တိုက်ခိုက်မှုသုံးချက်ကို လက်ခံပါ
Vol. 38 Ch. 526
Translator - Hsue Htet
လီပိုင်နှင့်လီချင်းတို့ကို ဧကရာဇ်စန်းရိမှ ဧည့်ခံနေစဉ် တစ်ဖက်၌
ဝမ်ဖုန်းသည် လီရှောင်းယောင်နှင့်အခြားသူများကို ဦးဆောင်၍ စန်းရိမြို့တော်သို့ ဦးတည်နေကြသည်။ စန်းရိမြို့တော်သည် မည်သည့်အရပ်တွင်ရှိနေသည်ကို သူတို့မသိကြ။
“စနစ် စနစ်အဆင့်နဲ့ ဂိုဏ်းအဆင့်ကို အဆင့်၁၅ကိုမြှင့်တင်ဖို့ လိုအပ်ချက်တွေပြောပြဦး”
အလျင်လိုနေရင်းဖြင့်ပင် ဝမ်ဖုန်း စိတ်ထဲမှ မေးလိုက်သည်။
လက်ရှိစနစ်အဆင့်နှင့်ဂိုဏ်းအဆငိ့မှာ အဆင့်၁၄ဖြစ်သည်။ အဆင့်၁၅သို့ မြှင့်တင်ပြီးလျှင် တတိယမြောက်ဂိုဏ်းအစောင့်အရှောက်ကို ဆင့်ခေါ်နိုင်မည်ဖြစ်၏။ ထိုဂိုဏ်းအစောင့်အရှောက်၃ကို ဆင့်ခေါ်ရန်အတွက် ဝမ်ဖုန်း အရမ်းမျှော်လင့်ထားပေသည်။
ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၃ကို ဆင့်ခေါ်ပြီးသည်နှင့်တစ်ပြိုင်နက် ရှီကန်တန့်သည်လည်း ချိတ်ဖွင့်ပြီးဖြစ်သွား၍ ဆန္ဒရှိသလို လှုပ်ရှားနိုင်လိမ့်မည်ဖြစ်သည်။ ဂိုဏ်းအစောင့်အရှောက်၃၏အင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းမှ မွန်မြတ်ဘုံလောကကို သိမ်းပိုက်ရာတွင်လည်း ပြဿနာမရှိနိုင်တော့ပေ။
“ဒင်! စနစ်အဆင့်နှင့်ဂိုဏ်းအဆင့်ကို အဆင့်၁၅သို့မြှင့်တင်ရန်အတွက် သခင့်ကို မွန်မြတ်ဘုံလောက ကောင်းကင်တာ့အိုမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲတစ်ခုခုရဲ့ အသိအမှတ်ပြုမှုကိုရရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဲဒီ့မျိုးနွယ်စုခွဲက ရှန်ရှန့်ကျုံဂိုဏ်းနဲ့လက်တွဲဖို့ ရွေးချယ်ခြင်းကိုခံရပြီး အဲဒီ့်မျိုးနွယ်စုခွဲရဲ့ ကံကောင်းမှုချီတွေကို ရရှိဖို့လိုအပ်ပါတယ်”
စနစ်၏အေးစက်သည့်အချက်ပေးသံ ထွက်ပေါ်လာသည်တွင် ဝမ်ဖုန်း ရှုပ်ထွေးသွား၏။
ဘယ်လိုဖြစ်တာလဲ?
ထိုအခိုက်တွင် ဝမ်ဖုန်း၏စိတ်ထဲ၌ ကောင်းကင်တာ့အိုမျိုးနွယ်စုသည် အခြားသူ၏ အသုံးချခြင်းကို ခံနေရခြင်းဖြစ်သည်ဟူသော
ချင်းအာပြောခဲ့သည့်စကားတို့ကို ပြန်ကြားယောင်လာခဲ့သည်။ အဲ့တော့ စနစ်က သူ့ကို ကောင်းကင်တာ့အိုမျိုးနွယ်စုကို လက်အောက်သိမ်းသွင်းပြီး နောက်ကွယ်က လူတွေနဲ့ရင်ဆိုင်ခိုင်းဖို့ စီစဉ်နေတာပေါ့လေ?
တကယ်ပဲ ဒီစနစ်က ပိုပိုပြီးကောက်ကျစ်လာတာပဲ!
လက်ရှိမွန်မြတ်ဘုံလောက၏ အခြေအနေအရ ကောင်းကင်တာအိုမျိုးနွယ်စုခွဲတစ်ခုထံမှ အသိအမှတ်ပြုခံရရန်မှာ ပို၍ခက်ခဲ၏။
ဖျက်စီးခြင်းက ပို၍ရိုးရှင်းသေးသည်။ သို့သော် အသိအမှတ်ပြုမှုရရှိခြင်းဟူသည် ဖျက်စီးခြင်းနှင့် ကွာခြား၏။ အင်အားကြီးမားသော ကောင်းကင်တာအိုမျိုးနွယ်စုထံမှ အသိအမှတ်ပြုမှုခံယူရန်မှာ မဖြစ်နိုင်လုနီးပါးပင်။
“ဂိုဏ်းချုပ် အမှောင်ထဲမှာ ချောင်းမြောင်းနေတဲ့ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ ရှိနေပါတယ်”
ဝမ်ဖုန်း စိတ်ထဲမှအတွေးများနေစဉ်တွင် စစ်ထူကျုံးမှ မျက်မှောင်ကြုတ်လျက် ပြောလာခဲ့၏။
“ဟမ်?”
စစ်ထူကျုံး၏ အသံပို့ဆောင်ခြင်းကို နားထောင်ပြီးနောက် ဝမ်ဖုန်း ထိတ်လန့်သွားသည်။ သို့သော် မျက်နှာအမူအရာသည်တော့ မပြောင်းလဲပေ။
သက်ရောက်မှုကို လျှော့ချရန်အတွက် ဝမ်ဖုန်းသည် လီရှောင်းယောင်၊ ကျန်းမင်နှင့် စစ်ထူကျုံးတို့မှအပ အခြားသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ကမ္ဘာဝန်းအတွင်းသို့ ဝင်ရောက်နေစေခဲ့သည်။
ဝမ်ဖုန်းချန်ထားခဲ့သည့် သုံးဦးမှာ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ဖြစ်သည်။ အဆင့်မြင့်တက်ပြီးနောက် သူတို့၏စွမ်းရည်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူများနှင့် ယှဉ်နိုင်ပေသည်။
“ဘယ်သူများလဲ?”
ဝမ်ဖုန်း စိတ်ထဲမှရေရွတ်လိုက်သည်။
“အရှိန်အဝါအရ ကြည့်ရတာ လူသားမျိုးနွယ်မဖြစ်နိုင်ပါဘူး”
“ပြီးတော့ သူက ကျွန်တော်တို့ကို ချောင်းမြောင်းနေပေမယ့် ရန်လိုတဲ့အငွေ့အသက်မရှိဘူး”
ဘေးရှိ စစ်ထူကျုံးမှ ဝမ်ဖုန်း၏စကားကိုကြားရသောကြောင့် ဂရုတစိုက် အာရုံခံစားကြည့်ကာ ဝမ်ဖုန်းကို ပြန်ပြောသည်။
“နိုးနိုးကြားကြားနေ ဆက်သွားမယ်!”
ဝမ်ဖုန်း ခေါင်းညိတ်၍ စိတ်ထဲမှ ထပ်ပြောလိုက်သည်။
လူသားမျိုးနွယ်ဖြစ်စေ၊ ကောင်းကင်တာအိုမျိုးနွယ်စုဖြစ်စေ အရေးမကြီးပေ။ သို့သော် ကောင်းကင်တာအိုမျိုးနွယ်စုရဲ့ ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ကျင့်ကြံသူက သူတို့ကိုလိုက်ပြီး ချောင်းမြောင်းစောင့်ကြည့်တယ်တဲ့လား?
နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမ၏ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ခြင်းမှာ အကြောင်းရင်းအချို့ရှိသည်ဟု ဆိုနိုင်သော်ငြား ဤမွန်မြတ်ဘုံလောကသို့ ခြေချချိန်မှစတင်၍ ဝမ်ဖုန်းသည် ကောင်းကင်တာအိုမျိုးနွယ်စုနှင့် တိုက်ခိုက်မှုမရှိဖူးသေးပေ။
ပိုင်ရွှမ်ကြောင့်များလား?
“ငါကိုယ်တော်ရဲ့သမီးတော်ကို ပြန်ပေးဆွဲပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ထွက်သွားတယ်ပေါ့လေ?”
ဝမ်ဖုန်း၏မှန်းဆချက်ကို အတည်ပြုပေးလိုက်သည့်အလားပင်။ ဝမ်ဖုန်း အတွေးဝင်လာသည်နှင့် ခမ်းနားထည်ဝါသော အသံတစ်ခုသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါနှင့်အတူ အမြင့်ပေမီလီယံချီသော တောင်ကြီးတစ်ခု ဖိနှိပ်ဆင်းသက်လာသည်ကဲ့သို့ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။ ရုတ်တရက်ထွက်ပေါ်လာသော အရှိန်အဝါကို လေဟာပြင်မှာ ခံနိုင်ရည်မရှိသောကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် ပေါက်ကွဲသွား၏။
လီရှောင်းယောင်နှင့်ကျန်းမင်တို့သည် မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျုံ့၍ ခန္ဓာကိုယ်မှ အရှိန်အဝါတို့ထုတ်လွှတ်ကာ ထိုအရှိန်အဝါဖြင့် ဝမ်ဖုန်းကို မသက်ရောက်စေရန် ကာကွယ်ထားကြသည်။
ဝှစ်!
လေဟာပြင်ထက်မှ သန်မာထွားကြိုင်းသော ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သုံးပေမြင့်သောပုံရိပ်သည် လူသန်ပေါက်လေးကဲ့သို့ ဖုထစ်နေသည့်ကြွက်သားများဖြင့် ဖယောင်းတိုင်ထက် နဂါးတစ်ကောင်လဲလျောင်းကပ်တွယ်နေသည်ကဲ့သို့သော ပြိုင်ဘက်ကင်းစွမ်းအင်ကိုလည်း ထုတ်ဖော်ပြသနေခဲ့သည်။
ထိုလူသည် မီးခိုးရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ခန္ဓာကိုယ်ထက်ရှိ မီးခိုရောင်အရေးကြောင်းများကို ဖုံးအုပ်ထားသည်။ သူ၏မီးခိုးရောင်မျက်လုံးအစုံမှာ ကမ္ဘာလောကကို အထင်မြင်သေးဟန်များ ထင်ဟပ်နေလျက် စစ်နတ်ဘုရားတစ်ပါးကဲ့သို့သော အရှိန်အဝါလည်းရှိသည်။
အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ထိုလူမှာ ပင်မကောင်းကင်တာအိုမျိုးနွယ်စုမှ သက်ဆင်းလာသည့် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူဖြစ်သည့်အပြင် ပိုင်ရွှမ်၏ဖခင်ဖြစ်သူ ပိုင်ဟုန်ဖြစ်လေသည်။
“အတော်လေး အင်အားကြီးသားပဲ။ ငါကိုယ်တော်ရဲ့သမီးတော်ကို ပြန်ပေးဆွဲရဲတာ အံ့ဩစရာမရှိပါဘူးလေ”
ပိုင်ဟုန်သည် သူ၏အရှိန်အဝါကိုခုခံနေသည့် လီရှောင်းယောင်နှင့် ကျန်းမင်တို့ကိုကြည့်၍ အနည်းငယ်အံ့အားသင့်သွားဟန်ဖြင့် ပြော၏။
လီရှောင်းယောင်နှင့်ကျန်းမင်တို့၏ ကျင့်ကြံဆင့်မှာ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်ဖြစ်သည်ကို ပိုင်ဟုန် အာရုံခံစားနိုင်၏။ သူတို့၏ကျင့်ကြံမှုအခြေခံသည် မွန်မြတ်ဘုံလောကတွင် ထိပ်တန်းတည်ရှိမှုဖြစ်သည်မှာ မှန်ကန်သော်ငြား ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ရှေ့မှောက်တွင်တော့ ပုရွက်ဆိတ်ကောင်လေးမျှသာဖြစ်လေသည်။
သို့သော် လီရှောင်းယောင်နှင့်ကျန်းမင်သည် သူ၏ခြိမ်းေခြာက်မှုအရှိန်အဝါကို ခုခံဟန့်တားနိုင်သည်ဖြစ်ရာ သူတို့၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် သာလွန်ထူးကဲလောက်၏။
ပိုင်ဟုန်သည်လည်း သာမန်ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကျင့်ကြံသူ မဟုတ်ပေ။
သေချာပေါက်ပင် ပိုင်ဟုန်သည် ဤခြိမး်ေခြာက်မှုအရှိန်အဝါတွင် သူ၏အပြင်းထန်ဆုံးသောအင်အားကို ထုတ်မသုံးထားခြင်းဖြစ်၏။ သို့မဟုတ်ပါက လီရှောင်းယောင်တို့နှစ်ဦးမှာ ခုခံဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။
“ပြန်ပေးဆွဲတယ်? ဧကရာဇ်ကြီးကတော့ နောက်နေပြန်ပါပြီ။ ပိုင်ရွှမ်သာ ဆန္ဒမရှိရင် ကျုပ်တို့ သူ့ကိုခေါ်သွားနိုင်ပါ့မလား?”
ဝမ်ဖုန်းမှ အပြုံးဖြင့်ပြော၏။
အပေါ်ယံတွင်တော့ ဝမ်ဖုန်း၏အခြေအနေမှာ တည်ငြိမ်အေးဆေးသည်ထင်ရသည်။ သို့သော် တကယ်တမ်း ဝမ်ဖုန်း၏စိတ်ထဲတွင်တော့ အလွန်အမင်း သတိချပ်နေလျက် ရှီကန်တန့်ကိုပင် ဆင့်ခေါ်ထားပြီးလေပြီ။ သို့သော် ပိုင်ဟုန်မှ ရန်လိုသည့်အရိပ်အယောင် မပြသခဲ့လျှင် ရှီကန်တန့်ကို လှုပ်ရှားစေမည် မဟုတ်ပေ။
“မင်းကိုယ်မင်း နည်းနည်းအတင့်ရဲလွန်းနေတယ်မထင်ဘူးလား!”
တည်ငြိမ်နေသည့်ဝမ်ဖုန်းကို ကြည့်၍ ပိုင်ဟုန်မှ ခပ်ဖျော့ဖျော့ ရေရွတ်၏။ သူ၏ခန္ဓာကိုယ်မှ ထွက်ရှိနေသည့် ခြိမ်းခြောက်မှုအရှိန်အဝါသည်လည်း တဖြေးဖြေး အားကောင်းလာနေသည်။ ကမ္ဘာလောကကြီးမှာ တစ်စုံတစ်ရာ၏ ဖိညှစ်ခြင်းခံနေရသည့်အလား အလွန်အမင်းဖိစီးမှုဒဏ်ကို ခံနေရလေသည်။
ဘုန်း!
လီရှောင်းယောင်းနှင့် ကျန်းမင်တို့မှလည်း တစ်ပြိုင်နက်တည်း စွမ်းအင်များဖြာထွက်ထုတ်လွှတ်၍ ပိုင်ဟုန်၏ ခြိမ်းခြောက်မှုအရှိန်အဝါကို ခုခံကြသည်။
“ဧကရာဇ်ကြီးဗျ ဘာအကြောင်းကြောင့်များ ရောက်လာတာပါလဲ?”
ဝမ်ဖုန်း၏မျက်နှာ မည်းမှောင်သွား၍ ကျယ်လောင်စွာ မေးလိုက်သည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဆိုတော့ရော ဘာဖြစ်လဲ? သူက သူ့ရဲ့အင်အားကြီးမားမှုကြီးကို ဝမ်ဖုန်းရှေ့၌ ပြသချင်သော်ငြား လူရွေးချယ်မှု မှားယွင်းခဲ့လေသည်။
“ဘာအကြောင်းမှ မရှိဘူး။ မင်းက ငါ့သမီးကိုကာကွယ်ဖို့ အရည်အချင်းပြည့်မီလားဆိုတာ ကြည့်ချင်ရုံပဲ။ မပြည့်မီရင်တော့ အဲဒီ့လူသားမျိုးနွယ်နဲ့ ငါကိုယ်တော်ရဲ့သမီးတော်ကို နာနာခံခံနဲ့ လွှဲပေးခဲ့လိုက်!”
ပိုင်ဟုန်သည် လက်ကိုနောက်ပစ်၍ ရပ်နေ၏။ မျက်နှာမှာ အထင်မြင်သေးဟန်ဖြင့် တည်ငြိမ်အေးဆေးစွာပြောသည်။
“အခုရော ဘယ်လိုလဲ?”
“အင်အားတော့ရှိပါရဲ့ ဒါပေမဲ့ မလုံလောက်ဘူး”
“ဟက်. ဘယ်လိုမျိုးက လုံလောက်တာလဲဗျ?”
ဝမ်ဖုန်း တစ်ချက်လှောင်ရယ်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။ ပိုင်ဟုန်မှ အစမှအဆုံးထိတိုင် ရန်လိုမှုကို မပြသခဲ့လျှင် ပိုင်ဟုန်မှ မိမိကို အပျင်းပြေဖျော်ဖြေပေးသည်ဟုပင် ဝမ်ဖုန်း ထင်မိလောက်၏။
“ငါကိုယ်တော်ရဲ့တိုက်ခိုက်မှုသုံးချက်ကို လက်ခံလိုက်။ ခုခံနိုင်ရင် ငါကိုယ်တော်ရဲ့သမီးတော်ကို ခေါ်ဆောင်သွားခွင့်ပြုပေးမယ်။ ခံနိုင်ရည်မရှိခဲ့ရင်တော့ ငါကိုယ်တော် မင်းကိုမထိဘူး။ ဒါပေမဲ့ နာနာခံခံနဲ့ ငါကိုယ်တော်ရဲ့သမီးကို လက်လွှဲပေးရမယ်”
ပိုင်ဟုန်မှ အသံဖျော့ဖြင့်ပြောဆိုသည်။ သို့သော် ဝမ်ဖုန်း သဘောတူသည်၊မတူသည်ကို လုံးဝဂရုမစိုက်ပေ။ ချက်ချင်း တိုက်ခိုက်လေသည်။
ပိုင်ဟုန်သည် ရုတ်တရက်ဆန်လှစွာ လက်ကိုဆန့်တန်း၍ တစ်စုံတစ်ခုကို ဆုပ်ကိုင်ဟန်ပြုလိုက်သည်။ ဝန်းကျင်တစ်ခွင်ရှိ နတ်စွမ်းအင်တို့မှာ တစ်စုံတစ်ရာ၏ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်အလား ဆန်းပြားစွာစုဝေးလာကြသည်။ မျက်တောင်တစ်ခတ်မျှသောအချိန်အတွင်း၌ ဧရာမဓားကြီးတစ်လက် ပိုင်ဟုန်၏ရှေ့၌ ပေါ်ထွက်လာ၏။
စူးရှတောက်ပသောအလင်းတန်းများ ထက်ရှသည့်ဓားမှ ဖြာထွက်လာကာ ကြောက်မက်ဖွယ်ဓားသွားသည် လောကတစ်ခွင်ကို ဖြတ်သန်းခုတ်ပိုင်း၏။ ဓားချက်,မကျရောက်မီ၌ပင် ကြောက်မက်ဖွယ်ဓားသွားသည် ကမ္ဘာလောကကို ဆုတ်ဖြဲပြီးနေခဲ့လေပြီ။
ကြောက်ခမန်းလိလိသောဓားစွမ်းအင်သည် လူအပေါင်းကို တုန်လှုပ်စေနိုင်၏!
ထိုဓားသည် ပုံရိပ်ယောင်တစ်ခုမဟုတ်ချေ။ အမှန်စင်စစ်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့်ဖြစ်လေသည်။