← Chapters

တစ်ဖက်လူကို သူ၏နည်းလမ်းအတိုင်း ပြန်ပေးဆပ်

Vol. 38 Ch. 525

တစ်ဖက်လူကို သူ၏နည်းလမ်းအတိုင်း ပြန်ပေးဆပ်

Vol. 38 Ch. 525

Translator - Hsue Htet

“ဧကရာဇ်ရဲ့အမိန့်တော်အတိုင်းပါ!”

ဧကရာဇ်စန်းရိ၏ စကားအဆုံး၌ ကျစ်ရှောင်းတို့သုံးဦးသည် အံကိုတင်းတင်းကြိတ်၍ လက်ဟန်ဖြင့်အရိုအသေပြုပြော‌ဆိုသည်။

နည်းလမ်းမရှိပေ။ လူဟူသည် အင်အားကြီးမားသူရှေ့မှောက်တွင် ဦးညွှတ်ရမြဲ မဟုတ်ပါလော။

ဧကရာဇ်စန်းရိ၏ကမ်းလှမ်းချက်မှာ သူတို့အတွက် သည်းခံနိုင်ဖွယ်မရှိသော်ငြား ပျက်သုဥ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် လီပိုင်၏ဒေါသကို ဖြေဖျောက်ရန်အတွက် ရွေးချယ်စရာမရှိပေ။ သဘောတူရန်သာ တတ်နိုင်သည်။

သူတို့သည် မောက်မာထောင်လွှားတတ်ဟန်ရှိသော်ငြား အင်အားကြီးသူရှေ့မှောက်တွင် အမြဲလိုလို သတိတကြီးဆက်ဆံ‌ပြုမူခဲ့သည်။ ထို့ကြောင့်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းသည် ဤစန်းရိမင်းဆက်၌ အချိန်ကြာရှည်စွာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

အပေါ်ယံတွင် မြင်တွေ့ရသည်ကဲ့သို့ အမှန်တကယ် မောက်မာထောင်လွှားနေပါလျှင် ယနေ့အချိန်အထိ ရပ်တည်နိုင်ခဲ့မည်မဟုတ်ပေ။ လွန်ခဲ့သည့်အချိန်များစွာတည်းကပင် ဧကရာဇ်စန်းရိမှ သူတို့ကို အရည်ဖျော်ချပြီး ဖြစ်လောက်၏။

စန်းရိမင်းဆက်ကြီးတစ်ခုလုံး၌ ဧကရာဇ်စန်းရိ၏ရှေ့မှောက်တွင် မည်သူမျှ ‌မထောင်လွှားဝံ့ပေ။ ဧကရာဇ်စန်းရိ ချမှတ်သည့်စည်းမျဉ်းကိုလည်း မည်သူမျှ လျစ်လျူမရှုဝံ့ပေ။ သူတို့အားလုံးသည် မောက်မာထောင်လွှားဟန်ရသော်ငြား ဧကရာဇ်စန်းရိ ချမှတ်သည့် စည်းမျဉ်းဘောင်များအတွင်း၌သာ သဘာတူညီစွာလိုက်လျောပြုမူကြသည်။

သို့သော် အခွင့်ထူးခံစားခွင့်များလည်းရှိ၏။ ဂိုဏ်းကြီးများမှ လွန်ကျွံသည့်ကိစ္စရပ်များ မကျူးလွန်သ၍ ဧကရာဇ်စန်းရိသည် ဘာကိုမှ မသိမမြင်သကဲ့သို့ မျက်ကွယ်ပြုထားမည်ဖြစ်သည်။ ယနေ့တွင်တော့ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းဟူသော သံမဏိနံရံကြီးကို သွားတိုက်မိခဲ့ပြီး အပြစ်ခံယူရမည့်သူမှာလည်း သူတို့ကိုယ်တိုင်ပင်ဖြစ်လေသည်။

မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်ရှိ ကျင့်ကြံသူများသည် ကျစ်ရှောင်းတို့မှ ဧကရာဇ်စန်းရိ၏ အပေးအယူကမ်းလှမ်းချက်ကို သဘောတူလိုက်သောကြောင့် အံ့အားသင့်သွားကြသည်။

ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ရတနာတိုက်ကိုဖွင့်ပေးမယ်တဲ့!

တွေးကြည့်ရုံဖြင့်ပင် အားကျမိရသည်။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ရတနာတိုက်ထဲသို့ ဝင်ခွင့်ရခြင်းသည် အဖိုးတန်ဆုံးသောအခွင့်အရေးကြီးဖြစ်၏။ ထိုရတနာတိုက်ထဲမှ တစ်ခုထုတ်ယူနိုင်လျှင်ပင် အပြင်ဘက်ရှိကျင့်ကြံသူများအားလုံးကို ရူးသွပ်သွားစေရန် လုံလောက်ပေလိမ့်မည်။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ ရတနာတိုက်ထဲတွင် မွန်မြတ်ဘုံလောက၏ ငွေကြေးဖြစ်‌သည့် မွန်မြတ်ကျောက်တုံးမှာ တန်ဖိုးအနည်းဆုံးဖြစ်သည်။

၎င်းရတနာတိုက်ထဲမှ ဆယ်ခုယူဆောင်ခြင်းသည် ‌ဂိုဏ်းကြီးသုံးဂိုဏ်း ရူးသွပ်သွားရန်လုံလောက်၏။ ထို့ပြင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ မှော်စွမ်းအင်များကို ကျပန်းရွေးချယ်မည့် ကမ်းလှမ်းချက်လည်း ရှိသေး၏။ ထို့ပြင် မျိုးဆက်သစ်တပည့်များကိုလည်း ကျင့်ကြံရေးအဖော်အဖြစ် ထားရှိပေးရဦးမည်။

၎င်း‌ကမ်းလှမ်းချက်တိုင်းသည် မျိုးဆက်သစ်ကျင့်ကြံသူများကို မနာလိုအားကျမှုကြောင့် မျက်လုံးများနီမြန်းစေ၏။

သူတို့ကရော ဘာလို့များ ဒီလိုကောင်းမွန်တဲ့ကိစ္စမျိုးနဲ့ မကြုံတွေ့နိုင်ရတာလဲ?

နေရာရှိလူအားလုံးမှာ အတွေးကိုယ်စီ ပေါက်ဖွားနေကြသည်။ ဒီနေ့တစ်နေ့တာပြီးနောက်၌ လျှို့ဝှက်ဆန်းကြယ်၍ နက်နဲလှစွာသော ရှန်ရှန့်ကျုံဂိုဏ်းသည် စန်းရိမင်းဆက်တစ်ခွင်သာမက မွန်မြတ်ဘုံလောက၌ပင် ကျော်ကြားလာမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ရှန်ရှန့်ကျုံဂိုဏ်းသည် လီချင်းတို့ကြောင့် အမည်ကျော်ကြားခြင်းမဟုတ်ဘဲ ဂိုဏ်း၏ဆန်းကြယ်နက်နဲသော အင်အားကြောင့် အမည်ကျော်ကြားခြင်းဖြစ်ပေမည်။

မျိုးဆက်သစ်ကျင့်ကြံသူများသည် ရှန်ရှန့်ကျုံဂိုဏ်းမှ ဂိုဏ်းတပည့်အသစ်ခေါ်ယူရန် မျှော်လင့်နေကြသည်။ အကယ်၍များ ခေါ်ယူခဲ့ပါလျှင် သူတို့မှာ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ရန်အတွက် အကောင်းဆုံးကြိုးစားကြမည်ဖြစ်၏။

“ဘယ်လိုထင်လဲ?”

လီပိုင်သည် ဧကရာဇ်စန်းရိ၏စကားအ‌ဆုံး၌ လီချင်းတို့ကိုကြည့်၍ ‌ခပ်ကျယ်ကျယ်မေးမြန်းလိုက်သည်။

လီပိုင်၏စကားကြောင့် နေရာရှိလူအားလုံး၏အကြည့်များသည် လီချင်းတို့ထံသို့ ကျရောက်လာကြသည်။

“အကြီးအကဲလီ ဆုံးဖြတ်တဲ့အတိုင်း လိုက်နာပါ့မယ်”

လီချင်းတို့သည် အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ပြီးနောက် လီပိုင်ကို အရိုအသေပြု၍ပြောလိုက်သည်။

လီပိုင်မှ ခေါင်းညိတ်၍ ကျစ်ရှောင်းတို့သုံးဦးသို့ အကြည့်ပို့လိုက်သည်။ ထို့နောက် ပြောလိုက်၏။

“နောက်ထပ် တစ်ချက်ထပ်ဖြည့်ချင်တယ်”

“ဘာ?”

ကျစ်ရှောင်းတို့သုံးဦးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၍ မထိန်းချုပ်နိုင်စွာ ပြောထွက်မိလေသည်။

နေရာရှိလူအားလုံးသည် လီပိုင်သို့ ကြည့်လာကြပြန်၏။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲက ဒီလောက်သဘောထားကြီးမားတဲ့ ကမ်းလှမ်းချက်ကိုတောင်မှ စိတ်မကျေနပ်ဘူးတဲ့လား?

တစ်ဖက်၌ ဧကရာဇ်စန်းရိသည် လီပိုင်ကို အဓိပ္ပာယ်အချို့ဖော်ဆောင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။

“ဂိုဏ်းကြီးသုံးဂိုဏ်းမှာ သူတို့သဘောတွေ့တဲ့ မျိုးဆက်သစ်ကျင့်ကြံသူရှိရင် အဲဒီ့ကျင့်ကြံသူက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရမယ်”

လီပိုင်သည် အရေးမထားဟန်ဖြင့် လီချင်းတို့ကိုညွှန်ပြ၍ တုံ့ဆိုင်းမှုမရှိပြော၏။

မင်းတို့က ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေကို လုယူချင်နေတာမဟုတ်လား? ကောင်းပြီလေ ကျုပ်က ခင်ဗျားတို့ ဂိုဏ်းတပည့်တွေကို ပြန်လုယူပစ်မယ်!

လီပိုင်၏စကားအဆုံး၌ ကျစ်ရှောင်းတို့သုံးဦး၏ မျက်နှာအမူအရာတို့မှာ ရုတ်ချည်းမည်းမှောင်သွားလေသည်။ လီချင်းတို့၏ အထုံပါရမီသည်ပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း၏။ သို့ဖြစ်ရာ လီချင်းတို့ကို သဘောတွေ့စေသူများမှာလည်း သေချာပေါက် ဂိုဏ်းအသီးသီး၏ ထိပ်တန်းပါရမီရှင်များသာ ဖြစ်ပေလိမ့်မည်။

မိမိတို့မှာ လီချင်းတို့ကို မိမိတို့၏ဂိုဏ်းတပည့်အဖြစ် မခေါ်ယူနိုင်သည်မှာ အဆင်ပြေသေးသည်။ သို့သော် ယခု၌ မိမိ၏ဂိုဏ်းတပည့်များကိုပါ လုယူသွားခံရပေ‌တော့မည်။

နေရာရှိစွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း မျက်လုံးအိမ်များ‌ မှေးကျဉ်းသွားကြ၏။ ဤကမ်းလှမ်းချက်မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏မျက်နှာများကို ခြေဖ‌ဝါးအောက်တွင် နင်းခြေပစ်လိုက်ခြင်းပင်။

အပေးအယူဖြစ်မြောက်ပြီးနောက်၌ ဂိုဏ်းကြီးသုံးဂိုဏ်းသည် စန်းရိမင်းဆက်ကြီး၏ လှောင်ရယ်ဖွယ်ရာ ဖြစ်လာပြီး ရှန်ရှန့်ကျုံဂိုဏ်းသည်တော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို ခြေဖဝါးအောက်ချနင်းကာ စန်းရိမင်းဆက်၏ အင်အားအကြီးမားဆုံးသောဂိုဏ်းကြီး ဖြစ်လာပေလိမ့်မည်။

ဧကရာဇ်စန်းရိသည် မည်သည့်စကားမျှ ဝင်ရောက်‌မပြောချေ။ ဧကရာဇ်စန်းရိအနေဖြင့် ကျစ်ရှောင်းတို့ဘက်မှ ရပ်တည်ပေးခဲ့ခြင်းသည်ပင် အတော်လေး သဘောထားကြီးနေခဲ့ပြီးဖြစ်သည်။

“အကယ်၍ ခင်ဗျားတို့သဘောမတူနိုင်ရင်လည်း ငါကိုယ်တော် ဂိုဏ်းချုပ်ကို အမိန့်ချပေးဖို့တောင်းဆိုလိုက်မယ်။ ပြီးရင် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို ခေါ်ဆောင်ပြီး ခင်ဗျားတို့ဂိုဏ်းကြီးသုံးဂိုဏ်းဆီ အလည်အပတ်လာခဲ့မယ်လေ။ ဒါပေမဲ့ အဲ့အချိန်ကျရင် ခင်ဗျားတို့ ရှင်ကျန်ရစ်နိုင်မလားဆိုတာကတော့ ပြောရခက်သွားပြီနော်”

တိတ်ဆိတ်နေသည့် ကျစ်ရှောင်းတို့သုံးဦးကို လီပိုင်မှ တည်ငြိမ်အေးဆေးစွာဖြင့်ပြောလိုက်သည်။

သူ၏စကားလုံးများမှာ မိုးခြိမ်းသံအလား ကျစ်ရှောင်းတို့၏နားစည်ထဲတွင် ပေါက်ကွဲသွား၍ ဝိဉာဉ်ထိ‌တိုင် တုန်လှုပ်သွားရလေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားလုံးမှာ လီပိုင်ကဲ့သို့ အင်အားမကြီးမားသည်လည်း ဖြစ်နိုင်ချေရှိ၏။ သို့သော် လီပိုင်ကဲ့သို့သော အလွန်တရာအင်အားကြီးမားသူသည်ပင် ဂိုဏ်းအကြီးအကဲတစ်ဦးသာဖြစ်ရာ အခြားဂိုဏ်းအကြီးအကဲများသည် အားနည်းသည်မှာ ဖြစ်နိုင်ပါ၏လော။

ဒါက ထင်ထင်ပေါ်ပေါ်ခြိမ်းခြောက်နေတာပဲ!

သို့သော် ထိုခြိမ်းခြောက်မှုကို မျက်ရည်လည်ရွဲဖြစ်ရလျှင်သော်မှ လက်ခံရမည်ပင်။

မွန်မြတ်ခြင်းခုနစ်ပါးနန်းတော် ကျင့်ကြံသူများမှာ ကျစ်ရှောင်းတို့သုံးဦး၏ သနားချင့်စဖွယ်ပုံစံများကြောင့် အံ့အားသင့်နေရသည်။ ယနေ့မတိုင်မီအထိ သူတို့မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အရှင်သခင်များကို ဤသို့အနေအထားမျိုးဖြင့် မမြင်တွေ့ဖူးခဲ့ပေ။

“ကတိပေးတယ်!”

ကျစ်ရှောင်းတို့သည် လက်သီးကိုကျစ်ကျစ်ဆုပ်လျက် တင်းကျပ်စွာပြော၏။

ဤတိုတောင်းလှသည့်အချိန်လေးအတွင်း၌ သူတို့မှာ ခုခံတိုက်ခိုက်ရန်အတွက် အကြိမ်မည်မျှ တွေးတောခဲ့ပြီးသည်မသိပေ။ သို့သော် သူတို့သုံးဦးမှာ အတင်းအကျပ်ဖိနှိပ်ထားခြင်းခံနေရ၏။

ခုခံတိုက်ခိုက်လိုက်လျှင် သူတို့ကိုယ်တိုင် သေဆုံးရရုံမျှမက ဂိုဏ်းလည်း ပျက်စီးရပေလိမ့်မည်။

ထိုရလဒ်ကိုဖြစ်စေခြင်းထက် လီပိုင်၏ကမ်းလှမ်းချက်ကို လက်ခံသည်က ပိုကောင်းသေးသည်။

“ဒါဆိုရင်တော့ သွားလိုက်ပါဦးမယ်”

“နောက်ကျရင် ငါကိုယ်တော် သူတို့ကို ခင်ဗျားတို့ဂိုဏ်းတွေဆီ လွှတ်လိုက်မယ်။ ဉာဏ်နီဉာဏ်နက် မသုံးဖို့တော့ ကြိုသတိပေးထားချင်တယ်။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဖျက်ဆီးဖို့ပစ်မှတ်ထားခံရတဲ့ဂိုဏ်းဆိုရင် ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး!”

လီပိုင်မှ လက်ကိုဝှေ့ယမ်း၍ အရေးမထားဟန်ပြောလိုက်သည်။ လီပိုင်၏စကားလုံးများမှာ အဆုံးမဲ့သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုများ ပြည့်နှက်နေသည်။

လီပိုင်၏ကိုယ့်ကိုယ်ယုံကြည်မှုတည်မြဲသော အရှိန်အဝါသည် နေရာရှိလူအားလုံး၏ နှလုံးအိမ်တို့ကို တုန်လှုပ်စေရုံမျှမက ဧကရာဇ်စန်းရိကိုလည်း မျက်လုံးအိမ်တို့ မှေးကျုံ့သွားစေခဲ့သည်။ သူ၏စိတ်နှလုံးသည်လည်း ထပ်တူအံ့အားသင့်နေခဲ့၏။ ရှန်ရှန့်ကျုံဂိုဏ်းက သူစိတ်ကူးမှန်းဆထားတာထက် ပိုပြီးအင်အားကြီးမားနေတာလား?

လီပိုင်၏စကားတို့ကိုကြားသောအခါ ကျစ်ရှောင်းတို့သုံးဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသွားသည့်အလား လီပိုင်သို့ လက်ဟန်ဖြင့်အရိုသေပြုလိုက်သည်။ ထို့နောက် ဧကရာဇ်စန်းရိကို အရိုအသေပြု၍ ‌အလင်းတစ်စနှင့်အတူ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။

ဂိုဏ်းကြီးသုံးဂိုဏ်း မွန်မြတ်ဘုံလောက၌ ရပ်တည်ခဲ့သော ကြာမြင့်လှသည့် အချိန်ကာလများအတွင်း ဤသို့အရှက်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤသို့ မွန်မြတ်ခြင်းခုနစ်ပါးနန်းတော်တွင် နေစရာမျက်နှာမရှိတော့သည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်၏။

“ဒီဧကရာဇ်က နန်းတော်ထဲမှာ ဧည့်ခံပွဲတည်ခင်းထားပါတယ်။ ဒီကကျင့်ကြံသူမိတ်ဆွေ မျက်နှာသာပေးနိုင်မလား?”

ကျစ်ရှောင်းတို့ ထွက်ခွာသွားပြီးနောက်၌ ဧကရာဇ်စန်းရိမှ လီပိုင်ကို ဖိတ်ခေါ်သည်။

“အကြီးအကဲ ခမည်းတော်က တော်ဝင်ဧည့်ခံပွဲကျင်းပတယ်ဆိုတာ တကယ်ရှားပါးပါတယ်။ နန်းတော်ထဲက စားကောင်းသောက်ဖွယ်တွေက သာမန်လူတွေ လက်လှမ်းမီနိုင်တာထက် အများကြီးသာလွန်ပါတယ်”

လန်လင်းမှလည်း ထပ်မံဖိတ်ခေါ်သည်။

လီပိုင်သည် လန်လင်းကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဧကရာဇ်စန်းရိသည် စိတ်ကျေနပ်စွာပြုံး၍ နန်းတော်၏အဓိကခန်းမဆောင်ကြီးအတွင်းသို့ လီပိုင်ကို ခေါင်ဆောင်သွားသည်။ လန်လင်း၊ လန်အောင်းနှင့် စစ်ဘုရင်တို့သည်လည်း အံ့ဩမင်သက်နေသည့် ကျင့်ကြံသူများကို ချန်ထားရစ်၍ နန်းတော်ထဲသို့ ထွက်ခွာသွားကြသည်။

အချိန်အတော်ကြာသည်အထိ နေရာရှိကျင့်ကြံသူများမှာ အသိစိတ်ကင်းလွတ်နေခဲ့သည်။

ရက်အနည်းငယ်အတွင်း အဖြစ်အပျက်များကြောင့် စန်းရိမင်းဆက်၏ ကျင့်ကြံသူများစွာတို့မှာ အံ့ဩမင်သက်၍ ကြောင်အကုန်ကြရလေသည်။ စစ်မှန်သော အင်အားကြီးမားသူ၏ရှေ့မှောက်၌ မည်သို့သောအင်အားစုဖြစ်စေ၊ မည်သည့်အဆင့်အတန်းဖြစ်စေ အသုံးမဝင်သည်ကိုလည်း နားလည်သွားခဲ့ရသည်။

အင်အားသည်သာ အရာအားလုံးပါပဲ!

အာဏာမရှိလျှင်သော်မှ အင်အားအလုံအလောက်ရှိလျှင် အခြားသူများကို ဦးညွှတ်စေနိုင်လေသည်။

All Chapters