ပြန်လည်ဆုံစည်းခြင်း
Vol. 74 Ch. 1101
ဘုန်း..
ဆူဇီမိုသည် သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ဆင်းသက်စေပြီး ထွက်ပြေးနေကြသော အင်ပါယာသုံးခုမှ ကျင့်ကြံသူ ၂၀၀ ကျော်အပေါ် လွှမ်းခြုံလိုက်လေသည်။
သူ၏ စိတ်ဝိညာဉ်အသိစိတ်သည် ဓမ္မဝိသေသ တာအိုအရှင်များနှင့် နှိုင်းယှဉ်နိုင်လေသည်။
နိုးထဝိညာဉ်များသည် ထိုစိတ်ဝိညာဉ်အသိစိတ်၏ ဖိအားကို လုံးဝ ခုခံနိုင်ခြင်း မရှိကြပေ။
ပုံရိပ်များသည် လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာခဲ့လေသည်။
များစွာသော နိုးထဝိညာဉ်များသည် ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်၏ ဖိနှိမ်ခြင်းကို ခံထားရပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
ကျန်ရှိနေသော မူလနတ္ထိများသည် ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်၏ ဖိအားကို ခုခံနိုင်၍ ထွက်ပြေးနိုင်ဆဲ ဖြစ်သော်လည်း သူတို့၏ အမြန်နှုန်းက များစွာလျော့ကျသွားလေသည်။
ဆူဇီမို၏ အမူအရာက ထူးမခြားနား ပုံစံဖြင့် ရှိနေပြီး သူ၏နှာရောင်ကနေ အစိမ်းရောင် အလင်းတောက်တောက်များက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။
ကြာစေ့ ၄၅ စေ့က ထွက်ပေါ်လာပြီး လေထဲမှာ ပျံသန်းသွားလေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
ကြာစေ့ တစ်စေ့ချင်းစီသည် အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုစီ ဖြစ်ကြလေသည်။
အစိမ်းရောင် ကြာစေ့များသည် ထက်ရှသော အော်ရာများကို သယ်ဆောင်ထားကြလေသည်။
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ် ဖိနှိမ်မှုအောက်တွင် မူလနတ္ထိများ၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားလေသည်။ သူတို့သည် အစိမ်းရောင် ကြာစေ့များ၏ တိုက်ခိုက်မှုကို လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိကြပေ။
ဖောက်..
အစိမ်းရောင် အလင်းက ဖျပ်ခနဲလက်သွားပြီး အစိမ်းရောင် ကြာစေ့တစ်စေ့သည် မူလနတ္ထိတစ်ယောက်၏ နဖူးကို ထိုးဖောက်လိုက်လေသည်။
ထိုမူလနတ္ထိ၏ နဖူးပေါ်တွင် သွေးသံရဲရဲ အပေါက်တစ်ပေါက်က ဖြစ်ပေါ်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလေသည်။ သူ၏ခေါင်းက စောင်းငဲ့၍ သူ၏ရုပ်အလောင်းက လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။
ဖောက်.. ဖောက်.. ဖောက်..
တစ်ခဏအတွင်းမှာပင်.. နောက်ထပ် မူလနတ္ထိ ၃ ယောက်သည် အစိမ်းရောင်အလင်းများ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရလေသည်။
ကျင့်ကြံသူများသည် အစိမ်းရောင် ကြာစေ့များကို ခုခံဖို့အတွက် ဓမ္မလက်နက်များကို အသုံးပြုကြမည်ဆိုလျှင်တောင် သူတို့သည် အစိမ်းရောင် ကြာစေ့များ၏ အမြုတေစိတ်ဝိညာဉ်များကို ပစ်မှတ်ထားသည့် သတ်ဖြတ်ခြင်းစွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ကြာစေ့ ၄၅ စေ့သည် ကျန်ရှိနေသော မူလနတ္ထိများ၏ ဘေးပတ်လည်မှာ လှည့်ပတ်နေကြလေသည်။
တစ်ခဏအတွင်းမှာပင် မူလနတ္ထိ ၁၀ ယောက်က သေဆုံးသွားခဲ့လေသည်။
ဒါ့အပြင် ဆူဇီမိုက အဲဒါကို ထိန်းချုပ်ထားခြင်း ဖြစ်လေသည်။
သူက သူတို့အားလုံးကို သတ်ဖြတ်ချင်သည်ဆိုလျှင် သူ၏ အတွေးတစ်ချက်နှင့်အတူ မူလနတ္ထိများအားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
သူက ဤလူများကို ချန်ထားရသည်မှာ တခြားရည်ရွယ်ချက် ရှိလေသည်။
လေထဲတွင် မူလနတ္ထိ ၂၀ ကျော် ကျန်ရှိနေဆဲ ဖြစ်လေသည်။ သူတို့သည် သူတို့၏ဘေးတွင် လှည့်ပတ်နေသော အစိမ်းရောင် ကြာစေ့များကို ထိတ်လန့်တကြား အမူအရာများဖြင့် ကြည့်ရင်း ဆက်လက်၍ လှုပ်ရှားရဲခြင်း မရှိတော့ပေ။
သူတို့သည် ထိုကဲ့သို့သော နည်းလမ်းများကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
မူလနတ္ထိများ၏ အသက်သည် အစိမ်းရောင်ကြာစေ့များ၏ အလွယ်တကူ နုတ်ယူခြင်းကို ခံနေရလေသည်။
ဆူဇီမို အချက်ပြလိုက်သောအခါ ကျန်ရှိနေသော မူလနတ္ထိ ၂၀ သည် အောက်သို့ တစ်ဖန်ပြန်၍ ဆင်းသက်လာကြလေသည်။
“ဆရာ.. ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ”
မဟာရှ ဧကရာဇ်၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“နောက်ပိုင်း ငါပြောတဲ့အတိုင်းသာ လုပ်.. မင်းတို့တွေ မသေစေရဘူးလို့ ငါ အာမခံတယ်”
အစိမ်းရောင်ဝတ်လူငယ်သည် အမူအရာ ကင်းမဲ့နေပြီး လူအုပ်ကြားထဲမှာ တိုးဝင်ကာ ဧကရာဇ်သုံးပါးဆီသို့ အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
သူက သတိကြီးကြီး ထားတတ်လေသည်။
အခြေအနေက ပို၍ အန္တရာယ်များလေလေ.. သူ့ကိုယ်သူ ထင်ပေါ်ခြင်း မရှိအောင် ပို၍ ဖုံးကွယ်ထားရမည် ဖြစ်လေသည်။
“ဆူဇီမို.. အပေးအယူတစ်ခု လုပ်ရအောင်”
ရုတ်တရက်.. မဟာရှ ဧကရာဇ်က ပြောလိုက်လေသည်။
ဆူဇီမိုက သူ၏ခေါင်းကို ခါပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။
“မင်းတို့တွေက အခုချိန်မှာ သုံ့ပန်းတွေပဲ.. မင်းတို့က ငါနဲ့ အပေးအယူလုပ်ဖို့အတွက် အဆင့်မမီဘူး”
“အဲ့လိုပြောလို့ မရသေးဘူး”
မဟာရှ ဧကရာဇ်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မင်းက ငါတို့ကို သတ်ဖြတ်ချင်တယ်ဆိုရင် လွယ်တယ်.. ဒါပေမဲ့လို့ မဟာကျိုးမြို့တော်ထဲမှာရှိတဲ့ မြို့သူမြို့သားပေါင်း ကုဋေကုဋာကလည်း ငါတို့နဲ့အတူ သေရလိမ့်မယ်”
သူ၏ရင်ထဲရှိ ကြောက်ရွံ့မှုကို ဖိနှိမ်ပြီး မဟာရှ ဧကရာဇ်က ဣန္ဒြေဆည်ကာ ဆက်ပြောလိုက်လေသည်။
“ငါတို့ ဒီကိုလာတုန်းက မြို့ထဲမှာ အဆိပ်တွေကို ဖြန့်ထားခဲ့ပြီးပြီ.. ဖြေဆေး မရှိဘူးဆိုရင် မြို့တော်ထဲက မြို့သူမြို့သားတွေက မနက်ဖန်အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
“အို.. “
ဆူဇီမိုက အမူအရာ ကင်းမဲ့နေပြီး လှုပ်ရှားသွားခြင်း မရှိပေ။
သူသည် အခြေအနေများစွာကို တွေ့ကြုံခဲ့ဖူးပြီး မဟာရှ ဧကရာဇ်၏ စကားလုံးများက သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ဆူဇီမိုက သူ့ကို မယုံကြည်သည်ကို မဟာရှ ဧကရာဇ် မြင်သောအခါ သူက ညင်သာစွာ ပြုံးလိုက်လေသည်။
“ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မဟာကျိုးအင်ပါယာနယ်မြေထဲမှာ အဆိပ်မိပြီး သေသွားခဲ့တဲ့လူတွေ ရှိတယ်.. မဟာကျိုးဧကရီက အဲဒီသတင်းကို လက်ခံရရှိထားလိမ့်မယ်လို့ ငါယုံတယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုနှင့် ကျိယောင်ရွှယ်၏ အမူအရာက ပြောင်းလဲသွားကြလေသည်။
ဆူဇီမို၏ စိတ်ထဲတွင် ပထမဆုံး ဝင်ရောက်လာသည်မှာ လမ်းတွင် တွေ့ခဲ့ရသော ဆိုးဆိုးရွားရွား ပုံစံဖြင့် သေဆုံးနေသည့် သာမန်မော်တယ်များ ဖြစ်ကြလေသည်။
တစ်ချိန်တည်းမှာပင်.. ကျိယောင်ရွှယ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က လက်ခံရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်လည်အမှတ်ရလာခဲ့လေသည်။ ရွာလုံးကျွတ် မြို့လုံးကျွတ် သေဆုံးသွားခဲ့သော မြို့ရွာများ အမှန်တကယ်ပင် ရှိနေခဲ့လေသည်။
မဟာရှ ဧကရာဇ်က ပြောလိုက်လေသည်။
“အဲဒီ အဆိပ်မိထားတဲ့ လူတွေက အဆိပ်ဓာတ်ကြောင့် အမြုပ်တွေ စီနေလိမ့်မယ်.. သူတို့ရဲ့ သွေးကလည်း အနက်ရောင်ပြောင်းသွားလိမ့်မယ်.. နောက်ဆုံးမှာတော့ သူတို့ရဲ့ ဝမ်းဗိုက်က ရောင်ကိုင်းပြီးတော့ ပေါက်ကွဲ ပွင့်ထွက်သွားလိမ့်မယ်”
ဆူဇီမိုသည် ဆက်လက်၍ သံသယ မရှိတော့ပေ။
“အဲဒီလူတွေကို မင်း အဆိပ်ခတ်ခဲ့တာလား”
ဆူဇီမို၏ အကြည့်က အေးစက်လာပြီး သူ၏ ရင်ထဲတွင် သတ်ဖြတ်လိုစိတ်က တလိပ်လိပ် တက်လာပြီး မဟာရှ ဧကရာဇ်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။
ထိုအကြည့်အောက်တွင် မဟာရှ ဧကရာဇ်သည် ခြေလက်များက ပျော့ခွေလာပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျမတတ် ဖြစ်သွားရလေသည်။
သူက အလောတကြီး ပြန်ပြောလိုက်လေသည်။
“မင်း ငါ့ကို သတ်လည်း အလကားပဲ.. ဖြေဆေးက ငါ့ဆီမှာ မရှိဘူး.. ဒါပေမဲ့လို့ မင်းက ငါတို့ကို လွှတ်ပေးမယ်ဆိုရင် မဟာကျိုးမြို့တော်ထဲမှာရှိတဲ့ မြို့သူမြို့သားပေါင်း ကုဋေကုဋာက အသက်ရှင်နိုင်လိမ့်မယ်လို့ ငါ အာမခံနိုင်တယ်”
“ငါက ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့အတူ သစ္စာဆိုနိုင်တယ်”
ဆူဇီမိုသည် သူ့ကို မယုံကြည်မှာ စိုးရိမ်သောကြောင့် မဟာရှ ဧကရာဇ်က အလောတကြီး ထပ်ပြောလိုက်လေသည်။
“မင်းတို့က ဒီလောက် ဆိုးသွမ်းယုတ်မာနေတာ မင်းတို့မှာ ဘာဂုဏ်သိက္ခာ ရှိသေးလို့လဲ”
ဆူဇီမို၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က လုံးဝ လျော့ကျသွားခြင်း မရှိဘဲ ထိုအစား သိပ်သည်းစုဖွဲ့လာခဲ့လေသည်။
“ဇီမို.. “
ကျိယောင်ရွှယ်က ဆူဇီမို၏လက်ကို ဖမ်းဆုပ်ပြီး ညင်သာစွာ ခေါ်လိုက်လေသည်။
မဟာကျိုးမှ မြို့သူမြို့သားပေါင်း ကုဋေကုဋာ၏ အသက်နှင့် ခြိမ်းခြောက်ခံရသောအခါ သူမမှာ ရွေးချယ်စရာ မရှိတော့ပေ။
ဆူဇီမိုက စိတ်လိုက်မာန်ပါဖြင့် ဤမူလနတ္ထိများကို သတ်ဖြတ်ပြီး မဟာကျိုးမှ မြို့သူမြို့သားပေါင်း ကုဋေကုဋာက သေဆုံးသွားမည်ကို သူမက စိုးရိမ်နေလေသည်။
ဆူဇီမိုက သူ၏မျက်လုံးကို မှိတ်ချလိုက်လေသည်။
အဲဒါက တခြားအခြေအနေသာဆိုလျှင် အဆင်ပြေပေဦးမည်။ သို့သော်လည်း သူက ထူးဆန်းသော ထိုအဆိပ်ကိုတော့ ဖြေရှင်းနိုင်ခြင်း မရှိပေ။
လက်ရှိအခြေအနေအရ.. သူက အပေးအယူ လုပ်ရုံမျှသာ ရှိတော့လေသည်။
မဟာကျိုးမှ မြို့သူမြို့သားပေါင်း ကုဋေကုဋာ၏ အသက်နှင့် နှိုင်းယှဉ်လျှင် မဟာရှ ဧကရာဇ်နှင့် အခြားသူများ၏ အသက်က အရေးမပါပေ။
“ကောင်းပြီလေ.. ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်”
ဆူဇီမိုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
မဟာရှ ဧကရာဇ်က မျက်လုံးစွေကြည့်ပြီး သူ၏သတ္တိကို စုစည်းလိုက်လေသည်။
“အဲ့လိုလုပ်လို့တော့ မရဘူးလေ.. မင်းက တာအိုသစ္စာတစ်ခု ကျိန်ဆိုရမယ်.. မဟုတ်လို့ နောက်ပိုင်း မင်းရဲ့စကားကို ပြန်ရုတ်သိမ်းလိုက်ရင် ဘယ်လိုလုပ်မလဲ”
ဆူဇီမို၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် တက်လာခဲ့လေသည်။
သူ၏ မူလအစီအစဉ်မှာ ဤလူအုပ်စုကို အရင်ဆုံး လွှတ်ပေးဖို့ ဖြစ်လေသည်။
သူက မဟာကျိုးမြို့သူမြို့သားများ၏ အသက်ကို ကယ်တင်ပြီးသည်နှင့် သူသည် သူတို့နောက်သို့ ရေဆုံးမြေဆုံး လိုက်ရမည်ဆိုလျှင်တောင် သူသည် မဟာရှ ဧကရာဇ်ကို တစ်ဖန်ရှာဖွေကာ သတ်ဖြတ်ရမည် ဖြစ်လေသည်။
သို့သော်လည်း မဟာရှ ဧကရာဇ်က အလွန်တရာ ဉာဏ်နီဉာဏ်နက် များလေသည်။ သူက ဆူဇီမို၏ အတွေးအကြံကို ဝိုးတဝါး ခန့်မှန်းမိလေသည်။
ထို့ကြောင့် သူက ဆူဇီမိုကို တာအိုသစ္စာကျိန်ဆိုခိုင်းခြင်း ဖြစ်လေသည်။ သူက တာအိုသစ္စာတစ်ခု ကျိန်ဆိုလိုက်မည်ဆိုလျှင် ဆူဇီမိုသည် မဟာရှ ဧကရာဇ်ကို တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
သို့သော် ယခုအခါမှာတော့ သူ့မှာ တခြားရွေးချယ်စရာလည်း မရှိတော့ပေ။
“ကောင်းပြီလေ”
အတန်ကြာ တိတ်ဆိတ်နေပြီးနောက်.. ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါ မင်းကို ကတိပေးတယ်.. ဒီနေ့ကစပြီး..”
“အစ်ကို.. သူ့စကားကို သဘောမတူလိုက်နဲ့”
ထိုစဉ်မှာပင် အဝေးတစ်နေရာကနေ သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံက ထွက်ပေါ်လာပြီး ဆူဇီမို၏ သစ္စာကျိန်ဆိုမှုကို ဟန့်တားနှောင့်ယှက်လိုက်လေသည်။
ထိုအသံကို ကြားသောအခါ.. ဆူဇီမိုသည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏မျက်လုံးနှစ်ဖက်က အံ့အားသင့်မှုဖြင့် ပြည့်နှက်လာခဲ့လေသည်။ သူသည် အသံထွက်ပေါ်လာရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။
မလှမ်းမကမ်းတွင်.. ကျင့်ကြံသူနှစ်ယောက်က ပြေးလာနေကြလေသည်။
အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။
အမျိုးသားသည် အနက်ရောင်ဆံပင်ရှိပြီး အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူက အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ငယ်ရွယ်နုပျိုလေသည်။ သူ၏မျက်နှာက ထက်ရှပြတ်သားပြီး သူ၏မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေလေသည်။
အနက်ရောင်ဝတ်လူက အရပ်မရှည်သလို ဗလတောင့်တင်းခြင်းလည်း မရှိပေ။ သို့သော်လည်း သူက အလွန်တရာ အချိုးအစား ပြေပြစ်ပြီး ပေါ့ပါးဖျတ်လတ်မှုနှင့် သိပ်သည်းကျစ်လစ်သည့် ခွန်အားကို ထင်ဟပ်ပြသပေးနေလေသည်။
အဲဒါက.. ညဝိညာဉ် ဖြစ်လေသည်။
ညဝိညာဉ်သည် နှစ်တစ်ရာကျော်ကြာပြီးနောက် များစွာပြောင်းလဲသွားခြင်း မရှိပေ။
သူ၏ဘေးပတ်လည်ရှိ အန္တရာယ်များသော အော်ရာကိုပင်လျှင် သူက ရုတ်သိမ်းထားလေသည်။ ဆူဇီမို၏ သန်မာသော အာရုံခံသတိစိတ်ကြောင့်သာ မဟုတ်လျှင် သူက အဲဒါကို အာရုံခံမိနိုင်ချင်မှ ခံမိနိုင်ပေလိမ့်မည်။
ဆူဇီမို၏အကြည့်က ညဝိညာဉ်၏ဘေးမှ အမျိုးသမီးဆီသို့ ရွေ့လျားသွားလေသည်။
အမျိုးသမီးသည် ချောမောလှပပြီး နူးညံ့သိမ်မွေ့သော အော်ရာတစ်ခု ရှိလေသည်။ သူမက ဆူဇီမိုနှင့် မျက်နှာပေါက်ချင်း ဆင်လေသည်။
သူမသည် ဆူဇီမိုကို နီရဲနေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ဆူဇီမို၏ အစက ထက်ရှသော အကြည့်သည် နူးညံ့သိမ်မွေ့သွားပြီး သူက ရယ်မောမိလိုက်လေသည်။
အဲဒါက ဆူရှောင်းနင် ဖြစ်လေသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်.. မောင်နှမနှစ်ယောက်က ပြန်လည်ဆုံစည်းရလေပြီ။