မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ
Vol. 74 Ch. 1099
ဆူဇီမိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ဓမ္မစွမ်းအားများကို အလွယ်တကူ ထိန်းချုပ်နိုင်လေသည်။
စောစောက လေထဲတွင် ပစ်လွင့်ထွက်ပေါ်လာသော ဓမ္မစွမ်းအားဓားချီသည် အသိဉာဏ်ရှိနေလေသည်။ သူတို့က အသက်ရှိနေသည့်အလား ပြေးဝင်လာသော မူလနတ္ထိများကို ရှေ့မှနောက်မှ လှည့်ပတ်နေလေသည်။
ရွှစ်.. ရွှစ်...ရွှစ်
မူလနတ္ထိတစ်ယောက်သည် ပထမတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လျှင်တောင် ဒုတိယတိုက်ခိုင်မှုကို မရှောင်တိမ်းနိုင်ပေ။
သူသည် ဒုတိယတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်လျှင်တောင် ဓားချီများ၏ အဆက်မပြတ်လှည့်ပတ်မှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
မူလနတ္ထိများသည် နေရာမှာပင်ရပ်တန့်၍ ဘေးပတ်ချာလည်ကိုကြည့်၍ ရှောင်တိမ်းနေရလေသည်။ သူတို့သည် ဆူဇီမိုနားကို ချည်းကပ်ဖို့နေနေသာ သူတို့ကိုယ်သူတို့ပင် မကာကွယ်နိုင်တော့ပေ။
ဧကရာဇ်သုံးပါးက ကြောက်လန့်တကြားဖြင့် ဖြူဖပ်ဖြူရော်ဖြစ်လာကြလေသည်။
သူတို့သည် အစိမ်းရောင်ဝတ်လူငယ်ကို အလိုလို လှည့်ကြည့်ချင်ကြလေသည်။
သို့သော်လည်း ချက်ချင်းဆိုသလိုပင် ဧကရာဇ်သုံးပါး၏ စိတ်အာရုံထဲမှာ အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
“နောက်ကိုလှည့်မကြည့်နဲ့... မင်းတို့က ငါ့ကိုကြည့်မယ်ဆိုရင် အခုချက်ချင်းပဲ သေရလိမ့်မယ်”
အစိမ်းရောင်ဝတ်လူငယ်၏အသံက ထွက်ပေါ်လာပြီး ထိုအသံကအေးစက်၍ မကောင်းဆိုးဝါးဆန်ဆန်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေလေသည်။
ဧကရာဇ်သုံးပါးသည် ဆတ်ခနဲတုန်ယင်သွားပြီး တခြားဘာကိုမှ မပြုမူရဲကြတော့ပေ။
အစိမ်းရောင်လူငယ်၏အမူအရာသည် သုန်မှုန်လာပြီး သူမျက်လုံးများက ရွေ့လျားနေလေသည်။ သူသည် ဘေးတွင်ရှိသော တာအိုသက်ရှိကျားနီကို သံသယနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေသော အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“မဟာကျိုးမြို့တော်ထဲမှာ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ရှိတယ်လို့ မင်းမပြောခဲ့ဘူးလား...”
အစိမ်းရောင်ဝတ်လူငယ်သည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်ခြင်း ဖြစ်လေသည်။
“သူက ဘယ်မှာလဲ.... သူက ဒီလောက်အခြေအနေမှာတောင် ဘာလို့ပေါ်မလာရသေးတာလဲ”
တာအိုသက်ရှိကျားနီ၏ အမူအရာက ပျက်ယွင်းလာခဲ့လေသည်။
အကြီးအကဲစွန်းသည် မဟာကျိုးမြို့တော်မှာ အမှန်တကယ်ပင် ရောက်ရှိနေခဲ့လေပြီ။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူက ပေါ်ထွက်မလာခဲ့ပေ။
တကယ်တမ်းမှာလည်း ကျားနဂါးဂိုဏ်းမှ အကြီးအကဲစွန်းက အနီးနားမှာရှိနေလေသည်။ သို့သော်လည်း သူကတိုက်လိုက်ရဲခြင်း မရှိပေ။
နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှပုဂ္ဂိုလ်က အသက်ရှင်နေသေးလေသည်။ လက်ရှိကျင့်ကြံရေးလောကတွင် ဆူဇီမိုထက် ကျင့်ကြံမှုအဆင့်ကြီးတစ်ဆင့်မြင့်မားသော မည်သူမဆို ဆူဇီမိုကို တိုက်ခိုက်ရဲခြင်း မရှိကြပေ။
နဂါးသင်္ချိုင်းတောင်ကြားမှာတုန်းက ကစဉ့်ကလျားအမြုတေဂိုဏ်းမှ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်သည် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သေဆုံးခဲ့ရလေသည်။
နဂါးသင်္ချိုင်းတောင်ကြားမှ ပုဂ္ဂိုလ်၏ ပြောဆိုခဲ့ပုံအရ ဆူဇီမိုသည် အဆင့်တူကျင့်ကြံသူများကြားမှာ တိုက်ခိုက်ရင်း သေဆုံးသွားမည်ဆိုလျှင် သူက အရေးလုပ်မှာမဟုတ်ပေ။ အဲ့ဒါက ဆူဇီမို၏ စွမ်းရည်မပြည့်ဝမှုကြောင့်သာ ဖြစ်လေသည်။
သို့သော်လည်း ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က သူ့ကိုတိုက်ခိုက်မည်ဆိုလျှင်တော့ အခြေအနေက ကွဲပြားခြားနားလေသည်။
သူ့အနေဖြင့် ဆူဇီမိုကိုသတ်လိုက်ဖို့က လွယ်ကူလေသည်။ သို့သော်လည်း မဟာယာန-မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အမျက်ဒေါသကို သူနှင့် ကျားနဂါးဂိုဏ်းက ကြိတ်မှိတ်ခံစားရပေလိမ့်မည်။
မဟာယာန-မျိုးနွယ်စုခေါင်းဆောင်က သူ၏ ဘဝနေဝင်ခါနီးအရွယ်သို့ ရောက်ရှိနေသည်ဆိုလျှင်တောင် ကျားနဂါးဂိုဏ်းက အဲ့ဒါကို ခံနိုင်ရည်မရှိပေ။
တစ်ခဏအတွင်းမှာပင် တိုက်ပွဲမြေသို့ ဝင်ရောက်ခါစ မူလနတ္ထိ ခြောက်ယောက်က သေဆုံးသွားကြလေပြီ။
တာအိုသက်ရှိကျားနီသည် သူ၏လက်သီးကို အနည်းငယ် ဆုပ်လိုက်လေသည်။
အစိမ်းရောင်ဝတ်လူငယ်၏ အကြည့်အောက်တွင် သူ၏နောက်ကျောက ထိုးဖောက်ခံနေရသည့်အလား ခံစားရလေသည်။
“အမှိုက်လိုကောင်တွေ...”
တာအိုသက်ရှိကျားနီက ရှေ့သို့ထွက်ရပ်လာပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ကြီးမားတုတ်ခိုင်သော ဆေဘာတစ်လက်ကို ဆွဲထုတ်လိုက်လေသည်။ သူ၏လည်ပင်းကြောများကို တဖြောက်ဖြောက်မြည်အောင် ဆွဲဆန့်လိုက်လေသည်။
သူ၏ပါးနှစ်ဖက်ပေါ်တွင် ရွှေရောင်ချည်မျှင်များက ထူးဆန်းသောပုံစံဖြင့် ပေါ်ထွက်လာလေသည်။
ရွှေရောင်ချည်မျှင်များသည် သူ၏ပါးပြင်ပေါ်မှာ ပေါ်ထွက်လာသည့်ခဏမှာပင် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။
သို့သော်လည်း တာအိုသက်ရှိကျားနီ၏ မျက်လုံးများက ထူးဆန်းသောရွှေရောင်အလင်းဖြင့် တောက်ပလာခဲ့လေသည်။
“ဟမ့်....”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
အဲ့ဒီ ထူးဆန်းတဲ့ နည်းလမ်းပဲလား.....
ဒါ့အပြင် ရွှေရောင်ချည်မျှင်များက ငွေရောင်ချည်မျှင်များထက် ပို၍အစွမ်းထက်သည်မှာ သိသာလေသည်။
ရွှေရောင်ချည်မျှင်များ ပေါ်ထွက်လာပြီးနောက် တာအိုသက်ရှိကျားနီ၏အော်ရာသည် ပို၍သိသိသာသာ သန်မာလာခဲ့လေသည်။
ထိုစဥ်မှာပင် ကျိယောင်ရွှယ်က အံ့အားတသင့် ရေရွတ်လိုက်လေသည်။
“ကျားနဂါးဂိုဏ်းလား....”
ကျိယောင်ရွှယ်သည် တာအိုသက်ရှိကျားနီ၏ ဂိုဏ်းတံဆိပ်ပြားကို သတိထားမိသွားပြီး သုန်မှုန်နေသော အမူအရာဖြင့် မေးလိုက်လေသည်။
မြောက်ပိုင်းဒေသရဲ့ အဆင့်မြင့် ဂိုဏ်းဆယ်ဂိုဏ်းထဲက တစ်ဂိုဏ်းအနေနဲ့ ကျားနဂါးဂိုဏ်းက အင်ပါယာတွေကြားတိုက်ပွဲမှာ ဘာလို့ဝင်ပါလာရတာလဲ...။
လွန်ခဲ့သည့်နှစ်တစ်သောင်းအတွင်း အင်ပါယာလေးခုသည် မည်သည့်အဆင့်မြင့်ဂိုဏ်း သို့မဟုတ် မည်သည့်ရှေးတော်ဝင်မိသားစုထံကမှ အကူအညီအထောက်အပံ့ကို မရရှိခဲ့ကြပေ။
ဥပမာအားဖြင့် မဟာကျိုးအင်ပါယာမှာဆိုလျှင် ဆန်းကြယ်တောင်ထွတ်နှင့် အစစ်အမှန်မီးဂိုဏ်းလို အဖွဲ့အစည်းများက ထိပ်သီးဂိုဏ်းကြီးများ ဖြစ်နေလေသည်။
အဲ့ဒါက ထူးဆန်းသောဖြစ်စဥ်တစ်ခုတော့ မဟုတ်ပေ။
အကြောင်းမှာ လွန်ခဲ့သည့်နှစ်တစ်သောင်းက ဖြစ်ပေါ်ခဲ့သော ကပ်ဘေးကြောင့်ပင် ဖြစ်လေသညိ။
ထိုစဥ်တုန်းက မဟာချွမ်အင်ပါယာသည် တောင့်တင်းခိုင်မာပြီး သန်မာကျစ်လျစ်သော အခြေခံအုတ်မြစ်ရှိလေသည်။
သူတို့၏နယ်မြေအတွင်း ဗုဒ္ဓကျောင်းတော်နှစ်ကျောင်းက စောင့်ရှောက်ပေးနေပြီး အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများကလည်း သူတို့ထံမှာ အညံ့ခံထားကြလေသည်။
ထိုသို့ဆိုလျှင်တောင် ကပ်ဘေးတစ်ခုဆင်းသက်လာခဲ့ပြီး မဟာချွမ်အင်ပါယာက ဖျက်ဆီးချေမှုန်းခံခဲ့ရလေသည်။
ဗုဒ္ဓကျော်းတော်နှစ်ကျောင်းပင်လျှင် ဖျက်ဆီးခံခဲ့ရပြီး ထျမ်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ပျောက်ကွယ်သွားခဲ့ရလေသည်။
အဲ့ဒီနောက်ပိုင်းတွင် မဟာချွမ်အင်ပါယာနယ်မြေမှာ နောက်ထပ်အင်ပါယာလေးခု ပေါ်ထွက်လာခဲ့သော်လည်း မည်သည့် အဆင့်မြင့်ဂိုဏ်း သို့မဟုတ် ရှေးတော်ဝင်မိသားစုကမှ ပါဝင်ပတ်သက်ခြင်း မရှိကြတော့ပေ။
ဗုဒ္ဓကျောင်းတော်များကဲ့သို့ ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းပင်လျှင် မဟာချွမ်အင်ပါယာ၏ ပြဿနာကြောင့် ဖျက်ဆီးခံခဲ့ရလေသည်။ ထို့ကြောင့် အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများက များစွာပို၍ သတိထားလာကြသည်မှာ ပုံမှန်သာဖြစ်လေသည်။
အဲ့ဒါက အဆင့်မြင့်ဂိုဏ်းများနှင့် ရှေးတော်ဝင်မိသားစုများကြား အလိုအလျောက် နားလည်မှုဖြစ်လေသည်။
အင်ပါယာလေးခုကြား ပြဿနာများတွင် မည်သည့်အဖွဲ့အစည်းကမှ ပါဝင်ပတ်သက်ခြင်း မရှိကြတော့ပေ။
သို့သော် ယခုအခါမှာတော့ ကျားနဂါးဂိုဏ်းသည် အင်ပါယာလေးခုကြားတိုက်ပွဲတွင် ပါဝင်ပတ်သက်လာပြီး အဲ့ဒါက မျှခြေကို ချိုးဖြတ်လိုက်ခြင်းနှင့် တူညီလေသည်။
အဲ့ဒါက ကျိယောင်ရွှယ်ကို အံအားသင့်သွားစေလေသည်။
ကျားနဂါးဂိုဏ်း သို့မဟုတ် ဤမူလနတ္ထိ၏ ရည်ရွယ်ချက်က ဘာပါလိမ့်။
တာအိုသက်ရှိကျားနီသည် ဆူဇီမိုကို စိုက်ကြည့်ပြီး သွားဖြီးပြလိုက်လေသည်။ သူ၏ ကြီးမားတုတ်ခိုင်သောဆေဘာကို ဆွဲကာ ဆူဇီမိုထံသို့ ပြေးဝင်သွားရင်း သူ၏သွေးချီက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။
ရွှစ်...
လေခွင်းသံက ထွက်ပေါ်လာခဲ့လေသည်။
တာအိုသက်ရှိကျားနီ၏ လှုပ်ရှားမှုနည်းစနစ်သည် စောစောက မူလနတ္ထိထက် နှစ်ဆကျော် မြန်ဆန်လေသည်။
ကျားနဂါးဂိုဏ်းသည် မြောက်ပိုင်းဒေသရှိ အဆင့်မြင့်ဂိုဏ်းဆယ်ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လေသည်။
သူတို့ဂိုဏ်း၏ ကျားနဂါးသုတ္တန်သည် ကျင့်ကြံရေးလောကတွင် ထိပ်တန်းခန္ဓာမီးဆေး ကျင့်ကြံရေးနည်းစနစ်တစ်ခု ဖြစ်လေသည်။
တာအိုသက်ရှိကျားနီ၏ ကိုယ်ကာယနှင့် သွေးချီသည် အစကတည်းက အားနည်းမှုမရှိပေ။ သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ရွှေရောင်ချည်မျှင်များမှ ဆင်းသက်လာသည့် ထူးဆန်းသော စွမ်းအားနှင့်ပေါင်းစပ်လိုက်သောအခါ သူ၏အမြန်နှုန်းက ၎င်း၏အကန့်အသတ်ကို ကျော်လွန်လာခဲ့လေသည်။
သူ၏နောက်တွင် နောက်ချန်ပုံရိပ်များပင် ကျန်ရစ်ခဲ့လေသည်။
“ဇီမို... သတိထား....”
ကျိယောင်ရွှယ်က အံအားတသင့် အော်ဟစ်လိုက်လေသည်။
ဤမူလနတ္ထိ၏ တိုက်ခိုက်ရည်ခွန်အားသည် စောစောက မူလနတ္ထိနှင့် အဆင့်တူမှာ ရှိမနေကြောင်းသိသာလေသည်။
ဆူဇီမို၏အမူအရာက ထီမထင်ပုံစံဖြင့်ရှိနေပြီး သူ၏မျက်လုံးများထဲတွင် မည်သည့်ဝဲဂယက်မှ ရှိမနေပေ။ သူက နောက်ဆုတ်လိုစိတ်မရှိဘဲ နေရာမှာပင် မတ်တတ်ရပ်၍ သူ၏လက်ချောင်းကို ညင်သာစွာ လှုပ်ရှားကာ ဓားချီတစ်ခုကို ပစ်ထုတ်လိုက်လေသည်။
ရွှစ်....
ဓားချီက လေထုကို ဆုတ်ဖြဲ၍ တာအိုသက်ရှိကျားနီ၏ နှာရောင်ဆီသို့ တိုးဝင်လာခဲ့လေသည်။
တာအိုသက်ရှိကျားနီ၏ ပုံရိပ်သည် လေထဲမှာပင်ရှိနေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်၍ ဝင်ရောက်လာသောဓားချီကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်လေသည်။ သူက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်ပြေးဝင်လာခဲ့လေသည်။
ရွှစ်...
ဓားချီက နောက်သို့ ပြန်လှည့်လာခဲ့၏။
တာအိုသက်ရှိကျားနီ၏ ပုံရိပ်က ဖျပ်ခနဲ လှုပ်ရှားသွားလေသည်။
သူက သူ၏ အမြုနှုန်းကို ထိန်းသိမ်းထားချင်သည်ဆိုလျှင် သူသည် ဆူဇီမိုထုတ်လွှတ်လိုက်သော ဓမ္မစွမ်းအားဓားချီကို ကောင်းမွန်စွာ ရှောင်တိမ်းနိုင်တော့မည် မဟုတ်ပေ။
ဖောက်...
ဓားချီက တာအိုသက်ရှိကျားနီ၏ လက်မောင်းကို ထိုးဖောက်သွားလေသည်။
သွေးများက ပန်းထွက်လာပြီး လေထဲမှာပြန့်ကျဲသွားလေသည်။
ကြီးမားသည့်ဓားဒဏ်ရာတစ်ခုက တာအိုသက်ရှိကျားနီ၏ လက်ပေါ်တွင်ပေါ်ထွက်လာပြီး သွေးများက ပန်းထွက်လာခဲ့လေသည်။
“အား....”
ဆူဇီမိုက မျက်ခုံးပင့်လိုက်လေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဓားချီ၏ ထက်ရှမှုသည် တာအိုသက်ရှိကျားနီ၏ လက်တစ်ဖက်လုံးကို ပြတ်ကျသွားစေနိုင်လေသည်။ သို့သော် ယခုအခါမှာတော့ အဲ့ဒါက သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုကို ဖြစ်ပေါ်စေရုံမျှသာ ဖြစ်လေသည်။
ထူးဆန်းသောစွမ်းအား၏ အကူအညီနှင့်အတူ တာအိုသက်ရှိကျားနီး၏ ခန္ဓာကိုယ်ကပို၍ မာကြောခက်ထန်လာခဲ့လေသည်။
စောစောကတင် သူ၏ဒဏ်ရာက သွေးများစီးကျနေဆဲ ဖြစ်လေသည်။ သို့သော်လည်း နောက်တစ်ခဏမှာပင် ထွက်နေသောသွေးများက ရပ်တန့်သွားပြီး ဒဏ်ရာပေါ်တွင် ရွှေရောင်အလင်းစက်များက တောက်ပလာခဲ့လေသည်။
ဒဏ်ရာ၏ တစ်ဖက်တစ်ချက်စီရှိ အသားများသည် စတင်၍ပြန်စေ့လာပြီး ပြန်လည်ကုသနေသည့် လက္ခဏာများကို ပြလာလေသည်။
“စိတ်ဝင်စားစရာပဲ...”
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်လေသည်။
သူက ငေးငိုင်နေစဥ်မှာပင် တာအိုသက်ရှိကျားနီက ရူးသွပ်နေသော အမူအရာ၊ ကြောက်မက်ဖွယ်ရာအကြည့်တို့နှင့်အတူ ချည်းကပ်လာခဲ့လေပြီ။
“အထီးကျန်သိုင်းသခင်....သေဖို့သာပြင်ထားပေတော့”
ထိုအကွာအဝေး၌ သူသည် ဆူဇီမို၏ခေါင်းကို ဖြတ်နိုင်ဖို့ အလွန်တရာ ယုံကြည်မှု ရှိလေသည်။
ဝှစ်...
တာအိုသက်ရှိကျားနီ၏ လက်ထဲရှိ တုတ်ခိုင်သောဆေဘာက တဖျတ်ဖျတ်တလက်လက် အလင်းရောင်ငါးခုဖြင့် တောက်ပလာခဲ့လေသည်။
ဓမ္မအင်းကွက်ငါးခု... ပကတိတာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု...
ဤကဲ့သို့ လက်နက်မျိုးက အင်ပါယာလေးခုစလုံးမှာပင် အရမ်းကို ရှားပါးလေသည်။
ဆေဘာအလင်းတန်းက ဖျပ်ခနဲ လက်သွားပြီး ရက်ရက်စက်စက် ခုတ်ပိုင်းကျလာခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုက အဲ့ဒါကို လျစ်လျူရှုထားပုံရလေသည်။
ဆေဘာက ဆူဇီမို၏ လည်ပင်းပေါ်သို့ ကျရောက်တော့မည့်ဆဲဆဲမှာပင် သူက ရုတ်တရက် လက်ကိုဆန့်ထုတ်ပြီး အဲ့ဒါကို ဖမ်းဆုပ်လိုက်လေသည်။
သူက တုတ်တုတ်မျှ မလှုပ်ပေ....
ကြီးမားတုတ်ခိုင်သောဆေဘာက သူ၏လက်ထဲတွင် ညပ်နေပြီး သူ့ကိုထိခိုက်စေနိုင်ခြင်း မရှိပေ။
ဆူဇီမိုက သူ့ခေါင်းကို အနည်းငယ်စောင်းငဲ့၍ ပြုံးစစဖြင့် မေးလိုကိလေသည်။
“မင်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ…”