← Chapters

မြူခိုးထုပျောက်ကွယ်

Vol. 38 Ch. 530

မြူခိုးထုပျောက်ကွယ်

Vol. 38 Ch. 530

Translator - Hsue Htet

နက်စွေးတောက်ပသည့် ခန်းမဆောင်ထဲ၌ မွန်မြတ်ဘုံလောက၏ မရဏမျိုးနွယ်စုခေါင်းဆောင်မင်ကုန်းသည် သူ၏ပေ၃၀ကျော်ခန္ဓာကိုယ်ကြီးဖြင့် မြေပြင်ထက်တွင် ဒူးထောက်နေ၏။ မင်ကုန်းသည် မြေပြင်ထက်တွင် ဒူးထောက်နေသည့်တိုင် သာမန်လူတစ်ယောက်ထက် အရပ်ပိုရှည်နေဆဲဖြစ်သည်။

သို့သော်ငြား ခမ်းနားထည်ဝါ၍ တုနှိုင်းမဲ့ဟန်ဝံ့ကြွားနေသင့်သော မင်ကုန်းသည် ချွေးစေးများ အလွန်အမင်းစီးကျနေလျက် ကြောက်ရွံ့‌ထိတ်လန့်နေလေသည်။

မင်ကုန်း၏ရှေ့ရှိ မင်ကုန်း၏နေရာဖြစ်‌သင့်သော ပလ္လင်ထက်တွင် ပုံရိပ်ယောင်တစ်ခုထိုင်နေသည်။ ၎င်းပုံရိပ်ယောင်မှာ မည်သည့်အရှိန်အဝါမျှ ထုတ်လွှတ်ခြင်းမရှိသော်ငြား ခန်းမဆောင်မှာ အလွန်တရာ စိတ်ညည်းညူဖွယ်အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေလေရာ လူကိုမွန်းကြပ်စေသည်။

“အရှင်သခင်ကန်း ကိုယ်တိုင်ရောက်လာတာ ဘာများညွှန်ကြားစရာ ရှိလို့ပါလဲ?”

မင်ကုန်းမှ ဦးမော့၍ သိချင်စိတ်ပြင်းပြစွာမေးသည်။

သာမန်လူတစ်ယောက်၏ အရွယ်အစားဖြစ်သော ၎င်းပုံရိပ်ယောင်သည် ကောင်းကင်တာ့အိုမျိုးနွယ်စုမှ မဟုတ်သည်မှာ သိသာထင်ရှားလွန်းသည့်တိုင် မင်ကုန်းကို ထိတ်လန့်တုန်လှုပ်စေပေသည်။

“လတ်တလော မွန်မြတ်ဘုံလောကမှာ မူမမှန်တဲ့ကိစ္စရပ်တွေ ဖြစ်ပွားသေးလား?”

အလွန်သိမ်မွေ့နူးညံ့သောအသံသည် ခန်းမထဲ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ရာ မင်ကုန်းမှာ တုန်ရီသွားရသည်။ ထို့နောက် ရှုပ်ထွေးနေ၏။

မင်ကုန်း တွေးထားခဲ့သည်မှာ လူအစစ်မဟုတ်သည့်တိုင် ၎င်းလူကြီးမင်းကိုယ်တိုင် ထွက်ပေါ်လာလေရာ သေချာပေါက် ကိစ္စကြီးတစ်ခုဖြစ်လိမ့်မည်ဟူ၍ဖြစ်သည်။ သို့သော် မျှော်လင့်မထားစွာဖြင့် မွန်မြတ်ဘုံလောက၏ လတ်တလောအခြေအနေကို မေးမြန်းခြင်းသာ ဖြစ်နေခဲ့သည်။

“မူမမှန်တဲ့ကိစ္စ မရှိပါဘူး။ ရှိမယ်ဆိုရင်တော့ ရှန်ရှန့်ကျုံဂိုဏ်းလို့အမည်ရတဲ့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတစ်ဂိုဏ်းက နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမကို ဖျက်ဆီးလိုက်တဲ့ကိစ္စပဲ ရှိပါလိမ့်မယ်”

မင်ကုန်းမှ အချိန်ခဏမျှစဉ်းစား‌ပြီးနောက် ပြောသည်။

“ရှန်ရှန့်ကျုံဂိုဏ်း?”

“ဟုတ်ပါတယ်”

“ရှန်ရှန့်ကျုံဂိုဏ်းက မွန်မြတ်ဘုံလောကမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခုပါ။ အရင်တုန်းက ဂုဏ်သတင်းမကြီးမားခဲ့ပေမယ့် မွန်မြတ်ဘုံလောကရဲ့ အင်အားအကြီးမားဆုံး လူသတ်အဖွဲ့အစည်းလို့ သတ်မှတ်နိုင်တဲ့ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမကို စိန်ခေါ်ဝံ့ခဲ့ပါတယ်”

မင်ကုန်းမှ အလျင်အမြန်တုံ့ပြန်သည်။

“ကြည့်ရတာ အချိန်တန်ပြီပဲ”

ပုံရိပ်မှ ခပ်ဖျော့ဖျော့ရေရွတ်သည်။ မင်ကုန်းသည်တော့ တောင့်ခဲနေ၏။။ ထို့‌နောက်မေးမြန်းသည်။

“ဘာကိုလဲဗျ?”

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့နေရာကိုသိပြီလား?”

ပုံရိပ်သည် မင်ကုန်း၏အမေးကို လျစ်လျူရှု၍ ဆက်လက်မေးမြန်းသည်။

“ရှန်ရှန့်ကျုံဂိုဏ်းရဲ့‌ ဂိုဏ်း‌ေနရာကို ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ ရှန်ရှန့်ကျုံဂိုဏ်းတပည့်တွေအများကြီးက စန်းရိမြို့တော်ကို ရောက်နေပါတယ်။ ကျုပ်တို့မရဏမျိုးနွယ်စု မျိုးဆက်သစ်တပည့်တွေနဲ့ အတူတူနီးပါးပါပဲ”

မင်ကုန်းသည် ထပ်မံမေးခွန်းမထုတ်ဝံ့သောကြောင့် အချိန်ခဏမျှတွေးတောစဉ်းစား၍ ပြန်လည်ဖြေကြားသည်။

“အရင်ဆုံး ကျူးကျော်မှုကို ခဏထားလိုက်ဦး။ အခု ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ကို အာရုံစိုက်ထား”

ပုံရိပ်၏စကားကြောင့် မင်ကုန်း၏မျက်နှာအမူအရာ တောင့်ခဲသွား၏။ မေးခွန်းထုတ်ရန် ပါးစပ်ဖွင့်ဟလိုက်သော်ငြား စကားလုံးတို့မှာ ခံတွင်းဝသို့ ရောက်ရှိလာခဲ့ပြီးနောက် မမေးမြန်းဝံ့တော့ချေ။

ဤလူကြီးမင်း၏ပုံရိပ်ယောင်သည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်ရန်အတွက် အထူးတလည် လာရောက်ခဲ့ခြင်းဖြစ်ခဲ့မည်ဟု မင်ကုန်း မျှော်လင့်မထားခဲ့မိပေ။

ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုနတ်ဘုရားမျိုးမလို့ အရှင်သခင်ကန်းကို ပုံရိပ်ယောင်နဲ့ ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးစေနိုင်ရတာများလဲ? ဒီလူကြီးမင်းရဲ့ ကြောက်မက်ဖွယ်အင်အားကြီးနဲ့ဆို အတွေးတစ်ချက်နဲ့တောင် မွန်မြတ်ဘုံလောကတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်မှာ စိုးရိမ်ရတာကိုလေ?!

“တခြားမျိုးနွယ်စုတွေကိုပါ အတူတူလှုပ်ရှားခိုင်း။ ရှန်ရှန့်ကျုံဂိုဏ်းကို လျှော့မတွက်နဲ့။ မင်းတစ်ယောက်တည်းရဲ့အင်အားနဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမက မင်းနဲ့အတူပူးပေါင်းလုပ်ဆောင်လိမ့်မယ်”

ပုံရိပ်ယောင်မှ ဆက်ပြောသည်။ သို့သော် မင်ကုန်းသည်တော့ ပို၍တုန်ရီလာရသည်။

အရှင်သခင်ကန်းသည် ကောင်းကင်ကို လက်တစ်ဖက်ဖြင့်ဖုံးအုပ်နိုင်စွမ်းသော တည်ရှိမှုကြီးဖြစ်သည်။ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသည်ပင် အရှင်သခင်ကန်း၏လူဖြစ်၏။ သို့သော် ထိုသို့သောအရှင်သခင်ကန်းသည် ရှန်ရှန့်ကျုံဂိုဏ်းကို အတည်ကြီး အလေးအနက်ထားနေပေသည်။

မင်ကုန်း အသိဝင်လာချိန်တွင် အရှင်သခင်ကန်း၏ပုံရိပ်ယောင်မှာ ဘယ်တုန်းကမှ မတည်ရှိခဲ့ဖူးသည့်အလား ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။

မင်ကုန်း စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ရှူထုတ်လိုက်သည်။ ၎င်းမှာ အရှင်သခင်ကန်း၏ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်ငြား ပျက်သုဉ်းခြင်းဧကရာဇ်အဆင့်ကျင့်ကြံသူဖြစ်သည့် မင်ကုန်းကို ဖိအားခံစားရစေမြဲပင်။ ထို့နောက်တွင် မရဏအရှိန်အဝါများ ပြည့်နှက်နေသော သူ၏မျက်လုံးအိမ်များ၌ အေးစက်သည့်အလင်းတစ်စ တောက်ပသွား၏။

“ရှန်ရှန့်ကျုံဂိုဏ်းတဲ့လား ဟက်!”

မင်ကုန်းအတွက်မူ ဤသည်မှာ အမြင့်သို့တက်လှမ်းရန် အခွင့်အရေးတစ်ခုဖြစ်သည်။ အရှင်သခင်ကန်း မိန့်ပေးခိုင်းစေသည့်ကိစ္စရပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ပါလျှင် အရှင်သခင်ကန်းမှ မိမိအား ကြည့်ရှုလာမည်ဖြစ်သည်။ အရှင်သခင်ကန်း၏လက်ဖျားမှ ထုတ်လွှတ်အပ်သည့် မည်သည့်အရာဖြစ်စေ မင်ကုန်းအတွက် အကျိုးဖြစ်ထွန်းနိုင်၏။

အရှင်သခင်ကန်း၏ နှုတ်ဖျားမှ စကားတစ်ခွန်းဖြင့်ပင် မရဏမျိုးနွယ်စုမှ သူ၏အဆင့်အတန်းသည် အလွှာပေါင်းများစွာ မြင့်တက်သွားနိုင်သည်။

မင်ကုန်းမှာ တွေးတောလေလေ ပို၍စိတ်လှုပ်ရှားလေလေဖြစ်၏။ ထို့နောက် ခန္ဓာကိုယ်ကိုလှုပ်ရှားမှုတစ်ချက်နှင့်အတူ ခန်းမထဲမှ ပျောက်ကွယ်သွားသည်။ ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရင်ဆိုင်ရန် ပြင်ဆင်ရမည်မဟုတ်ပါလော။ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတည်နေရာကို ရှာဖွေမရနိုင်လေရာ အရင်ဆုံး ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို ခေါ်ယူထားလိုက်ပေမည်။

…

တစ်ချိန်တည်း၌ လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခု၏ ကောင်းကင်ထက်တွင် နက်စွေးတောက်ပသော ရှေးဟောင်း‌ရဲတိုက်ကြီးတစ်ခု ရှိနေသည်။ ၎င်းနက်စွေးတောက်ပသောရဲတိုက်ကြီးသည် သက်ဝင်လှုပ်ရှားမှုကင်းမဲ့သော တစ္ဆေတစ်ကောင်အလား တည်ရှိနေ၏။ တစ်ချက်တစ်ချက် စူးရှတောက်ပလာသော နက်စွေးသည့်အလင်းတန်းသည်လည်း အေးစက်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။

၎င်းရဲတိုက်ကြီး၏ခန်းမဆောင်ထဲတွင် အနက်ရောင်ဝတ်ရုံလွှားခြုံထားသည့် ထွားကြိုင်းသန်မာသည့်လူတစ်ဦးသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ ရပ်နေသည်။ နီစွေးသောမျက်လုံးအစုံသည် အနက်ရောင်ဦးဆောင်း၏အောက်၌ တောက်ပနေ၏။

“ငါ့ရဲ့မျိုးနွယ်စုခွဲကို ဖျက်ဆီးရဲတယ်။ သေချင်နေတာပဲ!”

ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည့် အသံနှင့်အတူ ခန်းမ၏အပူချိန်သည်လည်း ရုတ်ချည်းကျဆင်းသွား၏။ ခန်းမဆောင်၏တိုင်လုံးများမှာ ရေခဲတစ်လွှာဖုံးလွှမ်းသွားရလေသည်။

“ဟုတ်… ဟုတ်ကဲ့ပါ အရှင်သခင်! ဒီအစေအပါး နားလည်ပါပြီ”

ထိုအခိုက်တွင် ၎င်းထွားကြိုင်းသန်မာသည့်လူကြီးသည် တစ်ကိုယ်လုံးတုန်ယင်သွားလျက် အလွန်အမင်း ရိုကျိုးစွာဖြင့် ထပ်ခါထပ်ခါခေါင်းညိတ်ဖြေကြားလေသည်။

ထိုလူကြီး၏ ဤမျှရို‌ကျိုးနေသောမြင်ကွင်းကို အခြားသူမှမြင်တွေ့ရပါလျှင် သေ‌ချာပေါက် ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။ ထိုလူကြီးမှာ မွန်မြတ်ဘုံလောက၏ မရေမတွက်နိုင်သော စွမ်းအားမြင့်ကျင့်ကြံသူများကို ကြောက်ရွံ့စေခဲ့သည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမသခင်ဖြစ်၏။

သို့သော် ထိုသို့သောပုဂ္ဂိုလ်ကြီးသည် မိမိကိုယ်ကို အစေအပါးဟု ခေါ်တွင်သည်တဲ့? ထိုလူကြီးကို ဤမျှနှိမ့်ချရို‌ကျိုးစေသူမှာ အဘယ်သို့သောတည်ရှိမှုဖြစ်ပါအံ့နည်း။

အချိန်ခဏမျှကြာမြင့်ပြီးနောက် လူကြီးသည် ကိုယ်ကိုပြန်လည်ဖြောင့်မတ်လိုက်သည်။ သူ၏နီစွေးသောမျက်လုံးအစုံ၌ ထိတ်လန့်တုန်လှုပ်မှုအချို့ ဖြတ်ပြေးသွား၏။

“ဘယ်လိုလုပ်ပြီး အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းအတွက် အရှင်သခင်ကန်းကိုယ်တိုင် အမိန့်ပေးလာရတာလဲ? ဘယ်လိုအင်အားစုမျိုးမလို့များလဲ?”

“ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးနိုင်ရင် အရှင်သခင်ရဲ့မျက်လုံးထဲ ငါ့ကိုမြင်လာနိုင်မှာပဲလေ။ အဲဒီ့အခါကျ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းမက လူတိုင်းရဲ့အထက်ကို ရောက်သွားတော့မှာ”

ထိုသို့ဆိုပြီးသည်နှင့် ထိူလူကြီးသည် ခန်းမထဲမှ ပျောက်ကွယ်သွား၏။ ထို့နောက် ခဏအကြာ၌ ဤလျှို့ဝှက်ဆန်းကြယ်ရဲတိုက်ကြီး၏ အရပ်မျက်နှာအရပ်ရပ်မှ အနက်ရောင်အလင်းတန်းများ စုဝေးရောက်ရှိလာ၍ ရဲတိုက်ကြီးအတွင်းသို့ စီးဆင်းဝင်ရောက်သွားသည်။

၎င်းအနက်ရောင်အလင်းတန်းတစ်ခုချင်းစီ၌ စီးဝင်ပျံ့နှံ့နေသောအရှိန်အဝါသည် အလွန်တရာအံ့ချီးဖွယ်ကောင်းလှပေသည်။

…

တစ်ချိန်တည်း၌ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ လျှို့ဝှက်ဆန်းကြယ်သောတစ်နေရာတွင် ယဲ့မုချင်သည် ပန်းများစွာ၏အကြားတွင် ယိမ်းနွဲ့လျှောက်လှမ်းနေသည်။ ၎င်းလှပစွာယိမ်းနွဲ့လှုပ်ရှားနေသော ပုံရိပ်လေးသည် ပတ်ဝန်းကျင်ရှိ အမြင့်တင့်တယ်လှပသောပန်းများအားလုံး၏ အလှတရားကိုဖိနှိပ်သွား၏။

သူမ၏ဘေးတွင် လူငယ်တစ်ဦးရှိနေသည်။ ထိုနေရာ၌ ဝမ်ဖုန်းရှိနေလျှင် ထိုလူငယ်လေးမှာ ရှေးဟောင်းဗုဒ္ဓနယ်‌ေမြဂိတ်တံခါးဝမှ ယန်လုံဖြစ်သည်ကို သိနိုင်ပေလိမ့်မည်။

“အဲဒီ့လူတွေ ကောင်းကင်တာ့အိုမျိုးနွယ်စုကို အန္တရာယ်ပေးနေတာကို ဒီတိုင်းပဲကြည့်နေတော့မှာလား?”

စန်းယုယန်လုံမှ ဦးညွှတ်လျက်ပြောသည်။

“နှစ်ဖက်ရပ်နေတဲ့သူတွေလည်းရှိနေတာ သူတို့ကိုထိန်းသိမ်းနေလည်း အသုံးမဝင်ဘူး။ သူတို့ကိုယ်တိုင်ရဲ့လက်နဲ့ပဲ ရှင်းရှင်းလင်းလင်းဖြစ်စေတာ ပိုကောင်းတယ်။ အခုချိန်ထိ မယိမ်းမယိုင်ဘဲ တည်မြဲကျန်ရစ်တဲ့သူတွေက ငါ့လူတွေပဲ”

ယဲ့မုချင်၏အသံသည် ပန်းများကြား၌ ပဲ့တင်ထပ်သွားသည်။ ရေပွက်ထသံသဲ့သဲ့ကဲ့သို့၊ မိုးမခပင်ကို လေပြေတိုက်ခတ်သွားသည်ကဲ့သို့၊ နူးညံ့‌စွာနှစ်လိုဖွယ်ကောင်းလှသည်။

သို့သော် ၎င်းနူးညံ့စွာနှစ်လိုဖွယ်ကောင်းလှသည့်အသံ‌သည် စန်းယုယန်လုံ၏ နားထဲသို့ ဝင်ရောက်သွားချိန်တွင်တော့ ယန်လုံ၏နှုတ်ခမ်းစွန်းလေးများသည် ခက်ထန်စွာတွန့်ကွေးသွားလေသည်။ အချိန်များစွာကြာမြင့်သွားသည့်တိုင် ဤမိန်းကလေးသည် ရက်စက်ခက်ထန်နေဆဲပင်။ ဤမိန်းကလေး နူးညံ့သိမ်‌မွေ့သည့် တစ်ခုတည်း‌ေသာအချိန်မှာ အရှင်သခင်၏ရှေ့၌သာ ဖြစ်လိမ့်မည်ထင်ရ၏။

“ထျန်းဟွမ်ရဲ့အစီအစဉ် ဘယ်လိုလဲ?”

ယဲ့မုချင်သည် သူမ၏ရှေ့ရှိ ပန်းပွင့်လေးများကို ပွတ်သပ်နေရင်းဖြင့် နူးညံ့ညင်သာစွာ မေးမြန်း၏။

“မကြာခင်ပဲ”

စန်းယုယန်လုံမှ မျက်လုံးအိမ်တို့မှေးကျဉ်း၍ ခပ်ဖျော့ဖျော့ရေရွတ်သည်။

All Chapters