← Chapters

အသိအမှတ်ပြုခြင်း

Vol. 73 Ch. 1091

အသိအမှတ်ပြုခြင်း

Vol. 73 Ch. 1091

အဲဒါသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ ယန်စိတ်ဝိညာဉ်အပိုင်း၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ဖြစ်လေသည်။

အဲဒါက ယန်စိတ်ဝိညာဉ်အပိုင်း၏ အနှစ်သာရလည်း ဖြစ်လေသည်။

ဘက်ပြန်ကြေးခွံသည် နဂါးတစ်ကောင်၏ လည်ပင်းအောက်ဘက်ရှိ လခြမ်းကွေးသဏ္ဌာန် ကြေးခွံတစ်ခု ဖြစ်လေသည်။ အဲဒါကို ထိတွေ့မိသည်နှင့် မည်သူမဆို နဂါးမျိုးနွယ်၏ အမျက်ဒေါသကို သေချာပေါက် ခံယူရပေလိမ့်မည်။

အဲဒါကြောင့် သမိုင်းတစ်လျှောက်တွင် ဆိုရိုးစကားတစ်ခု ရှိလာခဲ့လေသည်။

နဂါးတစ်ကောင်၏ ဘက်ပြန်ကြေးခွံကို ထိမိသူ မည်သူမဆို သေရပေလိမ့်မည်။

ထိုစကားသည် ဤအမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်၏ နက်နဲသိမ်မွေ့မှုလည်း ဖြစ်လေသည်။

လေထဲရှိ သွေးနီရောင် ဘက်ပြန်ကြေးခွံသည် လုံယန်း၏ အမြုတေစိတ်ဝိညာဉ်နှင့် ထိတွေ့မိမည်ဆိုလျှင် သူ့ကို သတ်ဖြတ်ဖို့အတွက် ၎င်းက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်စရာ မလိုပေ။

လုံယန်း၏ အပြာရောင်နဂါး အမျက်ဒေါသသည် ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်မိသည်နှင့်အမျှ သူ၏ အမြုတေစိတ်ဝိညာဉ်သည် ပေပေါင်းများစွာ ဝေးကွာနေလျှင်တောင် ဖျက်ဆီးခံရမည် ဖြစ်လေသည်။

အဲဒါက ဘက်ပြန်ကြေးခွံ၏ ကြောက်စရာကောင်းမှု ဖြစ်လေသည်။

သူက ဘက်ပြန်ကြေးခွံကို လုံးဝ ထိတွေ့လို့ မရပေ။

တစ်ချက်ထိတွေ့မိသည်နှင့် သေရပေလိမ့်မည်။

သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခုက ပေါ်ထွက်မလာခဲ့ဖူးပေ။

နဂါးများသည် ဘက်ပြန်ကြေးခွံ၏ ဆင်းသက်လာမှုကို မခံစားမိနိုင်ကြသော်လည်း လုံယန်းသည် သူ၏ ဦးရေပြားက စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့လေသည်။

သူ၏ စိတ်နှလုံးထဲသို့ ခံစားချက်တစ်ခုက တိုးဝင်လာခဲ့လေသည်။

အဲဒါက သူသည် နောက်တစ်ခဏ၌ သေဆုံးရတော့မည်ဟု ပြောဆိုနေသည့်အလားပင်။

တစ်ချိန်တည်းမှာပင် ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေကြသော မျိုးရိုး ၅ ခုမှ အကြီးအကဲများသည်လည်း တုန်လှုပ်သွားကြလေသည်။

သူတို့၏ ကျင့်ကြံမှုအဆင့်အရ.. သူတို့သည် ဘက်ပြန်ကြေးခွံထံမှ ဖြာထွက်လာသော ကြောက်စရာကောင်းသည့် အော်ရာကို ခံစားမိနိုင်ကြလေသည်။

လေထဲရှိ အစိမ်းရောင် နတ်နဂါးက ခံ့ညားထည်ဝါ၍ စွမ်းအားကြီးသည့်ပုံ ပေါ်လေသည်။ သို့သော်လည်း အဲဒါက ဘက်ပြန်ကြေးခွံနှင့် နှိုင်းယှဉ်လျှင် အရမ်းကို နိမ့်ကျနေလေသည်။

အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး ချက်ချင်းပင် ထိတွေ့ရိုက်ခတ်လိုက်ကြလေသည်။ မျိုးရိုး ၅ ခုမှ အကြီးအကဲများသည် ဝင်ရောက်တားဆီးချင်လျှင်တောင် နောက်ကျသွားခဲ့လေပြီ။

လုံယန်းကတော့ သွားရှာပြီ..။

မျိုးရိုး ၅ ခုမှ အကြီးအကဲများ၏ စိတ်ထဲတွင် တူညီသော ထိုအတွေးက ဝင်ရောက်လာကြလေသည်။

အပြာရောင်နဂါးအကြီးအကဲ၏ မျက်လုံးထဲတွင် နောင်တရမှုက ပေါ်ထွက်လာခဲ့လေသည်။

စောစောက.. လုံမို သနားညှာတာမှုကို ပြခဲ့စဉ်က.. သူသည် လုံယန်းကို ဝင်ရောက်တားဆီးခဲ့သင့်လေသည်။

သူသာ အချိန်မီ ထွက်တားနိုင်ခဲ့လျှင် ဤကြောက်စရာကောင်းသော သတ်ဖြတ်ကွက်က ဆင်းသက်လာမည် မဟုတ်ဘဲ လုံယန်းကလည်း သေရလိမ့်မည် မဟုတ်ပေ။

ဤကိစ္စအတွက် လုံမိုကို အပြစ်မတင်နိုင်ပေ။

သေခြင်း ရှင်ခြင်း တိုက်ပွဲမှာ လုံမိုအနေဖြင့် လုံယန်းကို သတ်ဖြတ်ပိုင်ခွင့်​ ရှိလေသည်။

ဒါ့အပြင် လုံမိုက ဤတိုက်ပွဲကို ရပ်တန့်ခဲ့ပြီးလေပြီ။

အဲဒါက လုံယန်းရဲ့ ကံကြမ္မာများလား..။

အပြာရောင်နဂါးအကြီးအကဲက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲသည် ပြောရသည်မှာ နှေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။

လေထဲတွင် အရိုင်းဆန်သော အစိမ်းရောင်နတ်နဂါးသည် ဘက်ပြန်ကြေးခွံနှင့် ထိတွေ့ရိုက်ခတ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လေထဲမှာ အေးခဲသွားခဲ့လေသည်။

ထို့နောက်.. လူတိုင်း၏ ရှေ့မှောက်မှာပင် အစိမ်းရောင်နတ်နဂါး၏ ကိုယ်ပေါ်မှာ အက်ကွဲကြောင်းများက ဖြစ်ပေါ်လာခဲ့လေသည်။

ဘက်ပြန်ကြေးခွံက အကောင်းအတိုင်း ကျန်ရှိနေလေသည်။

မလှမ်းမကမ်းတွင် လုံယန်း၏ အမူအရာက အေးစက်တောင့်တင်းသွားလေသည်။ သူ၏အကြည့်က ငိုင်ကျသွားပြီး တဖြည်းဖြည်း အရောင်မှိန်လာခဲ့လေသည်။

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်ကျုံ့လိုက်လေသည်။

သူက ဆက်လက်၍ တင်းခံနေမည်ဆိုလျှင်.. သူ၏ အမြုတေစိတ်ဝိညာဉ်က လှုပ်ခတ်သွားမည်ဖြစ်သော်လည်း လုံယန်းက သေချာပေါက် သေရပေလိမ့်မည်။

သို့သော်လည်း အဲဒီမှာ ထိုသို့လုပ်စရာ တကယ်ပင် မလိုပေ။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် သူ၏ ဘက်ပြန်ကြေးခွံကို ပယ်ဖျက်လိုက်လေသည်။

လေထဲတွင် အစိမ်းရောင်နတ်နဂါးသည် သိပ်ကြာကြာမခံဘဲ အလင်းစက်များအသွင်ပြောင်းလဲပြီး လေထဲသို့ ပြန့်ကျဲပျက်ပြယ်သွားခဲ့လေသည်။

လုံယန်းသည် သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ချပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်က လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ သူက တိုက်ပွဲမြေပြင်ပေါ်သို့ ပစ်ဆောင့်ကျပြီး ဖုန်မှုန့်များကို တထောင်းထောင်းထသွားစေလေသည်။

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

လုံယန်းက မသေတော့ပေ။

သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေခဲ့လေပြီ။

ကံကောင်းထောက်မစွာဖြင့် ဆူဇီမိုသည် သူ၏တိုက်ခိုက်မှုကို အချိန်မီ ရုတ်သိမ်းနိုင်ခဲ့လေသည်။ ဘက်ပြန်ကြေးခွံသာ တဒင်္ဂ ဆက်ကြာနေခဲ့လျှင် လုံယန်း၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံးက ဖျက်ဆီးခံရနိုင်လေသည်။

မျိုးရိုး ၅ ခုမှ အကြီးအကဲများသည် ပြောင်းလဲမှုကို အာရုံခံမိသောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြလေသည်။

အပြာရောင်နဂါးအကြီးအကဲက ကျေနပ်နှစ်ခြိုက်သွားလေသည်။

တိုက်ပွဲမြေပြင်တွင် လုံယန်း၏ အသက်ဓာတ်အားက လျစ်လျူရှု၍ ရသလောက်နီးပါးဖြစ်ပြီး အသက်ငွေ့ငွေ့သာ ရှူနိုင်တော့လေသည်။

လုံယန်း၏ အခြေအနေကို နဂါးများက မသိနိုင်ဘဲ ထိုသူက သေဆုံးသွားပြီဟု တွေးထင်လိုက်ကြလေသည်။

နဂါးများက ဆူညံပွက်လောရိုက်လာကြလေသည်။

အချို့က ဒေါသူပုန်ထနေပြီး အချို့က တုန်လှုပ်နေကြလေသည်။ အချို့က ဝမ်းနည်းပူဆွေးနေပြီး အချို့က နေရာမှာပင် ကြောင်အ,မှင်တက်နေကြလေသည်။

နဂါးများ၏ မျက်လုံးထဲတွင် လုံယန်းသည် ပကတိမူလနတ္ထိအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲက အန္တရာယ်များလျှင်တောင် သူက သေဆုံးသွားလိမ့်မည် မဟုတ်ဟု သူတို့က တွေးထင်ထားခဲ့ကြလေသည်။

သို့သော် ယခုအခါမှာတော့.. သူသည် မည်သည့် အသက်ဓာတ်မှ မကျန်ရှိတော့ဘဲ မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲကျနေလေသည်။

လုံယန်းက တိုက်ပွဲထဲမှာ သေဆုံးသွားခဲ့လေပြီ..။

များစွာသော နဂါးများက တိုက်ပွဲမြေသို့ ပြေးဝင်လာကြလေသည်။

အပြာရောင်နဂါးအချို့သည် သွေးနီရောင်မျက်လုံးများနှင့် ဝမ်းနည်းပူဆွေးသော အမူအရာများကို ထုတ်ပြလာကြလေသည်။

အပြာရောင်နဂါးတစ်ကောင်က ဆူဇီမိုကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး​ အော်ပြောလိုက်လေသည်။

“လုံမို.. ငါက မင်းကို ဒီနေရာမှာ အသေအကြေ တိုက်ခိုက်ဖို့ စိန်ခေါ်တယ်”

“ငါရောပဲ.. လုံမို.. ငါ မင်းကို စိန်ခေါ်တယ်”

နောက်ထပ် အပြာရောင်နဂါးတစ်ကောင်က ထွက်ရပ်လာခဲ့လေသည်။

“မင်းတို့တွေက ဘာလုပ်နေကြတာလဲ”

မီးပဒေသာနဂါးမျိုးရိုးမှ လုံစန်သည် ဆူဇီမို၏ဘေးသို့ အလောတကြီး ဝင်ရောက်လာပြီး အော်ပြောလိုက်လေသည်။

“ဒါက သူတို့နှစ်ယောက်ကြားက သေခြင်း ရှင်ခြင်း တိုက်ပွဲတစ်ခုပဲ.. မင်းတို့တွေက အစ်ကိုမိုကို အပြစ်တင်လို့ မရဘူး”

“ရတယ်လေ.. အဲဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့.. မီးပဒေသာနဂါးမျိုးရိုးက မင်းတို့ကောင်တွေကို ကြောက်နေတယ်လို့ ထင်လို့လား”

နောက်ထပ် မီးပဒေသာနဂါးတစ်ကောင်က အော်ပြောလိုက်လေသည်။

“အားလုံးပဲ.. တိတ်တိတ်နေကြစမ်း”

လုံရှီက မာန်မဲအော်ဟစ်လိုက်လေသည်။

သို့သော်လည်း သူမ၏အသံသည် ဆူညံပွက်လောရိုက်နေသော တိုက်ပွဲမြေမှာ လျင်မြန်စွာ နစ်မြုပ်သွားခဲ့လေသည်။

နဂါးများ၏ စိတ်ခံစားချက်များက ခေါင်ခိုက်အောင် မြင့်မားလာကြပြီး နဂါးသွေးတိုက်ပွဲမြေတွင် ကြီးမားသည့် တိုက်ပွဲတစ်ခုက ဖြစ်ပေါ်လာတော့မည့်အလားပင်။

“မင်းတို့တွေက အဲဒါ ဘာလုပ်နေကြတာလဲ”

ထိုစဉ်မှာပင်.. ဩဇာအာဏာရှိသော အသံတစ်သံက လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာပြီး နဂါးတိုင်း၏ နားထဲသို့ ဝင်ရောက်လာခဲ့လေသည်။

နဂါးများသည် တုန်လှုပ်သွားပြီး လှမ်းမျှော်ကြည့်လိုက်ကြလေသည်။

လေထဲတွင် ပုံရိပ် ၅ ခုက မတ်တတ်ရပ်နေပြီး သိပ်သည်းပြင်းထန်သော ဖိအားများနှင့်အတူ စွမ်းအားကြီးသော အော်ရာများကို ထုတ်ပေးနေကြလေသည်။

ထိုဖိအား၏ ဖိနှိမ်မှုအောက်တွင် နဂါးများ၏ ဆူပွက်နေသော သွေးက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာခဲ့လေသည်။

မျိုးရိုး ၅ ခုမှ အကြီးအကဲများက ဆင်းသက်လာခဲ့ကြလေသည်။

“မင်းတို့တွေက စည်းမရှိကမ်းမရှိ ဘာလို့ ထင်တိုင်းကြဲနေကြတာလဲ”

အပြာရောင်နဂါးအကြီးအကဲက ထက်ရှသော အကြည့်ဖြင့် ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်လေသည်။ မည်သည့်နဂါးကမှ သူ၏မျက်လုံးနှင့် မဆုံရဲကြပေ။

“အကြီးအကဲ.. အဲဒီ အပြင်လူက အစ်ကိုယန်းကို သတ်ဖြတ်ခဲ့တယ်”

နောက်ဆုံးမှာတော့.. အပြာရောင်နဂါးတစ်ကောင်က မနေနိုင်တော့ဘဲ နီရဲနေသော မျက်လုံးများဖြင့် ပြောဆိုလိုက်လေသည်။

“နဂါးသွေးတိုက်ပွဲမြေဆိုတာ အစကတည်းက သေခြင်း ရှင်ခြင်း တိုက်ပွဲအတွက် သတ်မှတ်ပေးထားတာပဲ.. မင်းတို့က သေရမှာ ကြောက်နေရင် ဒီနေရာကို မလာနဲ့လေ”

အပြာရောင်နဂါးအကြီးအကဲက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဒါပေမဲ့..”

အပြာရောင်နဂါးတစ်ကောင်က မကျေမချမ်းဖြစ်နေဆဲ ဖြစ်လေသည်။

သူသည် လုံယန်းနှင့် တူညီသော မျိုးရိုးမှ ဆင်းသက်လာပြီး ထိုသူနှင့် အလွန်တရာ ရင်းနှီးမှုရှိလေသည်။

သူ၏မျက်လုံးထဲတွင် ဆူဇီမိုသည် နဂါးအရိုးတောင်ကြားသို့ မကြာခင်ကမှ ရောက်ရှိလာပြီး မသန့်စင်သော မျိုးဆက်သွေးနှင့် မီးပဒေသာနဂါးမျိုးရိုးမှ တစ်စုံတစ်ယောက် ဖြစ်လေသည်။ သူက သူ၏မျက်လုံးထဲမှာ အပြင်လူတစ်ယောက်သာ ဖြစ်လေသည်။

“ဒါပေမဲ့တွေ ဘာတွေ လုပ်မနေနဲ့”

အပြာရောင်နဂါးအကြီးအကဲက ခေါင်းခါလိုက်လေသည်။

“ဒါက နဂါးမျိုးနွယ်ရဲ့ စည်းမျဉ်းစည်းကမ်းပဲ.. စောဒကတက်လို့ မရဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. အပြာရောင်နဂါးအကြီးအကဲက ဆူဇီမိုကို လေးနက်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“နောက်ပြီး လုံယန်းက အခုချိန်ထိ မသေသေးဘူး”

ထိုစကားကို ကြားသောအခါ နဂါးတိုင်းက မှင်တက်သွားကြလေသည်။

လုံယန်းက မသေသေးဘူးတဲ့လား..။

ပုံမှန်အခြေအနေမှာဆိုလျှင်.. ဤကဲ့သို့သော ထိခိုက်ဒဏ်ရာများကို လက်ခံရရှိပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က ချက်ချင်း သေဆုံးမသွားလျှင်တောင် အဲဒါက ပြန်လည်ကုသဖို့အတွက် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း နဂါးအရိုးတောင်ကြားတွင် သေသူကိုပင် ပြန်လည်ရှင်သန်စေနိုင်သော ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်း ရှိလေသည်။

အပြာရောင်နဂါးအကြီးအကဲက သူ၏လက်ကို ဝှေ့ယမ်းပြီး ဓမ္မစွမ်းအားအချို့ကို ထုတ်ဖော်လိုက်လေသည်။

လုံယန်း၏ ကြီးမားသည့် ခန္ဓာကိုယ်က လူသားတစ်ယောက် သွင်ပြင်သို့ ပြောင်းလဲသွားခဲ့လေသည်။

အပြာရောင်နဂါးအကြီးအကဲ၏ အကြည့်က ဆူဇီမိုအပေါ်သို့ ကျရောက်၍ ခဏမျှ ရပ်တန့်သွားခဲ့လေသည်။ သူက ဆူဇီမိုကို ခေါင်းညိတ်ပြပြီးနောက် လုံယန်းနှင့်အတူ ထွက်ခွာသွားလေသည်။

အပြာရောင်နဂါးအကြီးအကဲက ဘာမှမပြောခဲ့သော်လည်း သူက ဤကဲ့သို့ ပုံစံဖြင့် ခေါင်းညိတ်ပြသည်မှာ ရှားရှားပါးပါး ဖြစ်လေသည်။

သူက ဆူဇီမိုကို ကျေးဇူးတင်ကြောင်း ဖော်ပြသွားခြင်း ဖြစ်လေသည်။

စောစောက အမြုတေစိတ်ဝိညာဉ်တိုက်ပွဲသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့လေသည်။ နဂါးများသည် ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျကို မသိရှိသော်လည်း မျိုးရိုး ၅ ခုမှ အကြီးအကဲများက အဲဒါကို သိရှိနိုင်ကြလေသည်။

ဆူဇီမိုသာ သူ၏စွမ်းအားကို အချိန်မီ ပြန်လည်မရုတ်သိမ်းခဲ့လျှင် လုံယန်းက ယခုလောက်ဆို သေနေလောက်လေပြီ။

ဤတိုက်ပွဲသည် နဂါးမျိုးနွယ်၏ လူငယ်မျိုးဆက်များကြားမှာ ဆူဇီမို၏ ဂုဏ်အဆင့်အတန်းကို တည်ဆောက်နိုင်ခဲ့ရုံသာမက သူသည် နဂါးအကြီးအကဲများစွာ၏ အသိအမှတ်ပြုမှုကိုပါ အမှန်တကယ်ပင် ရရှိသွားခဲ့လေသည်။

All Chapters