မိုထျန်းချီ
Vol. 43 Ch. 643
အရိပ်အယောင်များအရ တစ်ကမ္ဘာလုံး သိုင်းပညာ သင်ယူခြင်းအပေါ် ရေပန်းစား၍ လိုက်လုပ်နေသည့်ပုံပင်။
*နည်းပညာက လုံလုံလောက်လောက် တိုးတက်လာလို့ ခန္ဓာကိုယ် တိုးတက်မှုအပေါ် သူတို့ အာရုံစိုက်လာ ကြတာလား*
တစ်ကမ္ဘာလုံး သိုင်းပညာကို လေ့ကျင့်နေရသည့် အကြောင်းရင်းကို ရဲ့လင်းချန် နားမလည်နိုင်ပေ။ သိုင်းပညာရှင်က သန်မာပြီး သိုင်းပညာများက လေ့ကျင့်ရ လွယ်ကူလာသော်လည်း ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ထိပ်ဆုံးသို့ ရောက်နိုင်ရန် အလွန် ခက်ခဲပေသည်။ ထို့အပြင် သူတို့တွင် သာမန် သိုင်းပညာရှင်များ မရှောင်တိမ်းနိုင်သော လက်နက်များ ရှိသည်။ သို့ဖြစ်၍ အဘယ်ကြောင့်များ သူတို့က သိုင်းပညာကို ရွေးချယ်ခဲ့ကြပါသနည်း။
*သူတို့ ဘာလို့ သိုင်းပညာ လမ်းကြောင်းကို ပြောင်းလာတာလဲ*
ရဲ့လင်းချန်သည် အခြားသော အရာတစ်ခုကိုလည်း သတိထားမိသည်။ သူ၏ စွမ်းရည်များကို အဆင့်မြှင့် နိုင်သော်လည်း ယင်းက အကောင်းဆုံး မဟုတ်ပေ။
ဥပမာအားဖြင့် ရဲ့လင်းချန်၏ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးသည် အဆင့်မြင့်အဆင့်သို့ မြှင့်တင်ပြီး သွားသော်လည်း ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးက ခံနိုင်ရည် လေ့ကျင့်ရေး သိုင်းပညာများထဲမှ အကောင်းဆုံး မဖြစ်သွားပေ။
ရဲ့လင်းချန်က သူ၏ အတွေးများကို စုစည်းနေသည်။
ရှစ်ဆ ပြင်းထန် လက်သီး၊ အရဟာ လက်သီး၊ အတားအဆီး ကျော်ဖြတ်ခြင်း စသည့် စွမ်းရည်များသည် အခြေခံများသာ ဖြစ်သည်။ ရဲ့လင်းချန်က ၎င်းတို့ကို အဆင့်မမြှင့်ခဲ့လျင် ၎င်းတို့၏ အဆင့်များသည် မိုမိသားစု၏ နှလုံးဖျက် လက်ဝါးနှင့် ဟော်ရှန်၏ လေခွင်းကန်ချက်ကို ယှဉ်နိုင်မည် မဟုတ်ပါ။
၎င်းတို့ကို အဆင့်အလိုက် စီမည်ဆိုပါက ရှစ်ဆ ပြင်းထန် လက်သီးသည် အခြေခံအဆင့် သိုင်းပညာ ဖြစ်ပြီး နှလုံးဖျက် လက်ဝါးက ပထမအဆင့် သိုင်းပညာဟု ဆိုရပေမည်။ ၎င်းတို့၏ ခွန်အား ခြားနားမှုက သိသာလှသည်။
အကယ်၍ ရဲ့လင်းချန်သာ နှလုံးဖျက် လက်ဝါးကို သင်ယူခဲ့ပြီး စနစ်က အဆင့်မြှင့်ပေးမည်ဆိုလျင် ရရှိလာမည့် သိုင်းပညာက ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေးထက် ပိုသာလွန်ပေလိမ့်မည်။
ထို့အတူ လေခွင်းကန်ချက်ကိုသာ ရဲ့လင်းချန် သင်ယူနိုင်ခဲ့ပြီး စနစ်က အဆင့်မြှင့်ပေးမည်ဆိုလျင် သူ၏ ပေါ့ပါးမှုက လျင်မြန်စွာ ပြေးခြင်းစွမ်းရည်ထက် ကျော်လွန်ပေမည်။
ဤတွေ့ရှိချက်က ရဲ့လင်းချန်ကို စိတ်လှုပ်ရှားမှုနှင့် ခါးသီးမှုတို့ ရောနှောနေသော ခံစားချက် ဖြစ်ပေါ်လာစေသည်။
နောက်ပိုင်းတွင် သန်မာသော သိုင်းပညာအချို့ကို သူ သင်ယူနိုင်ပြီး အဆင့်မြှင့်တင်ပြီးနောက် အလွန် အံ့ဩစရာကောင်းသော နတ်ဘုရား သိုင်းပညာတစ်ခု ဖြစ်လာနိုင်သလောက်သဖြင့် သူ စိတ်လှုပ်ရှားရသည်။ သူ ခါးသီးရသည့် အချက်မှာ ယခင်က ရေပန်းစားမှုအမှတ်များကို သုံးပြီး အခြေခံ သိုင်းပညာ သုံးခုကို အဆင့်မြှင့်တင်ခဲ့ရ၍ ဖြစ်သည်။ ယင်းက အလွန် ဖြုန်းတီးရာကျသလို ခံစားရလေသည်။
ဤသည်က သူ ညည်းတွားရုံသက်သက်မျှသာ ဖြစ်သည်။ ထိုအခြေခံ သိုင်းပညာများကြောင့်သာ မဟုတ်လျင် ရဲ့လင်းချန်သည် သန်မာသော သိုင်းပညာများကို ရှာနိုင်ရန် မဆိုထားနှင့် သိုင်းပညာရှင်တစ်ဦးပင် ဖြစ်လာမည် မဟုတ်ပါ။
ယင်းသည် ဟော်ရှန်က အဘယ်ကြောင့် မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့်သို့ ရောက်နိုင်သလဲ ဆိုသည်ကိုပါ ရှင်းပြနေ၏။ သူ၏ အရည်အချင်းအပြင် လေ့ကျင့်သော သိုင်းပညာကလည်း အရေးပါသော ကဏ္ဍ၌ ပါရှိသည်။ အကယ်၍ လူတစ်ယောက်သည် အမှိုက်ဆန်သော သိုင်းပညာအချို့ကို လေ့ကျင့်ခဲ့ပါက သူတို့၏ လေ့ကျင့်မှုမှနေ၍ အတွင်းအားကို ထုတ်ဖော်နိုင်ပါက ဆန်းကြယ်သွားပေလိမ့်မည်။ အစပိုင်းကတည်းက အလွန် ကွာခြားသွား ပေလိမ့်မည်။
သိုင်းပညာများ သူ ပိုစုဆောင်းရန် လိုအပ်နေလေပြီ။
ရဲ့လင်းချန်သည် မိုမိသားစုကို နောက်တစ်ကြိမ် ထပ်၍ ကြည့်လိုက်မိသည်။ မိုမိသားစုက သူ့ကို သေစေချင်နေသဖြင့် သူတို့အပေါ် သူ ပစ်မှတ်ထားမိသည့်အတွက် အပြစ်ရှိသလို သူ မခံစားရပါ။
ထိုစဉ် လေတိုးသံများ ရပ်တန့်သွားသည်။ ပန်းခြံတစ်ခုလုံး ချောက်ချားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ် လာ၏။ ပိုးကောင်များနှင့် ငှက်များ၏ အသံများပင် ပျောက်ကွယ်သွားသလိုပင်။ ထူးဆန်းသော ဖိအားတစ်ခုက သူတို့အပေါ် ကျရောက်လာလေသည်။
*သူ ရောက်လာပြီ*
အနည်းငယ် ပို၍ အတွေ့အကြုံရှိသော သိုင်းပညာများသည် နှလုံးခုန်နှုန်း မြန်ဆန်လာသလို ခံစားနေရသည်။ ပတ်ဝန်းကျင်က သိပ်မပြောင်းလဲသော်လည်း ထူးဆန်းသော ကြောက်စိတ်တစ်ခုက သူတို့၏ နှလုံးသားထဲ၌ ဖြစ်ပေါ်လာ လေသည်။
မိသားစုကြီး လေးခုမှ စုထျန်းဟုန်နှင့် အခြားသော သခင်ကြီးများသည် ရုတ်တရက် မျက်နှာ အမူအရာ ပြောင်းလဲကုန်သည်။ သူတို့၏ မျက်လုံးတွင်း၌ ကြောက်လန့်သော အရိပ်အယောင် ပေါ်လွင်လာ၏။
မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များသည် သူတို့၏ မူလ စိတ်ဝိညာဉ် စွမ်းအင်ကို အကျိုးရှိရှိ အသုံးချနိုင်စွမ်း ရှိသည်။ သူတို့၏ အရှိန်အဝါ တစ်ခုတည်းနှင့်တင် သူတို့၏ ပတ်ဝန်းကျင်အား သက်ရောက်မှုရှိစေလေသည်။
တစ်ခဏအကြာတွင် ခပ်လှမ်းလှမ်း၌ လူရိပ်တစ်ခု ပေါ်လာသည်။ ထိုလူရိပ်သည် အမှောင်ထဲ၌ လှမ်းလျှောက်နေသဖြင့် အရိပ်တစ်ခုသဖွယ်သာ မြင်နေရသည်။ သူတို့ကြား၌ အကွာအဝေးတစ်ခု လှမ်းသော်လည်း သူက လမ်းလျှောက်နေရုံမျှသာ ရှိသည်။ တစ်ချိန်တည်းမှာပင် သူသည် အတော်လေး နီးကပ်လာသည်ဟု ထင်မှတ်ရပြီး စက္ကန့်ပိုင်းအတွင်း သူတို့နှင့် ပို၍ နီးကပ်လာသလိုပင်။
“သခင်ကြီးပဲ၊ သခင်ကြီး ဒီကို ရောက်လာပြီ”
မိုမိသားစုမှ လူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လာသည်။ သူတို့သည် ထိုလူရိပ်ကို ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးတွင်း၌ စိတ်အားထက်သန်မှုတို့နှင့် ပြည့်နှက်လာပြီး ဝတ်ပြုသကဲ့သို့ မြေကြီးပေါ် ဒူးထောက် လာကြသည်။
“သ…သ…သခင်ကြီးမို၊ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် မိုထျန်းချီ”
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အာရုံက အနက်ရောင်အဝတ်အစားနှင့် အမျိုးသားအပေါ် ကျရောက်သွားသည်။
လက်ရှိတွင် အားလုံးက သူ့ကို မြင်နိုင်နေပြီ ဖြစ်သည်။ ထိုလူတွင် နက်မှောင်သော မျက်လုံးနှင့် စူးရှသော အမူအရာတို့ ရှိသည်။ သူ၏ အနက်ရောင်ဆံပင်တွင် ဆံပင်ဖြူအချို့ ရောနှောနေ၏။ သူသည် အသက် လေးဆယ်ဝန်းကျင်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟု ထင်မှတ်ရသည်။
မိုထျန်းချီကို တခါမှ မမြင်ဖူးသည့် လူများက ဘာမှမဖြစ်ကြသော်လည်း မိသားစုကြီး လေးခုမှ သခင်ကြီးများမှာမူ ထိတ်လန့်သော အမူအရာများ ဖြစ်နေကြသည်။
“ဆံ…ဆံ…ဆံပင်ဖြူတွေက ပြန်မည်းသွားတာလား”
စုထျန်းဟုန်က မျက်လုံးကျွတ်ကျမတတ် ဖြစ်ကာ အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လာ၏။ လက်ရှိ မြင်ကွင်းက သူ့အား အတော်လေး တုန်လှုပ်သွားစေသည့်ပုံပင်။
ရဲ့လင်းချန်သည်လည်း အာရုံစိုက်၍ ကြည့်နေသည်။ မိုထျန်းချီသည် အသက်ငယ်ငယ်နှင့် သန်မာလာပြီး မိုမိသားစု၏ သခင်ကြီးနေရာအား အသက် နှစ်ဆယ်၌ ရရှိခဲ့သည်။ သူသည် ဟော်ရှန်ထက် ပိုအသက်ကြီးသင့်ကာ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ဝန်းကျင် ရှိသင့်ပေသည်။ သို့သော် ယခုအခါ၌ သူသည် အားအင်တို့နှင့် ပြည့်နေပုံရပြီး ဦးခေါင်းထက်၌ ဆံပင်ဖြူက မရှိသလောက် ဖြစ်နေ၏။
“ကောလာဟလတွေအရ မူလ စိတ်ဝိညာဉ်အဆင့်ကို တက်နိုင်ရင် ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး ခန္ဓာကိုယ်ကို ပြန်အားဖြစ်စေတယ်၊ ကျင့်ကြံမှုက အတိုင်းအတာတစ်ခုအထိ မြင့်မားသွားရင် လူတစ်ယောက်က အိုနေပင်မယ့် နုပျိုမှုကို ပြန်ရနိုင်တယ်တဲ့၊ အဲ့ဒါက မှန်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
ချန်သခင်ကြီးက တအံ့တဩ ပြောလာသည်။ တစ်ချိန်တည်းမှာပင် သူက ရဲ့လင်းချန်အား စိုးရိမ်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။
*ဒါက တကယ့် မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်ပဲ*
ပြင်းထန်သော အရှိန်အဝါ ကျရောက်လာသဖြင့် လူတိုင်း အသက်ရှူကျပ်သလို ခံဏားရကာ အသက်ရှူရ ခက်ခဲလာ၏။
“ငါက မူလ စိတ်ဝိညာဉ်အဆင့်ကို တက်ရောက်ခါစပဲ ရှိသေးပြီးတော့ ငါ့ခွန်အားကို စမ်းသပ်ဖို့ စတေးခံ တစ်ယောက်ကို ရှာနေရုံ သက်သက်ပဲ”
မိုထျန်းချီက ထိုစကားကို တည်ငြိမ်စွာ ပြောလိုက်သော်လည်း လူတိုင်း၏ နားထဲတွင် ဘုရားပေါ်မှ ခေါင်းလောင်းကို တီးလိုက်သကဲ့သို့ နားအူသွားစေသည်။
မိုထျန်းချီ စကားပြောပြီးချိန်၌ ရဲ့လင်းချန်နှင့် ဆယ်မီတာပင် မဝေးတော့ချေ။ သူသည် အသက်မရှိတော့သော ဟော်ရှန်ကို တစ်ချက်ပင် မကြည့်ချေ။ သူက အထင်သေးသော အကြည့်ဖြင့် ရဲ့လင်းချန်အား တည်ငြိမ်စွာ ကြည့်နေ၏။
“မင်းက နတ်ဆေးဆရာဝိုင်လား၊ မင်းက တော်တော်လေး အစွမ်းအစ ရှိတဲ့ပုံပဲ၊ မင်း နှလုံးဖျက်ဆေးကို စားပြီး ငါတို့ မိုမိသားစုရဲ့ အစေခံ အဖြစ်ခံမယ်ဆိုရင် ငါ မင်းအသက်ကို ချမ်းသာပေးနိုင်တယ်”
သူသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့် အထင်သေးသော လေသံဖြင့် ပြောလာသည်။
နှလုံးဖျက်ဆေးကို ပြောလာသောအခါ လူအုပ်ထဲမှ အချို့အား ကြောက်စိတ် ဖြစ်ပေါ်လာစေသည်။ ယင်းကို သောက်လိုက်သည်နှင့် လူတစ်ယောက်သည် ပုံသေ ကာလအပိုင်းအခြားနှင့် ဖြေဆေးကို သောက်ကိုသောက်မှ ဖြစ်ပေမည်။ သို့မဟုတ်ပါက သူ၏ နှလုံးက ချက်ချင်း ပျက်စီးသွားမည့် ဝေဒနာကို ခံစားရပေလိမ့်မည်။ ယင်းက နာမည်ဆိုးဖြင့် ကျော်ကြားသော ဆေးဝါးပင်တည်း။
“မင်းက ငါ့ရှေ့ကို လာရဲတာလား”
“မင်း ဘာပြောလိုက်တာလဲ”
မိုထျန်းချီ၏ အပြုံးက အေးခဲသွားသည်။
“မင်း ရောက်လာတာနဲ့ ဒူးထောက်ပြီး တောင်းပန်ခဲ့ရင် မင်းရဲ့ မိုမိသားစုကို အသက်ရှင်ခွင့်ပေးဖို့ ငါ စဉ်းစားမိ လောက်တယ်”
ရဲ့လင်းချန်က ပန်းခြံခုံတန်းပေါ် ထိုင်လျက် တည်ငြိမ်စွာ ပြောကာ လက်ထဲ၌ တုတ်တစ်ချောင်းကို ကစားနေ၏။
“မင်း သေချင်နေတာပဲ”
မိုထျန်းချီ ဘာမှမပြောနိုင်ခင်မှာပင် မိုမိသားစုမှ အခြား သိုင်းပညာရှင်များက အော်ဟစ်လာသည်။
မိုထျန်းချီ၏ အမူအရာက မည်းမှောင်လာပြီး အေးစက်စွာ ပြောသည်။
“ငါ မင်းကို မသတ်ချင်လို့ မင်း ဒီမှာနေပြီး စကားပြောနိုင်တာ၊ ငါသာ ဆန္ဒရှိရင် မင်း အခါတစ်ရာလောက် သေနေလောက်ပြီ၊ မင်းက ဘာမို့လို့လဲ၊ မင်းကများ ငါ့ကို ဒီလို ပြောရဲတယ်လား”
“မင်းတို့ မိုမိသားစုက တကယ်ကို အခြားသူအပေါ် မောက်မာချင်တာပဲ၊ ဒီလိုဆိုမှတော့ မင်း ဆက်ရှိစရာ မလိုတော့ဘူး”
ရဲ့လင်းချန်က သက်ပြင်းချကာ ဖိအားပေးခံလိုက်ရသကဲ့သို့ ခေါင်းခါနေ၏။
မိုထျန်းချီက ဒေါသနှင့် ရယ်မောကာ သူ့အား စိတ်အားဖြင့် စိန်ခေါ်သကဲ့သို့ ကြည့်နေသည်.
“မင်းက သာမန်လူတစ်ယောက် သက်သက်ပဲ၊ မင်းက မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်ရဲ့ အင်အားကို ဘယ်လိုလုပ် နားလည်မှာလဲ၊ ဒီနေ့ မင်းကို အသုံးချပြီး ငါ့အတွက် နာမည်တွင်အောင် လုပ်ပြမယ်”
“မိုသခင်ကြီး၊ မင်း နတ်ဆေးဆရာဝိုင်ကို သတ်ဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ မိသားစုကြီး လေးခုနဲ့ ရင်ဆိုင်ရလိမ့်မယ်”
စုထျန်းဟုန်က ထပ်၍ သည်းမခံနိုင်တော့သဖြင့် ပြောလာသည်။ မိမိရန်သူ၏ ရန်သူက မိတ်ဆွေပင်။ သူတို့သည် ရဲ့လင်းချန် ထိုသို့ သေဆုံးသွားမည်ကို မကြည့်နိုင်ပါ။
“မင်းတို့ မိသားစုကြီး လေးခုက စကားထဲ ထည့်ပြောဖို့ တန်လို့လား”
မိုထျန်းချီက ချီစွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်၍ စုထျန်းဟုန်အား အသာ ရိုက်လိုက်သည်။
သူ အတွင်းအား သုံးလိုက်သည်ကို သူတို့ မမြင်လိုက်ရပါ။ ယင်းက သာမန်လူတစ်ယောက်က သူ၏ အင်္ကျီစကို ခါလိုက်သလိုပင်။ သို့သော် ယင်းက မိုးသက်မုန်တိုင်းတစ်ခုသဖွယ် ဖြစ်သွားလေသည်။ ထိုချီစွမ်းအင် အနည်းငယ်က ပို၍ သန်မာပြီး ကျည်ဆံထက် ပိုမြန်လေသည်။ စုထျန်းဟုန် တအံ့တဩနှင့် အော်ဟစ်လိုက်ရသည်။ သူသည် မခုခံရဲဘဲ မြေကြီးပေါ် လူးလိမ့်သွားကာ ထိုစွမ်းအင်အား ကပ်သီးလေး ရှောင်တိမ်းနိုင်သွားခဲ့သည်။