← Chapters

မွန်မြတ်သောစန်းရိမြို့တော်သို့ဆိုက်ရောက်

Vol. 38 Ch. 528

မွန်မြတ်သောစန်းရိမြို့တော်သို့ဆိုက်ရောက်

Vol. 38 Ch. 528

Translator - Hsue Htet

“သွား!”

ပိုင်ဟုန်သည် လေဟာပြင်ထက်တွင်ရပ်၍ လက်ကိုဝှေ့ယမ်းကာ ခပ်ဖျော့ဖျော့ပြောလိုက်သည်။

ဝမ်ဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းနေသည်။ ဝမ်ဖုန်းသည် ပိုင်ဟုန်ကို ကြည့်နေ၏။ ဝမ်ဖုန်း ပိုင်ဟုန်ကို နားမလည်ပေ။ သူ့ရဲ့ တိုက်ခိုက်မှုသုံးချက်ကိုလက်ခံခိုင်းဖို့အတွက်နဲ့ပဲ သူ့ကိုလမ်းမှာ လာတားတာလား? သူ့ရဲ့အင်အားကို ပြသဖို့အတွက်နဲ့လေ?

လေးကန်နေသည့် စစ်ထူကျုံးတို့သုံးဦးကို ဝမ်ဖုန်း လှည့်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်း၏မျက်နှာမှာ အနည်းငယ်‌မည်းမှောင်သွား၍ ပြောလိုက်သည်။

“ဧကရာဇ်ကြီးဗျ ကျုပ်ရဲ့ဒီတစ်ချက်ကိုလည်း အကဲခတ်ပေးပါဦး”

စကားပြီးဆုံးသည်နှင့် သန်မာထွားကြိုင်းသောပုံရိပ်ကြီးတစ်ခု ဝမ်ဖုန်း၏ဘေး၌ ထွက်ပေါ်လာခဲ့ကာ ‌နတ်ကျောက်ဓားသည် သပ်ရပ်တိပစွာဖြင့် ခုတ်ပိုင်း၏။

ဘုန်း!

‌အင်အားကြီးမားလှစွာသော ဓားရောင်ခြည်သည် လေလှိုင်းလုံးများထန်သွားစေကာ ပိုင်ဟုန်ထံသို့ ကြောက်မက်ဖွယ်အရှိန်နှုန်းဖြင့် ခုတ်ပိုင်းသည်။ တွင်းပေါက်နက်ကြီးတစ်ခု ဖြစ်တည်သွားစေမည့်ကဲ့သို့ ဆုတ်ဖြဲခုတ်ပိုင်းကာ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ပိုင်ဟုန်ရှေ့သို့ ကျရောက်လေသည်။

၎င်းဓားရောင်ခြည်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်နှင့် ညီမျှသည်။

၎င်းဓားရောင်ခြည်၏ပိုင်ရှင်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အစောင့်အရှောက်၂ ရှီကန်တန့်ဖြစ်သည်။

ရှီကန်တန်ရောက်လာပြီးနောက် ဝမ်ဖုန်းသည် စစ်ထူကျုံးတို့သုံးဦးနှင့်အတူ တုံ့ဆိုင်းမှုမရှိ ထွက်ခွာသွား‌သည်။ ပိုင်ဟုန်နှင့် မတိုးသာ မဆုတ်သာအခြေအနေကြီး၌ ဝမ်ဖုန်း ဆက်လက်မရှိလိုပေ။ ရှီကန်တန့်ကို လှုပ်ရှားစေခဲ့သည့်အကြောင်းရင်းမှာ ပိုင်ဟုန်၏‌ မောက်မာထောင်လွှားမှုနှင့် မညှိနှိုင်းလိုသောကြောင့်သာဖြစ်၍ ဟန်ပြတိုက်ခိုက်စေခဲ့ခြင်းသာ ဖြစ်သည်။

သေချာပေါက်ပင် ပိုင်ဟုန်မှ ရန်လိုသည့်သဘောထား ပြသလာခဲ့ပါလျှင်လည်း ဝမ်ဖုန်းအနေဖြင့် ရှီကန်တန့်အား ပိုင်ဟုန်ကို မည်သို့ပြုမူသင့်ကြောင်း သင်ပြခွင့်ပေးရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။

ရှီကန်တန့်၏ကျင့်ကြံဆင့်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဟု ထင်ရသော်ငြား သူ၏တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် နိယာမဧကရာဇ်အဆင့်နှင့် ယှဉ်ပြိုင်ရန်လုံလောက်သည်။ ပိုင်ဟုန်သည် ထိုမျှအင်အားကြီးမားမည်ဟု ဝမ်ဖုန်း မယုံကြည်ပေ။ သို့ဖြစ်ပါလျှင် မွန်မြတ်ဘုံလောက၏ ခုနစ်ပြည်ထောင်၌ ခုခံဟန့်တားနိုင်စွမ်း ရှိခဲ့မည်မဟုတ်ပေ။

သို့သော်ငြား ပိုင်ဟုန်သည် ရှီကန်တန့်၏ဓားရောင်ခြည်ကြောင့် ထိခိုက်မှုမရှိသည့်အပြင် လက်တစ်ချောင်းတည်းဖြင့် ဖမ်းယူလိုက်ခြင်းကိုမူ ထွက်သွားခဲ့ပြီးသည့် ဝမ်ဖုန်းတို့ မသိလိုက်ကြပေ။

“အရှိန်အဝါက မသေးငယ်ဘူး ဒါပေမဲ့ အလားအလာကတော့ တကယ်အဆုံးမဲ့တယ်”

“သူကိုယ်တိုင်လည်း ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ဖြစ်တဲ့အပြင် သူ့အနားမှာ အဆုံးမဲ့အလားအလာရှိတဲ့ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့် အဖော်ပြုစောင့်ရှောက်သူသုံးယောက်လည်းရှိတယ်။ ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်တစ်ယောက်လည်း ကာကွယ်စောင့်ရှောက်ပေးနေသေးတယ်။ သူက တကယ့်ကို ဘုရင်တစ်ပါးလိုအရှိန်အဝါကို ပိုင်ဆိုင်ထားတာပဲ”

ပိုင်ဟုန်သည် မျက်လုံးအနည်းငယ်မှေးကျဉ်း၍ ဝမ်ဖုန်းတို့ထွက်ခွာသွားသည်ကို စိုက်ကြည့်လျက် လေးလေးနက်နက်တီးတိုးရေရွတ်သည်။

“မင်းတို့ဘုရင်လေးက ဘယ်လိုတွေပြင်ဆင်ထားလဲ ငါကိုယ်တော် မသိဘူး။ အဲဒိီ့ကောင်ရဲ့လှုပ်ရှားမှုတွေက ပိုပိုပြီးမြန်လာနေတာ။ ဒီတိုင်းသာ ဆက်တိုက်ဆက်သွားမယ်ဆို ကောင်းကင်‌တာ့အိုမျိုးနွယ်စုကြီးတစ်ခုလုံး သူ့လက်ထဲကျရောက်သွားဖို့ဆိုတာ အချိန်သိပ်မကြာလောက်ဘူး”

ထူးဆန်းသော သက်ပြင်းရှိုက်ထုတ်သံနှင့်အတူ ပိုင်ဟုန်၏ပုံရိပ်သည် နေရာမှ လွင့်ပါးပျောက်ကွယ်သွား၏။

တစ်ဖက်၌ စန်းရိမြို့တော်သို့ ဦးတည်သွားနေသည့်ဝမ်ဖုန်းသည် ရှီကန်တန့်ကို မေးမြန်းလိုက်သည်။

“အဲဒီ့လူ မင်းရဲ့တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့လား?”

“ခုခံနိုင်ရုံတင်မဟုတ်ဘူး ထိခိုက်ဒဏ်ရာနည်းနည်းမှ မရဘဲ ခုခံနိုင်ခဲ့တာပါ”

ရှီကန်တန်သည် တည်ကြည်လေးနက်စွာ‌ ဖြေကြားပြီးနောက် ပျောက်ကွယ်သွားလေသည်။

ဝမ်ဖုန်း မျက်လုံးအိမ်တို့မှေးကျုံ့သွား၍ တစ်ကိုယ်လုံး တုန်လှုပ်သွား၏။ ပိုင်ဟုန်က ဘာလို့ဒီလောက်တောင် အင်အားကြီးမားရတာလဲ? သူသာ တကယ် ရန်ပြုလိုစိတ်ရှိရင် ရှီကန်တန့်လည်း သူ့ကိုမတားနိုင်လောက်ဘူးပဲ။ ကံကောင်းထောက်မစွာဖြင့် ပိုင်ဟုန်သည် သူ၏အင်အားကိုစစ်ဆေးလိုခြင်းသာဖြစ်ခဲ့လေသည်။

စင်စစ်သော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး၏ရှေ့မှောက်၌ မိမိမှာ မောက်မာထောင်လွှားနိုင်ခြင်း မရှိသေးကြောင်းကို နားလည်သွားရသည်တွင် ဝမ်ဖုန်းမှာ မင်သက်သွားရသည်။

“စနစ် ပိုင်ဟုန်ရဲ့အချက်အလက်တွေကို ကြည့်လို့ရမလား?”

ခဏမျှတွေးတောပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှမေးလိုက်သည်။

“ဒင်! ပိုင်ဟုန်ရဲ့အချက်အလက်ကို စစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်၁၀၀ဘီလီယံ လိုအပ်ပါတယ်။ စစ်ဆေးပါမလား?”

အဲ့လောက် ညစ်ရလားဟ!

ဝမ်ဖုန်းမှာ စနစ်ကို စိတ်ပျက်လွန်းသည့်တိုင် အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

“စစ်ဆေးမယ်”

မည်သို့ပင်ဖြစ်စေ သူ့၌ ဂိုဏ်းအမှတ်ထရီလီယံရှိ၏။ ၁၀၀ဘီလီယံခန့်အသုံးပြုခြင်းမှာ မဖြစ်စလောက် ပမာဏလေးပင်။ ယခုအချိန်၌ ပိုင်ဟုန်၏အင်အားကို သိရှိရခြင်းသာလျှင် အရေးကြီး‌ဆုံးကိစ္စရပ်ဖြစ်သည်။

“ဒင်! စစ်ဆေးရန်အတွက် ဂိုဏ်းအမှတ်၁၀၀ဘီလီယံ အသုံးပြုလိုက်ပါပြီ”

“ကောင်းကင်တာ့အိုမျိုးနွယ်စု မျိုးနွယ်ခွဲ ကောင်းကင်မျိုးနွယ်စု၏ ဂိုဏ်းတပည့်ကြီး၊ ကျင့်ကြံဆင့်- ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်ဖြစ်ပါတယ်”

“ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်?”

စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်းမှာ နှလုံးအိမ်ထိတိုင် တုန်လှုပ်သွားရသည်။ ပိုင်ဟုန်၏ကျင့်ကြံဆင့်မှာ ဧကရာဇ်ဘိုး‌ေဘးအထွတ်အထိပ်အဆင့်ဖြစ်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိပေ။

ရှီကန်တန့်သည် ဘုံနန်းရှင်ဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ရာ အဆင့်၅ဆင့်ကွာခြား၏။ ကောင်းကင်နှင့်မြေကြီးတမျှ ကွာခြားသည်ဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။ မဟုတ်သေး.. ကောင်းကင်နှင့်မြေကြီး၏ ကွာခြားမှုထက်ပင် ပို၍ကွာခြားမှု ကြီးမားပေသည်။

ဝမ်ဖုန်းမှာ မိမိကိုယ်ကို ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ပိုင်ဟုန်မှ အမှန်တကယ် ရန်လိုခြင်းမရှိ‌၍ တကယ်ကံကောင်းပေသည်။ သို့မဟုတ်ပါက ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးများကို ဆင့်ခေါ်လျှင်သော်မှ ပိုင်ဟုန်နှင့် ယှဉ်ပြိုင်နိုင်ရန် မသေချာပေ။

သို့သော် ဝမ်ဖုန်း အနည်းငယ် ရှုပ်ထွေးနေ၏။ ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် မွန်မြတ်ဘုံလောက၏ လက်ရှိအခြေအနေအရ ပိုင်ဟုန်သည် အဘယ်သို့်များ သူ့အပေါ် ဤသို့သော သဘောထားမျိုး ရှိနေခဲ့သနည်း။ ကောင်းကင်တာ့အိုမျိုးနွယ်စုနှင့် အားကောင်းသည့်လူသားမျိုးနွယ်စုတို့ ဆုံတွေ့လျှင် တိုက်ခိုက်သတ်ဖြတ်ခြင်းမှအပ အခြားရလဒ် မရှိနိုင်သည် မဟုတ်ပါလော။

အချိန်ခဏကြာစဉ်းစားနေပြီးနောက် ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်၍ ဆက်မစဉ်းစားတော့ပေ။ ပိုင်ဟုန်မှ ရန်လိုခြင်းမရှိသည်ဖြစ်ရာ စနစ်၏အဆင့်မြှင့်တင်ရန်အတွက် လိုအပ်ချက်များသည်လည်း သူ့ထံမှ ဖြစ်တည်လာနိုင်ပေသည်။

နောက်တစ်ကြိမ်ဆုံတွေ့တော့မှပဲ ကြိုးစားဖော်ထုတ်ကြည့်တာပေါ့လေ။

၁၅မိနစ်ခန့်ကြာမြင့်ပြီးနောက် ဝမ်ဖုန်းတို့သည် ဧရာမသားရဲကြီးကဲ့သို့သော စန်းရိမြို့တော်ကို ဝိုးတဝါးမြင်တွေ့ရလေပြီ။ မြို့တော်၏ပုံရိပ်သည် တစ်ချက်အကြည့်၌ပင် လူကိုအံ့အားသင့်စေနိုင်စွမ်း၏။

ဝမ်ဖုန်းသည်ပင် မထိန်းချုပ်နိုင်စွာ အသက်ပြင်းပြင်းရှူထုတ်လိုက်မိရသည်။ ဤမြို့တော်သည် မွန်မြတ်ဘုံလောက၏ မြို့တော်ခုနစ်မြို့ထဲမှ တစ်မြို့အပါအဝင်ဖြစ်ရန် ထိုက်တန်လှ၏။

ဝမ်ဖုန်းတို့သည် လေဟာပြင်မှ ဝင်မသွားဘဲ မြေပြင်သို့ဆင်းသက်၍ ဂိတ်တံခါးမှ ဝင်ရောက်ခဲ့ကြသည်။ မြို့တော်၏အခြေအနေကို အကဲခတ်ရန်အတွက် သူတို့ဝင်ရောက်လာခြင်းကို ထင်ထင်ပေါ်ပေါ် မဖြစ်စေလိုပေ။

လမ်းတစ်လျှောက်၌ ညအချိန်အလား အထူးတလည် ထုထွင်းပြုလုပ်ထားသော ကျောက်စိမ်းမီးအိမ်များကို ချိတ်ဆွဲထားသည်။ ‌တောက်ပသည့်အလင်းတို့ဖြင့် မြို့တော်တစ်ခုလုံးကို လွှမ်းခြုံ‌ထားသည်မှာ အလွန်ခမ်းနားထည်ဝါလှပေသည်။

ရှေးဟောင်းနယ်မြေမှ ထွက်ခွာလာခဲ့ချိန်မှစတင်၍ ဝမ်ဖုန်းမှာ ဤသို့သက်ဝင်လှုပ်ရှားနေသည့်လေထုကို အေးချမ်းစွာ မခံစားနိုင်ခဲ့သည်မှာ အတော်ကြာမြင့်‌ခဲ့လေပြီ။

ဝမ်ဖုန်းနှင့်အခြားသူများမှာ ချောမောခန့်ညား၍ ထည်ဝါကြသူများဖြစ်ရာ လမ်းထဲသို့ လျှောက်လာချိန်တွင် အနီးဝန်းကျင်ရှိ ကျင့်ကြံသူများစွာတို့၏အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ အများစုမှာ အမျိုးသမီးကျင်ကြံသူများ ဖြစ်ကြသည်။

ဝမ်ဖုန်းတို့သာလျှင် မည်သူ့ကိုမျှ အာရုံမထားဘဲနှ့င် မြို့တော်၏ သက်ဝင်လှုပ်ရှားသည့်ညရှုခင်းကို ခံစားနေကြလေသည်။

“ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေက တကယ်အံ့ချီးဖွယ်ပဲ။ မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်ကို ဆက်တိုက်ပဲ ကျော်ဖြတ်သွားလိုက်ကြတာ။ အခုတော့ သူတို့က စန်းရိမြို့တော်မှာ လုံးဝနာမည်ကျော်ကြားနေကြပြီ”

“အဲဒါအမှန်ပဲလား? ရှန်ရှန့်ကျုံဂိုဏ်းက တကယ်တော့ ပျက်သုဉ်းခြင်းဧကရာဇ်အဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေရဲ့ဂိုဏ်းဆိုတာလေ။ တကယ်သာဆို အင်မတန်ကို ကြောက်ဖို့ကောင်းလောက်အောင် အင်အားကြီးမားတာပဲ။ အဲ့ဒီလိုပါရမီရှင်ဂိုဏ်းတပည့်တွေကို လေ့ကျင့်မွေးထုတ်ပေးနိုင်တာ မထူးဆန်းတော့ပါဘူး”

“ကျုပ်တော့ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ကြုံတွေ့ခွင့်ရဖို့မျှော်လင့်တယ်။ ကျုပ်က အဲဒီ့လီချင်းတို့လိုအဆင့်ထိ မကောင်းမွန်နိုင်ရင်တောင် ခုထက်တော့ အများကြီးတိုးတက်နိုင်လောက်မှာပဲ ဟုတ်တယ်မလား?”

“အိပ်မက်,မက်မနေနဲ့။ မင်းရဲ့အရည်အချင်းလောက်နဲ့များ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်နေသေးတယ်?!”

ဝမ်ဖုန်းတို့သည် ကြီးမားသောရှေးဟောင်းလမ်းမထက်တွင် လျှောက်လှမ်းနေကြစဉ် ဆွေးနွေးပြောဆိုနေသံများကို တစ်ချက်တစ်ချက် ကြားနေရသည်။ ထိုဆွေးနွေးပြောဆိုသံများကြောင့် ဝမ်ဖုန်း ပြုံးမိ၏။ လီချင်းတို့သည်လည်း ဂုဏ်သတင်းကျော်ဇော၍ စနစ်သည်လည်း ၎င်းကြောင့် အဆင့်မြင့်တက်နိုင်ခဲ့သည်။

ကြည့်ရသည်မှာ အနာဂတ်၌ လီချင်းတို့လက်ရွေးစင်တပည့်များကို အပြင်သို့စေလွှတ်၍ အခွင့်လမ်းများပြုလုပ်စေသင့်ပေသည်။

“ဒါပေမဲ့ ကြမ်းကြုတ်ခက်ထန်တဲ့သူ‌တချို့က ‘လီချင်းတို့က ကံကောင်းသွားရုံပဲ၊လီချင်းတို့ရဲ့အင်အားက ‌ထုတ်ဖော်ပြောဆိုဖို့ မထိုက်တန်ဘူး'လို့ တွေးကြတယ်။ တချို့တွေဆို သူတို့ကို ခြေနင်းပြားအဖြစ် အသုံးချဖို့တောင် စီစဉ်နေကြပြီ”

“အို? အဲဒီ့ကြမ်းကြုတ်ခက်ထန်တဲ့သူတွေဆိုတာ ဘယ်သူတွေများလဲ?”

“ကျုပ် မပြောနိုင်ဘူး! မပြောနိုင်ဘူး! ဒါပေမဲ့ ဟုတ်တယ်။ အဲဒီ့လီချင်းတို့က မွန်မြတ်ခြင်းခုနစ်ပါးစေတီကိုးထပ်ကို ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ချန်ခွမ်းဥပေက္ခာအဆင့်ကိုတောင် ရောက်သေးတာမဟုတ်ဘူး။ အဲ့တော့ လူတွေကို အထင်မြင်သေးစေတာပေါ့”

ထိုအခိုက်တွင်တော့ ၎င်းဆွေးနွေးပြောဆိုသံများသည် ဝမ်ဖုန်းကို အေးစက်သွားစေခဲ့သည်။

All Chapters