မြေအောက်ကမ္ဘာ
Vol. 38 Ch. 534
ဘာသာပြန်- The Fate
စစ်ထူကျယ်တို့ကို သတ်ဖြတ်လိုက်ပြီးနောက် ကုချိုးသည် သူတို့၏သိုလှောင်လက်စွပ်များကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။ သူဟာ ၎င်းလက်စွပ်များကို သိမ်းဆည်းခြင်းမရှိဘဲ မြေပြင်ပေါ်သက်ဆင်းလာသော စစ်ထူကျုံးထံ လေးလေးစားစား လက်လွှဲပေးလိုက်သည်။
" မင်းရဲ့အမြင်က တကယ်ကို စူးရှသကိုး"
စစ်ထူကျုံးက ကုချိုးကို ကျေနပ်အားရစွာ စိုက်ကြည့်လိုက်သည်။သူဟာ ချီးကျူးပြောဆိုလိုက်ပြီးနောက် လက်ကို ဝှေ့ရမ်းလျက် ပြောဆိုလိုက်သည်။ " ငါဒါတွေကို မလိုချင်ပါဘူး။ မင်းမှာသာ ဝိုင်ကောင်းကောင်းရှိရင် ဒီလူအိုကြီးကိုပေးအပ်နိုင်တယ်။ ဝိုင်ကောင်းမရှိဘူးဆိုရင်တော့ ထားလိုက်တော့ "
ဤသည်ကိုကြားတော့ ကုချိုးတို့ညီအကိုနှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ သူတို့ဟာ ပြုံးပျော်နေသောမျက်နှာများဖြင့် လေးလေးစားစားဂါရဝပြုလိုက်ပြီး လေးနက်စွာပြောဆိုလိုက်သည်။ " ကျေးဇူးတင်ပါတယ်...အကြီးအကဲစစ်ထူ...အနာဂတ်မှာ ကျွန်တော်တို့ ဝိုင်ကောင်းကောင်းရခဲ့ရင် အကြီးအကဲစစ်ထူအတွက် ကျိန်းသေပေါက် ယူဆောင်လာပေးပါ့မယ်။"
စစ်ထူကျုံးက ခေါင်းညိတ်လိုက်ပြီး ကုချိုးတို့အပေါ် ပို၍ပို၍ ကျေနပ်လာခဲ့သည်။
" အကြီးအကဲစစ်ထူ..အဲ့ဒီကောင်စစ်ထူကျယ်ပြောပုံအရဆိုရင် ဒီနေရာမှာ လျို့ဝှက်အပျက်အစီးလွင်ပြင်တစ်ခု ရှိနေတယ်တဲ့။ ကျွန်တော်တို့ရောက်လာပြီးပြီဆိုမှတော့ ဘာဖြစ်လို့ သွားရောက်မစူးစမ်းကြည့်ရမှာလဲ " ကုချိုးက မနီးမဝေးရှိ လိုဏ်ဂူကြီးကို လက်ညှိုးထိုးပြုံးပြလိုက်ပြီး ပြောဆိုလိုက်သည်။
" ကောင်းပြီ "
စစ်ထူကျုံက တစ်ခဏကြာအောင်တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ ကုချိုးတို့ညီအကိုနှစ်ယောက်ကို ဦးဆောင်၍ လိုဏ်ဂူကြီးရှေ့လမ်းလျှောက်သွားခဲ့သည်။
လိုဏ်ဂူ၏အနီးအနားသို့ ရောက်ရှိလာသည့်အခါ စစ်ထူကျုံး၏မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး လိုဏ်ဂူကို သေသေချာချာ စူးစိုက်ကြည့်လိုက်သည်။မူလက သူသည် အပျက်အစီးလွင်ပြင်အကြောင်းကို များစွာအရေးထားခြင်းမရှိသော်လည်း အခုကြည့်ရတာ ၎င်းလွင်ပြင်က မရိုးရှင်းသည့်ပုံပင်။
အဆိုပါလိုဏ်ဂူကြီးတွင် အစီအရင်များတပ်ဆင်မထားခဲ့သော်လည်း နက်မှောင်လွန်းသောလိုဏ်ဂူ၏ ဝင်ပေါက်ကြီးက လူအများကို ဝါးမြိုနိုင်သည့်သားရဲကောင်ကြီးအလား တွေ့သမျှလူတိုင်းကို ထိတ်လန့်စေနိုင်သည်။
ဒါလေးပဲဆိုပါက စစ်ထူကျုံးကို စိတ်ဝင်စားစေခဲ့မှာမဟုတ်ပါ။စစ်ထူကျုံးသည် သူ၏စိတ်အာရုံကို လိုဏ်ဂူကြီးအတွင်း ထည့်သွင်းခဲ့သော်လည်း ချန်ခွမ်းသူတော်စင်အဆင့် ကျင့်ကြံမှုဖြင့်တောင် လိုဏ်ဂူအတွင်းရှိ အဖြစ်အပျက်များကို မတွေ့မြင်နိုင်ခဲ့ပါ။ လိုဏ်ဂူ၏အကျယ်အဝန်းကိုတောင် တိပစွာ သိရှိခဲ့ရခြင်းမရှိချေ။ သူဟာ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များနှင့် ရင်ဆိုင်နိုင်စွမ်းရှိသော ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်ဖြစ်ပါသည်။သူကိုယ်တိုင်တောင် ဒီလိုဏ်ဂူကြီးကို မစူးစမ်းနိုင်ဘူးဆိုမှတော့ အဲ့တာက ဘယ်လောက်တောင် လျို့ဝှက်ဆန်းကြယ်နေတာလဲ။
" ဂရုစိုက်...ဒီလိုဏ်ဂူက မင်းတို့ထင်ထားသလို မရိုးရှင်းဘူး။မင်းတို့တွေ ဒီလူအိုကြီးနောက်မှာ သေသေချာချာ လိုက်ပါလာကြ။ "
စစ်ထူကျုံးဟာ စိတ်ပါဝင်စားလာခဲ့ပြီး အနောက်ကိုပြန်လှည့်မကြည့်ဘဲ အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။
ထိုသို့ပြောဆိုလိုက်ပြီးနောက် စစ်ထူကျုံးက လိုဏ်ဂူအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ ဒါကိုမြင်တော့ ကုချိုးတို့ညီအကိုနှစ်ယောက်ကလည်း နီးကပ်စွာ လိုက်ပါသွားခဲ့ကြသည်။
လိုဏ်ဂူအတွင်းသို့ မဝင်ရောက်ခင်တွင် စစ်ထူကျုံးက ဝမ်ဖုန်းကို အမှာစကားတစ်ခု ပေးပို့ခဲ့ပါသည်။
ဖုန်းဟွာနန်းတော်ကြီးအတွင်း၌ ကျင့်ကြံနေသောဝမ်ဖုန်းသည် စစ်ထူကျုံး၏သတင်းစကားကို လက်ခံရရှိလိုက်သည်။သူ၏မျက်ဝန်းများမှာ အံ့အားသင့်မှုကြောင့် တောက်ပသွားခဲ့သည်။စစ်ထူကျုံးလိုချန်ခွမ်းသူတော်စင်တစ်ယောက်ကိုတောင် စိတ်ဝင်စားစေခဲ့တဲ့ အပျက်အစီးလွင်ပြင်က ဘယ်လိုအရာမျိုးပါလိမ့်?
" လီပိုင်..ငါနဲ့လိုက်ခဲ့ချေ။ "
တခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက လီပိုင်ကို အသံကူးပြောင်းခြင်းစွမ်းရည်ဖြင့် ခေါ်ဆောင်လိုက်သည်။စစ်ထူကျုံး၏ပြောစကားအရ အဆိုပါအပျက်အစီးလွင်ပြင်သည် အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းလေသည်။သူ့မှာလည်း လက်ရှိလုပ်စရာမရှိတာကြောင့် ဝမ်ဖုန်းဟာ အပျင်းပြေခရီးထွက်ချင်နေမိသည်။
သိပ်မကြာခင်တွင် လီပိုင်နှင့်ဝမ်ဖုန်းတို့သည် ဖုန်းဟွာနန်းတော်ကြီးအတွင်းမှ ထွက်ခွာ၍ စစ်ထူကျုံးတို့ရှိနေသော တောအုပ်ကြီးရှိရာသို့ ပျံသန်းလာခဲ့ကြသည်။
တချိန်တည်းမှာပင် မောင်းမဆောင် အတွင်း၌ ကြင်ယာတော်ယဲ့နဲ့အတူရှိနေသော ဧကရာဇ်စန်းရိ၏မျက်ဝန်းများသည် ရုတ်တရက်တောက်ပသွားခဲ့ကာ မတ်တပ်ထရပ်လိုက်သည်။
" အရှင်မင်းကြီး ဘာများဖြစ်လို့လဲ? "
ကြင်ယာတော်ယဲ့၏လှပနုညံ့သောအသံကလေးသည် ထွက်ပေါ်လာခဲ့သည်။သူမဟာ နုညံ့ဖြူဖွေးသောအသားအရေကို လှစ်ဟပြလျက် ကုတင်ပေါ်၌ ပျင်းရိပျင်းတွဲ လှဲလျောင်းနေခဲ့၏။
" လီပိုင် ထွက်သွားပြီ.... "
ဧကရာဇ်စန်းရိက ပြန်လည်၍ထိုင်ချလိုက်ပြီး ကြင်ယာတော်ယဲ့ကို လက်မောင်းများအတွင်း ထွေ့ပိုက်လိုက်ကာ တိုးညှင်းစွာ ပြောဆိုလိုက်သည်။
" ရှန်ရှန်ကျုံဂိုဏ်းရဲ့ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်လား "
ကြင်ယာတော်ယဲ့၏မျက်ဝန်းများမှာ လှုပ်ရှားသွားခဲ့ပြီး နူးညံ့စွာပြောဆိုလိုက်သည်။
" အမှန်ပဲ "
" ရှန်ရှန်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဒီမှာရှိနေပေမဲ့ ပျော်ပွဲရွှင်ပွဲတွေမရှိတာက ဆိုးတယ်ကွာ...ဒီလိုမှမဟုတ်ရင် ဒီဧကရာဇ်က လျို့ဝှက်ဆန်းကြယ်တဲ့ ရှန်ရှန်ကျုံဂိုဏ်းချုပ်နဲ့ စကားစမြည်ပြောဆိုချင်မိတယ်။ "
" အို....! "
" လင်းအာက လက်ရှိမှာ ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားပဲလေ။ ရှန်ရှန်ကျုံဂိုဏ်းချုပ်နဲ့ တွေ့ဆုံဖို့ ဖိတ်ကြားတာက မသင့်လျော်တာတော့ မဟုတ်ပါဘူး။ "
ဧကရာဇ်စန်းရိ၏စကားကို ကြားလိုက်ရသည့်အခါ ကြင်ယာတော်ယဲ့က တိုးညှင်းစွာ ပြောဆိုလိုက်သည်။သူမ၏စကားလုံးများအတွင်း၌ သိလိုစိတ်များ ပြည့်နှက်နေခဲ့သည်။
" ဒါအကြံကောင်းပဲ...နောက်ကျရင် ရှန်ရှန်ကျုံဂိုဏ်းကို စားသောက်ပွဲတစ်ခုဖိတ်ကြားပြီး မဟာမိတ်ဖွဲ့ချင်လားလို့ မေးမြန်းရမယ်။အခုတလော မရဏမျိုးနွယ်စုက စတင်လှုပ်ရှားနေတယ်လို့ သတင်းသဲ့သဲ့ကြားနေရတယ်။ ကောင်းကင်တာအိုမျိုးနွယ်စုတွေက တစ်ခုခုကြံစည်နေတာ ဖြစ်ရမယ်။ "
ဧကရာဇ်စန်းရိ၏မျက်ဝန်းများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခုရှိနေခဲ့ပြီး နက်ရှိုင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
ဒါကိုကြားတော့ ကြင်ယာတော်ယဲ့၏လှပသော မျက်ဝန်းများမှာ ရုတ်တရက်အေးခဲသွားခဲ့ကာ တိုးညှင်းစွာပြောဆိုလိုက်သည်။ "
အရှင်မင်းကြီးအနေနဲ့ ပြင်ဆင်မှုတွေကို အရင်ဆုံးပြုလုပ်ဖို့ လိုလိမ့်ဦးမယ်။ "
" မစိုးရိမ်ပါနဲ့....ဒီဧကရာဇ်က သိရှိပြီးသားပါ "
" ဒီနေ့က နေ့ရက်ကောင်းလေးပဲ...ဆိုတော့...တခြားအကြောင်းအရာတွေကို မပြောကြရအောင်လား "
" အင်းပေါ့လေ "
...
ပိန်းပိန်းအောင်နက်မှောင်သောလိုဏ်ဂူကြီးအတွင်း၌ စစ်ထူကျုံးတို့သုံးယောက်သည် ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့ကြသည်။လိုဏ်ဂူကြီးအတွင်းသို့ ဝင်ရောက်သွားပြီးသည်နောက် စစ်ထူကျုံးလို ချန်ခွမ်းသူတော်စင်အထွတ်အထိပ်စွမ်းအားရှင်ကတောင် ဆယ်မီတာပတ်လည်ကိုသာ စိတ်အာရုံဖြန့်ကျက်နိုင်စွမ်းရှိလေသည်။ ဒါက စစ်ထူကျုံးကို သတိချပ်မိစေလိုက်သည်။
" အကြီးအကဲ..အကြီးအကဲထူးထူးဆန်းဆန်းမခံစားရဘူးလား "
ကုချိုး၏စကားသည် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အတွင်း၌ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
" မင်းဘယ်လိုခံစားရလို့လဲ "
စစ်ထူကျုံက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး မေးမြန်းလိုက်သည်။
" ဒီလိုဏ်ဂူကြီးက အောက်ဖက်ကို ဦးတည်သွားနေသလိုပဲနော် "
ကုချိုးက အံ့သြသင့်စွာ ပြောဆိုလိုက်သည်။
" အင်း...ဒါက တကယ်ကြီး အောက်ကို ဦးတည်နေတာ "
စစ်ထူကျုံက ခေါင်းညိတ်လိုက်သည်။ သူလည်း ဒီလိုမျိုး ခံစားနေရသည်။ ဒီအပျက်အစီးလွင်ပြင်က ရှေးဟောင်းအပျက်အစီးလွင်ပြင်တစ်ခု ဖြစ်ရမယ်။ရှေးဟောင်းအပျက်အစီးလွင်ပြင်များကသာ အင်မတန်မှ လျို့ဝှက်ဆန်းကြယ်ကြသည်။သူ့ကဲ့သို့ ချန်ခွမ်းသူတော်စင်တစ်ပါးကတောင် ဤအချိန်၌ သတိထားဆောင်ရွက်နေရသည်။
" ကြည့်...အဲ့ဒီမှာ အလင်းရောင်မြင်ရပြီ "
ဤအချိန်တွင် ကုကန်းချိုး၏အသံက ထွက်ပေါ်လာခဲ့ကာ စစ်ထူကျုံးနှင့်ကုချိုးတို့သည် ရုတ်တရက် လည်ပြန်လှည့်ကြည့်လိုက်ကြသည်။သူတို့ဟာ မှောင်မဲနေသော လိုဏ်ဂူကြီးအတွင်း၌ တောက်ပနေသောအလင်းရောင်တစ်ခုကို တွေ့မြင်လိုက်ရသည်။
" သွားကြည့်ကြရအောင် "
စစ်ထူကျုံးက လက်ကို ဝှေ့ရမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
စစ်ထူကျုံး၏ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့သည် ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာသွားခဲ့ကြသည်။တခဏအတွင်းမှာပင် သူတို့ဟာ ၎င်းအလင်းတန်းရှိရာသို့ ရောက်ရှိလာခဲ့သည်။အဆိုပါအလင်းတန်းဟာ လိုဏ်ဂူကြီး၏ထွက်ပေါက် ဖြစ်လေသည်။
" ငါ့နောက်ကိုလိုက်ခဲ့! "
စစ်ထူကျုံဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သူ့ကိုယ်တွင်းရှိစွမ်းအားများကို နှိုးဆွလျက် နက်ရှိုင်းသောလေသံဖြင့် ပြောဆိုလိုက်သည်။
ကုချိုးတို့နှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ကြပြီး စစ်ထူကျုံအနောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့ကြသည်။
လိုဏ်ဂူကြီးအတွင်းမှ ထွက်ခွာလာပြီးသည့်နောက်တွင် သူတို့သုံးယောက်၏နှလုံးအိမ်များသည် တုန်လှုပ်သွားခဲ့ရသည်။ဤအချိန်တွင် စစ်ထူကျုံးတို့သည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြောင်အထိတ်လန့်လျက် ကြည့်နေခဲ့ကြသည်။
" ဒါ....ဒါက "
ကုချိုး၏မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်ကိုဖွင့်ဟလျက် တစ်စုံတစ်ရာပြောဆိုချင်ခဲ့သည်။သို့သော်လည်း အဆုံးမှာတော့ သူဟာ ဘာမှမပြောဆိုနိုင်ခဲ့ပါ။
သူတို့၏အရှေ့၌ မျက်စိတဆုံးတွေ့မြင်ရသော ကျယ်ပြောနက်ရှိုင်းသည့် လွင်ပြင်ကြီးရှိနေခဲ့သည်။၎င်းလွင်ပြင်ကြီးပေါ်တွင် တောင်စဥ်တောင်တန်းများလည်းတည်ရှိနေခဲ့ပြီး ဆယ်မီတာခန့်ကျယ်ဝန်းသော မြစ်တစ်စင်းကလည်း တောင်တန်းများအကြား၌ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်စီးဆင်းလျက်ရှိသည်။
အဆိုပါတောင်တန်းကြီးများ၏ အလယ်ဗဟိုတွင် အတော်ကလေးမြင့်မားသော ဧရာမတောင်ထိပ်ကြီးရှိနေခဲ့ပြီး ၎င်းတောင်ထိပ်ကြီး၏ပတ်ပတ်လည်တွင် မြွေလိမ်မြွေကောက်ပုံစံ တောင်တက်လမ်းလေးတစ်ခုလည်း ရှိနေခဲ့သည်။ ရှေးဆန်သောအရှိန်အဝါကြီးတစ်ခုသည် ဤနေရာအတွင်း ပျံ့လွင့်လျက် ရှိချေသည်။
ဤနေရာသည် လျို့ဝှက်ဆန်းကျယ်သော သုခဘုံအလားဖြစ်နေခဲ့ကာ ဤနေရာတွင် ဇီဝ(အသက်)ဓာတ်ကို အရိပ်အယောင်မျှမတွေ့မြင်ရသော်လည်း အင်မတန်မှလှပလေသည်။
ဤလိုဏ်ဂူကြီး၏အောက်ခြေတွင် ကျယ်ပြန့်နက်ရှိုင်းသောမြေအောက်ကမ္ဘာတစ်ခုကို ဖုံးကွယ်ထားလိမ့်မည်ဟု စစ်ထူကျုံးတို့ဟာ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြချေ။ သို့သော်လည်း ဤခမ်းနားကြီးကျယ်သော သုခဘုံကြီးက လုံးဝကို သက်ဝင်လှုပ်ရှားမနေခဲ့ပါ။ဤနေရာ၌ သက်ရှိတို့၏အရိပ်အယောင်ကို စိုးစေ့မျှ တွေ့မြင်ရခြင်းမရှိချေ။
"အကြီးအကဲစစ်ထူ.. ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ကုချိုးက ကျယ်ပြန့်နက်ရှိုင်းသော မြေအောက်ကမ္ဘာကြီးကို စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
အစက သူတို့ကို လှည့်စားရန်အတွက် စစ်ထူကျယ်က ရှေးဟောင်းလွင်ပြင်အပျက်အစီးအကြောင်းပြောဆိုခဲ့ခြင်းလို့ သူတို့အားလုံးတွေးထင်ခဲ့ကြသည်။သူတို့လိုဏ်ဂူအတွင်းဝင်ရောက်လာခဲ့သော်လည်း ဤအပျက်အစီးလွင်ပြင်နှင့်ပတ်သတ်၍ လေးလေးနက်နက်တွေးထားခဲ့ခြင်းမရှိပါချေ။ဒါပေမယ့် ခု ကြည့်ရတာ ဒီနေရာက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။
မြေအောက်တစ်နေရာမှာ ဒီလိုကျယ်ပြန့်နက်ရှိုင်းတဲ့ မြေအောက်ကမ္ဘာတစ်ခုကို ဖုံးကွယ်ထားဖို့ဆိုရင် အဲ့ဒီပုဂ္ဂိုလ်က ဘယ်လိုမျိုးတည်ရှိမှုကြီးလဲ။
" ဒီလူအိုကြီးက ဂိုဏ်းချုပ်ကို သတိပေးခဲ့ပြီးပြီ။ ဂိုဏ်းချုပ်ကလည်း ဒီကို ရောက်လာတော့မယ်။ ဒီနေရာမှာ ဂိုဏ်းချုပ်တို့ကို စောင့်ကြရအောင်။ " ကုချိုး၏အမေးစကားကို ကြားလိုက်ရသည့်အခါ စစ်ထူကျုံးက ခဏကြာအောင် တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။