← Chapters

တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်နေတာလား

Vol. 74 Ch. 1097

တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်နေတာလား

Vol. 74 Ch. 1097

“တစ်ခုခုတော့ မှားနေပြီ”

တာအိုသက်ရှိ မင်းကျီ၏ အမူအရာက ပျက်ယွင်းလာခဲ့လေသည်။

တာအိုသက်ရှိ ဝံပုလွေပျံသည် သန်မာသည်ဆိုသော်လည်း သူက ဤမျှအထိတော့ မသန်မာနိုင်ပေ။

ဒါ့အပြင် တာအိုသက်ရှိ ဝံပုလွေပျံသည် ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားရှိသည်ဆိုလျှင် သူက မဟာရှအင်ပါယာ၏ အမိန့်ကို ဘာကြောင့်နာခံနေရတာလဲ..။

လွန်ခဲ့သည့်​ နှစ်တစ်သောင်းက မဟာချွမ်အင်ပါယာ ဖျက်ဆီးခံရပြီးကတည်းက မြောက်ပိုင်းဒေသ၏ လက်ရှိအင်ပါယာ ၄ ခုသည် အရင်တုန်းက ဂုဏ်ကျက်သရေနှင့် ခွန်အားတို့ကို ပြန်လည်မရရှိတော့ပေ။

အရင်တုန်းကဆို.. မဟာချွမ်အင်ပါယာမှာ ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းက တည်ရှိခဲ့လေသည်။

ထိုစဉ်က အင်ပါယာ၏ ခွန်အားသည် ထိပ်သီးဂိုဏ်းကြီးများနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

သို့သော် ယခုအခါမှာတော့ အင်ပါယာ ၄ ခုသည် ထိပ်သီးဂိုဏ်းကြီးများကို မဆိုထားနှင့်.. မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများကိုပင် မယှဉ်နိုင်တော့ပေ။

တာအိုသက်ရှိ ဝံပုလွေပျံ၏ တိုက်ခိုက်ရည်ခွန်အားအရဆို သူက အဆင့်မြင့်ဂိုဏ်းများသို့ ဝင်ရောက်ဖို့ပင် အဆင့်မီတာထက် ပိုလေသည်။ သူက ဘာကြောင့် မဟာရှအင်ပါယာထံမှာ အညံ့ခံမှာလဲ။

ဒီတစ်ခေါက် မဟာကျိုးအင်ပါယာ ရင်ဆိုင်နေရသော ရန်သူများသည် အင်ပါယာ ၃ ခုထက်ပင် ပို၍ကြောက်စရာကောင်းနေနိုင်ကြောင်း တာအိုသက်ရှိ မင်းကျီက ဝိုးတဝါး ခန့်မှန်းမိလာခဲ့လေသည်။

ဧကရာဇ် ၃ ပါးက မဟာကျိုးအင်ပါယာထဲသို့ ကိုယ်တိုင်ဝင်ရောက်လာရဲအောင် ဘယ်လောက်တောင် ယုံကြည်မှုရှိနေလိုက်သလဲ..။

မဟာရှ ဧကရာဇ်က စိတ်အေးလက်အေး အမူအရာဖြင့် ပြုံးလိုက်လေသည်။

“မဟာကျိုးဧကရီ.. ခင်ဗျားရဲ့ မဟာကျိုးက မူလနတ္ထိတွေက ဘာလို့ အဲ့လောက်ထိ အားနည်းပြီး အထိမခံနိုင် ဖြစ်နေရတာလဲ”

မဟာယွီ ဧကရာဇ်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ကျိယောင်ရွှယ်.. လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က နင့်ရဲ့အချစ်တော် ဆူဇီမိုက ကန်းလန်ရိုးမမှာ ငါတို့ အင်ပါယာ ၃ ခုက သန်းနဲ့ချီတဲ့ စစ်သားတွေကို သတ်ဖြတ်ခဲ့တယ်.. အဲဒီအကြွေးကို အခုပြန်တောင်းရမယ့် အချိန်ပဲ”

ကျိယောင်ရွှယ်သည် ယနေ့ သူမက သေချာပေါက် သေရတော့မည်ဖြစ်ပြီး မဟာကျိုးအင်ပါယာကလည်း ဖျက်ဆီးခံရတော့မည်ဆိုတာကို နားလည်လိုက်လေသည်။ သူမ၏ စိတ်နှလုံးထဲမှာ မည်သည့် ကြောက်ရွံ့မှုမှ ဆက်လက်၍ မရှိတော့ဘဲ လှောင်ရယ်လိုက်လေသည်။

“အင်ပါယာ ၃ ခုရဲ့ စစ်တပ်က မဟာကျိုးနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးတော့.. သူတို့သွားတဲ့​ လမ်းတစ်လျှောက်မှာ မြို့သူမြို့သား တစ်သန်းကျော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လေ”

“အဲဒီ အဆင့်နိမ့်သတ္တဝါတွေက ငါတို့အင်ပါယာ ၃ ခုရဲ့ စစ်တပ်ကို တားဆီးချင်တဲ့အတွက် သူတို့က သေသင့်တယ်”

မဟာရှန် ဧကရာဇ်၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းက ဖျပ်ခနဲလက်သွားပြီး သူက မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်လေသည်။

“ကျိယောင်ရွှယ်.. ဆူဇီမိုက အခု ဒုက္ခိတတစ်ယောက် ဖြစ်နေခဲ့ပြီ.. သူက သေသလား ရှင်သလားတောင် ငါတို့မသိရဘူး.. အဲဒီတော့ အဲဒီသွေးကြွေးကို နင့်ဆီကပဲ ပြန်တောင်းရမှာပဲ”

ကျိယောင်ရွှယ်သည် ထိုနာမည်ကို ကြားသောအခါ သူမ၏မျက်လုံးက မှိန်ကျသွားလေသည်။

လွန်ခဲ့သည့် ဆယ်နှစ်က တိုက်ပွဲအကြောင်းကို သူမသည်လည်း ကြားခဲ့ရလေသည်။

ဆူဇီမိုက တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့မည် ဆိုလျှင်တောင် သူ၏ခန္ဓာကိုယ်က ဖျက်ဆီးခံထားရပြီး သူ၏ နတ်ဖီးနစ်အရိုးနှင့် ဖန်တီးခြင်းကြာပဒုမ္မာကိုလည်း ဆုံးရှုံးထားလေသည်။ သူက အတိတ်ကာလတုန်းကလို ပြိုင်ဘက်ကင်း ပြန်ဝင်စား မွန်းစတားတစ်ယောက် ပြန်ဖြစ်လာတော့မည် မဟုတ်ပေ။

ထိုကဲ့သို့သော ရိုက်နှက်ချက်က မည်သူ့ကိုမဆို စိတ်နှလုံး ပြိုလဲသွားဖို့ လုံလောက်လေသည်။

ကျိယောင်ရွှယ်သည် အဝေးတစ်နေရာသို့ ငေးကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

“ဇီမို.. နင် အဆင်ပြေရဲ့လား ငါသိချင်မိတယ်.. ငါတို့က ဒီဘဝမှာတော့ နောက်တစ်ခေါက် ပြန်တွေ့ဖို့ ကံမရှိတော့ဘူး ထင်ပါရဲ့”

ထိုအခိုက်အတန့်တွင် သူမ၏ စိတ်နှလုံးထဲမှာ အလွန်အမင်း တမ်းတမှုက ဖြစ်ပေါ်လာခဲ့လေသည်။

ငြိမ်းသေတော့မည့် မီးအိမ်တစ်ခုကဲ့သို့ သူမ၏ မျက်လုံးရှေ့မှာ သူတို့နှစ်ယောက် အတူရှိခဲ့သည့် ပုံရိပ်များက တဖျပ်ဖျပ်ပေါ်လာခဲ့လေသည်။

သူမသည် ထိုအထဲမှာ နစ်မြောနေပြီး ညင်သာစွာပြုံး၍ သူမ၏ မျက်လုံးများက စိုစွတ်လာခဲ့လေသည်။

ထိုမြင်ကွင်းများသည် နောက်ဆုံးမှာတော့ သူမ၏ မှုန်ရီဝေဝါးနေသော မျက်လုံးထဲတွင် ပုံရိပ်တစ်ခုအဖြစ် စုဖွဲ့သွားခဲ့လေသည်။

သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထား​ပြီး ကြော့ရှင်းချောမောသော သွင်ပြင်ရှိလေသည်။ သူ၏ အနက်ရောင်ဆံပင်က ယိမ်းထိုးနေပြီး သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေလေသည်။ သူက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း နူးညံ့သိမ်မွေ့သော အကြည့်နှင့်အတူ သူမကို ပြုံးပြနေလေသည်။

သူမက ထင်ယောင်ထင်မှား မြင်နေရတာလား..။

ကျိယောင်ရွှယ်သည် နှာတစ်ချက်ရှုံ့၍ သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်လေသည်။ သူမ၏ ဦး​ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ဓားတိုတစ်လက်ကို ဆွဲထုတ်ကာ သူမကိုယ်သူမ သတ်သေဖို့ ပြင်ဆင်လိုက်လေသည်။

ရုတ်တရက်.. လက်ရှိကျင့်ကြံသူများ အားလုံးသည် ထိုဘက်အရပ်သို့ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် တုန်လှုပ်စွာ ငေးကြည့်နေသည်ကို သူမက နားလည်လိုက်လေသည်။

“ဆ.. ဆူ...”

တာအိုသက်ရှိ မင်းကျီသည် ထိုဘက်အရပ်ကို လက်ညိုးထိုးပြီး မယုံကြည်နိုင်မှုဖြင့်​ အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလေသည်။ သို့သော်လည်း သူက ဆက်လက်၍ ပြောဆိုနိုင်ခြင်း မရှိပေ။

ကျိယောင်ရွှယ်သည် တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး ရုတ်တရက် မော့ကြည့်လိုက်လေသည်။

မလှမ်းမကမ်းတွင် အစိမ်းရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က သူမ၏မြင်ကွင်းထဲမှာ အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့ပြီး တစ်ခဏအတွင်း သူမရှေ့သို့ ရောက်ရှိလာခဲ့လေသည်။

သူမက ထင်ယောင်ထင်မှား မြင်နေရတာ မဟုတ်ဘူးလား..။

“အဲဒါက ဘယ်သူလဲ”

မဟာရှ ဧကရာဇ်က မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

ဝင်ရောက်လာသော အစိမ်းရောင်ဝတ်ကျင့်ကြံသူက မူလနတ္ထိအဆင့်မျှသာ ဖြစ်လေသည်။ ကျင့်ကြံသူအချို့က သူ့ကိုမြင်သောအခါ ဘာကြောင့် တစ္ဆေသရဲတစ်ကောင်ကို မြင်နေရသလို ဖြစ်နေရတာလဲ..။

“အဲဒါ.. သူပေါ့..”

ကျားနဂါးဂိုဏ်းမှ တာအိုသက်ရှိ ကျားနီက သူ၏မျက်လုံးကို မှေးကျဉ်းပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်.. ဆူဇီမိုပဲ”

လူအုပ်ကြီးထဲတွင် အစိမ်းရောင်ဝတ်လူငယ်၏ မျက်လုံးထဲမှာ အေးစက်စက်အလင်းက ဖျပ်ခနဲလက်သွားပြီး တီးတိုးရေရွတ်လိုက်လေသည်။

“စိတ်ဝင်စားစရာပဲ.. ငါတို့က ယင်ကောင်လေးတွေကိုပဲ ဖမ်းဖို့လာခဲ့တာ.. အခုတော့ ငါးကြီးတစ်ကောင်ကိုပါ မျှားခေါ်ထုတ်လာနိုင်ခဲ့ပြီဆိုတော့..”

“ဟီးဟီး”

မဟာယွီ ဧကရာဇ်က ရယ်မောလိုက်လေသည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကဆိုရင်တော့ အဲဒီလူက ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မယ်.. ဒါပေမဲ့ အခုတော့ သူက ဒုက္ခိတတစ်ယောက်ပါပဲ”

ကျိယောင်ရွှယ်သည် ဝင်ရောက်လာသူကို ငေးငိုင်စွာ ကြည့်နေပြီး မယုံကြည်နိုင်မှုဖြင့် တိုးတိတ်စွာ ခေါ်လိုက်လေသည်။

“ဇီမို..”

သူမ၏အသံက တုန်ယင်နေပြီး သူမ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ဆူဇီမို၏ ပါးကို ထိတွေ့ချင်နေလေသည်။ သို့သော်လည်း သူမသည် ထိုသို့မပြုလုပ်ရဲဘဲ သူမ၏လက်က လေထဲမှာပဲ ရပ်တန့်သွားခဲ့လေသည်။

သူမက ထိတွေ့လိုက်လျှင် ထိုပုံရိပ်က ပျက်ပြယ်သွားမည်ကို သူမက စိုးရိမ်နေလေသည်။

ဆူဇီမိုသည် ကျိယောင်ရွှယ်၏ဘေးသို့ ရောက်ရှိလာပြီး သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို ညင်သာစွာ သုတ်ပေးလိုက်လေသည်။

ကျိယောင်ရွှယ်သည် ဆက်လက်၍ သံသယမရှိတော့ဘဲ နွေးထွေးမှုကို ခံစားလိုက်ရလေသည်။

အဲဒါက ထင်ယောင်ထင်မှား မြင်နေခြင်း မဟုတ်ပေ။

သူမရှေ့မှ ပုဂ္ဂိုလ်က ဆူဇီမိုပင်ဖြစ်လေသည်။

ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

“တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်နေတာလား”

ဘာကြောင့်ရယ်မသိ.. ထိုသက်ပြင်းချသံ ထွက်ပေါ်လာသည့် အချိန်မှာပင် ကျင့်ကြံသူများသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်၍ ခေါင်းနပန်းကြီးလာကြလေသည်။

သူတို့သည် မဟာကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရပြီး မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်၏ ပစ်မှတ်ထားခြင်း ခံနေရသည်ဟု ခံစားလာရလေသည်။

လူအုပ်ကြားထဲမှ အစိမ်းရောင်ဝတ်လူငယ်ပင်လျှင် မျက်မှောင်ကြုတ်၍ သူ၏ဦးရေပြားက ရိုးတိုးရွတ ဖြစ်လာခဲ့လေသည်။

သူက ခေါင်းကိုခါ၍ ထိုခံစားချက်ကို ရှင်းထုတ်ပစ်လိုက်လေသည်။

“အင်း..”

ကျိယောင်ရွှယ်သည် နောက်ထပ် ဘာစကားမှ မပြောတော့ဘဲ သူမ၏ ခံ့ညားထည်ဝါသော အော်ရာကလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့လေသည်။ သူမသည် အမှားတစ်ခု ပြုလုပ်ထားသည့်အလား ခေါင်းတစ်ချက်ညိတ်၍ ဝန်ခံလိုက်လေသည်။ ထိုအခိုက်အတန့်တွင် သူမထံမှ အင်းဆိုသော စကားတစ်လုံးသည် သူတို့၏ သေမိန့်ဖြစ်နေမည်ဟု မည်သူကမှ နားမလည်ကြသေးပေ။

“ဟန်ဆောင်မနေကြနဲ့တော့.. ဘာတွေလာပြီး အလွမ်းသယ်နေတာလဲ”

ရုတ်တရက် တာအိုသက်ရှိ ဝံပုလွေပျံက လှောင်ရယ်မောလိုက်လေသည်။

“တာအိုသက်ရှိ အထီးကျန်သိုင်းသခင်.. မင်းရဲ့ အတိတ်ကာလက ဂုဏ်ကျက်သရေတွေက အတိတ်မှာပဲ ကျန်ခဲ့ပြီ.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်လား.. နံပါတ်တစ် ပကတိအရှင်လား.. နံပါတ်တစ် တာအိုသက်ရှိလား.. ဘာတစ်ခုမှ မင်းနဲ့ထပ်ပြီး မသက်ဆိုင်တော့ဘူး”

“အို..”

ဆူဇီမိုက ရယ်မောလိုက်လေသည်။

ဒီတစ်ခေါက်တွင် သူသည် ဆယ်နှစ်မျှသာ တံခါးပိတ်ကျင့်ကြံခဲ့ပြီးနောက်.. တာအိုသက်ရှိ ဝံပုလွေပျံကဲ့သို့ ကျင့်ကြံရေးလောကရှိ ဘာမဟုတ်သည့် သူတစ်ယောက်ကပင် သူ့ကို ဤကဲ့သို့သော လေသံဖြင့် ပြောဆိုရဲလာခဲ့လေသည်။

တာအိုသက်ရှိ ဝံပုလွေပျံသည် မြောက်ပိုင်းဒေသမှာ နာမည်ဂုဏ်သတင်းတစ်ခု ရှိကောင်းရှိနိုင်ပေလိမ့်မည်။ သို့သော်လည်း သူက စစ်မှန်သော ပြိုင်စံရှားတစ်ယောက်ဖြစ်လာဖို့ အဝေး​ကြီး လိုသေးလေသည်။

သူသည် တာအိုအမွေအနှစ်ကုန်းမြေသို့ပင် မဝင်ရောက်ခဲ့ဖူးပေ။

တစ်နည်းအားဖြင့် ပြောရလျှင်.. သူက ဆူဇီမို၏ ဖိနပ်ကို သယ်ဖို့ပင် မထိုက်တန်ပေ။

တကယ်တော့ တာအိုသက်ရှိ ဝံပုလွေပျံသည် ဤကဲ့သို့ မောက်မာနေရသည့် အကြောင်းရင်းမှာ တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်တစ်ယောက်က ဆူဇီမိုကို လွန်ခဲ့သည့် ဆယ်နှစ်က တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်လေသည်။

ယေဘုယျအားဖြင့် ပြောရလျှင်.. နတ်ဖီးနစ်အရိုးနှင့် ဖန်တီးခြင်းကြာပဒုမ္မာကို ဆုံးရှုံးပြီး သူ၏ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရပြီးနောက် ဆူဇီမိုသည် သာမန်မူလနတ္ထိတစ်ယောက်အဖြစ်သို့ သေချာပေါက် လျှောကျသွားပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက အနည်းငယ် အားနည်းသွားရုံမှလွဲ၍ သူ၏ တိုက်ခိုက်ရည်ခွန်အားက လွန်ခဲ့သည့် ဆယ်နှစ်ကထက် အားမနည်းကြောင်း မည်သူကမှ မသိကြပေးပေ။

“ဆူဇီမို.. မင်းက အချိန်မှန်မှာ ရောက်လာခဲ့တာပဲ”

မဟာရှ ဧကရာဇ်၏ အကြည့်က အေးစက်နေပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာက.. အင်ပါယာ ၃ ခုက စစ်သည်တစ်သန်းကျော်ကို မင်းက သတ်ဖြတ်ခဲ့တယ်.. အဲဒီသွေးကြွေးကို မင်းရဲ့အသက်နဲ့ အခုပြန်ပေးဆပ်ရမယ်”

“သတ်..”

တာအိုသက်ရှိ ဝံပုလွေပျံက မာန်ဖီအော်ဟစ်၍ ရှေ့သို့ပြေးဝင်လိုက်လေသည်။ ရုတ်တရက်.. သူ၏ လက်ကောက်ဝတ်ကနေ ထက်ရှ၍ သွေးသံရဲရဲ လက်သည်းတစ်စုံက ပြူထွက်လာပြီး ဆူဇီမိုထံသို့ ခုန်ဝင်သွားလေသည်။

ဆူဇီမိုသည် တာအိုသက်ရှိ ဝံပုလွေပျံကို ကြည့်ပြီး သူ၏မျက်လုံးများက ထူးဆန်းသော အနက်ရောင်အလင်းနှင့်အတူ ရုတ်တရက် တောက်ပလာခဲ့လေသည်။

ကောင်းကင်ဘုံ မိစ္ဆာမျက်လုံး..

အဲဒါက တာအိုနှလုံးသား မိစ္ဆာမျိုးစေ့သုတ္တန်မှ စက္ခုနည်းစနစ်တစ်ခု ဖြစ်လေသည်။ အားနည်းသော စိတ်စွမ်းအားနှင့် တာအိုနှလုံးသားရှိသည့် ကျင့်ကြံသူများသည် အလွယ်တကူ ထိန်းချုပ်ခံရပြီး သူတို့၏ အသိစိတ်ကို ဆုံးရှုံးသွားရပေလိမ့်မည်။

ရုတ်တရက်.. တာအိုသက်ရှိ ဝံပုလွေပျံသည် သူ၏ခြေလှမ်းကို ရပ်တန့်ပြီး သူ၏ဝိညာဉ် ပျောက်ဆုံးသွားသည့်အလား နေရာမှာပင် ငေးငိုင်ရပ်နေလေသည်။

ကောင်းကင်ဘုံ မိစ္ဆာမျက်လုံးသည် သေစေနိုင်စွမ်းအား မမြင့်မားသော်လည်း အဲဒါက ရှေးဟောင်းခေတ်ကနေ ဆင်းသက်လာသော မိစ္ဆာနည်းစနစ်တစ်ခုဖြစ်ပြီး တာအိုသက်ရှိ ဝံပုလွေပျံက အဲဒါကို ခုခံနိုင်ခြင်း မရှိပေ။

“အား.. “

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာခဲ့လေသည်။

စောစောကတင် တာအိုသက်ရှိ ဝံပုလွေပျံက ဘယ်လောက်တောင် ကြမ်းကြုတ်ခက်ထန်ခဲ့သလဲ လူတိုင်းက မြင်တွေ့ခဲ့ကြလေသည်။

မဟာကျိုးအင်ပါယာမှ မူလနတ္ထိ ၈ ယောက်ပင်လျှင် သူတစ်ယောက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

သို့သော် ယခုအခါမှာတော့ တာအိုသက်ရှိ ဝံပုလွေပျံသည် ဆူဇီမို၏ အကြည့်ကိုပင် မယှဉ်နိုင်ဘဲ အကြည့်တစ်ချက်ဖြင့် ခုခံဖို့ကို လက်လျှော့သွားခဲ့လေပြီ။

သူက နေရာမှာပင် မလှုပ်မယှက် ရပ်တန့်နေလေသည်။

ဤအခိုက်အတန့်တွင် ဆူဇီမိုကို မပြောနှင့်.. မည်သည့် နိုးထဝိညာဉ်မဆို သူ့ကို အလွယ်တကူ သတ်နိုင်လေသည်။

All Chapters