစ်ယောက်က နဂါးသွေးတိုက်ပွဲမြေမှာ အသေအကြေ တိုက်ခိုက်ကြတော့မယ်”
“အာ..”
လုံရှီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး အတွေးနက်စွာဖြင့် သူမက မျက်မှောင်ကြုတ်လိုက်လေသည်။
“အစ်မရှီ.. အဲဒါကလည်း ကောင်းတာပဲမလား.. လုံမိုက အရင်တုန်းက အစ်မကို အနိုင်ကျင့်ခဲ့တာ သူ့ရဲ့အမှားပဲ”
ဦးချိုမဲ့နဂါးက ကျီစယ်လိုသော အမူအရာဖြင့် ပြောလိုက်လေသည်။
“နင် ဘာသိလို့လဲ”
လုံရှီက ဖနှောင့်တစ်ချက်ဆောင့်ပြီး လှည့်ထွက်သွားလေသည်။
လုံယန်းနှင့် လုံမို.. နဂါးသွေးတိုက်ပွဲမြေသို့ ဝင်ရောက်မည့် သတင်းသည် နဂါးအရိုးတောင်ကြားတစ်ခုလုံးမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။
တံခါးပိတ်ကျင့်ကြံမနေသော နဂါးများ အားလုံးနီးပါးသည် တိုက်ပွဲကို စောင့်ကြည့်ဖို့အတွက် ပြေးသွားကြလေသည်။
“ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ မင်းတို့ထင်လဲ”
“အဲဒါက ပြောနေစရာတောင် လိုလို့လား.. လုံယန်းက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်.. လုံမိုကတော့ နံပါတ်ငါး.. နောက်ပြီး လုံမိုက မကြာသေးခင်ကမှ မူလနတ္ထိအဆင့်ကို ဝင်ရောက်လာတာလို့ ငါကြားမိတယ်”
“အဲဒါ အမှန်ပဲ.. ဘယ်သူနိုင်မလဲလို့ မေးတာထက် လုံမိုက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ မေးတာက ပိုကောင်းလိမ့်မယ်”
“လုံမိုက လုံယန်းရဲ့ တားမြစ်နာမည်ကို သွားဆွခဲ့တယ်လို့ ငါကြားမိတယ်.. သူက သက်သက်သေချင်နေတာပဲ”
လုံယန်းနှင့် လုံမို ရောက်မလာခင်မှာပင်.. များစွာသော နဂါးများက တိုက်ပွဲနယ်မြေပတ်လည်မှာ ပွဲကြည့်ဖို့အတွက် စုဝေးလာကြပြီဖြစ်လေသည်။
သိပ်မကြာမီ.. နဂါးများက ဘေးဘက်သို့ ချဲပေးလိုက်ကြလေသည်။
လုံယန်းက ညိုမည်းနေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သွေးစွန်းနေသော နဂါးသွေးတိုက်ပွဲနယ်မြေပေါ်သို့ တက်လှမ်းလိုက်လေသည်။
ဆူဇီမိုက ထူးမခြားနား အမူအရာဖြင့် နောက်ကနေ လိုက်ပါလာခဲ့လေသည်။
တိုက်ပွဲမြေက အလွန်တရာ ကျယ်ပြန့်ပြီး သွေးနံ့ဖြင့် ဟောင်နေလေသည်။
သူတို့နှစ်ယောက်စလုံးက မျက်နာချင်းဆိုင် ရပ်နေကြလေသည်။
“လုံယန်း.. ဆင်းလာခဲ့.. ငါ့အတွက် ရပ်တည်ပေးဖို့ နင့်ကို မလိုဘူး”
ရုတ်တရက် တိုက်ပွဲမြေအောက်မှ ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာခဲ့လေသည်။
လုံရှီက ထွက်ပေါ်လာပြီး လုံယန်းကို လှမ်းအော်ပြောလိုက်ခြင်း ဖြစ်လေသည်။
လုံယန်းက ဘေးဘက်သို့ တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါပြလိုက်လေသည်။
“ညီမလုံရှီ.. ဒီကိစ္စက နင်နဲ့ ဘာမှမဆိုင်ဘူး.. လုံမိုက သက်သက်သေချင်နေတာပဲ”
“လုံယန်း.. နင်..”
လုံရှီက ပြောစရာစကားမဲ့သွားလေသည်။
ပုံမှန်အခြေအနေမှာဆိုလျှင် လုံယန်းသည် သူမဘက်ကနေ ရပ်တည်ပြီး လုံမိုကို ဆုံးမတော့မည်ဖြစ်၍ သူမက ပျော်ရွှင်သင့်လေသည်။
လုံမို သေသွားမည်ဆိုလျှင်တောင် အဲဒါက သူမနှင့် ဘာမှမဆိုင်ပေ။
သို့သော်လည်း ဘာကြောင့်ရယ်မသိ.. သူမသည် သူတို့နှစ်ယောက်ကို အသေအကြေ တိုက်ပွဲတစ်ခု မဆင်နွှဲစေချင်ပေ။
ဤနေရာမှာ နဂါးများက ပို၍ပို၍ စုဝေးလာကြလေသည်။
လုံယန်းက ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။
“မင်းမှာ နောက်ဆုံးဆန္ဒရှိရင် ပြောလို့ရတယ်.. ငါက မင်းအတွက် ဖြည့်ဆည်းပေးမယ်”
ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ခေါင်းကို ခါပြလိုက်လေသည်။
“ငါ့မှာ နောက်ဆုံးဆန္ဒတွေ ဘာတွေ မရှိပါဘူး.. မင်းက ငါ့ကို စိတ်မပျက်စေရင် ရပြီ.. ငါက ဒီနေရာကို ရောက်လာပြီးကတည်းက အကြောအခြင်တောင် ကောင်းကောင်းမဆန့်ရသေးဘူး”
မောက်မာခြင်း..
ထိုစကားလုံးများက နဂါးများအတွက် အလွန်တရာ မောက်မာလေသည်။
နဂါးများထံမှ ဟေးခနဲ အော်ဟစ်သံက ထွက်ပေါ်လာခဲ့လေသည်။
နဂါးများစွာက လှောင်ရယ်လိုက်ကြလေသည်။
သို့သော်လည်း လုံယန်းက မရယ်ပေ။
လုံမိုက တည်ငြိမ်လွန်းသည်ဟု သူက ရုတ်တရက် ခံစားမိလာလေသည်။
လုံယန်းသည် သူ၏ အထင်အမြင်သေးမှုကို ရုတ်သိမ်းပြီး သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။ ရုတ်တရက်.. သူ၏ ခြေထောက်နှစ်ဖက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး အစိမ်းရောင် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ဆူဇီမိုထံသို့ ပြေးဝင်သွားလေသည်။
ချွမ်း.. ချွမ်း..
လုံယန်းသည် သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး သူ၏လက်ချောင်းများကို အနည်းငယ် ကွေးညွတ်ကာ အေးစက်စက်အလင်းဖြင့် တောက်ပနေသော ချွန်ထက်သည့် လက်သည်းများကို ထုတ်ဖော်လိုက်လေသည်။
သူ၏လက်ဝါးမှ အားကောင်းသော စုပ်ယူအားတစ်ခုက ထွက်ပေါ်လာပြီး ဆူဇီမိုကို လွှမ်းခြုံလာခဲ့လေသည်။
“အာ.. “
ဆူဇီမိုက အံ့အားသင့်သွားရလေသည်။
လုံယန်း၏ လှုပ်ရှားကွက်သည် အလွန်တရာ အဆင့်မြင့်သော အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်လေသည်။
နဂါးအများစုသည် အနီးကပ်တိုက်ခိုက်ခြင်းတွင် သူတို့၏ ကိုယ်ကာယခွန်အားပေါ်သာ မှီခိုကြလေသည်။
သို့သော် ယခုအခါမှာတော့ လုံယန်းသည် စွမ်းအားကြီးသော ကိုယ်ကာယနှင့် ကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲစွမ်းအားကို ထုတ်ပြခဲ့ရုံသာမက.. သူသည် အလွန်တရာ အဆင့်အတန်းမြင့်သော အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်တစ်ခုကိုပင် ထုတ်ပြလာခဲ့လေသည်။ ချက်ချင်းပင် သူက အသာစီးရယူလာခဲ့လေသည်။
ဆူဇီမိုက အလောတကြီး မရှိဘဲ သူ၏လက်ကို ဆေဘာတစ်လက်ကဲ့သို့ ဝှေ့ယမ်းကာ မလှမ်းမကမ်းရှိ လေဟာနယ်ထဲသို့ ခုတ်ပိုင်းချလိုက်လေသည်။
“ဟားဟား”
“အဲဒါ ဘာလုပ်တာလဲဟ.. လုံမိုက အကြောက်လွန်နေတာလား”
အောက်ဘက်ရှိ နဂါးများက ဆူဇီမို၏ လှုပ်ရှားကွက်ကို မြင်သောအခါ ဟားတိုက်ရယ်မောလိုက်ကြလေသည်။
သို့သော်လည်း သူတို့၏ ရယ်သံများက တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်သွားကြလေသည်။
ဆူဇီမို၏လက်ဝါး ဆင်းသက်လာခြင်းနှင့်အတူ တိုက်ပွဲနယ်မြေတွင် ဧရာမ သမုဒ္ဒရာဝဲကတော့တစ်ခုက ဖြစ်ပေါ်လာပြီး သက်ရှိအားလုံးကို ဆွဲယူနှစ်မြုပ်တော့မည့်အလား.. ကြောက်စရာကောင်းသော ပေါက်ကွဲသံများက မြည်လာခဲ့လေသည်။
ဝဲကတော့အကွက်..
သူ၏လက်ဝါးကို ဆေဘာတစ်လက်ကဲ့သို့ အသုံးပြုပြီး သူက တည်ငြိမ်ပင်လယ်ကျမ်းမှ ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်လိုက်လေသည်။
လုံယန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
သူ၏လက်ဝါးကနေ ပေါက်ကွဲထွက်ပေါ်လာသော စုပ်ယူအားသည် ကြောက်စရာကောင်းသော ဝဲကတော့နှင့် ရင်ဆိုင်ရချိန်တွင် ချက်ချင်းပင် ပျက်ပြယ်သွားပြီး သူ၏ခန္ဓာကိုယ်ကလည်း မတည်မငြိမ် ယိမ်းထိုးလာခဲ့လေသည်။
ဝေါ..
လုံယန်းသည် ဟိန်းဟောက်လိုက်ပြီး သူ၏သွေးချီကို ထုတ်ဖော်ကာ သူ၏ခန္ဓာကိုယ်ထဲကနေ ဆူနာမီအသံကို ထွက်ပေါ်လာစေလေသည်။
ဆူနာမီသွေး..
လုံယန်း၏ ခန္ဓာကိုယ်အတွင်းမှာ ဆူနာမီတစ်ခုက ဖြစ်ပေါ်လာသည့်အလား.. အဲဒါက သူ၏ဘေးပတ်လည်ရှိ ဝဲကတော့နှင့် လိုက်ဖက်ညီလာခဲ့လေသည်။
ချက်ချင်းပင် သူ၏ပုံရိပ်က တည်ငြိမ်သွားလေသည်။
ရွှစ်..
လုံယန်း၏ လက်ဝါးက ဆူဇီမို၏ မျက်နှာဆီသို့ ဆက်လက်တိုးဝင်လာခဲ့လေသည်။
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ.. သူသည် ကျင့်ကြံရေးလောကမှာ ဆူနာမီသွေးအဆင့်အထိ ကျင့်ကြံထားသော ကျင့်ကြံသူနှစ်ယောက်ကိုသာလျှင် တွေ့ကြုံခဲ့ဖူးလေသည်။
ယခု သူက နဂါးမျိုးနွယ်သို့ ရောက်ရှိလာပြီး တစ်နှစ်မကြာခင်မှာပင် ဆူနာမီသွေးအဆင့်မှာရှိသည့် နဂါးနှစ်ကောင်နှင့် ကြုံတွေ့ခဲ့ရလေပြီ။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဆူဇီမိုကလည်း သူ၏သွေးချီကို ထုတ်ဖော်လိုက်လေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
ဆူနာမီအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
ဆူဇီမိုသည် ရှေ့သို့လှမ်းဝင်ပြီး လုံယန်း၏လက်ဝါးကို ပြင်းထန်စွာ ပစ်ထိုးလိုက်လေသည်။
ဘန်း..
ရုတ်တရက် သိပ်သည်းပြင်းထန်သည့် အားနှစ်ခုက ထိတွေ့ရိုက်ခတ်သွားပြီး သူတို့၏ သွေးချီများက အချင်းချင်း တိုက်စားလိုက်လေသည်။ အဲဒါသည် ဧရာမ ဆူနာမီနှစ်ခု ထိတွေ့ရိုက်ခတ်လိုက်သည့်အလား.. ကျယ်လောင်သော မြည်ဟည်းသံကို ထွက်ပေါ်လာစေခဲ့လေသည်။
လုံယန်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး နောက်သို့ဆုတ်လိုက်ရလေသည်။
ဆူဇီမိုကလည်းပဲ ခြေတစ်လှမ်းဆုတ်လိုက်ရလေသည်။
အဲဒါသည် နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာပြီးနောက် သူသည် ပထမဆုံးအကြိမ်အဖြစ် ခြေတစ်လှမ်း နောက်ဆုတ်ရခြင်း ဖြစ်လေသည်။
“ဟုတ်သားပဲဟ..”
ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်ပြီး ရှေ့သို့တစ်ဖန် လျှောက်လှမ်းကာ လုံယန်းဆီသို့ ပြေးဝင်လာခဲ့လေသည်။
လုံယန်းက မျက်မှောင်ကြုတ်လိုက်လေသည်။
ဤထိတွေ့ရိုက်ခတ်မှုတွင် သူ၏အော်ရာက ရပ်တန့်သွားပြီး သူက ချက်ချင်း ရှေ့သို့မတက်နိုင်ပေ။
သို့သော်လည်း လုံမိုက လုံးဝ သက်ရောက်ခြင်း မခံရသည့်ပုံပင်။
တကယ်တော့ ဆူဇီမိုသည် ဒီလှိုင်းကျမ်းကို ကျင့်ကြံထားပြီး သူ၏သွေးချီက ဆူနာမီကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း အဆက်မပြတ် တက်လာနိုင်လေသည်။ သူ၏ အရှိန်အဟုန်က ရပ်တန့်မှု မရှိသလောက်နီးပါးပင်။
ဒီလှိုင်းစွမ်းအား၏ အကူအညီနှင့်အတူ သူ၏ခွန်အားက အဆက်မပြတ် မြင့်တက်လာပေလိမ့်မည်။
ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်သော စွမ်းပကားတစ်ခုနှင့်အတူ နောက်တစ်ဖန် ပစ်ထိုးလိုက်လေသည်။
လုံယန်းသည် ရှောင်တိမ်းခြင်း မရှိပေ။ သူ၏သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူက တန်ပြန်ထိုးနှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ဘုန်း..
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားခဲ့လေသည်။
ဆူဇီမိုက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။
သို့သော်လည်း လုံယန်းက နောက်သို့ ခြေသုံးလှမ်း ဒယီးဒယိုင်ပင် ဆုတ်လိုက်ရလေသည်။
သူက အသက်မရှူနိုင်ခင်မှာပင်.. သူ့ရှေ့မှာ ပုံရိပ်တစ်ခုက ဖျပ်ခနဲ လက်သွားပြီး ဆူဇီမိုက နောက်တစ်ဖန် ပြေးဝင်၍ နောက်ထပ် ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေပြီ။
ဘုန်း..
လုံယန်းသည် ထိုထိုးချက်ကို လက်ခံရရှိပြီးနောက် တစ်ဖန် နောက်သို့ဆုတ်လိုက်ရလေသည်။
ဘန်း.. ဘန်း.. ဘန်း..
ဆူဇီမိုသည် အဆက်မပြတ် ရှေ့သို့တက်လှမ်းပြီး သူ၏လက်သီးချက်များကို ဆက်တိုက်ထုတ်ဖော်လိုက်လေသည်။ သူ၏ခွန်အားက ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါးကဲ့သို့ အဆက်မပြတ် မြင့်တက်လာခဲ့လေသည်။
သူ၏ တိုက်ခိုက်မှုများသည် မိုးပေါက်များကဲ့သို့ တဖွဲဖွဲကျဆင်းနေသော်လည်း သူတို့က အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီး လုံယန်းကို အသက်ရှူခွင့်ပင် ပေးမထားပေ။
လုံယန်းသည် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ထပ်တလဲလဲ နောက်ဆုတ်ပေးနေရလေသည်။
သူ၏ အမူအရာက အရုပ်ဆိုး အကျည်းတန်လာခဲ့လေသည်။
သူသည် ထိုတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် တန်ပြန်တိုက်ခိုက်ဖို့ ခွန်အားပင် မရှိတော့ပေ။
သူ့အနေဖြင့် တန်ပြန်တိုက်ခိုက်ဖို့နေနေသာ.. ကောင်းကောင်းပင် မခုခံနိုင်တော့ပေ။
ယခုဆို.. သူသည် ဆူဇီမို၏ တိုက်ခိုက်မှုအောက်မှာ လုံးဝ ကျရောက်နေခဲ့လေပြီ။
သူက ရှေ့သို့ လုံးဝ မတက်နိုင်တော့ပေ။
သို့သော်လည်း သူက နောက်သို့လည်း မဆုတ်နိုင်ပေ။
သူသည် သူ၏စွမ်းအင်များ မကုန်ခမ်းသေးသရွေ့ အဆက်မပြတ်သာ ခုခံရပေမည်။
အဲဒါက ရက်စက်ကြမ်းတမ်းသော စက်ဝန်းတစ်ခု ဖြစ်လေသည်။
အဲဒါထက်.. ဒီတိုင်းဆက်သွားနေလျှင် သူက သိပ်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
ထိတွေ့ရိုက်ခတ်မှုဆက်တိုက်ကို လက်ခံရရှိပြီးနောက် လုံယန်း၏ပါးစပ်ထဲတွင် ခပ်ဖျော့ဖျော့ သွေးအရသာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
တုန်ခါမှုဖြင့် သူ၏သွားများက ယိုင်နဲ့လာခဲ့လေပြီ။
တိုက်ပွဲနယ်မြေ၏ ဘေးပတ်လည်ကလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
နဂါးများက ကြောင်အမှင်တက်နေကြလေသည်။
သူတို့ရှေ့ရှိ မြင်ကွင်းက သူတို့ တွေးထင်ထားသည်နှင့် တက်တက်စင်အောင် လွဲမှားနေလေသည်။
သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်၊ အပြာရောင်နဂါးမျိုးရိုးမှ လုံယန်းသည် မသန့်စင်သော မျိုးဆက်သွေးနှင့် အပြင်လူတစ်ယောက်၏ ဖိနှိမ်ခြင်းကို ခံနေရလေသည်။