မိစ္ဆာဒိဋ္ဌိဝါဒီ
Vol. 74 Ch. 1102
မောင်နှမများကြားမှာ ပြောစရာစကားများ မလိုအပ်ပေ။
သူတို့သည် တစ်ယောက်အဆင်ပြေတာတစ်ယောက် မြင်ရပြီးနောက် စိတ်သက်သာရာရ၍ အလွန်ဝမ်းသာပျော်ရွှင်ရလေသည်။
ဆူဇီမိုသည် ရှောင်းနင်နှင့် ညဝိညာဥ်ကို မတွေ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သောကြောင့် သူ့မှာပြောစရာစကားများစွာ ရှိနေလေသည်။
သို့သော်လည်း သူ့မှာ ယခုအချိန်ထိ မဖြေရှင်းရသေးသော ပြဿနာတစ်ချို့ရှိနေဆဲ ဖြစ်လေသည်။
ရှောင်းနင်သည် မဟာရှဧကရာဇ်ရှိရာဘက်သို့ ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီးနောက် လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“အစ်ကို... သူ့ရဲ့ပေါက်ကရစကားတွေကို နားထောင်မနေနဲ့... အဲ့ဒီလက္ခဏာတွေက အဆိပ်ကြောင့် လုံးဝမဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ မဟာရှဧကရာဇ်၏အမူအရာက သိသိသာသာပြောင်းလဲမှုမရှိဘဲ သူ့ကိုယ်သူ တည်ငြိမ်စေထားလေသည်။ သို့သော်လည်း သူ၏နဖူးပေါ်တွင် ချွေးများကစိုလာပြီး သူ့ကိုယ်သူမလုံမလဲဖြစ်သည့်ပုံ ပေါက်လာလေသည်။
လူအုပ်ကြားထဲတွင် ပုန်းကွယ်နေသော အစိမ်းရောင်ဝတ်လူငယ်က အမူအရာကင်းမဲ့စွာဖြင့် အေးစက်စွာစောင့်ကြည့်နေလေသည်။
အရင်တုန်းကတည်းက ဆူဇီမိုသည် အဲ့ဒါက အဆိပ်မိသောရိုးရှင်းသည့် ဖြစ်ရပ်တစ်ခုနှင့် မတူကြောင်း ဝိုးတဝါးခန့်မှန်းမိခဲ့လေသည်။ သို့သော်လည်း သူက ဤလက္ခဏာများနှင့် ပတ်သက်၍ ဘာမှမသိဘဲ သူ့မှာအဖြေမရှိပေ။ ထို့ကြောင့်ပင် သူက ဤအပေးအယူကို ပြုလုပ်ဖို့ သဘောတူခဲ့ခြင်းဖြစ်လေသည်။
သူက သန်မာသည်ဆိုလျှင်တောင် ဤကဲ့သို့သောအခြေအနေတစ်ခုမှာ ကူကယ်ရာမဲ့ရလေသည်။
“ညီမ... ဒီလိုအခြေအနေမျိုးကို ညီမအရင်က တွေ့ဖူးလား...”
ကျိယောင်ရွှယ်က မေးလိုက်လေသည်။
“အင်း...”
ရှောင်းနင်က ခေါင်းညိတ်ပြလိုက်လေသည်။
“အဲ့ဒီလက္ခဏာတွေက မဟူရာသွေးဂူကြောင့် ဖြစ်လာတာပဲ...”
“ဂူလား....”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်လေသည်။
“အဲ့ဒီမှာ ဂူပေါင်းအမျိုးအစားများစွာရှိတယ်.... သူတို့က နှစ်ပေါင်းများစွာ လျှို့ဝှက်နည်းစနစ်တွေနဲ့ ပြုစုပျိုးထောင်ထားတဲ့ အဆိပ်ရှိတဲ့ ပိုးကောင်တွေပဲ... သူတို့က အစကတည်းက စွမ်းအားကြီးတဲ့ သက်ရှိပုံစံတစ်မျိုးပဲ”
ရှောင်းနင်က တာအိုသက်ရှိဝံပုလွေပျံ၏ အလောင်းကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“အဲ့ဒီကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲမှာ ငွေပိုးဂူကောင်ကို ကြိုပြီးတော့ ထည့်ထားတယ်”
“ငွေပိုးဂူကောင်ရဲ့ အကူအညီနဲ့ သူ့ရဲ့ခန္ဓာကိုယ်က ပိုမိုသန်မာလာပြီးတော့ သူ့ရဲ့ ခံစစ်အားကလည်း တိုးလာလိမ့်မယ်... သူ့ရဲ့ အမြန်နှုန်းနဲ့ ခွန်အားကလည်း တိုးလာလိမ့်မယ်”
ဆူဇီမို၏မျက်လုံးများက အနည်းငယ်နားလည်သဘောပေါက်မှုကို ထုတ်ပြလာခဲ့လေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်ချည်မျှင်များ ပေါ်ထွက်လာပြီးနောက် တာအိုသက်ရှိဝံပုလွေပျံ၏ တိုက်ခိုက်ရည်ခွန်အားက တိုးပွားလာခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။
ဂူပိုးကောင်ကိုယ်တိုင်က သက်ရှိတစ်မျိုးဖြစ်ပြီး တာအိုသက်ရှိဝံပုလွေပျံနှင့်အတူ ပေါင်းစည်းထားလေသည်။ သူ၏ ခွန်အားက တိုးလာသည်မှာ အဓိပ္ပါယ်ရှိလေသည်။
“ဒီကျားနဂါးဂိုဏ်းကျင့်ကြံသူက ရွှေပိုးဂူကောင်ရဲ့ အဆိပ်ကိုမိထားတာ... အဲ့ဒါက ပိုစွမ်းအားကြီးပြီးတော့ ငွေပိုးဂူကောင်ထက် ပိုပြီးတော့ရှားပါးတယ်... ကျင့်ကြံရေးလောကမှာဆိုရင် ကျင့်ကြံဖို့အတွက် ရွှေပိုးဂူကောင်တွေကိုသုံးတဲ့ ကျင့်ကြံသူအမျိုးအစားတစ်မျိုးရှိတယ်... သူတို့ကိုတော့ ဂူသခင်တွေလို့ခေါ်တယ်...”
ရှောင်းနင်၏မျက်လုံးများသည် ဝမ်းနည်းမှုတစ်စွန်းတစ်စကို ထုတ်ပြလာခဲ့လေသည်။
“ဂူပိုးကောင်တွေရဲ့အကူအညီကိုရယူပြီးရင် အဲ့ဒီကျင့်ကြံသူတွေရဲ့ ခွန်အားက ကြီးမားစွာတိုးလာမှာ ဆိုပေမယ့်လို့... သူတို့ရဲ့ အသက်က ဂူပိုးကောင်ကို ထည့်သွင်းခဲ့တဲ့ ဂူသခင်ရဲ့ လက်ထဲကို ရောက်ရှိသွားလိမ့်မယ်”
“ဂူသခင်တစ်ယောက်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲက ဂူပိုးကောင်တွေကိုသုံးပြီး သူတို့ရဲ့ခန္ဓာကိုယ်ကို အတွေးတစ်ချက်နဲ့ သတ်ဖြတ်နိုင်တယ်...”
သူတို့၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်ရှိသော အင်းဆက်ပိုးကောင်များက ပုန်းလျှိုးနေလေသည်။
ထိုကဲ့သို့သောနည်းလမ်းများသည် မကောင်းဆိုးဝါးဆန်ပြီး ကြောက်စရာကောင်းလေသည်။ တွေးကြည့်ရုံမျှနှင့် တုန်လှုပ်သွားစေနိုင်လေသည်။
“ဂူသခင်....”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်လေသည်။
သူသာလျှင်မဟုတ်ပေ... လက်ရှိကျင့်ကြံသူများအားလုံးသည်လည်း တွေဝေရှုပ်ထွေးနေကြလေသည်။
သူတို့က ထူးဆန်း၍ အဆိပ်ရှိသော အင်းဆက် သို့မဟုတ် ဂူသခင်ဆိုသောစကားလုံးများကို မကြားဖူးသည်မှာ သိသာလေသည်။
ရှောင်းနင်က ပြောလိုက်လေသည်။
“အခုနောက်ပိုင်းမှာတော့ ဂူသခင်တွေက ပေါ်ထွက်လာခဲတယ်... အဲ့လိုဆိုရင်တောင် အဲ့ဒီနည်းစနစ်ကို လက်ဆင့်ကမ်းလာခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်..”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး လွှတ်ခနဲ ပြောလိုက်လေသည်။
“မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲက တစ်ခု... ဂူဂိုဏ်း...”
“အမှန်ပဲ...”
ရှောင်းနင်က ခေါင်းညိတ်ပြလိုက်လေသည်။
မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီတွင် အုတ်ဂူဂိုဏ်း ၊ ရုပ်သေးဂိုဏ်း ၊ အဆိပ်ဂိုဏ်း ၊ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းနှင့် ဂူဂိုဏ်းတို့ ပါဝင်လေသည်။
အခြားသောဂိုဏ်းလေးဂိုဏ်းသည် လှုပ်ရှားတက်ကြွမှုရှိပြီး ဆူဇီမိုက ထိုဂိုဏ်းများနှင့် အနည်းငယ်ပတ်သက်ဆက်နွယ်မှု ရှိခဲ့လေသည်။
သို့သော်လည်း ဂူဂိုဏ်းမှ အရိုက်အရာဆက်ခံသူက ဘယ်တုန်းကမှ ပေါ်ထွက်မလာခဲ့ပေ။
ရှောင်းနင်က ဆက်ပြောလိုက်လေသည်။
“နောက်ပြီး... အဲ့ဒီလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဂူက ဆိတ်သုန်းပျောက်ကွယ်သွားတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ ရှေးကျတဲ့အဆိပ်အင်းဆက်တစ်မျိုးပဲ... အဲ့ဒါကို မဟူရာသွေးဂူလို့ခေါ်တယ်”
“မဟူရာသွေးဂူက အရမ်းကိုကြမ်းကြုတ်ခက်ထန်တယ်... မော်တယ်တွေကိုမပြောနဲ့ အမြုတေမဖွဲ့တည်ရသေးတဲ့ ကျင့်ကြံသူတွေတောင်မှ အဲ့ဒါကိုခံနိုင်ရည်မရှိဘူး...”
ထိုစကားကိုကြားသောအခါ မဟာရှဧကရာဇ်၏မျက်နှာက အလွန်တရာပျက်ယွင်းလာခဲ့လေသည်။
“ပြောရမယ်ဆိုရင် ဂူသခင်ရဲ့ ထိန်းချုပ်မှုမရှိဘဲနဲ့ ဂူကောင်တွေက ဘယ်သူ့ကိုမှ ထိခိုက်စေမှာမဟုတ်ဘူး”
သူမက မဟာရှဧကရာဇ်နှင့် တခြားသူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“ပြောရမယ်ဆိုရင်... အဲ့ဒီလူနှစ်ဆယ်ကျော်ထဲမှာ ဂူသခင်တစ်ယောက်ရှိနေတယ်.. အဲ့ဒါကြောင့်ပဲ မဟာကျိုးမြို့တော်က မြို့သူမြို့သားတွေက မဟူရာသွေးဂူရဲ့ အဆိပ်မိခြင်းကို ခံထားရတာပဲ...”
သူမကို မတွေ့ရတာ နှစ်ပေါင်းတစ်ရာကျော်ကြာပြီးနောက် ရှောင်းနင်သည် အရင်က ကဲ့သို့ ပျော့တိပျော့ဖတ်မဟုတ်တော့ဘဲ သူမ၏မျက်လုံးထဲမှာ ဩဇာအာဏာတချို့ ရှိလာခဲ့လေသည်။
ထိုအခါမှသာလျှင် ရှောင်းနင်က မူလနတ္ထိအဆင့်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း ဆူဇီမိုက သတိထားမိလိုက်လေသည်။
ယန်ဆေးဂိုဏ်းကဲ့သို့သော တစ်သီးပုဂ္ဂလလေးအုပ်စုမှ ကျင့်ကြံသူများအနေဖြင့် သူတို့၏ ဆေးလုံးဖော်စပ်မှုအတွက် အချိန်နှင့် စွမ်းအင်များစွာကို လိုအပ်လေသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက သေချာပေါက် နှေးသွားပေလိမ့်မည်။
ရှောင်းနင်က သမားရိုးကျ ထိုဖြစ်စဥ်ကနေ ရုန်းထွက်လာနိုင်ခဲ့လေသည်။
ဆူဇီမိုသည် လက်ရှိကျင့်ကြံမှုအဆင့်ထိ ရောက်ရှိလာခဲ့သည်မှာ ဤနှစ်များအတွင်း သူတွေ့ကြုံခဲ့ရသော အခွင့်အလမ်းများစွာကြောင့် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ရှောင်းနင်ကလည်း ဤနှစ်များအတွင်း အလွန်တရာအံ့အားသင့်စရာကောင်းသော ခရီးစဥ်တစ်ခုကို ဖြတ်ကျော်ခဲ့ရပေလိမ့်မည်။
သူမသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိနေပြီး မဟာရှဧကရာဇ်၏ အလိမ်အညာကို ချက်ချင်းပင် ဖော်ထုတ်လိုက်လေသည်။
သူမ၏အကြည့်အောက်တွင် မဟာရှဧကရာဇ်က ထိုဖိအားကို မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားလေသည်။
“အဲ့ဒါ... မဟုတ်ဘူး... ကျုပ်.. ကျုပ်လုပ်တာမဟုတ်ဘူး...”
မဟာရှဧကရာဇ်၏အသံက ကြောက်ရွံ့မှုဖြင့် တုန်ယင်နေပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်လေသည်။
“အဲ့.... အဲ့ဒါက...”
မဟာရှဧကရာဇ်က ဒူးထောက်ကျလာစဥ်မှာပင် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော သွေးရောင်မျဥ်းကြောင်းတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။
သို့သော်လည်း သူက အဲ့ဒါကို သတိမထားမိပေ။
ဆူဇီမိုက တစ်ချက်ကြည့်ပြီးနောက် လှုပ်ရှားမှုပြုလုပ်တော့မည်ရှိစဥ်မှာပင် ဘုန်းခနဲအသံကို ကြားလိုက်ရလေသည်။
မဟာရှဧကရာဇ်၏စိတ်အာရုံထဲမှာ ဂျွတ်ဆတ်ဆတ်အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
အဲ့ဒါက သူ၏အမြုတေစိတ်ဝိညာဥ် ကြေမွပျက်စီးသွားသည့်အသံ ဖြစ်လေသည်။
ချက်ချင်းပင် သူ၏အကြည့်က လေးကန်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်က ပျောက်ကွယ်သွားခဲ့လေသည်။ သူသည် မျက်လုံးပြုးမျက်ဆံပြူးဖြင့် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားလေသည်။
ဆူဇီမို၏အမူအရာက သုန်မှုန်လာခဲ့လေသည်။
ရှောင်းနင်ပြောသည်မှာ မှန်လေသည်။ ကျင့်ကြံသူများကြားမှာ ဂူသခင်တစ်ယောက်ရှိနေပြီး သူက သူ၏ရှေ့မှောက်မှာပင် မဟာရှဧကရာဇ်ကို ဂူပိုးကောင်နည်းစနစ်သုံး၍ သတ်ဖြတ်လိုက်လေသည်။
မဟာရှဧကရာဇ်က ရုပ်သေးရုပ်တစ်ရုပ်မျှသာ ဖြစ်လေသည်။
ထိုဖြစ်စဥ်တွင် ဆူဇီမိုက မည်သည့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုမှ အာရုံမခံနိုင်ခဲ့ပေ။
သူ၏အာရုံကနေ ဖုံးကွယ်ထားနိုင်သည်ဆိုတော့ ဤဂူသခင်က အတော်အတန်အစွမ်းအစရှိလေသည်။
ဆူဇီမို၏ အကြည့်သည် သူ့ရှေ့ရှိ မူလနတ္ထိ နှစ်ဆယ်ကျော်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားလေသည်။ သို့သော်လည်း သူက မည်သည့်တစ်မူထူးခြားတာကိုမှ သတိမထားမိပေ။
“ကောင်းပြီလေ...”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
“မင်းက ထွက်မလာဘူးဆိုရင် ငါက မင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်... မင်းက ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ရသေးတာပေါ့”
မဟာရှန်ဧကရာဇ်နှင့် အခြားသူများ၏ အမူအရာက ပြောင်းလဲသွားလေသည်။
ဆူဇီမိုက သတ်ဖြတ်ရာမှာ ပြတ်သားသည့် တစ်စုံတစ်ယောက်ဖြစ်သည်ဆိုတာကို သူတို့က သိထားကြလေသည်။ သူက ထိုသို့ပြောသည်ဆိုမှတော့ အဲ့ဒါကို သေချာပေါက် ပြုလုပ်ပေလိမ့်မည်။
သို့သော်လည်း သူတို့အားလုံးသည် ဂူပိုးကောင်၏ အဆိပ်ကို မိထားလေသည်။ သူတို့က အစိမ်းရောင်လူငယ်ကို ဖော်ထုတ်မည်ဆိုလျှင် သူတို့သည် မဟာရှဧကရာဇ်ကဲ့သို့ ချက်ချင်းပင် သေဆုံးရပေလိမ့်မည်။
“ဆူဇီမို... မင်းကငါတို့နဲ့ အဲ့ဒီဂူသခင်ကို သတ်မယ်ဆိုလည်း အလကားပဲ...”
မဟာရှန်ဧကရာဇ်က ခါးသက်စွာဖြင့် ရယ်မောလိုက်လေသည်။
“သူ့မှာသာ ငါတို့ကို ကယ်တင်ချင်စိတ်မရှိဘူးဆိုရင် မဟာကျိုးရဲ့မြို့သူမြို့သားပေါင်း ကဋေကဋာက သူနဲ့အတူ ပျက်စီးသေဆုံးရလိမ့်မယ်”
“အဲ့ဒါအမှန်ပဲ... ငါတို့ကိုလွှတ်ပေးမှပဲ.. မင်းက အဲ့ဒီမြို့သူမြို့သားတွေကို ကယ်တင်လို့ရမယ်...”
မဟာယွီဧကရာဇ်ကလည်း သူ၏သတ္တိကို စုစည်း၍ ပြောလိုက်လေသည်။
“ဒီလောကမှာ အရာရာတိုင်းက သူတို့ရဲ့ တန်ပြန်ဝိပါတ်ဆိုတာရှိတယ်...”
ရှောင်းနင်က ရယ်မောလိုက်လေသည်။
“မဟူရာသွေးဂူက လွှမ်းမိုးခြယ်လှယ်နိုင်တယ် ဆိုပေမယ့်လို့ အဲ့ဒါကို ဖျက်ဆီးစရာနည်းလမ်း မရှိတာတော့ မဟုတ်ဘူး... အဆင့်-၅ မှာရှိတဲ့ ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးတွေက မဟူရာသွေးဂူရဲ့ အကြီးမားဆုံး တန်ပြန်ဝိဘတ်ပဲ...”
ထိုစကားကိုကြားသောအခါ အခြားသူများက တုံ့ပြန်မှုမရှိကြပေ။ သို့သော်လည်း အစိမ်းရောင်ဝတ်လူငယ်၏ သူငယ်အိမ်က အနည်းငယ် တင်းကျပ်သွားလေသည်။
သူတို့ကို ရတနာ ၇ ပါးဟု ခေါ်ဆိုသော်လည်း ထိုဆေးလုံးများတွင် တွေ့ရလေ့ရှိသော သာမန်စိတ်ဝိညာဥ်ပစ္စည်းများသာ ပါဝင်လေသည်။ ၎င်းကို ဖော်စပ်သည့်ပုံစံက အတော်လေးရှုပ်ထွေးနက်နဲသော်လည်း အဲ့ဒါက မဟူရာသွေးဂူ၏ သေဆေးပင် ဖြစ်လေသည်။
ကယ်တင်ရမည့်ဖြစ်စဥ်ကလည်း အတော်လေးကိုရိုးရှင်းလေသည်။ ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးကို ရေတွင်ပျော်ဝင်စေပြီးနောက် ရေတစ်စက်ကပင် သူတို့၏ခန္ဓာကိုယ်ထဲရှိ မဟူရာသွေးဂူများကို သတ်ဖြတ်ပစ်ဖို့အတွက် လုံလောက်လေသည်။
ပုံမှန်အားဖြင့်ဆိုလျှင် မဟူရာသွေးဂူ၏ ဆိတ်သုန်းပျောက်ကွယ်သွားမှုနှင့်အတူ ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံး၏ ဖော်စပ်ပုံအညွှန်းကလည်း ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
ကျင့်ကြံရေးယဥ်ကျေးမှုပင် ကောင်းကောင်းမထွန်းကားသော ဤအင်ပါယာငယ်တွင် ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးကို သိထားသည့် နတ်ဆေးဆရာတစ်ယောက် ရှိနေလိမ့်မည်ဟု အစိမ်းရောင်ဝတ်လူငယ်က လုံးဝပင် ထင်မှတ်မထားခဲ့ပေ။