အကြီးအကဲများအာရုံစိုက်လာကြခြင်း
Vol. 73 Ch. 1089
“အဲ့ဒါ.... အဲ့ဒါက ဘာကြီးလဲ...”
“မျိုးဆက်သွေးနယ်မြေလား....”
“လုံမိုက မျိုးဆက်သွေးနယ်မြေတစ်ခုကို တကယ်ကြီး ကျင့်ကြံထားနိုင်တာပဲ...”
နဂါးများက တုန်လှုပ်သွားကြလေသည်။
နဂါးအရိုးတောင်ကြားမှာ ဆူနာမီသွေးအဆင့်ကိုကျင့်ကြံထားနိုင်သော နဂါးပေါင်းနှစ်ဆယ်ထက် ပိုမရှိပေ။
သို့သော်လည်း မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားနိုင်သော ပုဂ္ဂိုလ်က တစ်ဦးတည်းသာလျှင် ရှိလေသည်။
အဲ့ဒါသည် အပြာရောင်နဂါးမျိုးရိုးမှ လက်သည်းငါးဖက်ပါသည့် တစ်ဦးတည်းသောနဂါးဖြစ်ပြီး ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ လက်ရှိနံပါတ်တစ် အပြာရောင်နဂါးမျိုးရိုး၏ သခင်လေး လုံစန်းဖြစ်လေသည်။
နောက်ထပ်နဂါးတစ်ကောင်ဆီမှာ မျိုးဆက်သွေးနယ်မြေကို မြင်လိုက်ရသောအခါ နဂါးများသည် ဘယ်လောက်တောင်တုန်လှုပ်သွားမလဲ စဥ်းစားကြည့်နိုင်လေသည်။
“လုံမိုက မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံထားတယ်ဆိုပေမယ့်လို့ သူ့ရဲ့ အမြုတေနယ်မြေက လုံစန်းလောက် မသန်မာဘူး....”
“သူတို့ကြားမှာ ကွာဟချက်က ကြီးမားတယ်.. အဲ့ဒါက ဘယ်လိုမှကို မယှဥ်နိုင်ဘူး... လုံစန်းရဲ့ မျိုးဆက်သွေးနယ်မြေက လုံမိုရဲ့ နတ်နဂါးကို အလွယ်လေးဖိနှိမ်နိုင်တယ်...”
နဂါးများပြောဆိုသည်က အမှန်နှင့်အမှား ရောထွေးနေလေသည်။
ပုံရိပ်ယောင်နဂါးသည် အမှန်တကယ်ပင် ဆူဇီမို၏.မျိုးဆက်သွေးနယ်မြေဖြစ်လေသည်။ သို့သော်လည်း အဲ့ဒါက သားရဲဘုရင်ရှစ်ပါးထဲမှ တစ်ပါးသာလျှင် ဖြစ်လေသည်။
ဆူဇီမိုသည် သူ၏မျိုးဆက်သွေးနယ်မြေကို အပြည့်အဝထုတ်ဖော်ထားခြင်းမရှိပေ။
ပထမအချက်ဖြင့် အနေဖြင့် လုံယန်းက သူ့ကို ထိုအခြေအနေထိရောက်အောင် ဖိအားမပေးနိုင်သေးပေ။
ဒုတိယအချက်အနေဖြင့် သားရဲဘုရင်ရှစ်ပါး၏ ပေါ်ထွက်လာမှုက အရမ်းကိုတုန်လှုပ်စရာကောင်းလေသည်။
ဒါ့အပြင် သားရဲဘုရားရှစ်ပါးပေါ်ထွက်လာပြီးနောက် သွေးနီရောင်လိပ်ပြာကလည်း ပေါ်ထွက်လာပေလိမ့်မည်။
နဂါးတစ်ကောင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“အဲ့လိုပဲဖြစ်ရမှာပေါ့.... ဒါပေမယ့်လို့ အားအနည်းဆုံး မျိုးဆက်သွေးနယ်မြေဆိုရင်တောင်မှာ ဒါက အရမ်းကိုစွမ်းအားကြီးနေပြီ... အဲ့ဒါက အထင်သွားသေးလို့မရဘူး”
“လုံမိုက နဂါးတစ်ပိုင်းသွင်ပြင်ကိုပဲ ယူရသေးတယ်... သူသာ အပြည့်အဝနဂါးသွင်ပြင်ကို ယူမယ်ဆိုရင် လုံယန်းကတော့ သွားရှာပြီထင်တယ်...”
“မဖြစ်နိုင်ဘူး...”
နောက်ထပ်နဂါးတစ်ကောင်က ခေါင်းခါလိုက်လေသည်။
“လုံမိုရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး... နဂါးတစ်ပိုင်းသွင်ပြင်ကိုပြောင်းလဲတာက သူ့ရဲ့အကန့်အသတ်ပဲ...”
ထိုနဂါးပြောသည်မှာ မှန်ကန်လေသည်။
ယခုအချိန်တွင် ဆူဇီမိုသည် အလွန်ဆုံးနဂါးတစ်ပိုင်းသွင်ပြင်ကိုသာ ယူနိုင်ပြီး အပြည့်အဝနဂါးသွင်ပြင်ကို မပြောင်းလဲနိုင်သေးပေ။
သို့သော်လည်း သူ၏နဂါးတစ်ပိုင်းသွင်ပြင်ကပင်လျှင် အရာရာတိုင်းကို ရှင်းလင်းပစ်ဖို့လုံလောက်လေသည်။
အပြာရောင်နဂါးဟိန်းဟောက်သံ၏ စွမ်းအားက လုံးဝပြေလျော့သွားခဲ့လေပြီ။
နေရာမှာပင်ရပ်နေရင်း ဆူဇီမိုသည်တောက်လောင်နေသောအကြည့်နှင့်အတူ သူ၏ပါးစပ်ကို ရုတ်တရက် ဖွင့်ဟလိုက်လေသည်။
သူ့နောက်ဘက်ရှိ နတ်နဂါးကလည်း ၎င်း၏ပါးစပ်ကိုတစ်ချိန်တည်းမှာ ဖွင့်ဟလိုက်လေသည်။
လူနှင့်နဂါး၏ ပြုမူလှုပ်ရှားမှုက မည်သည့်ကွဲပြားခြားနားမှုမှမရှိဘဲ ဟန်ချက်ညီနေလေသည်။
ရုတ်တရက်... ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး လောကကို လှုပ်ခါသွားစေလေသည်။
ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး ရာသီဥတုက ပြောင်းလဲသွားခဲ့လေသည်။
“ဂါး.....”
နဂါးဟိန်းဟောက်သံချင်း ထိပ်တိုက်ရင်ဆိုင်လိုက်ကြလေသည်။ နဂါးနှစ်ကောင်၏ ဟိန်းဟောက်သံမှ ထွက်ပေါ်လာသောစွမ်းအားက လေထဲမှာ ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။
လောကတစ်ခုလုံးက ငြိမ်သက်သွားသည်ဟုထင်ရလေသည်။
ချက်ချင်းပင် ပကတိတိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့လေသည်။
ကျယ်လောင်သောမြည်သံများအားလုံးက ချုပ်ငြိမ်းသွားခဲ့လေသည်။ သို့သော်လည်း နဂါးတစ်ကောင်ချင်းစီသည် သူတို့၏ရင်ထဲမှာ တလှပ်လှပ်ဖြင့် တုန်ယင်နေကြလေသည်။
“အင်း....”
လုံယန်း၏ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ယင်သွားပြီး ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ ညည်းတွားအော်ဟစ်လိုက်လေသည်။
နဂါးများက စိတ်လှုပ်ရှားသွားကြလေသည်။
နဂါးမျိုးရိုးငါးခုကြားတွင် အပြာရောင်နဂါးဟိန်းဟောင်သံက အသန်မာဆုံး အသံစွမ်းအားရှိကြောင်း နဂါးတိုင်းက သိထားကြလေသည်။
သို့သော်လည်း နဂါးဟိန်းဟောက်သံနှစ်ခု ထိတွေ့ရိုက်ခတ်ပြီးနောက် တကယ်တမ်းအရေးနိမ့်သွားသူမှာ လုံယန်းဖြစ်နေလေသည်။
အဲ့ဒါက ဘယ်လိုအဓိပ္ပါယ်ရပါသလဲ...
လုံမိုရဲ့ မျိုးဆက်သွေးက အပြာရောင်နဂါး၏ မျိုးဆက်သွေးထက် ပိုမိုသန်မာနေတာများလား...။
နဂါးများ၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုတို့က ထွက်ပေါ်လာခဲ့လေသည်။
ရုတ်တရက်ဆိုသလို ဆူဇီမိုသည် မြေပြင်ထက်ကနေ လေထဲသို့ခုန်တက်၍ တုန်လှုပ်သွားသောလုံယန်းကို အငိုက်ဖမ်းလိုက်လေသည်။ သူက အပေါ်သို့ခုန်တက်ပြီး တိမ်စိုင်များကို ဖယ်ထုတ်ကာ လုံယန်း၏ ဂုတ်ပေါ်ကိုခွစီးလိုက်လေသည်။ လုံယန်းက ဒေါသူပုန်ထသွားလေသည်။
ဂုတ်ပေါ်သို့ ခွစီးခံရခြင်းသည် နဂါးမျိုးနွယ်အတွက် ကြီးမားသည့်အရှက်ရစရာဖြစ်လေသည်။
မည်သူကမှ သူ့အပေါ်မှာ မစီးနိုင်စေရပေ။
နဂါးမျိုးနွယ်၏ ဂုဏ်သိက္ခာကို နင်းချေစော်ကားခွင့်မပြုနိုင်ပေ။ ဆူဇီမိုက ဂရုမစိုက်ပေ။ သူ၏ခြေထောက်နှစ်ဖက်က သန်မာပြီး လုံယန်း၏ လည်ပင်းကိုတင်းကျပ်စွာ ဖမ်းညှစ်ထားလေသည်။
သူ၏လက်သီးကိုမြှောက်ပြီး လုံယန်း၏ ဦးခေါင်းကိုပစ်ထိုးချလိုက်လေသည်။
ဘန်း....
အဲ့ဒီမှာကျယ်လောင်သောအသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
လုံယန်းက ညည်းတွားအော်ဟစ်လိုက်ရလေသည်။
ဆူဇီမို၏ထိုးချက်သည် နတ်ဘုရားလက်နက်များကိုပင် ကြေမွသွားစေနိုင်လေသည်။ သို့သော်လည်း အဲ့ဒါက လုံယန်း၏ ဦးခေါင်းကို ကွဲထွက်မသွားစေနိုင်ပေ။ အပြာရောင်နဂါး၏ ကိုယ်ကာယက ဘယ်လောက်တောင်သန်မာသလဲ သိသာလေသည်။
သို့သော်လည်း လုံယန်း၏ ဦးရေပြားက ထိုထိုးချက်ဖြင့် စုတ်ပြဲသွားခဲ့လေသည်။
ဂါး....
လုံယန်းသည် သွေးနီရောင်မျက်လုံးများဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။ သူ၏ခန္ဓာကိုယ်က အဆက်မပြတ်ယိမ်းထိုးလာပြီး ပြင်းထန်သော တုန်ခါစွမ်းအားကို ထုတ်ဖော်လိုက်လေသည်။
ဆူဇီမို၏ ခြေထောက်နှစ်ဖက်က လုံယန်း၏လည်ပင်းကို တင်းကျပ်စွာ ဖမ်းညှပ်ထားသည်ဆိုလျှင်တောင် သူက လေထဲသို့ လွင့်ပြန်ထွက်လုနီးပါး ဖြစ်သွားရလေသည်။
ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကို ကပျာကယာထုတ်ပြီး လုံယန်း၏ နဂါးဦးချိုကို တင်းကျပ်စွာဖမ်းဆုပ်၍ သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်လေသည်။
သို့သော်လည်း လုံယန်း၏ ခန္ဓာကိုယ်က ရပ်တန့်မည့်လက္ခဏာမပြဘဲ လေထဲမှာအဆက်မပြတ်လှည့်ပတ်၍ လူးလိမ့်နေလေသည်။
ဆူဇီမိုအတွက်တော့ သူ၏ ခြေနှစ်ဖက်နှင့်လက်နှစ်ဖက်ဆီသို့ ခွန်အားကိုစိုက်ထုတ်ထားရပြီး သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ထားရလေသည်။ သို့သော်လည်း သူက ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
နှစ်ဖက်စလုံးက ထူးဆန်းသောပုံစံဖြင့် လွန်ဆွဲနေကြလေသည်။
တကယ်တော့ အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် ထိုကဲ့သို့သော လွန်ဆွဲမှုက လုံယန်း၏ သက်လုံအားကို မြောက်မြားစွာ ကုန်ခန်းစေပေလိမ့်မည်။ ဒီတိုင်းသာ ဆက်သွားနေလျှင် သူက ရှုံးနိမ့်ရဖို့ မလွဲဧကန်ပင်ဖြစ်လေသည်။
“ဟမ့်.... လုံမိုကတော့ အမှားအကြီးကြီး ကျူးလွန်လိုက်ပြီ...”
“အမှန်ပဲ... အပြာရောင်နဂါးဦးချိုမှာ တိုက်ခိုက်ရေးအစီအရင်နည်းစနစ်တွေ အများကြီးရှိတယ်... အဲ့ဒါက သူ့ခွန်အားရဲ့ အနှစ်သာရဆိုလည်းဟုတ်တယ်... လုံမိုက အပြာရောင်နဂါးရဲ့ ဦးချိုကို သွားဆွဲတာက သေချင်နေတာပဲ...”
နဂါးများသည် ဘေးကနေ အေးစက်စွာစိုက်ကြည့်ရင်း အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နေရလေသည်။
သူတို့ဆွေးနွေးနေစဥ်မှာပင် လုံယန်း၏ နဂါးဦးချိုသည် လောင်မြိုက်နေသော သံချောင်းတစ်ချောင်းကဲ့သို့ နီရဲလာပြီး အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့လေသည်။
“ဟမ့်....”
ဆူဇီမိုက အာရုံစိုက်၍ ကြည့်လိုက်လေသည်။
အဲ့ဒါက မီးပဒေသာနဂါးမျိုးရိုး၏ ဓမ္မအစီအရင်တစ်ခုဖြစ်လေသည်။ သို့သော်လည်း လုံယန်းကအဲ့ဒါကို အလွယ်တကူထိန်းချုပ်နိုင်လေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် အခြားတစ်စုံတစ်ယောက်သည် အပြာရောင်နဂါးဦးချိုကို ဆက်လက်၍ ဆုပ်ကိုင်ထားမည်ဆိုလျှင် သူတို့၏လက်များက ပြာအဖြစ်လောင်ကျွမ်းသွားရပေလိမ့်မည်။ သူတို့က လက်လွှတ်လိုက်မည်ဆိုလျှင်လည်း အပြာရောင်နဂါး၏ ဆွဲခါချခြင်းကို ခံရပေလိမ့်မည်။
သို့သော်လည်း လုံယန်း၏ဂုတ်ပေါ်တွင် တက်စီးနေသည်က ဆူဇီမိုဖြစ်လေသည်။
ဤတန်ပြန်တိုက်ခိုက်မှုက သူ့ကိုလုံးဝမခြိမ်းခြောက်နိုင်ပေ။
ပထမတစ်ချက်အနေဖြင့် သူ၏ညာဘက်လက်မှာ နတ်ဖီးနစ်အရိုးရှိလေသည်။
သူ၏အသားများက ပြာအဖြစ်လောင်ကျွမ်းသွားလျှင်တောင် သူ၏ညာဘက်လက်အရိုးကို ထိခိုက်ပျက်စီးစေလိမ့်မည်မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် ဆူဇီမိုသည် နဂါးဦးချိုကို ဒီအတိုင်း ရူးသွပ်မိုက်မဲစွာ ဆုပ်ကိုင်ထားလိမ့်မည်မဟုတ်ပေ။
သူ့မှာလည်း ဝှက်ဖဲရှိလေသည်။
“ကောင်းပြီလေ... ငါက ကျက်တီးမြေရဲ့စွမ်းအားကို မင်းအပေါ်မှာ စမ်းကြည့်ရတာပေါ့...”
ဆူဇီမိုက အေးစက်စွာလှောင်ရယ်ရင်း သူ၏မျက်လုံးက ဝင်းလက်သွားကာ လက်ဟန်ချိပ်စည်းများကို ရုတ်တရက်ထုတ်ဖော်လိုက်လေသည်။
သူ၏လက်ထဲတွင် မီးခိုးရောင်မြူလုံးနှစ်လုံးက ပေါ်ထွက်လာခဲ့လေသည်။
ထိုမြူခိုးနှစ်လုံးသည် နီရဲနေသောနဂါးဦးချိုများကို ရစ်ပတ်သွားပြီး မြင့်မားသောအပူချိန်ကို ပိုင်းခြားပေးလိုက်လေသည်။
ဆူဇီမိုသည် အပြာရောင်နဂါးဦးချိုကို သူ၏လက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။
“အား... အဲ့ဒီလုံမိုက အဲ့ဒါကိုကိုင်တွယ်ဖို့ သူ့မှာ နည်းလမ်းတစ်ခု တကယ်ရှိနေတာပဲ....”
“အဲ့ဒီမှာ... ပိုသန်မာတဲ့တစ်ယောက်ဆိုတာ အမြဲတမ်းရှိတယ်... သူတို့နှစ်ယောက်ကြားမှာ ဘယ်သူအနိုင်ရမလဲ ပြောဖို့ခက်သွားပြီလို့ ငါထင်တယ်”
“အဲ့ဒီမီးခိုးရောင်မြူတွေက ဘယ်လိုဓမ္မပညာရပ်အမျိုးအစားပါလိမ့်... ကြည့်ရတာတော့ အဲ့ဒါက စွမ်းအားသိပ်ကြီးမားတဲ့ပုံလည်း မပေါ်ပါဘူး”
များစွာသောနဂါးများက တွေဝေရှုပ်ထွေးသော မျက်လုံးများဖြင့် မျက်မှောင်ကြုတ်လိုက်ကြလေသည်။
အပေါ်ယံကြည့်လျှင်တော့ ကျက်တီးမြေ၏စွမ်းအားသည် အပြာရောင်နဂါးဦးချိုထံမှ အပူကိုပိုင်းခြားပေးရုံမျှသာဖြစ်လေသည်။
သို့သော်လည်း တကယ်တမ်းမှာတော့ ကျက်တီးမြေက လုံယန်းအပေါ်မှာ သက်ရောက်မှုရှိနေလေသည်။
လုံယန်း၏ ဘဝသက်တမ်းသည် အသက်တစ်ရှိုက်စာမှာ နှစ်ငါးရာနှုန်းဖြင့် လျော့ကျနေလေသည်။
တစ်ခဏအတွင်းမှာပင် အသက်ဆယ်ရှိုက်စာကြာပြီးနောက် လုံယန်း၏ ဘဝသက်တမ်းက နှစ်ငါးထောင်ကျော် လျော့ကျသွားခဲ့လေသည်။
ပုံမှန်အားဖြင့်ပြောရလျှင် မူလနတ္ထိအဆင့်များက ဘဝသက်တမ်းနှစ်ငါးထောင်သာလျှင်ရှိလေသည်။
နဂါးမျိုးနွယ်မှာဆိုလျှင်တော့ ကမ္ဘာဦးမျိုးနွယ် ၉ စုမှ တစ်စုအနေဖြင့် သူတို့သည် ကမ္ဘာဦးခေတ်မှာ လောကကို အုပ်စိုးခဲ့ဖူးလေသည်။ သူတို့၏မျိုးဆက်သွေးက သန်မာပြီး သူတို့က လူသားများနှင့်မတူပေ။
နဂါးမျိုးနွယ်၏ မျိုးပွားနှုန်းက အလွန်တရာနိမ့်ကျသော်လည်း သူတို့၏ဘဝသက်တမ်းက ရှည်လျားလေသည်။ ကျင့်ကြံခြင်းမရှိဘဲတောင် သူတို့၏ဘဝသက်တမ်းသည် နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းထိရှိနိုင်လေသည်။
လူသားကျင့်ကြံသူများအတွက်တော့ သူတို့သည် မဟာယာနအဆင့်သို့ တက်လှမ်းဝင်ရောက်ပြီးမှသာလျှင် နှစ်တစ်သိန်းဘဝသက်တမ်း ရရှိပေလိမ့်မည်။
အဲ့ဒါက သူတို့ကြား ကွာခြားချက်ဖြစ်လေသည်။
အဲ့ဒါကြောင့် ရှည်လျားသောဘဝသက်တမ်းကို ပိုင်ဆိုင်ထားသည့် လုံယန်းသည် ကျက်တီးမြေဆင်းသက်လာပြီးနောက် ၎င်း၏သက်ရောက်မှုကို သတိမထားမိသေးပေ။
တစ်စုံတစ်ရာလွဲမှားနေသည်ကို အရင်ဆုံးသတိထားမိသည်မှာ လုံယန်းမဟုတ်ဘဲ အရိပ်များ၏ နောက်ကွယ်ကနေ စောင့်ကြည့်နေကြသော နဂါးမျိုးနွယ်၏ အကြီးအကဲများဖြစ်လေသည်။
အပေါ်ယံကြည့်လျှင်တော့ အဲ့ဒါက နဂါးများကြား သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုသာဖြစ်လေသည်။ သို့သော်လည်း အဲ့ဒါက မျိုးရိုးငါးခုမှ အကြီးအကဲများကို အာရုံစိုက်လာစေခဲ့ပြီ ဖြစ်လေသည်။