တာအိုသက်ရှိ ဝံပုလွေပျံ
Vol. 74 Ch. 1096
လက်ရှိဘုရင်များ၏ ကျင့်ကြံမှုအဆင့်သည် မမြင့်မားသော်လည်း သူတို့အားလုံးသည် မြင့်မားသော အဆင့်အတန်းနှင့် ဩဇာအာဏာရှိကြလေသည်။ သူတို့က တစ်စုံတစ်ရာကို လျင်မြန်စွာ နားလည်သဘောပေါက်သွားကြလေသည်။
အင်ပါယာသုံးခုမှ ဧကရာဇ်များသည် အရိုအသေပေးဖို့အတွက် များစွာသော ကျင့်ကြံသူများနှင့်အတူ ကိုယ်တိုင်ရောက်ရှိလာကြလေသည်။ အဲဒါက သူတို့တွင် မကောင်းသော ရည်ရွယ်ချက်ရှိနေသည်မှာ သိသာလေသည်။
ဧကရီက ဤကပ်ဘေးကို မခုခံနိုင်ဘူးဆိုလျှင် မဟာကျိုးအင်ပါယာက ယနေ့တွင် အစိတ်စိတ်အမွှာမွှာ ကွဲသွားဖို့ ဖြစ်နိုင်ခြေများလေသည်။
ကျိယောင်ရွှယ်သည် မသက်မသာ ခံစားနေရပြီး သူမ၏လက်နှစ်ဖက်က ချွေးများဖြင့် စိုနေလေသည်။ သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမှာပင် သူမသည် အကြောက်အလန့်ကင်းမဲ့သည့်ပုံဖြင့် သူမ၏ ဣန္ဒြေကို ဆက်ထိန်းထားလေသည်။
သူမက ကြောက်ရွံ့ပြလို့ မဖြစ်ပေ။
သူမ၏ဣန္ဒြေ ပျက်ယွင်းသွားသည်နှင့် လူတိုင်းက သွားရှာပေတော့မည်။
သူမ လုပ်ရမည့် တစ်ခုတည်းသောအရာမှာ တတ်နိုင်သမျှ အချိန်ဆွဲထားပေးဖို့ပင် ဖြစ်လေသည်။
ဧရာမ ယာဉ်ပျံသုံးစင်းက ကျင့်ကြံသူ လူအုပ်ကြီး၏ အထက်မှာ ရပ်တန့်လိုက်လေသည်။
“ဘာဖြစ်လို့လဲ ဧကရီ.. ခင်ဗျားက ကျုပ်တို့ကို ကြိုဆိုတဲ့ပုံလည်း မရပါလား”
မဟာရှ ဧကရာဇ်က ပြုံး၍ ကျယ်လောင်စွာ မေးလိုက်လေသည်။
“ရှင်တို့သုံးယောက်က စိတ်ရင်းမှန်ကန်စွာနဲ့ လေးစားမှုကိုပြဖို့ လာတာဆိုရင် ကျွန်မက ရှင်တို့ကို ကြိုဆိုရမှာပေါ့.. ဒါပေမဲ့လို့ ရှင်တို့က မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေမယ်ဆိုရင်တော့…”
ကျိယောင်ရွှယ်သည် ဆက်မပြောတော့ဘဲ သူမ၏လေသံမှတစ်ဆင့် သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသလိုက်လေသည်။
အင်ပါယာသုံးခု၏ စစ်တပ်နှင့် ရင်ဆိုင်နေရချိန်မှာတောင် သူမက မည်သည့် ကြောက်ရွံ့မှုကိုမှ ထုတ်မပြပေ။
“ဟားဟား...”
ဧကရာဇ်သုံးပါးက အကြည့်ချင်းဖလှယ်ပြီးနောက် လှောင်ပြောင်သရော်သည့် ပုံစံဖြင့် ရယ်မောလိုက်ကြလေသည်။
ဒီ့ယခင်ကဆိုလျှင်.. ကျိယောင်ရွှယ်၏ ဟိတ်ဟန်မှာ သူတို့က ကြောက်လန့်ကောင်း ကြောက်လန့်သွားစေနိုင်လေသည်။
ယခုအခါမှာတော့.. အနိုင်ရလဒ်က သူတို့ဘက်မှာ သေချာနေခဲ့လေပြီ။
သူတို့နောက်ဘက်ရှိ အင်အားစုနှင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအရ သူတို့သည် မဟာကျိုးအင်ပါယာကို မပြောနှင့်.. မြောက်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစုများကိုပင် ဖျက်ဆီးချေမှုန်းနိုင်လေသည်။
စိတ်ဝိညာဉ်ယာဉ်ပျံများက ဆင်းသက်လာပြီးနောက် အင်ပါယာသုံးခုမှ စစ်သားများက ဖြည်းဖြည်းချင်း ထွက်ပေါ်လာကြလေသည်။
သူတို့သည် ဤသတင်းကို လက်ခံရရှိထားပြီးပြီဖြစ်သော်လည်း မဟာကျိုးဘက်ခြမ်းမှ ကျင့်ကြံသူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာကြဆဲ ဖြစ်လေသည်။
ဤကဲ့သို့ ကြောက်စရာကောင်းသော အင်အားစုဖွဲ့မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် လူတိုင်းက ကျိယောင်ရွှယ်ကဲ့သို့ ဣန္ဒြေမဆည်နိုင်ကြပေ။
ဧကရာဇ်သုံးပါး၏ နောက်ဘက်ရှိ လူအုပ်ကြားထဲတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က သူတို့ကြားမှာ ရပ်နေလေသည်။ သူ၏အကြည့်က ကျီစယ်လိုသော အကြည့်ဖြင့် ကျိယောင်ရွှယ်၏ မျက်နှာပေါ်ကို ရောက်ရှိနေလေသည်။
မဟာကျိုးဘိုးဘေးခေါင်းဆောင်၏ အုတ်ဂူရှေ့သို့ ရောက်ရှိလာပြီးနောက်.. မဟာရှ ဧကရာဇ်က သူ၏ခေါင်းကို ညင်သာစွာခါ၍ သက်ပြင်းချလိုက်လေသည်။
“သနားစရာပဲ.. ခင်ဗျားက စောစောစီးစီး သေသွားရတာ သနားစရာပဲ.. မဟာကျိုး ဖျက်ဆီးခံရမှာကို ခင်ဗျားက မမြင်ရတော့ဘူး”
မဟာကျိုးကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွားကြလေသည်။
အဲဒါက မနှစ်မျို့စရာကောင်းသော ရန်စစော်ကားမှု ဖြစ်လေသည်။
ဧကရာဇ်သုံးပါးသည် မဟာကျိုးဘိုးဘေးခေါင်းဆောင်၏ အုတ်ဂူရှေ့မှာ အနည်းငယ် ဦးညွတ်ပြီးနောက် နောက်သို့ပြန်ဆုတ်ကာ ကျိယောင်ရွှယ်ကို ပြုံးစစဖြင့် ကြည့်လိုက်လေသည်။
“မဟာကျိုးဧကရီ.. ခင်ဗျားက ဒီလောက်တည်ငြိမ်နေပုံထောက်ရင်.. ဆန်းကြယ်တောင်ထွတ်က အင်အားအကူကို စောင့်မျှော်နေတာပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”
မဟာရှ ဧကရာဇ်က ရုတ်တရက် ရယ်မော၍ မေးလိုက်လေသည်။
ကျိယောင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်လေသည်။
မဟာရှန် ဧကရာဇ်ကလည်း သူ၏ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။
“ခင်ဗျားကို အမှန်အတိုင်းပဲ ပြောပြလိုက်မယ်.. ခင်ဗျားက ဆက်ပြီးတော့ စောင့်နေစရာ မလိုတော့ဘူး.. ဒီနေ့ကစပြီး မဟာကျိုးက ဖယ်ရှားခံရမယ့်အပြင်.. ဆန်းကြယ်တောင်ထွတ်ကလည်း ဖျက်ဆီးခံရလိမ့်မယ်”
ထိုနေရာအရောက်တွင် မဟာကျိုးဘက်မှ ကျင့်ကြံသူများသည် ဆက်လက်၍ ဣန္ဒြေမဆည်နိုင်ကြတော့ပေ။
ကျိယောင်ရွှယ်၏ အမူအရာက အေးစက်နေပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“နင်တို့သုံးယောက်ကို ပြောလိုက်မယ်.. ငါ့ဘက်မှာ မူလနတ္ထိ ၉ ယောက်နဲ့ နိုးထဝိညာဉ် အယောက် ၃၀ ကျော် ရှိတယ်.. ငါတို့က အသေအကြေ တိုက်ခိုက်ကြမယ်ဆိုရင် နင်တို့ အင်ပါယာသုံးခုကလည်း ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးရမှာပဲ”
“ဟားဟား”
မဟာရှ ဧကရာဇ်က စိတ်အေးလက်အေး အမူအရာဖြင့် ပြုံးလိုက်လေသည်။
“မဟာကျိုးဧကရီ.. နင်က ငါတို့နဲ့ တိုက်ခိုက်နိုင်ဦးမယ်လို့ တကယ်ပဲ ထင်နေတာလား”
“ဝံပုလွေပျံ.. သွားတော့..”
ထိုသို့ သူပြောပြီးသည်နှင့် မဟာရှ ဧကရာဇ်၏ နောက်ဘက်ကနေ မူလနတ္ထိတစ်ယောက်က ရှေ့သို့ ထွက်လာခဲ့လေသည်။ သူ၏မျက်လုံးများက ကြမ်းကြုတ်ခက်ထန်မှုရှိပြီး သူ့တစ်ကိုယ်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။
“တာအိုသက်ရှိ ဝံပုလွေပျံ..”
တာအိုသက်ရှိ မင်းကျီက မျက်မှောင်ကြုတ်လိုက်လေသည်။
တာအိုသက်ရှိ ဝံပုလွေပျံသည် အစက မြောက်ပိုင်းဒေသ၏ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူက သွေးဆာရက်စက်ပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်လေသည်။ သူက နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ပြီးလေပြီ။ ယခုတော့ သူက မဟာရှအင်ပါယာထံမှာ တကယ်ပဲ အညံ့ခံသွားခဲ့လေသည်။
တာအိုသက်ရှိ ဝံပုလွေပျံသည် သူ၏လည်ပင်းကြောကို တစ်ချက်ဆန့်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲမှာ တဖျောက်ဖျောက်မြည်သံများက ထွက်ပေါ်လာခဲ့လေသည်။
ဘာကြောင့်ရယ်မသိ.. တာအိုသက်ရှိ မင်းကျီ၏ အကြည့်အောက်တွင် တာအိုသက်ရှိ ဝံပုလွေပျံ၏ ပါးနှစ်ဖက်က ငွေရောင်အလင်းဖြင့် တဖျပ်ဖျပ်လက်သွားသည်ဟု ထင်ရလေသည်။
အဲဒါသည် မြေကြီးထဲတွင် တီကောင်များ သွားလာနေသကဲ့သို့ဖြစ်ပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့လေသည်။
တာအိုသက်ရှိ ဝံပုလွေပျံက ကျိယောင်ရွှယ်ထံသို့ ခုန်ဝင်လာခဲ့လေသည်။
“မင်းကတော့ သေချင်နေပြီပဲ”
ချက်ချင်းပင် ကျိယောင်ရွှယ်နောက်မှ မူလနတ္ထိတစ်ယောက်က ရှေ့သို့ထွက်လာခဲ့လေသည်။ လေထဲသို့ ခုန်တက်ပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ ဓားပျံတစ်လက်ကို ရှေ့သို့ပစ်ထုတ်လိုက်လေသည်။ ထိုဓားပျံက အေးစက်စက် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး တာအိုသက်ရှိ ဝံပုလွေပျံဆီသို့ ပစ်ဝင်သွားလေသည်။
ဓားပျံက အရမ်းကို မြန်ဆန်လေသည်။
သို့သော်လည်း တာအိုသက်ရှိ ဝံပုလွေပျံက ပို၍ပင် မြန်ဆန်လေသည်။ ဖျတ်ခနဲဆို သူက လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့လေသည်။
အဲဒီနောက် ချက်ချင်းပင် လူတိုင်း၏ မျက်နှာက ပူစပ်ပူလောင်ဖြစ်လာသည်ဟု ခံစားရလေသည်။
လေထဲတွင် တာအိုသက်ရှိ ဝံပုလွေပျံသည် မူလနတ္ထိအရှေ့မှာ ပြန်ပေါ်လာပြီး ထိုသူကို နှစ်ခြမ်းဆွဲခွဲကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ပါးစပ်ထဲမှာ ဝါးစားလိုက်လေသည်။
သွေးစက်များက လူတချို့၏ မျက်နှာပေါ်သို့ ပြန့်ကျဲလာပြီး သူတို့က ပူနွေးမှုကို ခံစားလိုက်ရလေသည်။
ထိုအချိန်တွင် မဟာကျိုးမှ မူလနတ္ထိ ၉ ယောက်ထဲတွင် တစ်ယောက်က သေဆုံးသွားခဲ့လေပြီ။
ဟင်း..။
လူအုပ်ကြီးက ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။
တာအိုသက်ရှိ မင်းကျီကလည်း တုန်လှုပ်သွားရလေသည်။
တာအိုသက်ရှိ ဝံပုလွေပျံ၏ တိုက်ခိုက်ရည်ခွန်အားသည် သူသိထားသည်ထက် များစွာပို၍ သန်မာနေလေသည်။
ချွမ်း..
တာအိုသက်ရှိ ဝံပုလွေပျံ၏ လက်က တုန်ခါသွားပြီး သူ၏ လက်ကောက်ဝတ်ပေါ်တွင် ဓမ္မအင်းကွက် ၄ ခုနှင့်အတူ အေးစက်စက် လက်သည်းတစ်စုံက ပေါ်ထွက်လာခဲ့လေသည်။
အဲဒါက ထိပ်တန်းအဆင့် တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
ထိုကဲ့သို့သော လက်နက်မျိုးကို မဟာကျိုးအင်ပါယာ၏ ကျင့်ကြံရေးလောကမှာ တွေ့မြင်ရလေ့ မရှိပေ။
တာအိုသက်ရှိ မင်းကျီပင်လျှင် သာလွန်အဆင့် ဓမ္မလက်နက်တစ်ခုကိုသာ ကိုင်ဆောင်နိုင်လေသည်။
“သတ်”
တာအိုသက်ရှိ ဝံပုလွေပျံ၏ မျက်လုံးထဲတွင် ငွေရောင်အလင်းက ဖျပ်ခနဲလက်သွားပြီးနောက် လူအုပ်ကြီးထဲသို့ ပြေးဝင်လာခဲ့လေသည်။
တာအိုသက်ရှိ မင်းကျီက ကျိယောင်ရွှယ်နှင့်အတူ နောက်သို့ အလောတကြီး ခုန်ဆုတ်လိုက်လေသည်။
မူလနတ္ထိ ၃ ယောက်သည် တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြပြီး သူတို့၏ ဓမ္မပညာရပ်များနှင့် ဓမ္မလက်နက်များကို ထုတ်ဖော်ကာ တာအိုသက်ရှိ ဝံပုလွေပျံကို ချုပ်နှောင်ဖို့အတွက် ကြီးမားသည့် အကာအရံအလွှာတစ်ခုကို ဖန်တီးလိုက်လေသည်။
သို့သော်လည်း တာအိုသက်ရှိ ဝံပုလွေပျံ၏ လှုပ်ရှားမှုသည် အရမ်းကို မြန်ဆန်ပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်က ထူးဆန်းနေလေသည်။ ဖျတ်ခနဲဆို သူက အကာအရံအလွှာများကို ဖြတ်ကျော်ပြီး မူလနတ္ထိ ၃ ယောက်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ခြေပြတ် လက်ပြတ်များက လွင့်ပျံထွက်လာပြီး သွေးမြူများက နေရာတိုင်းမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် မူလနတ္ထိ ၃ ယောက်က သေဆုံးသွားခဲ့လေပြီ။
ယခုအခါ ကျိယောင်ရွှယ်ဘက်တွင် မူလနတ္ထိ ၅ ယောက်သာလျှင် ကျန်ရှိတော့လေသည်။
“သေစမ်း..”
မူလနတ္ထိ ၂ယောက်က ရှေ့သို့ထွက်ရပ်လာပြီး တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ စိတ်ဝိညာဉ်အသိစိတ် တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြလေသည်။
မဟာကျိုးအင်ပါယာအတွင်းတွင် မည်သူကမှ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များကို မတတ်မြောက်ကြပေ။
တာအိုသက်ရှိ ဝံပုလွေပျံသည် လုံးဝ ကြောက်လန့်နေခြင်း မရှိဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပြန်လည်ထုတ်ဖော်လိုက်လေသည်။ သူ၏ စိတ်ဝိညာဉ်အသိစိတ်က မူလနတ္ထိ ၂ ယောက်၏ စိတ်ဝိညာဉ်အသိစိတ်နှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ကျယ်လောင်သော မြည်သံကို ထွက်ပေါ်လာစေခဲ့လေသည်။
အဲဒီနောက် ချက်ချင်းပင် မူလနတ္ထိ ၂ ယောက်က ညည်းတွားအော်ဟစ်လိုက်ရလေသည်။
တာအိုသက်ရှိ ဝံပုလွေပျံ၏ မျက်လုံးထဲတွင်လည်း နာကျင်မှု အရိပ်အယောင်က ပေါ်ထွက်လာခဲ့လေသည်။
စိတ်ဝိညာဉ်အသိစိတ် ၃ ခုသည် ထိတွေ့ရိုက်ခတ်ပြီးနောက်.. သူတို့ ၃ ယောက်စလုံးက တစ်ပြိုင်နက်တည်း ဒဏ်ရာရရှိသွားကြလေသည်။
မဟာကျိုးဘက်ခြမ်းတွင် နောက်ထပ် မူလနတ္ထိတစ်ယောက်က ထိုသည်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်လေသည်။ အေးစက်စက် အလင်းနှင့်အတူ သူက တာအိုသက်ရှိ ဝံပုလွေပျံ၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်လေသည်။
ချွမ်း..
ဓားက ရှေ့သို့ ခုတ်ပိုင်းလိုက်သောအခါ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွားလေသည်။
မထိုးဖောက်နိုင်ဘူးလား..။
တာအိုသက်ရှိ မင်းကျီ၏ မျက်လုံးက ပြူးကျယ်သွားလေသည်။
တာအိုသက်ရှိ ဝံပုလွေပျံ၏ ခန္ဓာကိုယ်က ဘယ်တုန်းကများ အဲ့လောက်ထိ သန်မာသွားခဲ့ရတာလဲ..။
ဓားပျံက သာမန်အလယ်အလတ်အဆင့် တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခုဆိုလျှင်တောင် အဲဒါက တာအိုသက်ရှိ ဝံပုလွေပျံ၏ ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်စရာ အကြောင်းမရှိပေ။
နောက်ထပ် ဓမ္မပညာရပ်တစ်ခုက ဆင်းသက်လာပြီး တာအိုသက်ရှိ ဝံပုလွေပျံ၏ ရင်ဘတ်ပေါ်သို့ တည့်တည့်ကျဆင်းလာခဲ့လေသည်။
သို့သော်လည်း အဲဒါက သူ့ကို လိမ့်စင်းသွားစေရုံမျှသာ ဖြစ်လေသည်။
တာအိုသက်ရှိ ဝံပုလွေပျံသည် တစ်ဖန်ပြန်လည် ကျုံးထလာပြီး သူ၏မျက်လုံးများက ငွေရောင်အလင်းဖြင့် တောက်ပနေလေသည်။ သူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးဖြီး၍ တိုက်ခိုက်လိုက်သော မူလနတ္ထိအချို့ထံသို့ ပြေးဝင်လာခဲ့လေသည်။
ဖောင်း.. ဖောင်း.. ဖောင်း..
သွေးရောင်များက ဖြာထွက်လာခဲ့လေသည်။
ဆယ်ချီအတွင်းမှာပင် နောက်ထပ်မူလနတ္ထိ ၄ ယောက်သည် တာအိုသက်ရှိ ဝံပုလွေပျံ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ယခုအခါ ကျိယောင်ရွှယ်ဘက်တွင် မူလနတ္ထိဆို၍ မင်းကျီတစ်ယောက်သာလျှင် ကျန်ရှိတော့လေသည်။
မဟာကျိုးမှ များစွာသော နိုးထဝိညာဉ်များသည် ထပ်တလဲလဲ နောက်သို့ဆုတ်ပြီး မည်သူကမှ ရှေ့သို့မတက်ရဲကြတော့ပေ။
မူလနတ္ထိများတောင် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးကုန်သည်ဆိုမှတော့ သူတို့က ဘာများလုပ်နိုင်ဦးမှာလဲ။
တာအိုသက်ရှိ မင်းကျီသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့လေသည်။
ဤအခိုက်အတန့်မှသာလျှင် သူတို့က ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံသူများနှင့် ရင်ဆိုင်နေရသလဲ နားလည်လာခဲ့လေသည်။
ကျိယောင်ရွှယ်က ဝမ်းနည်းပက်လက် ဖြစ်လာခဲ့လေသည်။
မဟာကျိုးက ဖျက်ဆီးခံရတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်ရှိလာခဲ့လေသည်။