← Chapters

အဖျက်စွမ်းအားကြီး

Vol. 38 Ch. 523

အဖျက်စွမ်းအားကြီး

Vol. 38 Ch. 523

Translator - Hsue Htet

“ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်!”

ဧကရာဇ်စန်းရိဘေးရှိ လူအိုကြီးတစ်ဦးမှ သူ၏စကားကို တုံ့ပြန်ဖြေကြားသည်။

မှူန်မှိုင်းမှိုင်းမျက်လုံးအစုံမှာ အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့ကာ အသံမှာလည်း အလွန်အံ့အားသင့်နေကြောင်း သိသာနေ၏။

“ဒီအရှိန်အဝါက ချန်ခွမ်းဧကရာဇ်အဆင့်ကို ကျော်လွန်ပြီး ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ဖြစ်နေမှာ စိုးရွံ့မိပါရဲ့

ဧကရာဇ်စန်းရိမှ တီးတိုးရေရွတ်၏။ သူ၏စိတ်နှလုံးမှာ တုန်လှုပ်နေလျက် ကြီးမြတ်သောဧကရာဇ်တစ်ပါး၏ ခြိမ်းခြောက်မှုအရှိန်အဝါတို့ ပျောက်ကွယ်သွားခဲ့ကာ အံ့အားမင်သက်မှုတို့က အစားထိုးဝင်ရောက်နေကြသည်။

“မင်းသမီးလန်လင်းရဲ့ပြောစကားအရ အဲဒီ့လူအိုကြီးက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲအဆင့်သာ ဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်က ဒီလိုကျင့်ကြံဆင့်မျိုးရှိတယ်ဆို ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးရဲ့အင်အားက ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းလိုက်မလဲ?!”

ဧကရာဇ်စန်းရိနှင့် လူအိုကြီးတို့သည် အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြရာ သူတို့၏မျက်လုံးများမှ အံ့အားမင်သက်ခြင်းတို့ကို အပြန်အလှန်မြင်တွေ့လိုက်ကြရသည်။

ထိုအခိုက်အတန့်၌ ဧကရာဇ်စန်းရိဖြစ်‌ေစ၊၊ ဆန်းကြယ်နက်နဲသောလူအိုကြီးဖြစ်စေ သူတို့၏စိတ်နှလုံးအတွင်း၌ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရန်သူမဖြစ်စေရဟူသော အတွေးတို့မြင့်တက်လာခဲ့သည်။

“ကြည့်ရတာ ဒီဧကရာဇ် လှုပ်ရှားဖို့ မလိုအပ်ဘူးထင်တယ်”

ဧကရာဇ်စန်းရိသည် ဝူကျစ်မြို့အထက်မှ အ‌ခြေအနေတို့ကို မြင်တွေ့နိုင်သည့်အလား ကသိကအောက်ဖြစ်စွာသောအပြုံးဖြင့် ပြောလိုက်သည်။

ကနဦး၌ ဧကရာဇ်စန်းရိသည် မိမိဘက်မှ လှုပ်ရှား၍ ကုချိုးတို့ကို ကယ်တင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိတ်ဆွေဖွဲ့လိုခဲ့သည်။ သို့သော်ငြား ရှန်ရှန့်ကျုံဂိုဏ်း၏ သာမန်အကြီးအကဲတစ်ဦးဖြစ်သော လီပိုင်မှာ ထိုမျှကြောက်ခမန်းလိလိသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘေးရှိလူအိုကြီးသည်တော့ တိတ်ဆိတ်နေ၏။ ဧကရာဇ်စန်းရိ၏ အချိန်ကာလအကြာရှည်ဆုံးသော နောက်လိုက်တစ်ဦးအနေဖြင့် ဧကရာဇ်စန်းရိ၏အစီအစဉ်ကို သူအလိုအလျောက်သိသည်။ သို့သော် လီပိုင်မှ လှုပ်ရှားလိုက်ပြီဖြစ်ရာ အစီအစဉ်မှာ ပျက်စီးသွားခဲ့လေပြီ။

…

တစ်ချိန်တည်း၌ အရှိန်အပြည့်ဖြင့်ပြေးနေခဲ့သော ဝူကျစ်မြို့အထက်ရှိ ကျစ်ရှောင်းတို့သုံးဦးသည်လည်း အံ့အားသင့်သွားကြသည်။

“ဘယ်လိုဖြစ်တာလဲ? ဘာလို့ဝူကျစ်မြို့အပြင်ကို မရောက်သေးတာလဲ?”

ရုန်းကန်နေသည့် ရှောင်ဝမ်ရွှယ်ကို လက်တစ်ဖက်ဖြင့်သယ်ပိုးထားသည့် ကျစ်ရှောင်းမှ အံ့အားသင့်စွာ ရေရွတ်သည်။

“မကောင်းတဲ့လူကြီး! ငါ့ကိုလွှတ်ပေး ငါနင့်ရဲ့ဂိုဏ်းသားမဖြစ်ချင်ဘူး!”

ရှောင်ဝမ်ရွှယ်သည် အော်ဟစ်လျက် ကျစ်ရှောင်း၏နောက်ကျောကို ထုရိုက်ရုန်းကန်နေသည်။ ၎င်းသနားချင့်စဖွယ်မြင်ကွင်းမှာ မြင်ရ‌သူအပေါင်းကို စိတ်မသက်မသာဖြစ်စေ၏။

ကျစ်ရှောင်းမှာ ရှောင်ဝမ်ရွှယ်ကို အာရုံစိုက်နိုင်သည့် စိတ်အခြေအနေမဟုတ်သောကြောင့် မျက်နှာတည်ဖြင့် ပတ်ဝန်းကျင်ကိုသာ အကဲခတ်နေခဲ့သည်။

သူ၏ကျင့်ကြံမှုအခြေခံဖြင့် အမြင့်ဆုံးအရှိန်ဖြင့် ပြေးလွှားခဲ့သည်ဖြစ်ရာ စန်းရိမင်းဆက်ကြီးတစ်ခုလုံးကိုပင် ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်နိုင်စွမ်း၏။ ဝူကျစ်မြို့လေးတစ်မြို့ဟူသည် အရေးတယူလုပ်နေရန်ပင် မလိုအပ်။ သို့သော် ယခု၌ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကုန်လွန်သွားသည့်တိုင် မြို့အပြင်သို့ မရောက်သေးပေ။ စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်နေသကဲ့သို့ လည်နေလေသည်။

သို့ဖြစ်၍ မိမိမှာ နတ်ဘုရားတမျှသော အင်အားကြီးပုဂ္ဂိုလ်ကြီးတစ်ဦး၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်မှာ တစ်ခုတည်းသောဖြစ်နိုင်ချေဖြစ်၏။

ထိုအတွေးဖြင့် ကျစ်ရှောင်း ထိတ်လန့်သွားရသည်။ မိမိသည် သာလွန်ထူးကဲသည့် တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ဖြစ်သည်။

စန်းရိမင်းဆက်ကြီးတစ်ခုလုံး၌ ကျစ်ရှောင်းနှင့် ယှဉ်ပြိုင်နိုင်သည့် ကျင့်ကြံသူမှာ လက်‌၅ချောင်းမပြည့်ပေ။ နန်းတော်ရှိလူတစ်ယောက်မှလွဲ၍ ကျန်သူအားလုံးကို သူတို့ကိုယ်တိုင်ပင် မသိစေလိုက်ဘဲ သူ၏လက်ဖဝါးထဲ၌ အသုံးချနိုင်စွမ်းသည်။

ထိုအချိန်၌ သတိမေ့မျောနေသော ကုချိုး၊ ကုကန်းချိုးနှင့် လီချင်းတို့ကို သယ်ဆောင်ထားသည့် ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့သည် အံ့အားသင့်နေဟန်များဖြင့် ကျစ်ရှောင်း၏ဘေးသို့ ရောက်လာကြသည်။

“အစ်ကို!”

သတိမေ့မျောနေသော ကုချိုးတို့ကိုမြင်သောအခါ ရှောင်ဝမ်ရွှယ်မှ အံ့အားသင့်စွာ အော်ခေါ်သည်။ သူမ၏မျက်နှာလှလှလေးမှာ စိုးရိမ်တုန်လှုပ်နေပေသည်။ သူမ၏ဂိုဏ်းတူအစ်ကိုများသည်လည်း ထိုမကောင်းတဲ့လူအိုကြီးနှစ်ဦး၏ သတ်ဖြတ်ခြင်းခံလိုက်ရမည်ဟု ရှောင်ဝမ်ရွှယ် မျှော်လင့်မထားခဲ့ပေ။

ထျန်းဝူစန်းရန်နှင့် ကုတုန်းထျန်းတို့သည်တော့ စိုးရိမ်ထိတ်လန့်နေသည့် ရှောင်ဝမ်ရွှယ်ကို လျစ်လျူရှုထားကြသည်။ ဘေးရှိ ကျစ်ရှောင်းကို တည်ကြည်လေးနက်စွာကြည့်လျက် အသက်နက်ဖြင့်‌ပြော၏။

“ကျစ်ရှောင်း အဲဒီ့နန်းတော်ထဲကတစ်ယောက် လှုပ်ရှားလာတာလား?”

“အဲဒီ့တစ်ယောက်ကလွဲရင် တခြားဘယ်သူကများ ငါတို့သုံးယောက်ကို မြို့အပြင်ထွက်မရအောင် တားနိုင်မှာလဲ?”

ကျစ်ရှောင်းမှ ကသိကအောက်ဖြစ်စွာပြုံး၏။ ထိုလူမှ လှုပ်ရှားလာပြီဖြစ်ရာ စန်းရိမြို့မှ အလွယ်တကူထွက်မသွားနိုင်တော့မည်ကို နားလည်လိုက်ရလေပြီ။

ကနဦး၌ ကျစ်ရှောင်းသည် ဧကရာဇ်စန်းရိ ရောက်မလာခဲ့ခြင်းကို အံ့ဩနေခဲ့သေးသည်။ ထို့နောက် ရှောင်ဝမ်ရွှယ်ကို ထမ်းခေါ်၍ထွက်သွားရန် စီစဉ်ခဲ့သည်။ ရှောင်ဝမ်ရွှယ် မိမိ၏လက်အောက်၌ လေးစားကိုးကွယ်နေသ၍ စန်းရိဧကရာဇ်မှ တစ်ခုခုလုပ်‌ဆောင်လိုလျှင်ပင် နောက်ကျသွားပေလိမ့်မည်။

သို့သော် သူတို့မှာ ဝူကျစ်မြို့ထဲမှပင် ထွက်ခွာမသွားနိုင်ဘဲဖြစ်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျစ်ရှောင်းမှ အတည်ပြုလိုက်သောအခါ ထျန်းဝူစန်းရန်တို့နှစ်ဦးသည်လည်း ခါးသီးစွာပြုံးလိုက်သည်။

ဟုတ်တာပဲ။ ကုချိုးတို့က မွန်မြတ်ခြင်းခုနစ်ပါးစေတီ၉ထပ်ကို အရမ်းလွယ်လွယ်ကူကူလေး ကျော်ဖြတ်သွားတာ ဧကရာဇ်စန်းရိက ဘယ်လိုလုပ်ပြီး မသိဘဲရှိပါ့မလဲ? ခုနက ရောက်မလာသေးတာက နှောင့်နှေးမှုတစ်ခုခု‌ရှိနေလို့ပဲဖြစ်မှာ။ အခု လှုပ်ရှားလာပြီဆိုမှတော့ ‌လက်လျှော့လိုက်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့ဘူး။

သူတို့မှာ ဧကရာဇ်စန်းရိနှင့် တင်းတင်းမာမာဆက်ဆံရန်ထိ အတင့်မရဲဝံ့ပေ။ မိမိတို့ဂိုဏ်းကြီးသုံးဂိုဏ်းသည် သာလွန်ထူးကဲသောနောက်ခံများရှိကြသော်ငြား စန်းရိမင်းဆက်အရှင်သခင်ကို ဆန့်ကျင်ရင်ဆိုင်ရန်အထိ အင်အားမကြီးမားသေးပေ။

“ဧကရာဇ်ကြီးဗျ။ ဧကရာဇ်ကြီး ဒီမျိုးဆက်သစ်လေးတွေကို လိုချင်ရင်လည်း တစ်ခါတည်းယူလိုက်လေဗျာ။ ဘာလို့များ ကျုပ်တို့ကို မျှော်လင့်ချက်ပေးပြီးမှ ပြန်လုယူရတာလဲ?”

ကုတုန်းထျန်းမှ ခါးသီးစွာရေရွတ်၏။ သူ၏စကားများကို ဧကရာဇ်စန်းရိ ကြားနိုင်မည်ဖြစ်ကြောင်း သူသေချာသိ‌သည်။

“ဒီလူတွေက သူတို့ကိုယ်သူတို့ သံမဏိနံရံနဲ့ ဝင်တိုက်မိမယ်လို့ မျှော်လင့်မထားကြဘူးပဲ”

ကုတုန်းထျန်း၏စကားများကြောင့် စန်းရိဧကရာဇ် ရယ်‌မောလေသည်။

“သူတို့ကို ဒုက္ခခံခိုင်းလိုက်တာလည်း ကောင်းပါတယ်လေ။ ဒီနှစ်တွေအတွင်းမှာ ထျန်းတောက်‌မျိုးနွယ်စုက အရမ်းတိတ်ဆိတ်ငြိမ်သက်နေတော့ သူတို့တွေလည်း ရောင့်တက်လာကြပြီ”

ဧကရာဇ်စန်းရိဘေးရှိ လူအိုကြီးသည် ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရှုနေသည့်အလား ပြုံးရယ်၍ပြော၏။

…

မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်၌

လန်လင်းသည် ထိတ်လန့်နေရာမှ ထူးဆန်းသည့်အပြုံးတစ်ခု ဖြစ်တည်လာလေသည်။

“အကြီးအကဲလီ လန်လင်းရဲ့ဖခင်ရှိနပါတယ်။ အကြီးအကဲ စိတ်ရှိသလို လှုပ်ရှားနိုင်ပါတယ်”

လန်လင်းသည်လည်း စစ်ဘုရင်နှင့်အခြားသူများကဲ့သို့ လီပိုင်၏စကားတို့ကို မယုံကြည်ပေ။

လီပိုင်၏ကျင့်ကြံဆင့်မှာ ချန်ခွမ်းဧကရာဇ်အဆင့်ဖြစ်လျှင်သော်မှ ကျစ်ရှောင်းတို့သုံးဦးကို ဟန့်တားရန် မလုံလောက်ပေ။ ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ကိုတော့ လန်လင်း စိတ်ပင်မကူးနိုင်‌ပါချေ။

ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပင်ကျင့်ကြံသူ သက်ဆင်းလာပါလျှင် သေချာပေါက် သိသာထင်ရှားသည့် လောကကို တုန်လှုပ်စေသည့် ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်ပေလိမ့်မည်။

သို့သော် လီပိုင်သည် အစမှအဆုံးထိ သာမညောင်ည အသွင်အပြင်သာ ဖြစ်ခဲ့သည်။ မှန်းဆရန်နက်နဲဟန်ရှိသော်ငြား ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကဲ့သို့သောအသွင်အပြင် အလျဉ်းမရှိပေ။

လီပိုင်၏ကျင့်ကြံဆင့်တိုးတက်မှုကို ဝမ်ဖုန်းထိန်းချုပ်ထား‌ေသာ စနစ်မှ ကာဆီးထားသောကြောင့် လီပိုင်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဖြစ်သော်ငြား သာမန်ဟုသာ မြင်ရလေသည်။ ထို့ကြောင့် လူတို့မှာ အမှုမဲ့အမှတ်မဲ့ဖြင့် သတိမပြုမိကြပေ။

“နောက်ဆုတ်”

သို့သော် လန်လင်း ထွက်မသွားမီတွင် သူမ၏ရှေ့ရှိ လီပိုင်မှ ခပ်ဖျော့ဖျော့ပြုံးလျက် တီးတိုးပြောလိုက်သည်။

အသံမှာ နူးညံ့သော်ငြား အားလုံး၏နားထဲတွင် ရှင်းလင်းပြတ်သားစွာ မြည်ဟီးသွားလေရာ လူအားလုံးမှာ လီပိုင်ကို အံ့အားသင့်စွာဖြင့် ကြည့်လာကြသည်။

သူတို့အံ့အားသင့်နေစဉ်၌ပင် မယုံကြည်နိုင်ဖွယ်သော မြင်ကွင်းကြီးဖြစ်ပေါ်လာခဲ့သည်။

ခြေရာလက်ရာမကျန်ရစ်ဘဲ ထွက်သွားခဲ့သော ကျစ်ရှောင်းတို့သုံးဦး လေဟာပြင်ထက်တွင် ပြန်လည်ထွက်ပေါ်လာ၏။ စန်းရိမင်းဆက်ကြီးတစ်ခုလုံးကို ခြေတစ်ချက်အဆောင့်ဖြင့် တုန်လှုပ်စေနိုင်သော ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးသုံးဦး၏ နှုတ်ခမ်းထောင့်စွန်းတို့၌ သွေးများစီးကျနေကာ ဒဏ်ရာရထားကြပုံပေါ်၏။ ထိုမြင်ကွင်းကြောင့် နေရာရှိလူတို့မှာ ပို၍အံ့ဩထိတ်လန့်ကုန်ကြ‌သည်။

ကျစ်ရှောင်းတို့သုံးဦးမှာ ပို၍ပင် အံ့ဩထိတ်လန့်နေကြသေး၏။ ထိုသုံးဦးသည် လေဟာပြင်ထက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လီပိုင်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လာကြလေသည်။

သူတို့သုံးဦးကို ပိတ်လှောင်ထားသူမှာ ဧကရာဇ်စန်းရိဟု သူတို့ထင်ထားခဲ့သည်။ သို့သော် သူတို့ကိုပိတ်လှောင်ထားသူမှာ သူတို့တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သည့် ဝတ်ရုံဖြူနှင့်လူဖြစ်နေခဲ့သည်။

ထို့ပြင် လီပိုင်၏အသံသည် လန်လင်းနှင့်အခြားသူများ၏နားတွင် အလွန်နူးညံ့သော်ငြား ကျစ်ရှောင်းတို့သုံးဦး၏နားတွင်တော့ မိုးခြိမ်းသံအလား ဝိဉာဉ်ထိတိုင် တုန်လှုပ်စေ၍ သွေးများဆူပွက်စေကာ အတွင်းဒဏ်ရာများသည်လည်း လှုပ်ခါသွားရသည်။

တစ်စက္ကန့်မျှသော အချိန်အတွင်း၌ပင် ချန်ခွမ်းသူတော်စင်သုံးဦးမှာ ဒဏ်ရာရသွားကြသည်။

ထိုမျှသောအင်အားကြီးသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်မှတစ်ပါး အခြားမဖြစ်နိုင်ပေ။

“ခင်ဗျား..?”

စစ်ဘုရင်နှင့် နေရာရှိလူအားလုံး၏ ပျက်ရယ်ပြုဟန်သော မျက်နှာအမူအရာတို့မှာ ရုတ်ချည်းတောင့်ခဲသွားကြသည်။ စစ်ဘုရင်သည် ကျစ်ရှောင်းတို့သုံးဦးကိုကြည့်လိုက် တည်ငြိမ်အေးဆေးနေသည့် လီပိုင်ကိုကြည့်လိုက်ဖြင့် မယုံကြည်နိုင်လောက်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။

တကယ်ပဲ ငါသတိမထားလိုက်မိတာများလား? တကယ်ပဲ အဲဒီ့အကြီးအကဲလီက နက်နဲဆန်းကြယ်တဲ့ ပြိုင်ဘက်ကင်း စွမ်းအားမြင့်ကျင့်ကြံသူကြီးလား?

All Chapters