မျှော်လင့်မထားသော
Vol. 38 Ch. 521
Translator - Hsue Htet
“လူအိုကြီး ခင်ဗျားလည်း လှုံ့ဆော်ခံလိုက်ရတာပဲ မဟုတ်ဘူးလား?”
စစ်ဘုရင်ဝူတောက်မှ အပြုံးမမည်သောအပြုံးဖြင့် ပြောသည်။ စစ်ဘုရင်ဝူတောက်သည် ထျန်းဝူစန်းရန်ရောက်လာရသည့် ရည်ရွယ်ချက်ကို သိ၏။ သို့သော် သူသည်လည်း ကုချိုးနှင့်အခြားသူများကို မစည်းရုံနိုင်ပေ။ သို့ဖြစ်ရာ ထျန်းဝူစန်းရန်မှာ မအောင်မြင်ဘဲ ပြန်သွားရရန် ကံကြမ္မာသတ်မှတ်ပြီးလေပြီ။
“ဟားဟား ဂိုဏ်းတပည့်တွေက အသုံးမကျတော့ ဒီလူအိုကြီးက ကိုယ်တိုင်ထွက်လာပြီး စည်းရုံးဖို့ပဲတတ်နိုင်တော့တယ်လေ”
“ဒီလူအိုကြီးကို ဘုရားသခင်က ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ဒီလောက်များပြားတဲ့ မော်ကွန်းတင်ထိုက်တဲ့တပည့်တွေ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာစေခဲ့မယ်လို့ မျှော်လင့်မထားခဲ့ဘူးဗျာ”
ထျန်းဝူစန်းရန်မှ တခစ်ခစ်ရယ်မောနေ၏။ ဘဝ၏ကြမ္မာအပြောင်းအလဲကဲ့သို့သောအသံသည် ခေါင်းလောင်းသံအလား လူအားလုံး၏နားစည်ထဲ ပဲ့တင်ထပ်သွားသည်။
“ဟားဟား ခင်ဗျားတို့နှစ်ယောက် အရမ်းလောဘမကြီးစမ်းပါနဲ့။ မြင်တွေ့သူတိုင်းမှာ ဝေစုရှိသင့်တယ်ေလ”
ထိုအခိုက်အတန့်၌ ခွက်ထိုးခွက်လှန်ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ ကတုံးပြောင်နှင့် ကြီးထွားသန်မာသောလူအိုကြီးတစ်ဦး ထွက်ပေါ်လာခဲ့ပြီး သွားဝါဝါတို့ဖြင့် လူသတ်ရန်ဝန်မလေးဟန်သော အပြုံးကြီးမှာ ပို၍ကြောက်မက်ဖွယ်ကောင်းနေသည်။
ခန္ဓာကိုယ်ကြွက်သားကြီးများမှာ ဖယောင်းနဂါးကြီးတည်ရှိနေသည့်အလား အလွန်အံ့ချီးဖွယ်ဖြစ်၏။
“ဟမ့် ခင်ဗျားကရော အပျော်လာရှာတာလား?”
ထွားကြိုင်းသောလူအိုကြီးကိုမြင်သောအခါ စစ်ဘုရင်ဝူတောက်နှင့် ထျန်းဝူစန်းရန်တို့သည် မျက်မှောင်ကြုတ်လျက် အလိုမကျစွာ ရေရွတ်လေသည်။ ထိုလူအိုကြီး ထွက်ပေါ်လာသည်ကို သူတို့ အလွန်သဘောမကျပေ။
ဤလူမှာ သေချာပေါက် သာမန်လူမဟုတ်ပေ။ စန်းရိမင်းဆက်၏ အင်အားအကြီးမားဆုံးသော ဂိုဏ်းသုံးဂိုဏ်းအနက်မှ ခန္ဓာကျင့်ကြံမွန်မြတ်ဂိုဏ်း၏ဂိုဏ်းချုပ် ကုတုန်းထျန်းဖြစ်သည်။
ကာယကျင့်စဥ်ကို အထူးအလေးထားသော ခန္ဓာကျင့်ကြံမွန်မြတ်ဂိုဏ်းသည် အနီးကပ်တိုက်ပွဲများ၌ ပြိုင်ဘက်ကင်းဖြစ်သည်။ ထိပ်တန်းကျင့်ကြံသူများဖြစ်သော စစ်ဘုရင်ဝူတောက်နှင့် ထျန်းဝူစန်းရန်တို့သည်ပင် ကုတုန်းထျန်းနှင့် အနီးကပ် မတိုက်ခိုက်ဝံ့ပေ။
“ဟားဟား တကယ်ကို ဒီလူအိုကြီးက ဒီတိုင်းရောက်လာခဲ့တာမဟုတ်ပါဘူး”
ကုတုန်းထျန်း တစ်ခစ်ခစ်ရယ်မော၏။
ထိုအခ်ိုက်အတန့်တွင် ကုတုန်းထျန်းကို ပြန်လည်တုံ့ပြန်သည့်အလား သူ၏ဘေးတွင် ပုံရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလူပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်တစ်ခုလုံး၌ မွန်းကြပ်စေသော ကြီးကျယ်ခမ်းနားသည့်ဖိအားကြီးလည်း ထွက်ပေါ်လာခဲ့သည်။
ထိုလူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ ရှည်သွယ်ဖြောင့်တန်းသည်။ မျက်နှာမှာ ဓားတစ်လက်ကဲ့သို့ ထက်ရှပြတ်သား၍ နက်မှောင်သောမျက်ဝန်းတစ်စုံမှာ အံ့ချီးဖွယ်သော အလင်းတစ်စထင်ဟပ်နေ၏။ ပုံပန်းသွင်ပြင်သည်ပင် ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့ထက် ပို၍အထက်စီးဆန်ပေသည်။
ထိုလူကိုမြင်တွေ့သောအခါ စစ်ဘုရင်ဝူတောက်နှ့င် ထျန်းဝူစန်းရန်တို့သည် တစ်ပြိုင်နက်တည်း မျက်မှောင်ကြုတ်လိုက်ကြသည်။ မျက်လုံးအစုံတို့၏ နက်ရှိုင်းသည့်တစ်နေရာ၌ ကြောက်ရွံ့သည့်အရိပ်အယောင်တို့ ထင်ဟပ်နေေပသည်။
သူတို့သည် ဤလောက၏ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ကျင့်ကြံသူဖြစ်လျှင် ထိုလူမှာ တုနှိုင်းမဲ့သော ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့် ထိပ်တန်းကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။ သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်မှာ စန်းရိမင်းဆက် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့် ထိပ်တန်းကျင့်ကြံသူ၅ဦးထဲတွင် ပါဝင်ရန် လုံလောက်၏။
စစ်ဘုရင်ဝူတောက်နှင့် အခြားသောကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် ထိုလူသည် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အင်အားကြီးမားသည်။
“ခင်ဗျားတို့ကို ကြည့်စမ်းပါဦး.. ကျုပ်ကို မကြိုဆိုတဲ့ပုံစံကြီးတွေနဲ့ဗျာ”
ထိုသတ်လတ်ပိုင်းအရွယ်လူကြီးသည် စစ်ဘုရင်ဝူတောက်နှင့်အခြားသူများကို ခပ်ဖျော့ဖျော့ရယ်မောလျက် ပြော၏။ သူ၏အထီးကျန်ဆန်သော အရှိန်အဝါတွင် လောကကြီးကို အထင်မြင်သေးသည့်အရှိန်အဝါတို့ အားကောင်းပါဝင်ေနသည်။
ထိုလူသည် စန်းရိမင်းဆက်၏ အင်အားအကြီးဆုံးသော ဂိုဏ်းသုံးဂိုဏ်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျစ်ရှောင်းမွန်မြတ်ဂိုဏ်း၏ဂိုဏ်းချုပ် တာ့အိုကျင့်ကြံသူကျစ်ရှောင်းဖြစ်သည်။ ဂိုဏ်းချုပ်ကျစ်ရှောင်း၏အင်အားမှာ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်နီးပါးဖြစ်၏။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူ ထွက်ပေါ်လာသည်နှင့် ချန်ခွမ်းအထွတ်အမြတ်ဘုံအားလုံးမှာ တုန်လှုပ်ကြရေလသည်။
“ဟမ့်!”
စစ်ဘုရင်ဝူတောက်နှင့် ထျန်းရန်စန်းဝူတို့မှ အေးစက်စွာနှာမှုတ်၏။ ထို့နောက် တစ်ဖက်သို့ခေါင်းလှည့်သွားပြီး ကျစ်ရှောင်း၏စကားကို ပြန်မတုံ့ပြန်ကြချေ။
ထိုအခိုက်အတန့်၌ ဝူတောက်သည် စိတ်ထဲမှကြိတ်၍ ပျော်မြူးနေခြင်းဖြစ်၏။ ထိုဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်တစ်အုပ်မှာ ဂုဏ်သိက္ခာချခံရပြီးနောက်တွင် အဘယ်ပုံစံဖြစ်နေလိမ့်မည်ကို သူသိချင်လှသည်။ စိတ်ကူးကြည့်၍ မရနိုင်ပေ။ ပုံမှန်အားဖြင့် ဧကရာဇ်ကြီးစန်းရိသည် ထူးချွန်မျိုးဆက်သစ်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ခန့်ထားတတ်သည်။ ယခု၌ အောင်မြင်ကျော်ကြားသူ၄ဦး တစ်ဦးပြီးတစ်ဦး ရောက်လာစုဝေးနေကြသော်ငြား ဧကရာဇ်စန်းရိမှာ ထွက်ပေါ်မလာလေရာ အရာအားလုံးမှာ ရှင်းလင်းနေပြီမဟုတ်ပါလော။
ဧကရာဇ်ကြီးသည် ကုချိုးတို့၏ သရုပ်မှန်များကို သိသွားခဲ့ပြီး၍ ကုချိုးတို့၏နောက်ကွယ်ရှိ အရှင်သခင်နှင့် မိတ်ဖွဲ့လိုခြင်းဖြစ်နိုင်သည်။
မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်၏ ကျင့်ကြံသူများစွာတို့သည် အသက်ရဲရဲမရှူဝံ့ကြဘဲ မျက်နှာအမူအရာတို့မှာ လေးစားမှုကို ထုတ်ေဖာ်ပြသနေကြသည်။ သူတို့မှာ ဘယ်သောအခါမှ လူလုံးထွက်ပြလေ့မရှိသော ဂိုဏ်းကြီးသုံးဂိုဏ်း၏ဂိုဏ်းချုပ်များ အတူတကွ ပေါ်ထွက်လာကြမည်ဟု မျှော်လင့်မထားခဲ့ချေ။
ဂိုဏ်းချုပ်သုံးဦးနှင့် စစ်ဘုရင်ဝူတောက်တို့သည် ခြေတစ်ချက်ဆောင့်နင်းလိုက်ရုံဖြင့် စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေနိုင်စွမ်းသည်။
ထိုမျှအင်အားကြီးမားလှသော ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးများရှေ့မှောက်၌ သူတို့မှာ သူတို့ကိုယ်သူတို့ တည်ရှိနေသည်ဟုပင် မခံစားရတော့ပေ။
လန်လင်းမှ ရှုံ့မဲ့၍ ဖျစ်ညှစ်ပြုံးလိုက်သည်။ မိမိ၏ ဂိုဏ်းချုပ်အစ်ကိုကြီးများ၏ အရည်အချင်းများကို စူးစမ်းသိလိုစိတ်ကြောင့်နှင့် ဤမျှသော နောက်ဆက်တွဲအကျိုးဆက်များသို့ ဦးဆောင်ခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်လာကြသည်ဖြစ်ရာ အဆုံးသတ်မကောင်းနိုင်တော့။
ထိုသုံးဦးသည် စစ်ဘုရင်ကဲ့သို့ သူ့ကို မျက်နှာသာပေးကြမည်မဟုတ်။ ထိုသုံးဦး၏ရှေ့မှောက်တွင် လန်လင်း၏သရုပ်မှန်မှာ အရေးမပါချေ။ လန်လင်းကို မသတ်ဖြတ်သ၍ လန်လင်း၏ဖခင်သည်လည်း လန်လင်းကို မျက်နှာသာမပေးခြင်းအတွက် ပြစ်တင်ပြောဆိုမည် မဟုတ်ပေ။
လန်လင်းမှာ စိတ်လေးလံလာခဲ့ရပြီး ရုတ်ချည်း နောင်တရလာတော့သည်။ ထိုဂိုဏ်းချုပ်သုံးဦးသည် ခေါင်းမာလွန်းသည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားကြသူများဖြစ်ကြပြီး သူတို့၏ရည်မှန်းချက် မအောင်မြင်သ၍ လက်လျှော့မည်မဟုတ်ကြ။ ကုတုန်းထျန်းနှင့် ထျန်းဝူစန်းရန်တို့မှာ သူ့ကို မျက်နှာသာပေးကောင်းပေးနိုင်သေး၏။ သို့သော် ကျစ်ရှောင်းမှ လုံးဝမဖြစ်နိုင်ပေ။ ပင်ကိုယ်ဗီဇကိုက မောက်မာထောင်လွှား၏။ တောင်းဆို၍မရလျှင် ဖိအားပေးလုပ်ဆောင်လိမ့်မည်။
“ကျစ်ရှောင်း တစ်ယောက်ချင်းဆိုရင်ရော?”
ကုတုန်းထျန်းမှ ကျစ်ရှောင်းကို အပြုံးဖြင့် ညင်သာစွာပြောသည်။
ကုတုန်းထျန်းသည် ကျစ်ရှောင်းကို မကြောက်ရွံ့သော်ငြား ကျစ်ရှောင်းမွန်မြတ်ဂိုဏ်းနှင့် ရန်သူမဖြစ်လိုပေ။ မိမိအလိုရှိရာကို အသီးသီးရယူနိုင်လျှင် လူတိုင်းလူတိုင်းအတွက် စိတ်ကျေနပ်ရသည် မဟုတ်ပါလော။
ကုတုန်းထျန်း၏ စကားအဆုံး၌ ထျန်းဝူစန်းရန်သည်လည်း မျက်လုံးအစုံကိုမှေးကျဉ်း၍ ကျစ်ရှောင်းကို ကြည့်လာခဲ့သည်။ အကယ်၍ ကျစ်ရှောင်း၌ အတူတကွပူးပေါင်းခြင်းဆောင်သည့် အမူအရာအနည်းငယ်မျှ ရှိလျှင်သော်မှ ထျန်းဝူစန်းရန်သည်လည်း ကုတုန်းထျန်းနှင့်အတူ ကျစ်ရှောင်းကို ဖိအားပေးမည်ဖြစ်သည်။
စစ်ဘုရင်သည်လည်း ကျစ်ရှောင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သို့သော် စစ်ဘုရင်မှာ ကျစ်ရှောင်းဟူသည် မည်သို့မည်ပုံရှိကြောင်းကို သိရှိလိုခြင်းသာဖြစ်၏။ ကုချိုးတို့၄ဦးသည် မွန်မြတ်မှုခုနစ်ပါးစေတီကိုးထပ်သို့ ဖြတ်ကျော်ပြီးကြလေပြီ။ သို့သော် ၎င်းမှာ သူတို့၄ဦး၏ အလားအလာများသည် တူညီသည်ဟု မဆိုလိုပေ။ ကုချိုးတို့လေးဦးထဲမှ မည်သူက အင်အားကြီးမားပြီး မည်သူက အားနည်းသူဖြစ်သည်ကို မခွဲခြားနိုင်ပေ။
ကုချိုးပြောခဲ့သည့် စကားများအရ ဂိုဏ်းတူအစ်ကိုလီချင်းသည် အင်အားအကြီးဆုံးဖြစ်နိုင်လေသည်။
သို့သော် ကျစ်ရှောင်းသည် ကုတုန်းထျန်းတို့ကို လျစ်လျူရှုထား၏။ ခန္ဓာကိုယ်ကို ကြော့ကြော့မော့မော့ဟန်ဖြင့် လှုပ်ယိမ်း၍ ကုချိုးတို့၏ရှေ့သို့ ဆင်းသက်လာသည်။ ထို့နောက် နက်ရှိုင်းသည့်မျက်လုံးအစုံသည် လန်လင်း၏ဘေးရှိ ရှောင်ဝမ်ရွှယ်ကိုကြည့်၍ ပြော၏။
“မိန်းကလေး ကျုပ်မင်းရဲ့ အရိုးဖွဲ့စည်းပုံကြောင့် အံ့အားသင့်သွားရတယ်ဗျာ။ မင်းက အရည်အချင်းရှိပြီး ကျင့်ကြံမှုမှာလည်း ပါရမီထူးကဲတယ်။ မင်းကျုပ်နဲ့အတူ ကျင့်ကြံချင်လား? မင်းသာ သဘောတူခဲ့ရင် သေချာပေါက် အောင်မြင်တဲ့သူဖြစ်စေရမယ်လို့ ကတိပေးတယ်။ ချန်ခွမ်းသူတော်စင်အဆင့်ကို ရောက်ရှိနိုင်ပြီး ကျစ်ရှောင်းမွန်မြတ်ဂိုဏ်းမှာ လွှမ်းမိုးနိုင်စေရမယ်”
ကြီးကျယ်ခမ်းနားလှသော တာ့အိုကျင့်ကြံသူကျစ်ရှောင်းမှ ထိုမျှနူးညံ့နွေးထွေးစွာ စကားဆိုခြင်းမှာ အဘယ်သို့မျှ စိတ်ကူးကြည့်၍မရနိုင်သော အရာဖြစ်သည်။
ကျစ်ရှောင်းသည် မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်ကို ဖြတ်ကျော်ခဲ့သည့် ကုချိုးတို့ကို သဘောမကျဘဲနှင့် စမ်းသပ်မခံဖူးသည့် မိန်းကလေးငယ်လေးရှောင်ဝမ်ရွှယ်ကို စိတ်ဝင်စားနေခြင်းကြောင့် လူအားလုံးကို အံ့အားသင့်စေခဲ့သည်။ ထို့ပြင် ကျစ်ရှောင်းသည် ကြီးမြတ်လှသော ကတိစကားကိုပါ ကမ်းလှမ်းခဲ့သေး၏။
ကျစ်ရှောင်းကဲ့သို့သော တည်ရှိမှုကြီးမှ စကားဆိုခြင်းသည် ရေလောင်းချလိုက်သည်ကဲ့သို့ ဘယ်သောအခါမှ ပြန်လည်ပြင်ဆင်၍မရနိုင်သည်ကို သိထားသင့်၏။
ဆိုလိုသည်မှာ ရှောင်ဝမ်ရွှယ်မှ သဘောတူညီလိုက်သည်နှင့် ရှောင်ဝမ်ရွှယ်သည် ကျစ်ရှောင်းမွန်မြတ်ဂိုဏ်း၏ သခင်ငယ်လေး ဖြစ်သွားမည်ဖြစ်ပြီး မျိုးဆက်သစ်၏ အမြင့်ဆုံးအဆင့်အတန်းကိုပိုင်ဆိုင်သူတစ်ဦး ဖြစ်သွားပေလိမ့်မည်။
ယခင် စစ်ဘုရင်၏ကတိစကားထက် များစွာအကျိုးများ၏။ ကျစ်ရှောင်းမွန်မြတ်ဂိုဏ်းသည် စန်းရိမင်းဆက်ကြီးတစ်ခုလုံးနှင့် မယှဉ်နိုင်သော်ငြား ဝူမျိုးနွယ်စုထက်တော့ သေချာပေါက် ကြီးမားသည်။
မျိုးဆက်သစ်များမှာ မနာလိုအားကျလွန်းကြ၍ မျက်လုံးများနီမြန်းနေကြသည်။ ထိုကတိစကားမှာ ကုချိုးတို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ပါလျှင် အဆင်ပြေသေး၏။
ကုချိုးတို့သည် မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်ကို ကျော်ဖြတ်နိုင်ခဲ့ကြပြီး သူတို့ထက် အထုံပါရမီ သာလွန်မြင့်မားသည်။ သို့ဖြစ်ရာ ကုချိုးတို့အတွက် ကတိပေးအပ်လျှင် ပုံမှန်သာဖြစ်၏။ သို့သော် စစ်ဆေးမခံဖူးသည့် အသက်၁၁နှစ်၊၁၂နှစ်အရွယ်ခန့်မျှသော မိန်းကလေးငယ်လေးသည် တာ့အိုကျင့်ကြံသူကျစ်ရှောင်း၏ အလေးထားမှုကို ခံယူခဲ့ရလေသည်။