အခန်း (၁၅)
Vol. 1 Ch. 15
မြစ်ပန်းမြို့၏ အတွင်းပိုင်းဒေသသို့ဝင်ရန် တံခါးကြီးမှာ ကြေးနီရောင်တံခါးကြီးဖြစ်ပြီး အတွင်းပိုင်းဒေသသို့ ဝင်ရန် တစ်ခုတည်းသောလမ်းဖြစ်သည်။ အတွင်းပိုင်းဒေသသို့ ဝင်ရောက်ချင်သော မည်သူမဆို ကျင့်ကြံသူဖြစ်ရမည်ဖြစ်ကာ သူတို့၏ ဆွေကြီးမျိုးကြီးဖြစ်ကြောင်း အထောက်ထားများကိုလည်း ပြရမည်ဖြစ်သည်။
ယခုသည် ညအချိန်ဖြစ်ပြီး သန်မာသော ကျင့်ကြံသူအစောင့်နှစ်ယောက်က အတွင်းပိုင်းဒေသတံခါးကို တင်းကြပ်စွာ စောင့်ကြည့်နေကြသည်။
လူများသည် သူတို့၏အထောက်အထားများကို သက်သေပြပြီးနောက် မြို့ထဲသို့ အဝင်အထွက် လုပ်နေကြသည်။ ထိုအရာသည် သလင်းကျောက် အထောက်အထားကဒ်ပြားဖြစ်ပြီး တံခါးဘေးမှ ကျောက်တုံးကြီးရှေ့တွင် ဝှေ့ယမ်းလိုက်ရုံဖြင့် ကဒ်ကိုင်ဆောင်သူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပြပေးသည်။
ထိုကဒ်ကို မည်သူမဆို သူတို့၏မွေးရပ်မြေမှ သို့မဟုတ် သူတို့နှင့် ဆက်နွှယ်မှုရှိသည့် မည့်သည့်အဖွဲ့အစည်းကနေမဆို ရယူနိုင်သည်။ သို့သော် ထိုသလင်းကျောက်ကဒ်ပြားသည် ပတ္တမြားဒင်္ဂါး ၁၀ပြား ကျသင့်ကာ Ace လိုလူမျိုးများသည် သူတို့၏ တစ်ဘဝလုံးတွင် ထိုကဒ်ကို မရရှိခဲ့ပေ။
Ace သည် သူ့အကြောင်း အချက်အလက်များကို ဤနေရာတွင် မှတ်တမ်းမတင်ချင်ပေ။ ထိုအခါမှ သူဘယ်သူဖြစ်သည်၊ သူမည်သည့်နေရာကလာသည်ကို ဘယ်သူမှမသိနိုင်ဘဲ သရဲတစ်ကောင်လို နေနိုင်ပေလိမ့်မည်။
အတွင်းပိုင်းဒေသတံခါးနှင့် သိပ်မဝေးသော နေရာတွင် Ace သည် အထဲသို့ဝင်နိုင်ရန် အခွင့်အရေးကိုစောင့်ဆိုင်းနေသည်။ထိုအချိန်၌ လှည့်ပတ်ကြည့်ရှုနေသော အစောင့်တစ်ယောက်ကို တွေ့ရသည်။ ထိုသူသည် မည်သည့်မြို့သားများ အဝင်အထွက် မလုပ်တော့သည်ကို တွေ့သည့်အခါ တုံးအစွာပြုံးလိုက်သည်။
‘မင်းပဲ’ ရွေးချယ်မှု ပြုလုပ်ပီးနောက် သူ၏ ကိုယ်ပျောက်စွမ်းရည်ကို အသက်သွင်းလိုက်ကာ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားသည်။
သူဟာ အရင်တုန်းကလို တက်တစ်စတစ်ယောက် မဟုတ်တော့ပေ။ သူ၏ ဤစွမ်းရည်အပေါ် ကျွမ်းကျင်မှုသည် အလယ်အလတ်အဆင့်တွင် ရှိနေပြီဖြစ်တာကြောင့် သူ၏ကျင့်ကြံခြင်းနယ်ပယ်အထက်တွင် ရှိသောသူမဟုတ်လျှင် သူနဲ့အဆင့်တူတွင် ရှိသောသူပင်လျှင် သူ့ကို မည်သို့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
စနစ်၏ အခြေခံစွမ်းရည်များအပေါ် ကျွမ်းကျင်မှုကို အဆင့်လေးဆင့် ခွဲထားသည်။ ၎င်းတို့မှာ အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံခြင်းအဆင့်တို့ ဖြစ်သည်။
Ace ထိုအစောင့်နောက်သို့ တိတ်ဆိတ်ခြေလှမ်းဖြင့် လိုက်လာခဲ့လိုက်ကာ ထိုအစောင့်အနီးမှလူများနှင့် ဒုတိယတံခါးမှ ကျင့်ကြံသူအစောင့်ပင် ထိုလူနောက်မှ သူ့ကိုသတိမပြုမိကြပေ။ တံခါးဖွင့်လိုက်သည့်အခိုက်တွင် Ace သည် တိတ်ဆိတ်ခြေလှမ်းကို အသုံးပြုကာ အတွင်းပိုင်းဒေသအတွင်းသို့ လေပြင်းတစ်ခုလို ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူခိုးတစ်ယောက် အတွင်းပိုင်းဒေသသို့ ဝင်ရောက်သွားသည်ကို မည်သူမှသတိမပြုမိခဲ့ကြပေ။
အတွင်းပိုင်းဒေသထဲသို့ ရောက်သွားပြီးနောက် ကျပန်းဦးတည်ရာတစ်ခုသို့ ပြေးသွားလိုက်သည်။ လူမရှိသောနေရာကို ပထမဆုံးရှာဖွေလိုက်ကာ ကျယ်ပြန့်သော သစ်ပင်၏နောက်ကွယ်တွင် ပုံးကွယ်လိုက်သည်။ ထို့နောက် သူ၏ အိတ်ထဲမှ အဝတ်အစားအသစ်တစ်စုံကို ထုတ်ယူလိုက်ကာ ‘အနက်ရောင်သူခိုးဝတ်စုံ’ဖြင့် လဲလှယ်ဝတ်ဆင်လိုက်သည်။
အဝတ်များလဲပြီးနောက် ‘အနက်ရောင်သူခိုးဝတ်စုံ’ကို ကြည့်လိုက်ကာ အနီးနားမှ သစ်သားခြောက်များကို မီးရှို့လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ်စုံကို လောင်ကျွမ်းနေသောမီးထဲသို့ ပစ်သွင်းလိုက်တော့သည်။
‘အခုကစပြီး အနက်ရောင်သရဲဆိုတာ သေသွားပြီ။ ဘယ်သူမှ အနက်ရောင်သရဲနဲ့ အတွင်းပိုင်းဒေသထဲမှာ ပေါ်ထွက်လာမယ့် သူခိုးအသစ်နဲ့ကို ဆက်နွှယ်ပြီးစဉ်းစားမိမှာမဟုတ်ဘူး။’
သူ၏အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးတို့ ပြာအဖြစ် ပြောင်းလဲသွားကာ လေပြင်းနှင့်အတူ လေထဲသို့ လွှင့်ပါသွားသည်ကိုကြည့်ရင်း တစ်ခစ်ခစ် ရယ်မောလိုက်သည်။
အနက်ရောင်သရဲကိစ္စကို ဖြေရှင်းပြီးနောက် ကျပန်းဦးတည်ရာတစ်ခုကို ထပ်၍ ရွေးချယ်လိုက်သည်။ အတွင်းပိုင်းဒေသမှ နေရာများကို သူမသိတာကြောင့် ကျပန်းရွေးချယ်နေခြင်းပင်။
ညအချိန်ဖြစ်နေသော်လည်း လမ်းမများတွင် မီးရောင်များ လင်းထိန်နေပြီး လူများစွာလည်း ရှိနေသည်။ အလင်းရောင်သည် ရှည်လျားသောတိုင်လုံး၏ အပေါ်မှ ထူးဆန်းသောဖန်လုံးထဲမှ ထွက်ပေါ်လာခြင်းပင်။ ထိုအရာမျိုးကို သူအရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤနေရာသည် သေချာပေါက် အပြင်ပိုင်းဒေသနှင့်ကွဲပြားပေသည်။
ထိုအရာများကို သူအလွန် စူးစမ်းချင်စိတ်ပြင်းပြသွားသော်လည်း စွမ်းရည်များကို အသုံးပြုရခြင်းကြောင့် ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် ဘေးမှ ဖြတ်သွားသော လူတစ်ယောက်ကို ယဉ်ကျေးစွာ မေးလိုက်သည်။ “တည်းခိုခန်းက ဘယ်နေရာမှာရှိလဲ သိလားဗျ” ဤညကို တည်းခိုခန်းတွင်သာ ကုန်ဆုံးရန် ဆုံးဖြတ်လိုက်ပြီး မနက်တွင်တော့ အတွင်းပိုင်းဒေသတစ်ခုလုံးကို လိုက်စူးစမ်းမည်ဖြစ်သည်။
Ace ၏ မေးခွန်းကို ကြားလိုက်ရသည့် ထိုလူသည် ဤနေရာသို့ ပုံမှန်လာရောက်လည်ပတ်သူများ ရှိတာကြောင့် သူ၏ မေးခွန်းကို စိတ်အနှောက်အယှက် မဖြစ်သွားပေ။ “ဒီလမ်းအတိုင်း တည့်တည့်လျှောက်သွား။ မိနစ်၂၀လောက် လမ်းလျှောက်ပြီးရင် တည်းခိုခန်းတစ်ခုကို မင်းရှာတွေ့လိမ့်မယ်။” ထိုလူသည် သာမန်သာ ပြန်ဖြေလိုက်ပြီးနောက် သူ့စီးပွားရေးဘက်သို့ ပြန်လှည့်သွားတော့သည်။
“ကျေးဇူးပါ” Ace ထိုလူကို ကျေးဇူးတင်ကြောင်း ပြောလိုက်ကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
၁၅မိနစ်လောက် လမ်းလျှောက်ပြီးနောက် အလင်းရောင်များနဲ့ သူ၏ထက်ရှသော မျက်လုံးများကြောင့် အဆောက်အဦးကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ဤအမြင်အာရုံဖမ်းစားနိုင်စွမ်းရှိသော အဆောက်အဦးကြီးကို မိုင်အဝေးမှပင် သူမြင်နိုင်လေသည်။
အရှိန်မြင့်လိုက်ကာ လျှောက်သွားပြီးနောက် ထိုအဆောက်အဦးကြီးဆီသို့ ရောက်ရှိသွားသည်။ ထိုအဆောက်အဦးသည် အံ့ဩစရာကောင်းစွာ ဆယ်လွှာရှိ၏။ ယခုတွင် ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်တာကြောင့် ဤအဆောက်အဦးကြီးဆီမှ ထွက်နေသော အလင်းရောင်များသည် ပတ်ပတ်လည်တွင်ချိတ်ဆွဲထားသော ဖန်လုံးများထဲမှ အလင်းရောင်ကျောက်တုံးများကြောင့် ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဤကျောက်တုံးမျိုးများနှင့် ဤကဲ့သို့ကြီးမားသော အဆောက်အဦးကြီးကို အပြင်ပိုင်းဒေသတွင် သူတစ်ခါမှမမြင်ဖူးခဲ့ပေ။
‘အားလပ်ရက်တည်းခိုခန်း’ ဟူသော သစ်သားဆိုင်းဘုတ်သည်လည်း ထိုထူးဆန်းသော အလင်းရောင်ကျောက်တုံးများဖြင့် တောက်ပနေသည်။
Ace တည်းခိုခန်းထဲသို့ ဝင်လာလိုက်ပြီး အသက်နှစ်ဆယ်ကျော်အရွယ်ခန့် ချောမောလှပသော အမျိုးသမီးတစ်ဦးသည် ကောင်တာစားပွဲနောက်တွင် ထိုင်နေသည်ကို တွေ့ရသည်။ ထိုအမျိုးသမီးသည် လွယ်အိတ်နှင့် Aceကို မြင်လိုက်ရသည့်အခါ ပြုံးပြီးနှုတ်ဆက်လိုက်သည်။
“အားလပ်ရက်တည်းခိုခန်းမှ ကြိုဆိုပါတယ်။ ဘာကူညီပေးရမလဲရှင့်။” အပြုံးတစ်ခုဖြင့် ချိုသာစွာ သူမပြောလိုက်သည်။
“အခန်းတစ်ခန်းရချင်တယ်။” Ace ချမ်းသာပြီးမာနကြီးသော ကလေးတစ်ယောက်လို ဟန်ဆောင်လိုက်ကာ သာမန်ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
“ဘယ်လိုအခန်းမျိုး လိုချင်ပါသလဲ။ ကျွန်မတို့မှာအခန်းနှစ်မျိုး ရှိပါတယ်။ ဒုတိယတန်းစား အခန်းက ငွေဒင်္ဂါးပြား ၁၀ပြားကျသင့်ပြီး အထူးဝန်ဆောင်မှုတွေမပါရှိပါဘူး။ ပထမတန်းစားအခန်းကတော့ ရွှေဒင်္ဂါး ၁၀ပြားကျသင့်ပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပါရှိပါတယ်။ သားရိုင်းတိရစ္ဆာန်တစ်ကောင်ရဲ့ အသားနဲ့ အထူးဝိုင်လည်း ပါရှိပါတယ်။” ထိုအမျိုးသမီးက အပြုံးတစ်ခုဖြင့် ရှင်းပြပေးသည်။
“သားရိုင်းတိရစ္ဆာန်တစ်ကောင်ရဲ့ အသားက ဘာလဲ” Ace နားမလည်တာကြောင့် ပြန်မေးလိုက်သည်။ ထိုကဲ့သို့ အသားမျိုးကို အရင်က သူတစ်ခါမှ မကြားခဲ့ဖူးပေ။ သူသည် လူချမ်းသာများခေါ်သော သာမန်လူ’ကျေးလက်ဒေသ’မှလာသော ‘တောသား’ပင် ဖြစ်၏။
အပြင်ပိုင်းဒေသတွင် မျိုးစုံသော တိရစ္ဆာန်အသားများကို ရရှိနိုင်သော်လည်း သားရိုင်းတိရစ္ဆာန်အသားအကြောင်းကို တစ်ခါမှမကြားဖူးခဲ့ပေ။ ထိုအရာသည် ရွှေဒင်္ဂါး ၁၀ပြားပင် ကျသင့်၏။ ပုံမှန်တိရစ္ဆာန်အသားသည် ၁ပေါင်လျှင် ကြေးဒင်္ဂါး ၅၀ပြားသာ ရှိလေသည်။
“သားရဲတိရိစ္ဆာန်တွေကို မြို့ရဲ့အပြင်ဘက်ကတောထဲမှာ တွေ့ရှိရပါတယ်။ အဲ့တိရိစ္ဆာန်တွေက သာမန်တိရိစ္ဆာန်တွေလို မဟုတ်ဘဲ လူသားတွေလို ကျင့်ကြံနိုင်ပြီး ‘နတ်ဆိုးသားရဲ’ ဖြစ်လာနိုင်ပါတယ်။ အဲ့တာကြောင့် သူတို့ရဲ့ အသားမှာ ချီတွေ ပါဝင်ပြီးတော့ သာမန်ကျင့်ကြံသူတွေအတွက် အဲ့အသားက နေ့စဉ်စားသောက်တဲ့အရာ ဖြစ်ပါတယ်။” ထိုအမျိုးသမီးသည် ပြုံးနေရင်း ပြန်ဖြေလိုက်သော်လည်း သူမ၏ လှပသော မျက်နှာပေါ်တွင် အနည်းငယ်မျက်မှောင်ကြုပ်နေသည်ကို မြင်နိုင်ပေသည်။
‘ဒီတောသားက ဘယ်ကလာတာလဲဟ။ သားရဲတိရိစ္ဆာန်အကြောင်းကိုတောင် မသိဘူး။ ငါ့ကို ပရောပရည်လုပ်ဖို့ အချိန်လာဖြုန်းနေတာလား။’ သူမစိတ်ဆိုးစွာ တွေးလိုက်သည်။
သူမ၏ အပြောင်းအလဲကို အခြားသူများက သတိမထားမိနိုင်သော်လည်း Ace က သူ၏ စိတ်ဝိညာဉ်ကျင့်ကြံခြင်းကြောင့် သတိထားမိပေသည်။ သူမ၏ စိတ်ပြောင်းလဲသွားမှုကို သူသတိထားမိပေသည်။
Ace စိတ်ပျက်စွာ ပြုံးလိုက်မိသည်။ သူတစ်ကယ်ကို သားရဲတိရိစ္ဆာန်များအကြောင်း မသိခြင်းပင်။ ဤကမ္ဘာကြီးနှင့် ပတ်သက်သော သူ၏အသိပညာသည် အလွန်ပင် နိမ့်ပါးနေ၏။
‘အဲ့အသားက သာမန်ကျင့်ကြံသူတွေ စားနိုင်တဲ့အရာဆိုတော့ ငါလည်း စားလို့ရမှာပေါ့။ အဲ့အသားက အမဲသားထက် ပိုအရသာရှိမလားလို့ စမ်းကြည့်ကြတာပေါ့’ Ace ထိုသို့ တွေးကာ နှာမှုတ်လိုက်သည်။
ကျင့်ကြံခြင်း၌ ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိပြီးနောက် အစားမစားဘဲ အသက်ရှင်နေနိုင်ကြပေသည်။ Ace လို တက်သစ်စ ကျင့်ကြံသူများသည်တော့ ချီအကန့်သတ်နှင့်သာ ရှိတာကြောင့် စားသောက်ရန် လိုအပ်ကာ သူတို့၏ သွေးကြောများကိုပိတ်၍ ကမ္ဘာကြီးမှ စွမ်းအားအနည်းငယ်ကိုသာ ရရှိနိုင်ပေသည်။
သို့သော်လည်း Ace သည် ကွဲပြားပေသည်။ သူ၏ ချီသည် ကောင်းကင်ဘုံချီဖြစ်တာကြောင့် တစ်လလောက် ဘာမှမစားဘဲ အသက်ရှင်နေနိုင်စွမ်း ရှိ၏။ Ace သည် နေ့စဉ်အစာစားချင်စိတ်ကြောင့်သာ စားသောက်နေခြင်းဖြစ်သည်။
“ရွှေဒင်္ဂါးပြား ၁၀ပြားတန် အခန်းတစ်ခန်း ယူမယ်။ ဒီမှာ ပတ္တမြားဒင်္ဂါး ၁ပြား။ ဒါက ၁၀ရက်အတွက် လုံလောက်တယ်မလား။” သူ့အိတ်ထောင်ထဲမှ ပတ္တမြားဒင်္ဂါး ၁ပြားကို ထုတ်ယူလိုက်ကာ မျက်မှောင်ကြုပ်နေသေးသော ထိုအမျိုးသမီး၏ရှေ့ရှိ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
Ace ၏အသံကို ကြားလိုက်ရသည့်အခါ သူမတွေးနေရာမှ ရပ်လိုက်ပြီး စားပွဲပေါ်မှ တောက်ပနေသော ပတ္တမြားဒင်္ဂါးပြားကို ကြည့်လိုက်သည်။ ထို့နောက် ကြီးမားသော အပြုံးကြီးတစ်ခုဖြင့် ပြောလိုက်သည်။ “ဟုတ်ကဲ့။ ဒါက ၁၀ရက်အတွက် လုံလောက်ပါတယ်။ အခုချက်ချင်း အခန်းသော့သွားယူပေးပါ့မယ်။”
“ဒီသော့က ၃လွှာက အခန်းနံပါတ် ၁၀၃အတွက်ပါ။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကို ဆက်သွယ်လိုက်ပါ။ ကျွန်မက ဒီနေရာမှာ အမြဲတမ်းရှိနေပါတယ်။ အစားသောက်အတွက်ကတော့ တစ်ရက်ကို သုံးကြိမ် အစေခံက လာပို့ပေးပါလိမ့်မယ်။ ပျော်ရွှင်စွာ နေထိုင်ပါရှင့်” သော့ကို Ace ၏ လက်ထဲသို့ ပေးလိုက်ကာ အခန်းဆီသို့ သွားရန် အစေခံတစ်ဦးကို စေလွှတ်လိုက်သည်။
အခန်းထဲသို့ ဝင်လိုက်ပြီးနောက် Ace အလွန်အံ့ဩမှုကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ “ဒီအခန်းက တစ်ကယ်ကြီးတာပဲ။ အနည်းဆုံး ငါ့ရဲ့တဲအိမ်လေးထက် ငါးဆလောက်ကို ပိုကြီးတယ်။” ဤအခန်းသည် သူ့အတွက် အမှန်ကို ဇိမ်ခံအခန်းဖြစ်၏။
သူ့ကျောပေါ်မှ အိတ်နှင့် သားရဲစုံတွဲဓားများထည့်ထားသော သစ်သားဘူးကို အခန်း၏ထောင့်တွင် ချထားလိုက်သည်။
‘အရင်ဆုံးဒီဆေးလုံးတွေကို ဖြေရှင်းရမယ်။ တစ်ယောက်ယောက်က ဘာကိုမှ သတိမပြုမိဘဲနဲ့ ဒါတွေကို ဝယ်သွားရင် ကောင်းမယ်။’ ဖက်တီးBilly၏ ဆိုင်မှ ဆေးလုံးများကို ပတ္တမြားဒင်္ဂါးပြားများ ရရှိရန် သူရောင်းချင်ပေသည်။
သူသည် ဤဆေးများကို အသုံးမပြုနိုင်ပုံရသည်။ သူစမ်းကြည့်သည့်အခါ ခါးသည့်အရသာမှလွှဲ၍ တခြားဘာကိုမှ မခံစားရပေ။ ၎င်းသည် သူ၏ ကောင်းကင်ဘုံချီကြောင့်ဟုသာ ကောက်ချက်ချလိုက်ခဲ့သည်။
ထို့နောက် သူ၏နေ့စဉ်ပုံမှန် ကျင့်ကြံမှုကို စတင်တော့မည့်အချိန်တွင် တစ်စုံတစ်ယောက်သည် သူ့အခန်းနားဆီသို့ ချဉ်းကပ်လာသည်ကို အာရုံခံလိုက်မိသည်။ ချက်ချင်း သူ၏သတိကို တိုးမြင့်လိုက်ကာ ကောင်းကင်ဘုံ အာရုံခံစားမှုကို သုံးလိုက်သည်။ သူ့အခန်းအပြင်ဘက်တွင် လင်ဗန်းကိုင်ဆောင်လာသော အစေခံတစ်ယောက်ကိုသာ တွေ့လိုက်ရတာကြောင့် စိတ်လျော့ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် တိုးဖျော့သော တံခါးခေါက်သံတစ်ခုနှင့် ချိုသာသော အသံတို့ကို ကြားလိုက်ရသည်။ “ညစာလာပို့ပါတယ်ရှင့်”
Ace အပြုံးတစ်ခုဖြင့် တစ်ခါဖွင့်ပေးလိုက်တာ အစေခံဆီမှလင်ဗန်းကို ယူလိုက်သည်။ “ကျေးဇူးပါ။”
အစေခံမလေးသည် အလွန်အံ့အားသင့်သွား၏။ ဤတွင် အလုပ်လုပ်နေခဲ့သော နှစ်များတစ်လျှောက် မည်သူကမှ သူမကို ကျေးဇူးတင်သော အသံကို မကြားခဲ့ရဖူးပေ။ လူချမ်းသာများသည် အထူးသဖြင့် ကျင့်ကြံသူများသည် မာနကြီးကြကာ သူမလိုလူသားအစေခံဖြစ်သော သူတစ်ယောက်ကို ဘယ်တော့မှကျေးဇူးမတင်ကြပေ။
ကောင်လေး၏အပြုအမူကြောင့် သူမ အံ့အားသင့်နေဆဲအချိန်မှာပင် Aceသည် သူ၏ အိတ်ထောင်ထဲမှ ပတ္တမြားဒင်္ဂါး ၁ပြားကို ထုတ်ယူလိုက်ကာ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ “ဒီမှာ ယူလိုက်။ ဒီဟာနဲ့ မင်းရဲ့ကလေးတွေကို ကောင်းတာလေးတွေ ဝယ်ပေးလိုက်။” သဘောထားကြီးစွာဖြင့် သူပြောလိုက်သည်။
Ace သည် ချမ်းသာသော လူငယ်တစ်ယောက်လို ဟန်ဆောင်နေသေးသော်လည်း လူချမ်းသာများသည်ပင် အစေခံများကို ဘောက်ဆူးအဖြစ် ပတ္တမြားဒင်္ဂါး မပေးသည်ကို သူ မသိခဲ့ပေ။
Ace ၏ ကြီးမားလွန်းသော ဘောက်ဆူးကြောင့် အစေခံမသည် ထပ်မံ၍ အံ့အားသင့်သွား၏။ ထို့နောက် ထိတ်လန့်စွာဖြင့် ငြင်းဆန်တော့သည်။ “ကျွန်မ မယူပါရစေနဲ့။ ငွေဒင်္ဂါး တစ်ပြားလောက်က လုံလောက်ပါတယ်။ ပြီးတော့ ကျွန်မမှာ ကလေးလည်းမရှိပါဘူး။ တစ်ကိုယ်တည်းသမားပါ။”
သူမ ထိုသို့ပြောလိုက်သောအချိန်တွင် ရှက်သွေးဖျာနေ၏။ သို့သော်လည်း Ace သည် သူမ၏ ရှက်သွေးဖြာနေမှုကို သတိမထားမိဘဲ ထပ်မံ၍ တိုက်တွန်းလိုက်သည်။ “ယူထားလိုက်ပါ။ မင်းမှာကလေးတွေ မရှိရင်တောင် မင်းမိဘတွေအတွက် တစ်ခုခု ဝယ်ပေးဖို့ ယူထားလိုက်။” ထိုနောက် အစေခံဆီမှ ပြန်ဖြေသည်ကို မစောင့်တော့ဘဲ တံခါးကိုပိတ်လိုက်တော့သည်။
ထိုအစေခံလေးသည် သူမလက်ထဲတွင် ပတ္တမြားဒင်္ဂါးပြားကို စိတ်ပျံ့လွှင့်နေစွာ ဆုပ်ကိုင်ထားသည်။ အချိန်ခဏကြာပြီးနောက် ပတ္တမြားဒင်္ဂါးပြားကို သူမလက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ မျက်လုံးထဲမှ မျက်ရည်များဖြင့် ထွက်ခွာသွားတော့သည်။ ကံကောင်းတာ သို့မဟုတ် တိုက်ဆိုင်တာ ဖြစ်နိုင်သော်လည်း ဤအချိန်သည် သူမပိုက်ဆံ တကယ်လိုအပ်နေခဲ့သော အချိန်ဖြစ်သည်။
Ace သည် ထိုအဖြစ်အပျက်ကို သိပ်ပြီး စိတ်ထဲမထားခဲ့ဘဲ သားရိုင်းတိရစ္ဆာန်အသားကို စတင်၍ စားတော့သည်။ သူစစားသည်နှင့် ခံစားရသည်မှာ ဤအသားထဲတွင် သာမန်အသားများထက် အဆ ၁၀၀ သို့မဟုတ် အဆ ၁၀၀၀ထက်ပင် ပိုသော စွမ်းအားများ ပါဝင်သည်ဟု ခံစားရလေသည်။
“ကောင်တာက အမျိုးသမီးက ငါ့ကို မလိမ်ခဲ့ဘူး။ ဒီအသားထဲမှာ ချီ တွေပါပြီးတော့ အမဲသားထက် ပိုပြီး အရသာရှိတယ်။” တုံးအသော ကလေးတစ်ယောက်လို သူရေရွတ်လိုက်ကာ အသားကို ဆက်လက်စားသောက်လိုက်၏။
စားသောက်ပြီးနောက် သူစတင်၍ ကျင့်ကြံတော့သည်။ သူ၏စိတ်ဝိညာဉ်ကျင့်ကြံခြင်းမှာ တစ်ဆင့်တိုးတက် အောင်မြင်ပြီးသွားပြီ ဖြစ်တာကြောင့် ယခု ခန္ဓာကိုယ်ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်သည်။