← Chapters

ထူးဆန်းသော စွမ်းအား

Vol. 74 Ch. 1098

ထူးဆန်းသော စွမ်းအား

Vol. 74 Ch. 1098

“အဲဒါက စက္ခုနည်းစနစ်တစ်ခုပဲ”

အဆင့်မြင့်ဂိုဏ်းတစ်ဂိုဏ်းမှ တစ်စုံတစ်ယောက်အနေဖြင့် တာအိုသက်ရှိ ကျားနီက အရင်ဆုံးတုံ့ပြန်၍ အော်ပြောလိုက်လေသည်။

ထိုစဉ်မှာပင်.. တာအိုသက်ရှိ ဝံပုလွေပျံ၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

သူ၏ ပါးပြင်ပေါ်တွင် ထူးဆန်းသော ငွေရောင်ချည်မျှင်များက ပေါ်ထွက်လာခဲ့လေသည်။

အဲဒီနောက် သူ၏မျက်လုံးများက ငွေရောင်အလင်းဖြင့် တောက်ပလာခဲ့လေသည်။

“အမ်..”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲမှာ အံ့အားသင့်မှုက ထင်ဟပ်လာခဲ့လေသည်။

တာအိုသက်ရှိ ဝံပုလွေပျံ၏ ခန္ဓာကိုယ်ထဲတွင် အလွန်တရာ ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေသည်မှာ သိသာလေသည်။ ထိုစွမ်းအား၏ ရုန်းကန်ပေါက်ကွဲအားဖြင့် သူသည် ကောင်းကင်ဘုံမိစ္ဆာမျက်လုံး၏ ထိန်းချုပ်မှုကနေ ရုန်းထွက်လာနိုင်ခဲ့လေသည်။

ဆူဇီမိုသည် အဲဒါကို များစွာ စဉ်းစားနေခြင်း မရှိပေ။ သူ၏လက်ညိုးကို ဝှေ့ယမ်းပြီး ဓမ္မစွမ်းအား ဓားချီတစ်ခုကို ပစ်ထုတ်လိုက်လေသည်။

ဖောက်..

ဓမ္မစွမ်းအားဓားချီက တာအိုသက်ရှိ ဝံပုလွေပျံ၏ နှာရောင်ထဲသို့ ချက်ချင်းဝင်ရောက်သွားလေသည်။

ဆူဇီမိုသည် သာမန်မူလနတ္ထိများကို ကိုင်တွယ်ဖို့အတွက် မည်သည့် ဓမ္မပညာရပ်ကိုမှ ထုတ်သုံးစရာ မလိုအပ်ပေ။

သူ၏ ဓမ္မစွမ်းအားများကို ဓားချီတစ်ခုအဖြစ် အရိုးရှင်းဆုံး အသွင်ပြောင်းခြင်းကပင် သူတို့ကို ကိုင်တွယ်နိုင်လေသည်။

သူသည် အလယ်အလတ်အဆင့် မူလနတ္ထိအဆင့်မှာ ရှိနေသော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်သည် အင်မော်တယ်ဂိုဏ်း၊ ဗုဒ္ဓဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများမှ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များဖြင့် မီးဆေးခံရပြီးနောက် မနှိုင်းယှဉ်သာအောင် သန့်စင်လာခဲ့လေသည်။

သူ၏ စိတ်ဝိညာဉ်အသိစိတ် ဖြန့်ကြက်နိုင်မှု အတိုင်းအတာက ကီလိုမီတာ ၅၀၀ ကျော်ပြီး အဲဒါက ဓမ္မဝိသေသ တာအိုအရှင်များနှင့် ယှဉ်နိုင်လေသည်။

သူ၏ ဓမ္မစွမ်းအားများက ပို၍ပင် ကြောက်စရာကောင်းနေလေသည်။

အဲဒါက ခွန်အားသက်သက်ဖြင့် ဖိနှိမ်ခြင်း ဖြစ်လေသည်။

အားလုံး၏ အကြည့်အောက်မှာပင် တာအိုသက်ရှိ ဝံပုလွေပျံသည် ကောင်းကင်ဘုံမိစ္ဆာမျက်လုံး၏ ထိန်းချုပ်မှုကနေ ရုန်းထွက်ပြီး သူ၏အသိစိတ်ကို ပြန်လည်ရရှိလာသည့် အချိန်မှာပင်.. ဆူဇီမို၏ ဓမ္မစွမ်းအား ဓားချီက သူ၏နှာရောင်ထဲသို့ ဖောက်ဝင်သွားခဲ့လေသည်။

တာအိုသက်ရှိ ဝံပုလွေပျံ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွားခဲ့လေသည်။

တာအိုသက်ရှိ ဝံပုလွေပျံက သေဆုံးသွားသော်လည်း ထိုသူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာသော စွမ်းအားကြောင့် ဆူဇီမိုသည် တွေဝေရှုပ်ထွေးသွားလေသည်။

ပြောရလျှင်.. ထိုစွမ်းအားကြောင့် မဟုတ်ပါက တာအိုသက်ရှိ ဝံပုလွေပျံ၏ တိုက်ခိုက်ရည်ခွန်အားသည် ဤအဆင့်ထိ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

သူ့အနေဖြင့် မဟာကျိုးမှ မူလနတ္ထိ ၈ ယောက်ကို တစ်ယောက်တည်းဖြင့် သတ်ဖြတ်ဖို့ မဖြစ်နိုင်ပေ။

“သွားကြ.. သူ့ကို သတ်..”

မဟာရှ ဧကရာဇ်က တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်ကို သတ်ကြ.. မင်းတို့က ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာကြလိမ့်မယ်”

“အဲဒါ အမှန်ပဲ.. သူက တစ်ယောက်တည်း.. မင်းတို့အားလုံး ပူးပေါင်းတိုက်ခိုက်ရင် သူက ဘာခံနိုင်မှာလဲ”

မဟာယွီ ဧကရာဇ်ကလည်း အော်ပြောလိုက်လေသည်။

ရွှစ်.. ရွှစ်.. ရွှစ်..

ချက်ချင်းပင်.. ဧကရာဇ်သုံးပါး၏ နောက်ကနေ မူလနတ္ထိ ၈ ယောက်က ရှေ့သို့ ထွက်ရပ်လာပြီး သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော ငွေရောင်ချည်မျှင်များက ပေါ်ထွက်လာခဲ့လေသည်။

နောက်ဆုံးမှာတော့ ထို မူလနတ္ထိများ၏ မျက်လုံးထဲတွင် ငွေရောင်အလင်းများက တဖျပ်ဖျပ်လက်လာပြီး သူတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။

ချက်ချင်းပင် ဓားပျံ ၁၀ လက်ကျော်က လေထဲကနေ ဖြတ်သန်းလာခဲ့လေသည်။

လေထဲတွင် မူလနတ္ထိအချို့သည် ဓမ္မစွမ်းအားများကိုပင် ဆင့်ခေါ်ပြီး ရောက်ရှိလာကြလေသည်။

“ဒီနည်းစနစ်ပဲလား.. “

ဆူဇီမိုသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။

ဤမူလနတ္ထိများ၏ ဓမ္မလက်နက်များနှင့် ဓမ္မပညာရပ်များက စကားထဲမှာ ထည့်ပြောဖို့ပင် မထိုက်တန်ပေ။

သို့သော်လည်း သူတို့ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာသော ငွေရောင်ချည်မျှင်များသည် သူတို့၏ခွန်အားကို နှစ်ဆဖြစ်လာစေပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားကလည်း တရှိန်ထိုး မြင့်တက်လာခဲ့လေသည်။

ဆူဇီမိုသည် ထိုကဲ့သို့သော နည်းလမ်းများကို အရင်တုန်းက တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။

တကယ်တော့ မူလနတ္ထိများ၏ တိုက်ခိုက်ရည်ခွန်အားက နှစ်ဆဖြစ်လာမည်ဆိုလျှင်တောင် အဲဒါက ဘာမှပြောပလောက်စရာ မရှိပေ။

ဆူဇီမိုသည် သူ၏လက်ညိုးကို ထုတ်ပြီး ရှေ့သို့ တောက်လိုက်လေသည်။

ဝုန်း..

ရုတ်တရက်.. ကျင့်ကြံသူများ၏ ဦးခေါင်းထက်မှာ ညိုမည်းနေသော တိမ်စိုင်တစ်ခုက ဖြစ်တည်လာခဲ့လေသည်။ အဲဒါက မင်ကဲ့သို့ နက်မှောင်နေပြီး တဖျပ်ဖျပ် တလက်လက် လျှပ်စီးတန်းများက ကောင်းကင်ထက်နေ ဆင်းသက်လာခဲ့လေသည်။

အဲဒါက ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်သွားခဲ့လေသည်။

လျှပ်စီး လျှပ်ပန်းများသည် အဆက်မပြတ် ယှက်လိမ်သွားပြီး ဧရာမ မိုးကြိုးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

အစိမ်းရောင်ဝတ် ကျင့်ကြံသူကလည်း တုန်လှုပ်သွားပြီး ချက်ချင်းပင် နောက်သို့ဆုတ်လိုက်လေသည်။

အင်ပါယာသုံးခုမှ ကျင့်ကြံသူများကလည်း နောက်သို့ ဆုတ်ပြီးရင်း ဆုတ်လိုက်ကြလေသည်။

ဘန်း.. ဘုန်း.. ဘုန်း..

ကြောက်စရာကောင်း​သော မိုးကြိုးမုန်တိုင်းသည် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး တိုက်ခိုက်လိုက်သော မူလနတ္ထိ ၈ ယောက်အပေါ် ချက်ချင်းပင် လွှမ်းခြုံသွားခဲ့လေသည်။

သူတို့၏ ဓားပျံများ၊ စိတ်ဝိညာဉ်လက်နက်များနှင့် ဓမ္မပညာရပ်များ အားလုံးက ခရမ်းရောင် မိုးကြိုးမုန်တိုင်းထဲမှာ နစ်မြုပ်သွားခဲ့လေသည်။

ခဏနေပြီးနောက်.. မုန်တိုင်းက စဲသွားခဲ့လေသည်။

အဲဒီမှာ ပုံပျက်ပန်းပျက်ဖြင့် မြေပြင်ပေါ်မှာ လဲကျသေဆုံးနေသော တူးချစ်နေသည့် အလောင်း ၈ ခုသာလျှင် ကျန်ခဲ့လေသည်။ သူတို့၏ ရုပ်အလောင်းများမှ မီးခိုးများက အူထွက်နေပြီး သူတို့က သေနေကြလေပြီ။

မူလနတ္ထိများ၏ ဓမ္မပညာရပ်များသည်လည်း မိုးကြိုးမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံရပြီး တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားကြလေသည်။

အဲဒီမှာ မြေပြင်ပေါ်၌ ပြန့်ကျဲကျဆင်းနေသော ဓားပျံနှင့် စိတ်ဝိညာဉ်လက်နက်များစွာ ရှိလေသည်။ မည်သည့်တစ်ခုကမှ အကောင်းအတိုင်း မကျန်ရှိတော့ပေ။

ထိုဓမ္မပညာရပ်က ကြောက်စရာကောင်းလွန်းပြီး ဓမ္မလက်နက်များကပင် အဲဒါကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်း ကြေမွသွားခဲ့လေသည်။

ခရမ်းရောင် မိုးကြိုးမုန်တိုင်းကို အစိမ်းရောင် မိုးကြိုးကျမ်းနှင့် ပေါင်းစပ်ပြီးနောက်.. ၎င်းသည် ပြီးပြည့်စုံသော ကျင့်ကြံရေးနည်းစနစ်.. မဟာဗလာနယ် စိတ်ဝိညာဉ်သန့်စင်ခြင်းအပိုင်းကို ဖြစ်ပေါ်လာစေခဲ့လေသည်။ မူလခရမ်းရောင်မိုးကြိုးမုန်တိုင်းကနေ လက်ရှိမိုးကြိုးမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

စွမ်းအားက ပို၍ပင် တုန်လှုပ်စရာကောင်းလာခဲ့လေသည်။

အင်ပါယာသုံးခုဘက်ခြမ်းတွင်.. အင်ပါယာသုံးခုမှ ဧကရာဇ်များ၊ မူလနတ္ထိများနှင့် များစွာသော နိုးထဝိညာဉ်များသည် တုန်လှုပ်နေပြီး သူတို့၏ မျက်လုံးထဲရှိ နက်ရှိုင်းသော ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြလေသည်။

ကျင့်ကြံသူများက တံတွေးကို မျိုချလိုက်ကြလေသည်။

တာအိုသက်ရှိ အထီးကျန်သိုင်းသခင်၏ ခန္ဓာကိုယ်က ပျက်စီးသွားပြီး ဖန်တီးခြင်းကြာပဒုမ္မာနှင့် နတ်ဖီးနစ်အရိုးကို ဆုံးရှုံးပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားသည်ဟု သူတို့က မပြောခဲ့ကြဘူးလား..။

တာအိုသက်ရှိ အထီးကျန်သိုင်းသခင်က ဒုက္ခိတတစ်ယောက် ဖြစ်နေခဲ့သည်ဟု သူတို့က မပြောခဲ့ကြဘူးလား..။

အခုက ဘာတွေဖြစ်နေတာပါလိမ့်..။

ထိုဓမ္မပညာရပ်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ အရေးမပါ အရာမရောက်သလို ခံစားလာရလေသည်။

အဲဒါက ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။

ဆူဇီမို၏ လက်ရှိဓမ္မစွမ်းအားများအရ.. ထိုမိုးကြိုးမုန်တိုင်းကို စွမ်းအားအပြည့်ဖြင့် ထုတ်ဖော်ပါက ၎င်းသည် ဓမ္မဝိသေသ တာအိုအရှင်တစ်ပါး၏ စွမ်းအားထက် မလျော့ကျပေ။

“ကြည့်ရတာတော့ ကောလဟလတချို့ ရှိခဲ့ပုံပဲ”

ဆူဇီမိုက အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်လေသည်။

သူသည် ထိုဓမ္မပညာရပ်ကို ထုတ်ဖော်ခဲ့ခြင်းမှာ မူလနတ္ထိများကို ကိုင်တွယ်ဖို့အတွက် မဟုတ်ဘဲ.. သူက ထိုဓမ္မပညာရပ် ဘယ်လောက်စွမ်းအားကြီးသလဲ တွေ့မြင်ချင်သောကြောင့် ဖြစ်လေသည်။

ဘာပဲပြောပြော.. သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ တံခါးပိတ်ကျင့်ကြံပြီးကတည်းက မည်သူနှင့်မှ မတိုက်ခိုက်ခဲ့ရပေ။

အစိမ်းရောင်ဝတ်လူငယ်သည် နက်ရှိုင်းစွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။ သူ၏မျက်လုံးထဲရှိ အထင်အမြင်သေးမှုနှင့် လှောင်ပြောင်သရော်လိုမှုတို့က မရှိတော့လေပြီ။

ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားက ကောလာဟလများနှင့် ကွဲပြားခြားနားနေပုံ ရလေသည်။

ထိုသူ၏ခွန်အားအရဆို သူက တိုက်ခိုက်လျှင်ပင် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ယုံကြည်မှုကောင်းကောင်း မရှိတော့ပေ။

တကယ်တော့ သူက ဆက်လက်၍ တည်ငြိမ်နေနိုင်ဆဲ ဖြစ်လေသည်။

ထိုမူလနတ္ထိများက ဆူဇီမိုကို မဖိနှိမ်နိုင်ဘူးဆိုလျှင်တောင် မဟာကျိုးမြို့တော်မှာ ကျားနဂါးဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်တစ်ပါး ရှိနေသေးလေသည်။

ထိုဓမ္မဝိသေသ တာအိုအရှင်က ဤနေရာရှိ ရုတ်ရုတ်သဲသဲ အခြေအနေကို သတိထားမိပေလိမ့်မည်။

“မင်းတို့အားလုံး အတူပူးပေါင်းပြီး တိုက်ခိုက်ကြ”

ထိုစဉ်မှာပင် တာအိုသက်ရှိ ကျားနီက ဟိန်းဟောက်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့တယ်.. သူ့ရဲ့ ပြန်လည်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေမှာ.. မင်းတို့က သူ့ကို အနီးကပ် ဝင်လုံးနိုင်မယ်ဆိုရင်.. မင်းတို့က သူ့ကို သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိစေလိမ့်မယ်”

သူ၏စကားများက လူတိုင်းကို နားလည်သဘောပေါက်လာစေလေသည်။

လွန်ခဲ့သည့် ဆယ်နှစ်က ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်ကတော့ ဒဏ်ရာမရရှိခဲ့ပေ။

ယခုအချိန်တွင် သူတို့က ဓမ္မနည်းစနစ်အရာမှာ ဆူဇီမိုကို သေချာပေါက် မယှဉ်နိုင်ကြပေ။

ကျင့်ကြံရေးလောကတွင် ကျင့်ကြံသူများ အားလုံးက ဗဟုသုတ အတော်အတန် ရှိကြလေသည်။

မူလနတ္ထိများသည် သူတို့၏ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားလျှင် ပူးကပ်သိမ်းပိုက်ခြင်းဖြင့် ဖြစ်စေ.. မူလနတ္ထိ ခန္ဓာကိုယ်တစ်ခုကို ဝယ်ယူခြင်းဖြင့် ဖြစ်စေ.. ရရှိလာသော သူတို့၏ခန္ဓာကိုယ်သည် သူတို့၏ နဂိုတိုက်ခိုက်ရည်ကို အပြည့်အဝ ပြန်လည်ဖော်ထုတ်နိုင်ဖို့ မဖြစ်နိုင်ပေ။

အတိတ်ကာလတုန်းက ဆူဇီမိုသည် ကြောက်စရာကောင်းသော ကိုယ်ကာယတစ်ခု ရှိခဲ့ပြီး အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းခဲ့လေသည်။

သို့သော် ယခုအခါမှာတော့ သူ၏ခန္ဓာကိုယ်က သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်လာခဲ့လေပြီ။

ထိုသို့အတွေးဖြင့်.. ကျင့်ကြံသူ ၆ ယောက်သည် လူအုပ်ကြီးထဲကနေ ရုတ်တရက် ပေါ်ထွက်လာကြလေသည်။ သူတို့၏ မျက်လုံးများက ငွေရောင်အလင်းဖြင့် တဖျပ်ဖျပ်လက်နေပြီး ဆူဇီမိုထံသို့ အရှိန်အဟုန် အပြည့်ဖြင့် ပြေးဝင်သွားကြလေသည်။

“တာအိုရောင်းရင်း.. ဂရုစိုက်ဦး”

ဆူဇီမိုက မလှုပ်မယှက်ရှိနေသည်ကို တာအိုသက်ရှိ မင်းကျီ မြင်သောအခါ သူက အလောတကြီး သတိပေးလိုက်လေသည်။

“သူတို့က အနီးကပ် ဝင်လုံးချင်နေကြတာ.. ခင်ဗျားက အကွာအဝေးတစ်ခု ခွာထားမှ ဖြစ်မယ်”

“မလိုပါဘူး”

ဆူဇီမိုက ညင်သာစွာ ပြုံး၍ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ကာ သူ၏ လက်ချောင်းထိပ်ဖျားဆီသို့ ဓမ္မစွမ်းအားများကို စီးဆင်းလာစေလေသည်။

သူက သူ၏လက်ညိုးကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။

ရွှစ်.. ရွှစ်.. ရွှစ်..

ဓမ္မစွမ်းအား ဓားချီအလင်းတန်းများက ဝင်ရောက်လာသော မူလနတ္ထိ ၆ ယောက်ဆီသို့ အလွန်တရာ မြန်ဆန်စွာဖြင့် ပျံသန်းသွားလေသည်။

ဖောက်..

မူလနတ္ထိတစ်ယောက်သည် အချိန်မီ မရှောင်တိမ်းနိုင်ဘဲ သူ၏ဦးခေါင်းက ဓမ္မစွမ်းအား ဓားချီ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ဖျက်ဆီးခံလိုက်ရလေသည်။

အခြားသော မူလနတ္ထိ ၅ ယောက်ကလည်း သူတို့၏ အရှိန်ကို အလောတကြီး လျှော့ချလိုက်လေသည်။

သူတို့ထဲမှ တစ်ယောက်သည် ဘေးဘက်သို့ အနည်းငယ် စောင်းငဲ့၍ ဓမ္မစွမ်းအား ဓားချီ၏ ထက်ရှမှုကို ရှောင်တိမ်းနိုင်လိုက်လေသည်။ သူက အသက်မရှူနိုင်ခင်မှာပင် သူ့မျက်လုံးထောင့်ကနေ တစ်စုံတစ်ရာကို တွေ့မြင်လိုက်ပြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့လေသည်။

စောစောက သူ့ဘေးကနေ ကပ်ထွက်သွားသော ဓမ္မစွမ်းအား ဓားချီသည် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။ အဲဒါက သူ့ကိုယ်ပိုင်အသက်ရှိသည့်အလား သူ၏ ဦးခေါင်းနောက်ကျောဆီသို့ ရုတ်တရက် ပြန်လှည့်ဝင်လာခဲ့လေသည်။

ဖောက်..

သွေးရောင်က ဖြာလက်သွားလေသည်။

နောက်ထပ် မူလနတ္ထိတစ်ယောက်က မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားခဲ့လေသည်။

All Chapters