စိတ်ကျေနပ်စရာကောင်းသော တိုက်ပွဲ
Vol. 73 Ch. 1087
လုံရှီသည် သူမ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်ပြီး သူမ၏ မျက်လုံးများထဲမှာ မယုံကြည်နိုင်မှုတို့ရှိနေလေသည်။
သူမသည် ဆူဇီမို၏ခွန်အားကို အရင်က တွေ့ကြုံခံစားခဲ့ဖူးလေသည်။
သို့သော်လည်း ဆူဇီမိုသည် လုံယန်းနှင့် တိုက်ခိုက်ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
လုံယန်းသည် စွမ်းအားကြီးမားသော မျိုးဆက်သွေးနှင့် အပြာရောင်နဂါးတစ်ကောင်ဖြစ်ပြီး သူက သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်တွင် နံပါတ်တစ်ဝင်လေသည်။ သူ၏တိုက်ခိုက်ရည်ခွန်အားက သူမထက် နှစ်ဆကျော်ပိုသန်မာလေသည်။
မသန့်စင်သော မျိုးဆက်သွေးနှင့် ဤအပြင်လူက လုံယန်းကို ဘယ်လိုကြောင့်ဖိနှိမ်နိုင်ရတာလဲ...။
ဤအပြင်လူ၏ မျိုးဆက်သွေးက အပြာရောင်နဂါး၏ မျိုးဆက်သွေးထက်ပင် ပို၍စွမ်းအားကြီးပြီး ပို၍ မြင့်မြတ်ထည်ဝါနေတာများလား...။
အဲ့ဒါက မဖြစ်နိုင်ပေ...
လုံရှီသည် ထိုအတွေးကို လျင်မြန်စွာပယ်ချလိုက်လေသည်။
ကမ္ဘာဦးမျိုးနွယ် ၉ စုသည် ကမ္ဘာဦးခေတ်ကတည်းက လွှမ်းမိုးခြယ်လှယ်ခဲ့ကြလေသည်။
မျိုးနွယ်စု ၉ စုအတွင်းမှာပင် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးက အားလုံးထက် ပိုမိုသာလွန်လေသည်။
သို့သော် ဤပုဂ္ဂိုလ်က အဲ့ဒါကို ဘယ်လိုလုပ်နိုင်ရတာလဲ...
သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ခါစသာဖြစ်လေသည်။ သူက မူလနတ္ထိအဆင့်မှာ နောကျေပြီး သူ၏အထွတ်အထိပ်သို့ ရောက်ရှိလာပါက ဘာတွေဖြစ်လာမလဲ...။
လုံရှီသည် နဂါးအရိုးတောင်ကြားမှ နဂါးများနှင့်ပတ်သက်၍ အလွန်တရာ ရင်းနှီးကျွမ်းဝင်လေသည်။ သူမအတွက် အသစ်အဆန်းဖြစ်နေတာ ဘာမှမရှိပေ။
သို့သော်လည်း သူမက ဆူဇီမိုနှင့် ပတ်သက်၍ ဘာမှမသိရပေ။
ရုတ်တရက် သူမသည် ဆူဇီမိုအပေါ် သိချင်စိတ်ပြင်းပြလာခဲ့လေသည်။
“သူက နဂါးအသွင်ပြောင်းတော့မယ်ထင်တယ်....”
“ဟုတ်တယ်... ဒီတိုင်းသာ ဆက်သွားနေရင် လုံယန်းက လုံမိုဖိနှိမ်ခံရလို့ သေရမှာပဲ...”
“နဂါးတစ်ပိုင်းသွင်ပြင်ကို ပြောင်းလိုက်မယ်ဆိုရင် အခြေအနေကို ပြန်ပြောင်းပစ်ဖို့ လုံလောက်ပါတယ်...”
နဂါးများက တိတ်တဆိတ် ဆွေးနွေးလိုက်ကြလေသည်။
ဆူဇီမိုသည် တိုက်ပွဲနယ်မြေတွင် အထက်စီးရရှိနေသော်လည်း နဂါးများကြားတိုက်ပွဲတွင် ဤအဆင့်က ပဏာမအဆင့်သာ ရှိသေးလေသည်။ အဲ့ဒါက သေခြင်းရှင်ခြင်းကို မပြောနှင့် အနိုင်ရလဒ်ကို ဆုံးဖြတ်ပေးဖို့ပင် ဝေးကွာလွန်းသေးလေသည်။
“ဂါး.....”
ဆူဇီမို၏ မွန်းကျပ်ဖွယ်ရာဖိအားအောက်တွင် လုံယန်းသည် နောက်ဆုံးမှာတော့ ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်သောနဂါးဟိန်းသံကို ထုတ်ဖော်လိုက်လေသည်။ သူ့၏ခန္ဓာကိုယ်မှ တဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်က ပြန့်ကား၍ သူ၏အဝတ်များက ပေါက်ကွဲစုတ်ပြဲသွားခဲ့လေသည်။
လုံယန်း၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်ကြေးခွံများက အေးစက်စက်အလင်းနှင့်အတူ ထွက်ပေါ်လာလေသည်။ သူ၏ခန္ဓာကိုယ်က ဆယ်ပေအထိ မြင့်မားလာခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်နဂါးကြေးခွံများက ဖုံးအုပ်သွားပြီး အဲ့ဒါက လေတိုးပေါက်မရှိအောင်ပင် တင်းကျပ်နေလေသည်။သူ၏ခြေတံများက ပိုမိုသန်မာတုတ်ခိုင်လာပြီး သူ၏ခြေချောင်းများမှ ထက်ရှသောခြေသည်းများက ထွက်လာကာ ကျောက်သားစင်မြင့်ကို နက်ရှိုင်းစွာ ကုတ်တွယ်လိုက်လေသည်။
ဤနဂါးခြေသည်းများက ပို၍ပင်ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်ဖော်ပေးနိုင်လေသည်။
လုံယန်း၏ လှုပ်ရှာမှုအမြန်နှုန်းကလည်း သိသိသာသာ တိုးလာခဲ့လေသည်။
ဘန်း....
နဂါးတစ်ပိုင်းသွင်ပြင်သို့ပြောင်းလဲပြီးနောက် လုံယန်းသည် ဆူဇီမို၏ ထိုးနှက်ချက်ကို လုံဝနောက်ဆုတ်ခြင်းမရှိဘဲ ခုခံလာနိုင်ခဲ့လေသည်။
“လုံမို... တိုက်ပွဲက အခုမှစမှာကွ...”
လုံယန်းက လှောင်ရယ်လိုက်ပြီး သူ၏ခြေထောက်နှစ်ဖက်ဆီသို့ ခွန်အားကိုစိုက်ထုတ်ကာ အစိမ်းရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲ၍ ဆူဇီမိုဆီသို့ ပြေးဝင်သွားလေသည်။
“အချိန်ကိုက်ပဲ...”
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး နောက်သို့ဆုတ်ခြင်း လုံးဝမရှိပေ။ ဘုန်းခနဲမြည်သံနှင့်အတူ သူ၏ကောင်းကင်ထယ်သွားခြေလှမ်းကို အသက်သွင်းပြီး ဝင်ရောက်လာသော လုံယန်းဆီသို့ ပစ်တိုက်လိုက်လေသည်။
ဘုန်း.....
ပုံရိပ်နှစ်ခုက ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
လေဟာနယ်တစ်ခုလုံးက တုန်ခါသွားခဲ့လေသည်။
သူတို့နှစ်ယောက်စလုံးက ပြုတ်ကျလာခဲ့၏။
အဲ့ဒါက ညီတူမျှတူပင်ဖြစ်လေသည်။
အိုး....
ဒီတစ်ကြိမ်မှာတော့ နဂါးများ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကြလေသည်။
လုံယန်းသည် နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲထားပြီးနောက် သူ၏ ခွန်အား ၊ အမြန်နှုန်း ၊ သက်လုံအား ၊ ရုန်းကန်ပေါက်ကွဲအားနှင့် သူ၏ ခံစစ်အားတို့ကပင် သိသာထင်ရှားစွာတိုးလာခဲ့လေသည်။
ထိုသို့ဆိုလျှင်တောင် လုံယန်းသည် အသာစီးမရရှိနိုင်သေးပေ။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက သူ၏သွေးချီကို ၎င်း၏အကန့်အသတ်ထိ တွန်းတင်ထားခဲ့ရလေပြီ။
သူ၏ မျိုးဆက်သွေးနယ်မြေကို အသုံးမပြုခြင်းကလွဲလျှင် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်ထားခဲ့ရလေပြီ။ သူ၏မျိုးဆက်သွေးက သူ၏ခန္ဓာကိုယ်အတွင်းမှာ ဆူနာမီတစ်ခုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့် တလိပ်လိပ်တက်လာနေလေသည်။
နေရာမှာပင် ရပ်တန့်ရင်း ဆူဇီမို၏ သွေးနီရောင်ဆံပင်က တောက်လောင်နေသောမီးတောက်တစ်ခုကဲ့သို့ ကခုန်နေလေသည်။ ချစ်ချစ်တောက်ပူလောင်သော အကြည့်နှင့်အတူ သူက ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်လေသည်။
“မဆိုးဘူးပဲကွ... နောက်တစ်ခေါက်လောက်...”
ဘုန်း...
ဖျပ်ခနဲဆို ဆူဇီမိုသည် နေရာကနေပျောက်ကွယ်သွားခဲ့လေသည်။ သူပြန်ပေါ်လာသောအခါ သူက လုံယန်း၏ ရှေ့သို့ရောက်ရှိနေခဲ့လေပြီ။
ဘန်း...
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားပြီး သူတို့နှစ်ယောက်စလုံးက နောက်တစ်ကြိမ်ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
ဤတစ်ကြိမ်တွင်တော့ မည်သူကမှ နောက်မဆုတ်ကြတော့ပေ။
သူတို့နှစ်ယောက်စလုံးသည် အလွန်တရာနီးကပ်နေပြီး တစ်ယောက်ကိုတစ်ယောက် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေကြလေသည်။ သူတို့၏ သန်မာသော ကိုယ်ကာယများပေါ်မှီခို၍ သူတို့သည် သူတို့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသောစွမ်းအားများကို ကြိတ်ခံလိုက်ကြလေသည်။
အဲ့ဒီမှာ ခဏမျှ ရပ်တန့်သွားကြလေသည်။
ရုတ်တရက်ဆိုသလို... သူတို့နှစ်ယောက်သည် တစ်ပြိုင်နက်တည်း ပြန်လည်တိုက်ခိုက်လိုက်ကြပြီး သူတို့၏ အရှိန်အဟုန်က မြင့်တက်လာကာ သူတို့၏လက်သီးများက ပုံရိပ်ယောင်များကဲ့သို့ တဖျပ်ဖျပ်ကခုန်နေလေသည်။
ဘန်း.. ဘန်း.....ဘန်း....
အသက်ဆယ်ရှိုက်စာအတွင်း သူတို့နှစ်ယောက်သည် အနည်းဆုံးတိုက်ကွက်တစ်ရာကျော် ဖလှယ်ခဲ့ကြလေသည်။ ထိတွေ့ရိုက်ခတ်မှုအရှိန်အဟုန်ဖြင့် သူတို့၏ သွေးစများနှင့် အသားစများက အဘက်ဘက်သို့လွင့်စင်သွားခဲ့လေသည်။ အဲ့ဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်လေသည်။
အနီးကပ်တိုက်ခိုက်ရည်က အန္တရာယ်အများဆုံးဖြစ်လေသည်။
ထိုအသက်ဆယ်ရှိုက်စာက အဲ့ဒါအတွက် ပြီးပြည့်စုံသော နမူနာတစ်ခုဖြစ်လေသည်။
ဤမျှအကွာအဝေးတွင် မည်သူကမှ ထိခိုက်မှုမရှိအောင် အာမ,မခံနိုင်ကြပေ။ သူတို့နှစ်ယောက်စလုံးက ဒဏ်ရများရရှိသွားကြလေသည်။
သူတို့ပြုလုပ်နိုင်သည်မှာ သေကွင်းသေကွက်သို့ ထိခိုက်ပျက်စီးမှုကို တတ်နိုင်သမျှ ရှောင်ရှားဖို့ပင် ဖြစ်လေသည်။
သူတို့နှစ်ယောက်၏ ထိတွေ့ရိုက်ခတ်မှုက တိုတောင်းသော်လည်း တကယ်တမ်းမှာတော့ သူတို့၏ခွန်အား ၊ အမြန်မှုန်းနှင့် သက်လုံအားတို့ကိုပင် ယှဥ်ပြိုင်နေကြခြင်းဖြစ်လေသည်။
လုံယန်း၏ ထင်မြင်ချက်အရ နဂါးတစ်ပိုင်းသွင်ပြင်သို့ ပြောင်းလဲပြီးနောက် သူ၏ တိုးပွားလာသောသက်လုံနှင့် သန်မာသော ခံစစ်အားတို့နှင့်ဆိုပါက သူက ပို၍ကြာကြာတောင့်ခံနိုင်ပေလိမ့်မည်။
သို့သော်လည်း အသက်ဆယ်ရှိုက်စာပြီးနောက် ဆူဇီမို၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး သူ၏တိုက်ခိုက်မှုက ပို၍ပင် ကြမ်းကြုတ်ခက်ထန်နေလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို လုံယန်းက ထင်ရှားစွာ မြင်နေရလေသည်။ သူတို့က ချက်ချင်းပျောက်ကင်းမသွားသော်လည်း သွေးထွက်ခြင်းက ရပ်တန့်သွားခဲ့လေပြီ။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ပြန်လည်ကုသနိုင်စွမ်းလဲ...။
ဤတိုင်းသာ ဆက်သွားနေလျှင် အနိုင်ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်တော့မည်မဟုတ်ကြောင်း လုံယန်းက နားလည်သဘောပေါက်လာခဲ့လေသည်။
ဘုန်း.....
နောက်တစ်ကြိမ်ထိတွေ့ရိုက်ခတ်မှုပြီးနောက် လုံယန်းသည် နောက်သို့ခုန်ဆုတ်လိုက်ပြီး အနည်းငယ်မောဟိုက်နေခဲ့လေသည်။
နဂါးများကြားမှ ရုတ်ရုတ်သဲသဲ အသံများက ထွက်ပေါ်လာခဲ့လေသည်။
သူတို့နှစ်ယောက်စလုံးက ဒဏ်ရာများရရှိနေကြလေပြီ။
ဆူဇီမို၏ သွေးနီရောင်ဝတ်ရုံက စုတ်ပြဲလုနီးပါးဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေလေသည်။ သို့သော်လည်း အဲ့ဒါက သေစေနိုင်သော ထိခိုက်မှုများမဟုတ်ဘဲ ဒဏ်ရာများက နက်ရှိုင်းမှုလည်းမရှိပေ။
လုံယန်းကလည်း အတော်လေး ဆိုးဆိုးရွားရွားပုံ ပေါက်နေလေသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံများစွာသည် ထိခိုက်ခံထားရပြီး ဒဏ်ရာအချို့ကလည်း စုတ်ပြဲကြေမွနေလေသည်။
“လုံမို....”
လုံယန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“မင်းက... အရမ်းသန်မာပြီးတော့ ငါတွေးထင်ထားတာထက် အများကြီးကို သာလွန်နေတာပဲ... ငါက လုံးဝမခြွင်းမချန်ဘဲနဲ့ မင်းကို လုံလောက်တဲ့ လေးစားမှုပေးဖို့ ဆုံးဖြတ်လိုက်ပြီ... မင်းကို ဒီနေရာမှာသတ်ဖြတ်ဖို့အတွက် ငါ့ရဲ့အသန်မာဆုံးနည်းလမ်းကို ငါကအသုံးပြုတော့မယ်”
ဆူဇီမိုက အကြောင့်အလန့်ကင်းမဲ့စွာဖြင့် ပြုံးလိုက်လေသည်။
သူက ဤတိုက်ပွဲနှင့်ပတ်သက်၍ တကယ့်ကို စိတ်ကျေနပ်ရလေသည်။
တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက သူ၏ကိုယ်ကာယနှင့် မျိုးဆက်သွေးက ဖိနှိမ်ခံထားရပြီး အသုံးမပြုနိုင်ခဲ့ပေ။ အဲ့ဒီနောက် သူ၏ခန္ဓာကိုယ်သည် သီကလန်မှ တစ်ပိုင်း မျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ လက်ချက်ဖြင့် ပျက်စီးထိခိုက်သွားရလေသည်။
သူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ရောက်ရှိလာကတည်းက ဆူဇီမိုသည် မကျေမချမ်းစိတ်ခံစားချက်များကို ဖိနှိမ်ထားခဲ့ရလေသည်။ ယခု သူက နောက်ဆုံးအဲ့ဒါကို ထုတ်ဖော်ရသောအခါ အလွန်တရာသစ်လွင်လတ်ဆတ်၍ စိတ်ကျေနပ်သည်ဟု ခံစားရလေသည်။
လုံယန်းက သူ့ကို ဘယ်လိုပင်ခြိမ်းခြောက်ပါစေ ဆူဇီမိုက အဲ့ဒါကို စိတ်ထဲမှာ ထည့်မှတ်မထားပေ။
သူက ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှာပင် ရှိနေသေးလေသည်။
“လာခဲ့လေ... မင်းရဲ့အိတ်ကပ်ထဲမှာ တခြားဘာဝှက်ဖဲတွေ ရှိနေသေးသလဲ ကြည့်ရသေးတာပေါ့”
ဆူဇီမိုက ညင်သာစွာပြုံး၍ သူ၏သွေးချီကို ရုန်းကြွလာစေလေသည်။ သူက ရှေ့သို့တစ်ဖန်ပြေးဝင်သွားပြီး နောက်ချန်ပုံရိပ်များစွာကို ကျန်ရစ်ခဲ့စေလေသည်။ သူက ကမ္ဘာဖျက်အော်ရာတစ်ခုကို သယ်ဆောင်ပြီး လုံယန်၏ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့လေသည်။
ဘုန်း....
သူက ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။
အဲ့ဒါက တစ်စုံတစ်ယောက်၏ သွေးချီကိုအကန့်အသတ်ထိ တွန်းတင်ပြီး စုဆောင်းကာ ထုတ်ဖော်လိုက်သော ထိုးချက်တစ်ချက်ဖြစ်ပြီး သူ့ရှေ့တွင် ရှိသော အရာရာတိုင်းကို ဖျက်ဆီးချေမှုန်းချင်သည့်အလားပင်။
အဲ့ဒါသည် တိုက်ပွဲစတင်ကတည်းက ဆူဇီမိုထုတ်ဖော်လိုက်သော ကြောက်စရာအကောင်းဆုံး ထိုးနှက်ချက်လည်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် သူ၏ညာဘက်မျက်လုံးက ချစ်ချစ်တောက်ပူနေသော နေတစ်စင်းကဲ့သို့ အလွန်တရာထက်ရှသော အနားစောင်းတစ်ခုပါဝင်သော တဖျတ်ဖျတ်တလက်လက်အလင်းနှင့်အတူ တောက်ပလာခဲ့လေသည်။
စက္ခုနည်းစနစ်....
ဘုန်း....
အလင်းတန်းသည် အရာရာတိုင်းကို ထိုးဖောက်၍ ဆုတ်ဖြဲလောင်ကျွမ်းစေချင်သည့်အလား ပစ်လွင့်ထွက်ပေါ်လာခဲ့လေသည်။
အဲ့ဒါက မီးပဒေသာနဂါးမျက်လုံးထက်ပင် ပို၍ကြောက်စရာကောင်းသော အစစ်အမှန်မီးပဒေသာမျက်လုံးဖြစ်လေသည်။
အဆုံးစွန်စွမ်းအားနှစ်ခုကို ပြီးပြည့်စုံစွာပေါင်းစပ်ထားလေသည်။ တကယ်ဆို လုံယန်းသည် သေခြင်းအော်ရာကိုပင် ခံစားမိလာပြီး သူ၏အမူအရာကပြောင်းလဲသွားလေသည်။