← Chapters

အခန်း (၁၆)

Vol. 1 Ch. 16

အခန်း (၁၆)

Vol. 1 Ch. 16

တစ်ညကုန်လွန်သွားပြီးနောက် နေသာသော မနက်ခင်းသို့ ရောက်လာခဲ့သည်။ အတွင်းပိုင်းဒေသမှ လူများအတွက် ပုံမှန်နေ့တစ်နေ့ပင် ဖြစ်သော်လည်း Ace အတွက် ခရီးသစ်တစ်ခု၏ အစဖြစ်သည်။

တည်းခိုခန်းမှ လာပေးသော သူ၏မနက်စာကို စားလိုက်ကာ အတွင်းပိုင်းဒေသသို့ စူးစမ်းရှာဖွေမှုကို စတင်လိုက်သည်။ ဧည့်ခံကောင်တာမှ အမျိုးသမီးဆီက‌နေ အတွင်းပိုင်းဒေသ၏ မြေပုံကို သူရရှိခဲ့သည်။

မြေပုံကိုလေ့လာပြီးနောက် မြစ်ပန်းမြို့တော် အတွင်းပိုင်းဒေသ၏ တစ်ခုတည်းသော အဓိကဈေးရုံသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ အတွင်းပိုင်းဒေသတွင် ဆေးများအတွက်ဈေး သို့မဟုတ် လက်နက်များအတွက် ဈေး ဟူ၍ ခွဲခြားထားခြင်းမရှိပေ။ အတွင်းပိုင်းဒေသတစ်ခုလုံးတွင် ‌ဤစျေးရုံတစ်ခုတည်းသာ ရှိ၏။

အတွင်းပိုင်းဒေသကို မျိုးရိုးမြင့်မိသားစုများမှ နယ်မြေအသီးသီး ခွဲခြားထားသည်။ နယ်မြေအများစုသည် ထိုမျိုးရိုးမြင့်သော မိသားစုများ လက်အောက်တွင်သာ ရှိသည်။ ထိုကြောင့် အတွင်းပိုင်းဒေသတွင် မျိုးရိုးမြင့်မိသားစုများအားလုံး အတူတကွအုပ်ချုပ်ကြသည့် စျေးရုံတစ်ခုတည်းသာရှိသည်။ အတွင်းပိုင်းဒေသတွင် အိမ်ခြံမြေပိုင်ဆိုင်ပြီး နှစ်ရှည်ကြာသမိုင်းရှိသော မိသားစုကို မျိုးရိုးမြင့်မိသားစုဟုခေါ်သည်။

ထိုဈေးသို့ Ace သွား၍ အဖြူရောင်တစ်ဝက်အဆင့် ဆေးများကို ရောင်းချမည်ဖြစ်သည်။

ထိုအတွင်းပိုင်းဒေသ၏ အဓိကဈေးရုံသည် လှုပ်ရှားမှုများဖြင့် တက်ကြွနေကြသည်။ မြို့အပြင်ဘက်မှ များစွာသောကုန်သည်များက ဤနေရာသို့ လာရောက်ကာ ပစ္စည်းများ ရောင်းချကြပြီး မြစ်ပန်းမြို့၏ အထူးထုတ်ကုန်များကို ပြန်ဝယ်ယူကြသည်။ အဆုံးတွင်တော့ ဤမြို့သည် ကြယ်နှစ်ပွင့်မြို့ဖြစ်၏။

ထိုဈေးရုံ၏ အလယ်ပိုင်းသည် ထိုဈေးတစ်ခုလုံး၏ လူအရှုပ်ဆုံးနေရာ ဖြစ်သည်။ ထိုနေရာတွင် ၁၅ထပ်မြင့်သော အဆောက်အဦးကြီးတစ်ခုရှိကာ တော်တော်လေး နာမည်ကြီးသော အဆောက်အအုံတစ်ခုဖြစ်သည်။ ထိုအဆောက်အဦး၏ နာမည်သည် “Kelby ဆေးနှင့်လက်နက်” ဆိုင်ဟူ၍ ဖြစ်သည်။ ထိုဆိုင်ကို မြစ်ပန်းမြို့၏ ထိပ်တန်း မျိုးရိုးမြင့်မိသားစုသုံးစုမှ တစ်စုဖြစ်သော Kelby မိသားစုမှ ပိုင်ဆိုင်ခြင်းကြောင့် နာမည်ကြီးခြင်းပင်။

Kelbyမိသားစုသည် နှစ်ပေါင်းတစ်ရာ သမိုင်းရှိကာ ကျင့်ကြံသူများမိသားစုလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အတွင်းပိုင်းဒေသမှ နေရာတော်တော်များများကို အုပ်ချုပ်ထားကြကာ မြို့ထဲမှ မည်သူကမှ သူတို့နှင့် သွားမရှုပ်ရဲကြ‌ပေ။

လက်ရှိတွင် Ace သည် ‘Kelby ဆေးနှင့်လက်နက်များ’ ဆိုင်ရှေ့တွင် မတ်တပ်ရပ်နေ၏။ ဒီကစျေးရုံသို့ သူရောက်လာသောအချိန်တွင် ဘေးပတ်ဝန်းကျင်သို့ ဆေးနဲ့ပတ်သက်သော ဆိုင်အကြောင်း လိုက်လံမေးကြည့်ခဲ့ကာ ဤဆိုင်ကို ရှာတွေ့ခဲ့ခြင်းပင်။

ဤဆိုင်သည် အပြင်ပိုင်းကုန်သည်များဆီမှ ဆေးအရောင်းအဝယ်လုပ်သော ဆိုင်ကြီးများထဲမှ တစ်ခုဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အရောင်းဝယ်လုပ်သောပစ္စည်းများ မည်သည့်နေရာမှလာသည်ကို သူတို့မမေးခြင်းနှင့် ဖောက်သည်များ၏ မည်သည့် ကိုယ်ရေးကိုယ်တာ အချက်လက်များကို မမေးခြင်းပင်။ ထို့ကြောင့် ဤဆိုင်ကို သူလုယက်လာသော ဆေးများရောင်းချရန် ရွေးချယ်လိုက်၏။

ဆိုင်ထဲသို့ သူဝင်လိုက်သည့်အခါ လှည့်ပတ်ကြည့်ရှုရန်ပင် အခွင့်အရေးမရလိုက်ဘဲ ငယ်ရွယ်ပြီး လှပသော အမျိုးသမီးတစ်ယောက်သည် သူ့ရှေ့သို့ ရောက်လာကာ အပြုံးတစ်ခုဖြင့် စကားပြော၏။ “ဧည့်သည်ရှင့်။ ဘယ်လိုလုပ်ငန်းမျိုး လုပ်ချင်လို့ ဒီကို ရောက်လာတာပါလဲ။ ရောင်းချင်တာလား။ ဝယ်ချင်တာလား။”

ဆိုင်ထဲတွင် လူများနေတာကြောင့် သူမသည် ကွေ့ဝိုက်မနေဘဲ သူ့ကို တိုက်ရိုက်ပင် မေးလိုက်သည်။ အခြားသူများနှင့်လည်း အရောင်းအဝယ်များလုပ်ရန် အလျင်လိုနေပုံရသည်။

“ဆေးလုံးတွေကို ရောင်းချချင်လို့” ဆိုင်ထဲတွင် လူတော်တော်များနေသည်ကို တွေ့လိုက်ရတာကြောင့် Ace ရှုံ့မဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ သူ့မျက်နှာကို လူများစွာ မမြင်သွားစေချင်ပေ။

“ဧည့်သည်က နေရာမှန်ကို ရောက်လာခဲ့တာပဲ။ ကျွန်မနဲ့ ဒုတိယထပ်ကို လိုက်ခဲ့ပါ။ အဲဒီမှာ တန်ဖိုးဖြတ်ကျွမ်းကျင်သူ ရှိတယ်။ သူက ဧည့်သည်ရဲ့ ဆေးတွေကို တန်ဖိုးဖြတ်ပေးပါလိမ့်မယ်။” ငယ်ရွယ်သော အမျိုးသမီးက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

သူမ ဤနေရာတွင် အလုပ်လုပ်နေခြင်းမှာ နှစ်များစွာကြာပြီဖြစ်တာကြောင့် အရောင်းအဝယ်လုပ်ရန်လာသော တစ်ယောက်ယောက်ကို သူတို့၏ ပုံစံနှင့်အပြုမူများကို ကြည့်၍ အကဲဖြတ်နိုင်ပေသည်။ 'သူ့ပုံစံက ကြည့်ရတာ မြို့ပြင်ကြယ်တစ်ပွင့်မြို့က လာတဲ့ပုံပဲ။ ဟမ်!’ သူမ၏ နှလုံးသားထဲမှနေ၍ လှောင်ရယ်လိုက်သည်။ ထို့နောက် သူမ၏ ဆင်းရဲသားစာရင်းထဲသို့ Ace ကို ထည့်သွင်းလိုက်သည်။

အကယ်၍ Ace သာ အတွင်းပိုင်းဒေသမှ သို့မဟုတ် ပို၍မြင့်သော ဒေသဆီမှဆိုလျှင် သူ၏အဝတ်အစားများသည် ယခုကဲ့သို့ သာမန်ပစ္စည်းများဖြင့် ပြုလုပ်ထားသလို အိုဟောင်းနေမည် မဟုတ်ပေ။

ချမ်းသာသည့် မိသားစုမှ ဖြစ်ခဲ့ဖူးလျှင် မည်သူမဆို Ace သည် ဆင်းရဲသည်ကို ပြောနိုင်၏။ သူ၏ အကြီးမားဆုံးအမှားသည် ဆိုင်သို့ စရောက်ကတည်းကမှပင် မည်သို့သော ပစ္စည်းကို ရောင်းဝယ်ရန် လာရောက်သည်ကို မပြောသင့်ပေ။ တိတ်ဆိတ်သော နေရာတစ်ခုကို အရင်ရှာဖွေလိုက်ပြီးမှ စောင့်ကာ သူ့တွင် ဘာရှိသည်ကို ပြောပြသင့်ပေသည်။

‘ဆင်းရဲသားတစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ။ သူကလိမ္မာပါးနပ်တဲ့ ကုန်သည်တစ်ယောက်မဟုတ်ဘူး။ တော်တော်လေးငယ်သေးပြီးတော့ အတွေ့အကြုံလည်းမရှိဘူး။ လတ်တလောလေးကမှ ချမ်းသာလာတာ ဖြစ်နိုင်တယ်။ ပြီးတော့လည်း သူ့ရဲ့ချမ်းသာမှုကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိပုံမပေါ်ဘူး။ သူဘယ်လောက်ပဲ သတိထားပြီး လုပ်‌နေပါစေ အမှားတွေချည်းပဲ။’

ဆိုင်၏ ဒုတိယထပ်သည် ပထမထပ်လို လူမများပေ။

ထိုအမျိုးသမီးသည် Ace ကို ကောင်တာစားပွဲလေးနောက်တွင် သစ်သားထိုင်ခုံနှင့် သက်သောင့်သက်သာ ထိုင်နေသော ဆံပင်ဖြူများနှင့် အဘိုးအိုထံသို့ ခေါ်သွားလိုက်သည်။

“ဆရာ Matthew ၊ ဒီဧည့်သည်က ဆေးတွေရောင်းဖို့ ဒီကိုရောက်နေတာပါ။ အဲဒီဆေးတွေကို အကဲဖြတ်ပြီးတော့ သင့်တော်တဲ့ ဈေးဖြတ်ပေးလို့ရမလား။” ဟု ထိုအမျိုးသမီးက ပြောလိုက်ကာ အဘိုးအိုသာ သတိထားမိနိုင်ပြီး ဘာကိုဆိုလိုသည်ကို သိနိုင်သော မျက်လုံးအချက်ပြမှု ပြုလိုက်သည်။

သို့သော်လည်း ထိုအမျိုးသမီး အချက်ပြလိုက်သည့်အချိန်တွင်ပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို Ace ချက်ချင်း သတိထားမိသွားသည်။ သူ၏ ‘စိတ်ဝိညာဥ်အာရုံခံစားမှု’မှ မည်သည့်အရာကိုမှ ဖုံးကွယ်မထားနိုင်ပေ။

‘စိတ်ဝိညာဥ်အာရုံခံစားမှု’ သည် သူစိတ်ဝိညာဥ်ဗဟိုချက်ကို ပြောင်းနိုင်သွားပြီးနောက် လက်ခံရရှိခဲ့သော ဒုတိယမြောက်အာရုံခံစားမှုဖြစ်သည်။ ထိုအာရုံခံစားမှုသည် မွေးရာပါ စွမ်းရည်ဖြစ်ပြီး အဆက်မပြတ် အသက်ဝင်နေကာ အခြားသူများ၏ စိတ်အတက်အကျများကို သိရှိနိုင်စေရန် ကူညီပေးသည်။ ထို့ကြောင့် အခြားသူများ၏ ခံစားချက်အပြောင်းအလဲများကို ခံစားမိနိုင်တာ သူ့အပေါ်မုန်းတီးစိတ်ရှိသော ၁၀မီတာပတ်လည်မှ ရန်သူများကိုလည်း ရှာတွေ့နိုင်၏။

‘ဒီနှစ်ယောက်နဲ့ ပတ်သက်ပြီး တခုခုက မူမမှန်ဘူး။ ဒီဝိညာဉ်အာရုံခံစားမှုက တော်တော်လေး ထူးခြားတာပဲ။’ Ace တွေးလိုက်ကာ တစ်ခုခုဖြစ်ခဲ့လျှင် ထွက်ပြေးနိုင်ရန် အဆင်သင့်ပြင်ထားလိုက်၏။

ထိုအဘိုးအိုသည် အကဲဖြတ် အလုပ်သင်များစွာထဲမှ တစ်ဦးဖြစ်ပြီး လူတိုင်းက သူ၏အသက်အရွယ်ကြောင့် ‘ဆရာ’ဟုခေါ်ကာ လေးစားမှုပြကြသော်လည်း အမှန်တစ်ကယ်တွင် သူသည် ဆရာကျသော အကဲဖြတ်သူတစ်ဦး မဟုတ်ပေ။

အဘိုးအို Matthew က အချက်ပြမှုကို မြင်လိုက်ရသည့်အခါ ဤကလေးသည် တောမှလာသော ကလေးဖြစ်သည်ဟု ချက်ချင်းသိလိုက်သည်။ ထို့ကြောင့် သူနှင့်ပတ်သက်၍ အရောင်းအဝယ်လုပ်ရန် အလေးအနက်မရှိတော့ပေ။

“ဟုတ်ပြီ ငါဒီကောင်လေးကို သင့်တော်တဲ့ ဈေးရဖို့ အကဲဖြတ်ပေးမယ်။ ညီလေး၊ မင်းဘယ်လိုဆေးမျိုးကို ရောင်းချင်တာလဲ ငါ့ကိုပြ။” Matthew အပြုံးဖြင့် အကြီးတစ်ယောက်မှ သူ၏ ဂျူနီယာကို ပြောနေသောပုံစံမျိုးဖြင့် ပြောလိုက်သည်။

အဘိုးအို၏ မျက်လုံးများထဲမှ ဖုံးကွယ်ထားသော အထင်မြင်သေးမှုများကို သတိမထားမိခဲ့လျှင် ဤအဘိုးအိုသည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု တွေးခဲ့မိမှာပင်။ ယခုတွင်တော့ ထိုအဖိုးအို၏ စကားချိုချိုလေးများကြောင့် လှည့်စားခံမည်မဟုတ်သော်လည်း ဤနေရာသို့ ရောက်နေပြီဖြစ်တာကြောင့် Ace ထွက်သွား၍ မရပေ။ ထို့ကြောင့် သူ၏ဆေးများကို အရင်ဆုံး ပြရန် ဆုံးဖြတ်လိုက်သည်။ ထိုအဖိုးအို ဘာလုပ်မည်ကို သူသိလို၏။

“ဒီအိတ်ထဲမှာ အဖြူရောင်တစ်ဝက်အဆင့် ဆေးလုံး ၁၀၇လုံး ရှိတယ်။ စစ်ဆေးကြည့်ပြီးတော့ စျေးကိုပြောပါ။” Ace ၏ ကြိုးအိတ်ကို ဖွင့်လိုက်ကာ အဖိုးအိုကို အထဲတွင်ရှိသော ဆေးပုလင်းများကို ပြလိုက်၏။

ဆရာ Matthew အလွန် စွံ့အသွားသည်။ ဤကောင်လေးအိတ်ထဲတွင် ဆေးနှစ်လုံး၊ သုံးလုံးသာ ရှိမည်ဟု ထင်ခဲ့သော်လည်း ထိုကောင်လေးက ဆေး ၁၀၇လုံး ထုတ်ယူလိုက်၏။ အမျိုးသမီးငယ်သည်လည်း အလွန်အံ့သြသွားကာ လေအေးများကို ရှုရှိုက်လိုက်၏။

ဆေးလုံးများ၏ အရေအတွက်ကို မြင်ပြီးနောက် အဖိုးအို Matthew အလေးအနက်ဖြစ်သွားသည်။ 'ဒီအရောင်းအဝယ်ကိုငါလက်လွတ်မခံနိုင်ဘူး။' ဤကဲ့သို့ အရောင်းအဝယ်မျိုးကို သူလုပ်နိုင်ခဲ့ပါက ဤဆိုင်၏ ပိုမြင့်မားသော အဆင့်ဆီသို့ သူသွားနိုင်လိမ့်မည်ဖြစ်သည်။

အမျိုးသမီးငယ်တွင်လည်း ထိုအဘိုးအိုနှင့် တူညီသော အတွေးရှိလေသည်။ “ဧည့်သည်ရှင့်။ ဒီမှာထိုင်ပါဦး။ ဧည့်သည်အတွက် လက်ဖက်ရည်အေးလေး သွားယူခဲ့ပေးပါ့မယ်။” သူမထိုနေရာမှ မြန်မြန်ထွက်သွားလိုက်ကာ Ace အတွက် လက်ဖက်ရည်အေးကို သွားယူလာခဲ့၏။

“ဟုတ်တယ်။ လက်ဖက်ရည်အေးရဲ့ အရသာကို ခံစားရင်းနဲ့ ဒီမှာခဏစောင့်ပါဦး။ ငါမင်းအတွက် ဆေးလုံးတွေကို တန်ဖိုးဖြတ်ပေးပြီး သင့်တော်တဲ့ စျေးနှုန်းကိုပေးမယ်။” ဤတစ်ကြိမ်တွင်တော့ ဆရာ Matthew က ရိုးသားစွာဖြင့် ပြောလိုက်ကာ ဆေးပုလင်းများကို ဖွင့်၍ အထဲမှ ဆေးများကို တန်ဖိုးဖြတ်တော့သည်။

ထိုနှစ်ယောက်၏ သဘောထားက ၁၈၀ဒီဂရီ ပြောင်းလဲသွားတာကြောင့် Ace ပြုံးရယ်လိုက်၏။ ဤတစ်ကြိမ်တွင် သူတို့ရိုးသားနေပြီဖြစ်တာကြောင့် Ace လည်း အားနာမနေတော့ဘဲ သက်တောင့်သက်သာရှိစွာ ထိုင်လိုက်ကာ နောက်ဆုံးအကဲဖြတ်တန်ဖိုးကို စောင့်ဆိုင်းလိုက်သည်။

အချိန်အချို့ကြာပြီးနောက် အမျိုးသမီးငယ်သည် သူမ၏ လက်ထဲတွင် လက်ဖက်ရည်အေးတစ်ခွက်နှင့် ပြန်ရောက်လာကာ ထိုလက်ဖက်ရည်အေးခွက်ကို အေ့စ်ကိုပေးလိုက်သည်။

လက်ဖက်ရည်အေး၏ ထူးခြားသောမွေးရနံ့ကို Ace ရှူရှိုက်လိုက်ကာ နည်းနည်းချင်းဆီ သောက်လိုက်သည်။ အေးစိမ့်နေသော်လည်းပဲ နွေးထွေးသောအရသာက သူ၏ပါးစပ်ထဲတွင် ပျံ့နှံ့သွားတာကြောင့် မတတ်နိုင်စွာဖြင့် ကျယ်လောင်စွာ ချီးကျူးစကားဆိုလိုက်သည်။ “လက်ဖက်ရည်ကောင်းပဲ”

သူယခင်က ဤကဲ့သို့ စျေးကြီးသောလက်ဖက်ရည်ကို မဆိုနှင့်။ သာမန်လက်ဖက်ရည်ကိုပင် မသောက်ခဲ့ဘူးပေ။ ထို့ကြောင့် သူရှက်မနေဘဲ ချီးကျူးလိုက်ခြင်းပင်။ ဤလက်ဖက်ရည်သည် တော်တော်လေး လန်းဆန်းစေကာ ချီပင် ပါဝင်၏။ ယခု သူဤလက်ဖက်ရည်ကို ကီလိုအနည်းငယ်ပင် ဝယ်သွားရန် တွေးနေပြီဖြစ်သည်။ အဆုံးတွင်တော့ သူသည် အစားအသောက်ကောင်း ကြိုက်သူတစ်ဦးဖြစ်၏။

လက်ဖက်ရည်အေး၏အရသာကို Ace ခံစားနေစဉ်တွင် အဘိုးအို Matthew သည် ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး အကဲဖြတ်နေ၏။

ရုတ်တရက် အနီရောင်ဆေးပါရှိသော ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အခါ ထူထဲသော ချီရနံ့သည် သူ၏နှာခေါင်းဝသို့ ရောက်ရှိလာ၏။ Matthew ၏ ခန္ဓာကိုယ်ထဲတွင် ချီသည် လျင်မြန်စွာဖြင့် စတင်လည်ပတ်လာသည်ကို ခံစားလိုက်ရသည်။ သူအဖုံးကို လျင်မြန်စွာ ပြန်ပိတ်လိုက်ကာ ဘေးပတ်ဝန်းကျင်သို့ အကဲခတ်လိုက်၏။ မည်သူမှ သူ့ကိုဂရုစိုက်မနေသည်ကို မြင်လိုက်ရသည့်အခါ အနည်းငယ်စိတ်ပြန်လျှော့လိုက်သည်။

သို့သော်လည်း Matthew ၏ အထင်သည် မှားပေသည်။ အဘယ်ကြောင့်ဆိုသော် Ace ၏ စိတ်ဝိညာဉ်အာရုံခံစားမှုသည် သူ့အပေါ်တွင် တစ်ချိန်လုံး ရှိနေခဲ့၏။ သူ၏ ကြီးမားသော စိတ်အပြောင်းအလဲကြီးသည် Ace ၏ ဝိညာဉ်အာရုံခံစားမှုအောက်တွင် သတိမထားမိဘဲမနေပေ။ Ace မသိသည်မှာ အဘိုးအိုသည် ဆေးပုလင်းထဲတွင် မည်သည့်အရာကို တွေ့လိုက်ရတာကြောင့် ထိုသို့စိတ်အပြောင်းအလဲ ဖြစ်သွားသည်ကိုပင်။ ထို့ကြောင့် သူပုံမှန်အတိုင်းလေးပဲ နေနေကာ ဆက်လက်၍ စောင့်ကြည့်နေ၏။

Matthew ၏ စိတ်လှုပ်ရှားနေမှုကြောင့် Ace သတိပြုမိပြီး ဖြစ်သည်ကို Matthew မသိခဲ့ပေ။ သူ၏ အသက်ရှူသံကို ပုံမှန်အတိုင်းဖြစ်စေရန် အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ကာ အနီရောင်ဆေးပုလင်းကို အခြားဆေးပုလင်းများလို ဘေးတွင်ထားလိုက်ပြီး မည်သည်မှ မဖြစ်ပျက်သွားသလို ဟန်ဆောင်လိုက်သည်။

ထို့နောက် အိတ်ထဲသို့ ထပ်မံ၍ ကြည့်လိုက်ကာ နောက်ထပ် အနီရောင်ဆေးပုလင်းကို တွေ့လိုက်သည်။ မြန်ဆန်စွာဖြင့် သူ ထိုဆေးပုလင်းကို ယူလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုဆေးပုလင်း၏ အဖုံးကို သေးသေးလေးသာ လှစ်ဟဖွင့်လိုက်သည်။

တူညီသောရနံ့သည် သူ၏နှာခေါင်းဝတို့ ဝင်ရောက်လာ၏။ ထို့နောက် အဖုံးကို ပြန်ပိတ်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် အခြားဆေးပုလင်းများနှင့်အတူ ထားလိုက်သည်။ အိတ်ထဲတွင် ထိုသို့သော ဆေးပုလင်းမျိုး နောက်ထပ်ရှိမည်လားဟု ရှာဖွေလိုက်သော်လည်း ၂ပုလင်းသာရှိတာ‌ကြောင့် အနည်းငယ်စိတ်ပျက်သွားသည်။

၁၅မိနစ်ကြာပြီးနောက် သူ၏ အကဲဖြတ်ခြင်းကို အဆုံးသတ်လိုက်ကာ နောက်ဆုံး ဆုံးဖြတ်ချက် စျေးနှုန်းသတ်မှတ်ရန် Ace ကို ခေါ်လိုက်သည်။

“ညီလေး၊ မင်းရဲ့ဆေးတွေအကုန်လုံးကို ငါအကဲဖြတ်ပြီးသွားပြီ။ အကုန်လုံးက မင်းပြောသလို အဖြူရောင်တစ်ဝက်အဆင့် ဆေးတွေပဲ။ မင်းက ဒီလိုကြီးမားတဲ့ အရောင်းအဝယ်ကိုလုပ်ဖို့အတွက် ငါတို့ကို ရွေးချယ်ခဲ့ပြီး မင်းရဲ့ရိုးသားမှုကို ပြခဲ့တာကြောင့် ငါတို့ရဲ့ပုံမှန်‌ဖောက်သည်တွေကို ပေးတဲ့ တူညီတဲ့ဈေးနှုန်းပေးလိုက်မယ်။ စုစုပေါင်းဆေးလုံး ၁၀၇လုံးရှိပြီးတော့ ကုသခြင်းဆေးလုံးက ၅၂လုံးရှိတယ်။ ဈေးကို တစ်လုံးချင်းစီအတွက် ပတ္တမြားဒင်္ဂါး ၁၀၀ပြားပေးမယ်။ ချီဆေးလုံးက ၃၀ရှိပြီး ဈေးကို တစ်လုံးချင်းစီအတွက် ပတ္တမြားဒင်္ဂါး ၂၀၀ပြားပေးမယ်။ ဂိတ်တံခါးအသေးလေးတွေကို ဖွင့်ပေးနိုင်တဲ့ ဆေးလုံးက ၂၅လုံးရှိပြီးတော့ တစ်လုံးချင်းစီအတွက် ဈေးကို ပတ္တမြားဒင်္ဂါး ၅၀၀ပြားပေမယ်။ အားလုံးပေါင်းလိုက်ရင် ပတ္တမြားဒင်္ဂါး ၂၃,၇၀၀ ပြားရမယ်။ ဒီစျေးနှုန်းက ဒီကဈေးရုံတစ်ခုလုံးမှာ မင်းရနိုင်မယ့် အသင့်တော်ဆုံးစျေးပဲ” Matthew က သူ့ကို အသင့်တော်ဆုံးဈေး အမှန်တကယ်ပေးလိုက်သလိုမျိုး ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးများထဲတွင် မရိုးသားမှုများကို နက်ရှိုင်းစွာဖုံးကွယ်ထားသည်။

ဤဆေးလုံးများသည် ထိုမျှတန်ဖိုးရှိသည်ကို Ace သိသော်လည်း အဘိုးအိုသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်ဟု ခံစားနေရသည်။ အဖိုးအိုဖုံးကွယ်ထားသော အရာမှာ အနီရောင်ဆေးပုလင်းနှစ်လုံး ဖြစ်ရပေမည်။ Ace သည် Billy ဆီမှ လိမ်လည်ခံခဲ့ရသည့် နုံအသော ကလေးတစ်ယောက် မဟုတ်တော့ပေ။ သူ၏အမှားများဆီမှ သင်ယူခဲ့ပြီးဖြစ်သည်။

“ပတ္တမြားဒင်္ဂါး ၂၃,၅၀၀ပြားပဲ ထားလိုက်တော့။ ဒီကုသဆေးနှစ်ပုလင်းကို ကျွန်တော်ကိုယ်ကျွန်‌တော်အတွက် လိုအပ်တယ်။ အဲဒါကြောင့် ဒီဆေးကို မရောင်းတော့ဘူး။” ထို့နောက် Ace အနီရောင်ဆေးပုလင်းနှစ်လုံးကို ယူလိုက်ပြီး အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ လူလိမ်အဘိုးအိုကို ငြင်းပယ်ရန် အခွင့်အရေးပင် သူမပေးခဲ့ပေ။

All Chapters