အချေအတင်
Vol. 73 Ch. 1092
အပြာရောင်နဂါးအကြီးအကဲနှင့် လုံယန်း ထွက်ခွာသွားခြင်းနှင့်အတူ နဂါးများကလည်း တဖြည်းဖြည်း လူစုခွဲလိုက်ကြလေသည်။
လုံရှီက မထွက်ခွာခင် သူမသည် တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ဆူဇီမိုကို တစ်ချက်ကြည့်သွားသေးလေသည်။
တကယ်တော့ နဂါးသွေးတိုက်ပွဲမြေတွင် မထွက်ခွာဘဲ ဆူဇီမို၏အနားမှာ ရစ်ဝဲနေသော နဂါးများစွာ ကျန်ရှိနေသေးလေသည်။ သူတို့အများစုက မီးပဒေသာနဂါးများ ဖြစ်ကြလေသည်။
ဤတိုက်ပွဲသည် မီးပဒေသာနဂါးမျိုးရိုး၏ စိတ်အားမာန်ကို တက်ကြွလာစေခဲ့လေသည်။
လုံယန်း၏ ရှုံးနိမ့်မှုဖြင့် ဆူဇီမိုသည် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လာခဲ့လေသည်။
မီးပဒေသာနဂါးမျိုးရိုးအနေဖြင့် သိုဝှက်နဂါးအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရပ်တည်လာနိုင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
အစက ဆူဇီမိုကို အသိအမှတ်မပြုချင်သော မီးပဒေသာနဂါးအချို့ပင်လျှင် ယခုအချိန်မှာ ငြင်းဆန်မှု မရှိကြတော့ပေ။ သူက မီးပဒေသာနဂါးမျိုးရိုးသို့ မဝင်ရောက်မှာကိုတောင် သူတို့က စိုးရိမ်လာကြလေသည်။
“မင်းတို့တွေ အရင်ဆုံး သွားလို့ရပြီ”
ထိုစဉ်မှာပင် နဂါးအကြီးအကဲ ၄ ယောက်က လေထဲကနေ ဆင်းသက်လာပြီး ဘေးပတ်ဝန်းကျင်ရှိ နဂါးများကို ပြောလိုက်လေသည်။
“လုံမိုက ဒီမှာနေခဲ့ဦး”
မီးပဒေသာနဂါးအကြီးအကဲ ၄ က ဆူဇီမိုကို နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ပြုံးပြလိုက်လေသည်။
နဂါးများက ထွက်ခွာသွားကြလေသည်။
ဆူဇီမိုနှင့် နဂါးအကြီးအကဲ ၄ယောက်သာလျှင် နဂါးသွေးတိုက်ပွဲမြေမှာ ကျန်ရစ်ခဲ့ကြလေသည်။
“လုံမို.. စောစောက မင်းထုတ်ဖော်လိုက်တဲ့ ဓမ္မပညာရပ်.. မီးခိုးရောင် မြူခိုးတွေနဲ့ တစ်ခုလေ.. အဲဒါကို ဘာလို့ခေါ်လဲ”
ဦးချိုနဂါးအကြီးအကဲက မေးလိုက်လေသည်။
“ကျတ်တီးမြေ.. “
ဆူဇီမိုက အမှန်တရားကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အဲဒါကို နောက်တစ်ခေါက်လောက် ပြန်ထုတ်ပြပါဦး.. ငါတို့က တစ်ချက်လောက် ကြည့်ချင်လို့”
တောင်ပံနဂါးအကြီးအကဲက သိချင်စိတ် ပြင်းပြနေလေသည်။
အဲဒါထက် မူလနတ္ထိနဂါးတစ်ကောင်၏ ဓမ္မပညာရပ်က သူတို့အပေါ်မှာပင် သက်ရောက်စေနိုင်သည်ကို သူက မယုံကြည်နိုင် ဖြစ်နေဆဲပင်။
ဆူဇီမိုသည် သူ၏လက်ဝါးကို လှုပ်ရှားလိုက်သောအခါ မီးခိုးရောင် မြူခိုးတစ်လုံးက ထွက်ပေါ်လာခဲ့လေသည်။
ဤအကွာအဝေး၌ နဂါးအကြီးအကဲ ၄ ယောက်သည် အဲဒါကို ပို၍ ရှင်းလင်းစွာ ခံစားမိနိုင်လာလေသည်။
တောင်ပံနဂါးအကြီးအကဲက သူ၏လက်ညိုးကို ဆန့်ထုတ်ပြီး မီးခိုးရောင်မြူခိုးကို ညင်သာစွာ ထိတွေ့လိုက်လေသည်။
သူ၏လက်ချောင်းက မီးခိုးရောင်မြူခိုးနှင့် ထိတွေ့မိသည့် အချိန်မှာပင်.. သူက ပြန်လည်ရုတ်လိုက်လေသည်။
“အို..”
သူက ပင့်သက်ကို ရှိုက်ပြီး အခြားနဂါးအကြီးအကဲ ၃ ယောက်ကို ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့ တွေးထင်ထားသည်မှာ မှန်နေလေသည်။
ထိုဓမ္မပညာရပ်၏ စွမ်းအားက သူတို့အပေါ်မှာပင် သက်ရောက်စေနိုင်လေသည်။
စောစောက တောင်ပံနဂါးအကြီးအကဲသည် အဲဒါကို တစ်ချက်ထိ၍ ပြန်ရုတ်သိမ်းလိုက်ရုံမျှသာ ဖြစ်လေသည်။ အလွန်ဆုံး အဲဒါက အသက်တစ်ရှိုက်စာ၏ ဆယ်ပုံတစ်ပုံသာ ရှိသော်လည်း သူ့ဘဝသက်တမ်း၏ နှစ်သုံးလေးဆယ်က ပျောက်ကွယ်သွားခဲ့လေသည်။
ဒါ့အပြင် အဲဒါက ပြန်လည်ကုသ၍ မရနိုင်ဘဲ ပြန်၍လည်း အစားမရနိုင်ပေ။
သူ၏ ဘဝသက်တမ်း နှစ်သုံးလေးဆယ်က အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေသည်။
“အဲဒါကို မြန်မြန်ပြန်သိမ်းလိုက်စမ်းပါ”
တောင်ပံနဂါးအကြီးအကဲက လောဆော်လိုက်လေသည်။
ဘာကြောင့်ရယ်မသိ.. သူသည် မီးခိုးရောင်မြူခိုးများကို ကြည့်ပြီး စိုးရိမ်နေလေသည်။
“မင်းက ဒီဓမ္မပညာရပ်ကို ဘယ်ကနေ သင်လာတာလဲ”
ဦးချိုနဂါးအကြီးအကဲက မေးလိုက်လေသည်။
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ပြောလိုက်လေသည်။
“မိတ်ဆွေတစ်ယောက်က ကျုပ်ကို သင်ပေးခဲ့တာ”
“မင်းက အဲဒီဓမ္မပညာရပ်.. ငါတို့ကို သင်ပေးလို့ရလား”
ဦးချိုနဂါးအကြီးအကဲ၏ မျက်လုံးများသည် တောက်ပလာပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
သူတို့သည် နဂါးမျိုးနွယ်၏ အကြီးအကဲများ ဖြစ်လာခဲ့ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင်များနှင့်ပင် တိုက်ခိုက်နိုင်သော မြင့်မားသော တိုက်ခိုက်ရည်ခွန်အားနှင့် မြင့်မြတ်သော ဂုဏ်အဆင့်အတန်း ရှိကြလျှင်တောင် သူတို့သည် ထိုကဲ့သို့သော ဓမ္မပညာရပ်ကို မြင်သောအခါ လောဘတက်လာကြဆဲဖြစ်လေသည်။
“တောင်းပန်ပါတယ်.. ကျုပ် မသင်ပေးနိုင်ဘူး”
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ခေါင်းကို ခါပြလိုက်လေသည်။
သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို အပြင်လူများသို့ မသင်ပေးနိုင်ကြောင်း တျဲယွဲ့က သူ့ကို တစ်ခါပြောခဲ့ဖူးလေသည်။
ဆူဇီမိုသည် တျဲယွဲ့၏ စကားများကို ဘယ်တုန်းကမှ မမေ့လျော့ခဲ့ပေ။
ဦးချိုနဂါးနှင့် တောင်ပံနဂါးအကြီးအကဲတို့၏ မျက်နှာပေါ်တွင် နှမျောတမ်းတသည့် အမူအရာက ထွက်ပေါ်လာခဲ့လေသည်။
မီးပဒေသာနဂါးအကြီးအကဲ ၄ ကသာလျှင် တည်ငြိမ်သော အမူအရာရှိပြီး ဆူဇီမို၏ စိတ်ဆန္ဒကို သဘောပေါက်သည့်အလား ခေါင်းညိတ်ပြလိုက်လေသည်။
ဦးချိုနဂါးအကြီးအကဲက သူ၏မျက်လုံးထဲရှိ အလိုရမ္မက်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် သုန်မှုန်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
“လုံမို.. နဂါးမျိုးနွယ်က တစ်စုံတစ်ယောက်အနေနဲ့ မင်းက ငါတို့ရဲ့ ကျင့်ကြံရေးနည်းစနစ်တွေကိုလည်း ကျင့်ကြံလို့ရတယ်.. ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းကိုလည်း ဝင်ရောက်နိုင်ခဲ့တယ်.. မင်းက ဒီဓမ္မပညာရပ်ကို လက်ဆင့်ပြန်ကမ်းပေးသင့်တယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။
သူသည် ရွံရှာစက်ဆုပ်မှုကို ခံစားရလေသည်။
အဲဒါက စေတနာကို ဘန်းပြပြီး အကျပ်ကိုင်ခြိမ်းခြောက်ဖို့ ကြိုးစားနေခြင်း ဖြစ်လေသည်။
ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းသည် တကယ်ပင် သူ့အသက်ကို ကယ်တင်ခဲ့ပြီး သူ၏ နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်ကို ရှင်သန်စေနိုင်ခဲ့လေသည်။
သို့သော်လည်း ထို့ကြောင့်ပင်လျှင် သူက နဂါးမျိုးနွယ်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။
ထိုအတွက်ကြောင့် သူ့ထံမှ အခြားတစ်စုံတစ်ရာကို သူတို့က တောင်းဆိုလာမည်ဆိုလျှင် သူက ရွံရှာစက်ဆုပ်မှုကို ခံစားရပေလိမ့်မည်။
ဆူဇီမို၏ စိတ်နေစရိုက်အရ သူသည် အညံ့ခံဖို့ထက် ဤခန္ဓာကိုယ်ကိုသာ အဆုံးရှုံးခံလိုလေသည်။
အဲဒါက ညှိနှိုင်းဆွေးနွေး၍ မရသော သူ၏အောက်စည်း ဖြစ်လေသည်။
“မရဘူး”
ဒီတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် ပို၍ပြတ်သားစွာ ငြင်းဆန်လိုက်ပြီး သူ၏လေသံကပင် အေးစက်နေလေသည်။
“ဟမ့်..”
ဦးချိုနဂါးအကြီးအကဲက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။
နဂါးမျိုးနွယ်မှ မူလနတ္ထိ ဂျူနီယာတစ်ယောက်က သူ့ကို ဤကဲ့သို့သော လေသံဖြင့် ငြင်းဆန်ပြောဆိုရဲသည်လား..။
ဒါ့အပြင် ဤဂျူနီယာသည် မသန့်စင်သော မျိုးဆက်သွေးနှင့် အပြင်လူတစ်ယောက်ဖြစ်ပြီး သူ၏ သရုပ်သကန်ကို ကွဲကွဲပြားပြား မသိရသေးပေ။
“ဂျူနီယာ.. အဲ့စကားကို ပြန်ပြောကြည့်လိုက်စမ်း”
ဦးချိုနဂါးအကြီးအကဲက သုန်မှုန်နေသော အကြည့်ဖြင့် ပြောလိုက်လေသည်။
“လုံကျုံး.. မင်း ဘာလုပ်နေတာလဲ”
မီးပဒေသာနဂါးအကြီးအကဲ ၄ က ဆူဇီမိုကို သူ့နောက်သို့ ဆွဲယူလိုက်လေသည်။ သူ့မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့မှုက ပျောက်ကွယ်သွားပြီး သူက ဦးချိုနဂါးအကြီးအကဲကို ထက်ရှသော အကြည့်ဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။
“ဒီဓမ္မပညာရပ်က အရမ်းကို စွမ်းအားကြီးတယ်.. သူက အဲဒါကို ငါတို့ဆီ လက်ဆင့်ကမ်းပေးမယ်ဆိုရင် ငါတို့ နဂါးမျိုးနွယ်ရဲ့ ခွန်အားကလည်း တိုးလာလိမ့်မယ်.. ငါက အကြောင်းမဲ့သက်သက် လျှောက်လုပ်နေတာ မဟုတ်ဘူး”
လုံကျုံးဟုခေါ်သော ဦးချိုနဂါးအကြီးအကဲက မှင်သေသေဖြင့် ပြောလိုက်လေသည်။
မီးပဒေသာနဂါးအကြီးအကဲ ၄ က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။
“ဒီကလေးက လိုလိုလားလား ရှိတယ်ဆိုရင်တော့.. အဲဒါက ကောင်းတာပေါ့.. ဒါပေမဲ့လို့ သူ့ရဲ့ စိတ်ဆန္ဒ မပါဘူးဆိုရင်တော့ ဘယ်သူကမှ သူ့ကို ဖိအားပေးလို့ မရဘူး.. မင်းလည်း မရဘူး.. ငါလည်း မရဘူး.. ဘယ်နဂါးမှ မရဘူး”
ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ ရင်ထဲမှာ ထိသွားလေသည်။
မည်သို့ပင်ဆိုစေ.. မီးပဒေသာနဂါးမျိုးရိုးမှ အကြီးအကဲများသည် သူ့ကို အပြင်လူတစ်ယောက်အဖြစ် မဆက်ဆံခဲ့ဘဲ အမြဲတမ်း သူ့ကို ကာကွယ်ပေးခဲ့လေသည်။
“မင်းက ဘာလို့ သူ့ကို အဲ့လောက်ထိ ကာကွယ်ပေးချင်နေရတာလဲ”
လုံကျုံးက မျက်မှောင် အနည်းငယ်ကြုတ်ပြီး လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
မီးပဒေသာနဂါးအကြီးအကဲ ၄ က လှောင်ရယ်လိုက်လေသည်။
“အဲဒါက ကာကွယ်ပေးတာနဲ့ ဘာမှမဆိုင်ဘူး.. လုံကျုံး.. မင်းရဲ့ အသက်အရွယ်နဲ့ ဂျူနီယာတစ်ယောက်ဆီက ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ရယူချင်နေတာ ရှက်စရာကောင်းတယ်လို့ မင်းမခံစားရဘူးလား”
“မင်း..”
လုံကျုံးသည် ပြောစရာစကားမဲ့သွားပြီး သူ၏အမူအရာက လုံးဝ သုန်မှုန်လာခဲ့လေသည်။
ဦးချိုမဲ့နဂါးအကြီးအကဲက သက်လတ်ပိုင်းအရွယ် အချောအလှတစ်ဦး ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင် သူမကလည်း ခေါင်းကို ခါယမ်းလိုက်လေသည်။
“လုံကျုံး.. ဒီကိစ္စမှာ နင့်ဘက်က လွန်တယ်.. ငါလည်း ဒီဓမ္မပညာရပ်ကို ကျင့်ကြံချင်တာပဲ.. ဒါပေမဲ့လို့ ငါက ဒီကလေးကို ဖိအားပေးမှာ မဟုတ်ဘူး”
“ကဲ.. အားလုံးပဲ ငြင်းခုန်မနေကြပါနဲ့တော့”
တောင်ပံနဂါးအကြီးအကဲက ရှေ့သို့ထွက်လာပြီး ကိစ္စများကို ပြေလည်ဖို့ ကြိုးစားလိုက်လေသည်။
“လုံကျုံးက စိတ်လှုပ်ရှားနေလို့ သူ့ရဲ့ လေသံက နည်းနည်းမာသွားတာ ဖြစ်ရမယ်.. သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
“အဲ့လိုဆိုရင်တော့ ကောင်းတာပေ့ါ”
မီးပဒေသာနဂါးအကြီးအကဲက ပြောလိုက်လေသည်။
“မီးပဒေသာနဂါးမျိုးရိုးက လုံမိုကို မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ.. သူက မီးပဒေသာဘွဲ့ကို ရရှိတော့မယ်.. အဘိုးကြီးတချို့က သူ့အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မထားကြရင် ကောင်းလိမ့်မယ်”
“ဟမ့်”
လုံကျုံးက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူ၏လက်ကို ဝှေ့ယမ်းပြီး နေရာကနေ ထွက်ခွာပျောက်ကွယ်သွားခဲ့လေသည်။
“အဲဒါ ဘာမှမဖြစ်ဘူး.. သူ့ကို စိတ်ထဲမှာ ထည့်မထားနဲ့”
မီးပဒေသာနဂါးအကြီးအကဲ ၄ က ဆူဇီမိုဘက်သို့လှည့်ပြီး သူ၏ပခုံးကို ပုတ်လိုက်လေသည်။
“အဲဒီ အဘိုးကြီးက နည်းနည်း အသက်ကြီးလာလို့ သူငယ်ပြန်လာတာ ဖြစ်ရမယ်”
“ကျေးဇူးတင်ပါတယ် အကြီးအကဲ ၄”
ဆူဇီမိုက လေးနက်စွာဖြင့် ဦးညွတ်လိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ သူ့ကို ကူညီပေးခဲ့သည့်အတွက် မီးပဒေသာနဂါးအကြီးအကဲ ၄ ကို ကျေးဇူးတင်ရပေလိမ့်မည်။
မဟုတ်လျှင် သူ၏ စိတ်နေစရိုက်အရ သူက ဦးချိုနဂါးအကြီးအကဲနှင့် အချေအတင်ဖြစ်လာမည်ဆိုလျှင် သူ၏ ဤခန္ဓာကိုယ်က တစ်ဖန်ထပ်၍ ဖျက်ဆီးခံရဖို့ ဖြစ်နိုင်ခြေများလေသည်။
“ဒါနဲ့ မင်းရဲ့ အဲဒီ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကိုရော.. မင်းရဲ့ မိတ်ဆွေကပဲ သင်ပေးခဲ့တာလား”
ဦးချိုမဲ့နဂါးအကြီးအကဲက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
“ဟုတ်ကဲ့”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
“အဲဒီ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ရဲ့ နာမည်က ဘာတဲ့လဲ”
ဦးချိုမဲ့နဂါးအကြီးအကဲက တစ်ခါထပ်၍ မေးလိုက်လေသည်။
“ဘက်ပြန်ကြေးခွံ”
ထိုစကားကို ကြားသောအခါ အကြီးအကဲ ၃ ယောက်သည် အနည်းငယ် မှင်တက်နေပြီးနောက်.. သူတို့၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုက ထင်ဟပ်လာခဲ့လေသည်။
“ဘက်ပြန်ကြေးခွံ.. ဘက်ပြန်ကြေးခွံ.. အဲဒါကို ထိမိတဲ့သူ ဘယ်သူမဆို သေရလိမ့်မယ်”
တောင်ပံနဂါးအကြီးအကဲက တီးတိုးရေရွတ်၍ ခေါင်းညိတ်လိုက်လေသည်။
“အဲဒါက အဲလောက်ထိ စွမ်းအားကြီးမားနေတာ မထူးဆန်းတော့ပါဘူးလေ”
မီးပဒေသာနဂါးအကြီးအကဲ ၄ က ခဏမျှ စဉ်းစားတွေးတောပြီးနောက် သတိပေးလိုက်လေသည်။
“လုံမို.. အဲဒီ ကျတ်တီးမြေ ဓမ္မပညာရပ်ရော.. ဘက်ပြန်ကြေးခွံရောက အရမ်းကို ကြောက်စရာကောင်းတယ်”
“နောက်ပိုင်း.. နဂါးအရိုးတောင်ကြားမှာ တခြားနဂါးတွေနဲ့ မင်းက တိုက်ခိုက်မယ်ဆိုရင်.. အဲဒါတွေကို မသုံးမိဖို့ ကြိုးစားပါ”