ပိုင်ဟုန် တုန်လှုပ်သွားခဲ့
Vol. 38 Ch. 527
Translator - Hsue Htet
ဘုန်း!
ဝမ်ဖုန်းမှ အမိန့်မပေးသော်လည်း ဝမ်ဖုန်း၏ဘေးရှိ လီရှောင်းယောင်နှင့် ကျန်းမင်တို့သည် စွမ်းအင်လှိုင်းများ ထုတ်လွှတ်လိုက်ကြသည်။
စစ်ထူကျုံးသည်တော့ မလှုပ်ရှားသေးဘဲ ဝမ်ဖုန်းကို ဘေးမှ ကာကွယ်စောင့်ကြည့်နေသည်။
ကျန်းမင်နှင့် လီရှောင်းယောင်တို့ထံမှ အင်အားကြီးမားသော ဓားစွမ်းအင်များထွက်ပေါ်နေကြသည်။ ဓားအိမ်မှ ဆွဲထုတ်လိုက်သည့် ဓားတစ်လက်ကဲ့သို့ အလွန်ထက်ရှကာ အဆုံးမဲ့ဓားစွမ်းအင်များ အဆက်မပြတ်စီးဆင်းနေရာ နေရာတစ်ခုလုံးမှာ ဓားနယ်ပယ်ကြီးအလား ထင်မှတ်ရပေသည်။
သူတို့နှစ်ဦးလုံးသည် ရှုရှန်းဂိုဏ်းမှဖြစ်ကြပြီး သူတို့၏စွမ်းအင်များသည်လည်း ရင်းမြစ်တူညီကြသည်။ သူတို့နှစ်ဦး၏ စွမ်းအင်ပေါင်းစည်းခြင်းသည် သာမန်နှစ်ဦးပူးပေါင်းစွမ်းအင်များထက် များစွာသာလွန်သည်။
သိပ်သည်းသောဓားစွမ်းအင်သည် လီရှောင်းယောင်နှင့် ကျန်းမင်၏ ဦးဆောင်မှုအောက်၌ ဓားစွမ်းအင်နဂါးအဖြစ် ဖွဲ့စည်းဖြစ်တည်သွားကာ ပိုင်ဟုန်ထုတ်လွှတ်လိုက်သည့် စူးရှတောက်ပသော ဓားစွမ်းအင်သို့ ဟိန်းဟောက်ဟစ်ကြွေးလျက် ဦးတည်သွားလေသည်။
ပြင်းထန်ထက်ရှသောဓားသွားသည် လေဟာပြင်ကို ဆုတ်ဖြဲသွား၏။ သူတို့နှစ်ဦး၏ဓားစွမ်းအင်သည် ပိုင်ဟုန် ထုတ်လွှတ်လိုက်သည့်ဓားစွမ်းအင်ထက် အားမနည်းချေ။
ဘုန်း!
ကြောက်မက်ဖွယ်စွမ်းအင်ကြီးနှစ်ခု ထိခတ်သွားပြီး နားကွဲလုမတတ်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သောဓားစွမ်းအင်များသည် ဘေးပတ်ဝန်းကျင်တစ်ခွင်သို့ ပျံ့လွင့်ရိုက်ခတ်သွားလေရာ တွင်းပေါက်ကြီးများ တန်းစီဖြစ်တည်သွားစေခဲ့ပြီး လေထုမှာလည်း ဖုန်မှုန့်မီးခိုးလုံးများဖြင့် ပြည့်နှက်သွားလေသည်။
အင်အားကြီးမားလှစွာသောစွမ်းအင်များသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး ကမ္ဘာလောကကြီးတစ်ခုလုံးမှာ ကောင်းကင်နှင့်မြေပြင်ကို တိုက်ခိုက်ဖျက်ဆီးခံရသည့်အလား အဆက်မပြတ် တုန်ခါနေတော့သည်။
အဟွတ်!
အားပြင်းလှသော သက်ရောက်မှုကြောင့် လီရှောင်းယောင်နှင့်ကျန်းမင်တို့ အဝေးသို့ လွင့်ထွက်သွား၏။ သွေးကြောနှင့်စွမ်းအင်တို့ လှုံ့ဆော်ခံလိုက်ရသောကြောင့် လီရှောင်းယောင်တို့နှစ်ဦး၏မျက်နှာမှာ ဖြူဖျော့သွားရကာ ချောင်းတစ်ချက်ဖြင့် ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရလေသည်။ ဓားကိုင်ထားသည့်လက်မှာလည်း တုန်ရီနေ၏။
သူတို့နှစ်ဦး၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ထူးကဲသာလွန်၍ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်နှင့် ယှဉ်နိုင်သော်ငြား ယခုမှာ ရုတ်တရက်ဆန်လှစွာ မဆင်မခြင်ဖြင့် စွမ်းအင်ပေါက်ကွဲထုတ်လွှတ်ခဲ့ခြင်းဖြစ်၏။ ထိုသို့ ရုတ်တရက် မဆင်မခြင်စွမ်းအင်ပေါက်ကွဲထုတ်လွှတ်မှုကြောင့် ဒဏ်ရာရသွားခဲ့သည့်တိုင် ပိုင်ဟုန်၏ ပထမအကြိမ်တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ခဲ့သည်။
“ကောင်းတယ်”
ပိုင်ဟုန်သည် စိုးစဉ်းသော်မျှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့။ ခေါင်းညိတ်၍ အသိအမှတ်ပြုသည်။ ပိုင်ဟုန်၏ပုံစံမှာ ဝမ်ဖုန်းတို့ကို အခက်တွေ့စေလိုသည့် ဆန္ဒမရှိဘဲ တမင်ရည်ရွယ်၍ ဝမ်ဖုန်းတို့၏စွမ်းအင်ကို အကဲခတ်ကြည့်ရှုနေခြင်းဟု ထင်ရလေသည်။
“ဒုတိယတစ်ချက်!”
ပိုင်ဟုန်၏အသံသည် ခေါင်းလောင်းသံကြီးအလား လောကတစ်ခွင်၌ ကျယ်လောင်စွာမြည်ဟီး၏။ ပိုင်ဟုန်သည် လက်ကိုပင့်မြှောက်၍ စူးရှတောက်ပသည့်ဓားစွမ်းအင်ကို ဖန်ဆင်းလိုက်ပြန်သည်။ ပထမအကြိမ်၏ ဓားစွမ်းအင်နှင့် တူညီသည်ဟုထင်ရသော်ငြား တကယ်တမ်းတွင် ပထမအကြိမ်ထက် များစွာပို၍ အင်အားကြီးမားသည်။
ကောင်းကင်ဘုံကိုးထပ်ကို ထိုးးခွင်းနိုင်စွမ်းသည့် ဘုရင်အာသာ၏လက်စွဲေတာ်ဓားကဲ့သို့သော ဓားစွမ်းအင်သည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်း၍ နေလုံးကိုပါ ဖုံးအုပ်သွားခဲ့သည်။ ကမ္ဘာလောကကြီးတစ်ခုလုံး ဓားစွမ်းအင်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။ နေရာအရပ်ရပ်တိုင်း၌ ထက်ရှလွန်းစွာသော ဓားသွားများ ပြည့်နှက်တည်ရှိနေလေရာ မြင်ရသူတိုင်းကို တုန်လှုပ်စေနိုင်၏။
ပထမအကြိမ်တိုက်ခိုက်မှုကို ချန်ခွမ်းဧကရာဇ်အဆင့်တိုက်ခိုက်မှုဟု ဥပမာထားသတ်မှတ်ပါလျှင် ဒုတိယအကြိမ်တိုက်ခိုက်မှုကို ချန်ခွမ်းဧကရာဇ်အထွတ်အထိပ်အဆင့်ဟု သတ်မှတ်ရပေမည်။
“ပျော်ရွှင်မှုသေရည်သွန်းလောင်း!”
ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဝမ်ဖုန်း၏ဘေးရှိ စစ်ထူကျုံးမှာ မျက်လုံးများ၌ အလင်းတစ်စဖြတ်ပြေးသွားလျက် လီရှောင်းယောင်းနှင့်ကျန်းမင်တို့၏ရှေ့သို့ ရုတ်ချည်း ရောက်သွား၏။ ထို့နောက် သူ၏ခါးထက်မှ သေရည်အိုးကိုဖြုတ်ယူ၍ ပါးစပ်ထဲသို့ လောင်းချလိုက်သည်။
သေရည်ပြင်းပြင်းကို သောက်သုံးပြီးနောက် စစ်ထူကျုံး၏အရှိန်အဝါသည် သိသိသာသာပြောင်းလဲလာခဲ့သည်။ သေရည်၏ပြင်းရှရှရနံ့နှင့်အတူ ခမ်းနားထည်ဝါသောဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။
စစ်ထူကျုံးသည် သေရည်တစ်ငုံကို ပါးစပ်ထဲလောင်းချပြီးနောက် ပြန်ထွေးထုတ်သည်။
ဝှစ်!
ကြည်စင်သောသေရည်သည် ဓားစွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုဓားစွမ်းအင်လှိုင်းများကြောင့် ဓားသွားသည် အလွန်တရာထက်ရှလာခဲ့သည်။ ထို့ပြင် စစ်ထူကျုံး၏ခန္ဓာကိုယ်မှ ထွက်ရှိနေသော ကြီးကျယ်ခမ်းနားသောအရှိန်အဝါသည် ဓားစွမ်းအင်များကို ပို၍အားကောင်းပြင်းထန်စေသည်။
“သွား!”
စစ်ထူကျုံးသည် လက်ကိုဆန့်တန်းဆွဲယူလိုက်ရာ ဓားစွမ်းအင်များအားလုံး စုဝေးလာကြသည်။ ဓားသောင်းချီမှ သူတို့၏ဘိုးဘေးများထံသို့ ပြန်သွားကြသည်ကဲ့သို့ ဧရာမဓားရောင်ခြည်ကြီးဖြင့် လင်းလက်ကာ ပိုင်ဟုန်မှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်သို့ ဦးတည်ပစ်လွှတ်၏။
လွန်ကဲသောထက်ရှမှုကြောင့် လောကကြီးနှစ်ပိုင်းခုတ်ပိုင်းခံလိုက်ရသည့်အလား လေဟာပြင်မှာ ကျဉ်းမြောင်းရှည်လျားသည့် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်သွားသည်။
“ဘုန်း!”
စွမ်းအင်နှစ်ခု ထိပ်တိုက်ထိခတ်သွား၏။ ထိုကြောက်မက်ဖွယ်စွမ်းအင်လှိုင်းကြီးများ ပျံ့နှံ့ရိုက်ခတ်သွားသည့်အရပ်မှာ မွန်မြတ်ဘုံလောကဖြစ်နေ၍ တော်သေးသည်။ ယွမ်ဟွားကောင်းကင်နယ်မြေဖြစ်ပါက ၎င်းယွမ်ဟွားကောင်းကင်နယ်မြေကြီးတစ်ခုလုံး ပျက်စီးသွားမည်ဖြစ်၏။
ပြင်းထန်ကြမ်းကြုတ်သောစွမ်းအင်ကြောင့် မုန်တိုင်းထန်သွားပြီး ပတ်ဝန်းကျင်တွင် ရှိရှိသမျှအရာအားလုံးကို ဖျက်စီးသွားလေသည်။ ယခင်က ထူထပ်နက်နဲသောတောအုပ်ကြီးမှာ မျက်တောင်တစ်ခတ်အတွင်း အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွား၏။ ကမ္ဘာလောကသည် လေထုလွှာပါးတစ်ခုအတွင်း ပြုတ်ကျသွားသည်ကဲ့သို့ မြေဆီလွှာများသည်လည်း လွင့်စင်ကုန်ကြကာ ဖုန်မှုန့်မြူခိုးများ ထူထပ်သွားလေသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ဟန်သွမ့်တောင်တန်းနယ်နိမိတ်အတွင်း ဖြစ်နေခဲ့သည်။ စန်းရိမင်းဆက်အတွင်း၌ဖြစ်ပါက ဤတိုက်ပွဲ၏သက်ရောက်မှုကြောင့် စန်းရိမင်းဆက်၏ကျင့်ကြံသူများစွာတို့မှာ အကြောင်းမဲ့သေဆုံးရပေလိမ့်မည်။
ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအင်နှစ်ခု ထိခတ်သွားကြသည်ဖြစ်ရာ ချန်ခွမ်းအဆင့်ကျင့်ကြံသူအများစုမှာ ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။
ဘုန်း!
ကြောက်မက်ဖွယ် စွမ်းအင်သက်ရောက်မှုအောက်၌ စစ်ထူကျုံးမှာ ရုတ်ချည်းလွင့်စင်ထွက်သွားရပြီး သွေးတစ်ပွက်အန်ထွက်သွား၏။ လေဟာပြင်ထက်တွင် အကြိမ်ပေါင်းများစွာလည်ပတ်နေပြီးနောက်မှ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲဖြင့် တည်ငြိမ်အောင်ပြန်ထိန်းနိုင်လေသည်။
စစ်ထူရှန်းမှာ စက္ကူတစ်စကဲ့သို့ မျက်နှာဖြူဖျော့နေလျက် နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျနေသည်။ သေရည်အိုးကိုကိုင်ထားသည့် လက်မှာလည်း အနည်းငယ်တုန်ရီနေ၏။ သို့သော် သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါမှာ ကြီးကျယ်ခမ်းနားစွာ တောက်ပနေဆဲပင်။ မျက်လုံးအစုံသည်တော့ ကြောက်ရွံ့ထိတ်လန့်မှု စိုးစဉ်းမျှမရှိနေဘဲ ပိုင်ဟုန်ကို စူးရဲစွာကြည့်နေခဲ့သည်။
“အထင်ကြီးလောက်စရာပဲ!”
ပိုင်ဟုန်သည် မျက်လုံးတို့ကိုမှေးကျဉ်း၍ စစ်ထူကျုံးကိုပြန်ကြည့်ကာ အံ့အားသင့်ဟန်ဖြင့်ပြောသည်။
ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ တိုက်ကွက်တစ်ကွက်ကို ယှဉ်နိုင်ခဲ့၏။ ၎င်းအထုံပါရမီကို ပိုင်ဟုန်သည်လည်း လျစ်လျူမရှုနိုင်ပါချေ။
မွန်မြတ်ဘုံလောကကြီးတစ်ခုလုံး၌ စစ်ထူကျုံးကဲ့သို့သော ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်သည့်စွမ်းရည်ဖြင့် ချန်ခွမ်းသူတော်စင်အဆင့်ဟူ၍ တစ်ယောက်တစ်လေသော်မျှ မရှိနိုင်ပေ။
ထိုစွမ်းရည်ကြောင့်ပင် ကြီးမြတ်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အဆင့် ပိုင်ဟုန်မှာ အလွန်အံ့အားသင့်ခဲ့ရသည်။
“တတိယတစ်ချက်!”
ထို့နောက်တွင် ပိုင်ဟုန်သည် တုံ့ဆိုင်းမှုမရှိ နောက်တစ်ကြိမ် တိုက်ခိုက်ပြန်သည်။ သူ၏မျက်လုံးအစုံမှာ အလင်းတစ်စ တောက်ပသွားလျက် တစ်စုံတစ်ရာကို ဆွဲယူဟန်ပြုလိုက်သည်တွင် ပါးလွှာသောဓားရောင်ခြည်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
၎င်းဓားရောင်ခြည်သည် လက်တစ်ဖဝါးခန့်မျှသာ ရှိသည်ဖြစ်သော်ငြား ထက်ရှမှုသည်တော့ စစ်ထူကျုံးတို့သုံးဦးကို အထိတ်တလန့် မျက်မှောင်ကြုတ်မိစေခဲ့သည်။ ဓားရောင်ခြည်အနီးရှိ လေဟာပြင်မှာ ဓားရောင်ခြည်၏စွမ်းအင်ကို ခံနိုင်ရည်မရှိသောကြောင့် အဆက်မပြတ် ပြိုကွဲပျက်စီးကုန်ကြသည်။
ပိုင်ဟုန်၏ ဤတစ်ကြိမ်တိုက်ခိုက်မှုစွမ်းအင်သည် သေချာပေါက် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ဒုတိယအဆင့်ဖြစ်သည့် ဧကရာဇ်နှလုံးသားအဆင့် ရှိပေလိမ့်မည်။
“တိုက်!”
စစ်ထူကျုံး၊ လီရှောင်းယောင်းနှင့် ကျန်းမင်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဟစ်ကြွေးကြ၏။
သူတို့သုံးဦးသည် တူညီသောရင်းမြစ်မှ ဆင်းသက်လာကြသူများဖြစ်ပြီး ရှုရှန်းဂိုဏ်း၏ ထိပ်တန်းကျင့်ကြံသူများဖြစ်ကြသည်။ စစ်ထုကျုံးနှင့် ကျန်းမင်သည် မျိုးဆက်တစ်ခုတည်း ဖြစ်၍ လီရှောင်းယောင်သည် စစ်ထူကျုံး၏တပည့်ဖြစ်သည်။
ဤတစ်ကြိမ်တွင် သုံးဦးလုံး တစ်ပြိုင်နက်တည်း စွမ်းအင်ပေါက်ကွဲထုတ်လွှတ်ကြသည်။ စစ်ထူကျုံးမှ ပျော်ရွှင်မှုသေရည်အိုး၊ လီရှောင်းယောင်မှ နတ်ဓား၄လက်၊ ကျန်းမင်မှ နတ်ဆိုးမိစ္ဆာသို့ကျရောက်ခြင်းတို့ဖြင့် အသီးသီး ခုခံတိုက်ခိုက်ရန်လှုပ်ရှားကြသည်။
သုံးဦးထံမှ ကြောက်ခမန်းလိလိသော စွမ်းအင်များဖြာထွက်လာ၍ လေဟာပြင်တစ်ခုလုံး တုန်ခါနေ၏။
“ဝမ့်ကျန်းကျွယ့်!”
စစ်ထူကျုံးတို့သုံးဦးတို့ထံမှ မိုးခြိမ်းသံကဲ့သို့သော ဟစ်ကြွေးသံတို့ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၍ ကြီးကျယ်ခမ်းနားလှစွာသော စွမ်းအင်များသည် လောကတစ်ခွင်လုံးကို လေမုန်တိုင်းသဖွယ် ရိုက်ခတ်လွှမ်းခြုံသွားသည်။ သိပ်သည်းသောဓားစွမ်းအင်များ ထွက်ပေါ်လာ၍ သုံးဦး၏ဘေးတွင် မျောလွင့်လှည့်ပတ်နေသည်။ ဓားချီသည်လည်း အလွန်တရာထက်ရှ၏။
၎င်းအင်အားကြီးမားလှစွာသော စွမ်းအင်ကြောင့် ပိုင်ဟုန်၏မျက်လုံးအိမ်တို့ အနည်းငယ်မှေးကျုံ့သွားသည်။ စစ်ထူကျုံးတို့သုံးဦးမှ ထိုမျှသောအင်အားကြီးမားသည့်စွမ်းအင်ကို ထုတ်လွှတ်နိုင်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
မျက်မြင်တွေ့မြင်ရခြင်း မဟုတ်ပါလျှင် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်သုံးဦး၏ ပေါင်းစည်းအင်အားသည် ပျက်သုဉ်းခြင်းဧကရာဇ်နှလုံးသားအဆင့်နှင့် ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။
ဘုန်း!
စစ်ထူကျုံးသုံးဦး၏ လမ်းညွှန်မှုအောက်၌ သိပ်သည်းသောဓားစွမ်းအင်တို့သည် နဂါးအသွင်ဓားစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ပိုင်ဟုန်မှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအင်နှင့် ထိခတ်သွားသည်။
စွမ်းအင်နှစ်ခုထိခတ်သွား၍ ပိုင်ဟုန်၏ အလွန်ထက်ရှသောဓားရောင်ခြည်သည် နဂါးအသွင်ဓားစွမ်းအင်များကို ဆုတ်ဖြဲပစ်လိုက်သည်။ သို့သော် နဂါးအသွင်ဓားစွမ်းအင်မှာ အဆုံးမဲ့တည်ရှိနေသည့်အလား ထက်ရှသောဓားရောင်ခြည်မှ မည်မျှဆုတ်ဖြဲနေသည်ဖြစ်စေ ရုတ်ချည်းပြန်လည်ကောင်းမွန်လာသည်။
ဘုန်း!
ကျယ်လောင်သောအသံကြီးနှင့်အတူ စွမ်းအင်နှစ်ခုပေါက်ကွဲသွားသည်။ စစ်ထူကျုံးတို့သုံးဦးမှာ လွင့်ထွက်သွားပြီး မြေပြင်သို့ပြုတ်ကျသွားကာ ပြုတ်ကျရာနေရာ၌ တွင်းနက်ကြီးသုံးခု ဖြစ်တည်သွားခဲ့သည်။