← Chapters

အားလုံးကို တုန်လှုပ်သွားစေခြင်း

Vol. 74 Ch. 1104

အားလုံးကို တုန်လှုပ်သွားစေခြင်း

Vol. 74 Ch. 1104

“ဟားဟားဟားဟား”

အကြီးအကဲစွန်းက ဟားတိုက်ရယ်မောလိုက်လေသည်။

ဆူဇီမိုက ဒီတိုင်း သာမန်ကာလျှံကာ ပြောသည်ဆိုလျှင် သူက အဲဒါကို စိတ်ထဲမှာ ထည့်မှတ်ထားမည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုက တည်တံ့စွာ ပြောနေသည်ကို မြင်သောအခါ အကြီးအကဲစွန်းသည် အရယ်ရဆုံး ဟာသကို နားထောင်လိုက်ရသည့်အလား ခံစားရလေသည်။

“အထီးကျန်သိုင်းသခင်.. မင်းက လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီစကားကို ပြောမယ်ဆိုရင် အဲဒီစကားက အရေးပါကောင်း ပါနိုင်လိမ့်မယ်”

အကြီးအကဲစွန်းက ခေါင်းခါလိုက်လေသည်။

“ဒါပေမဲ့လို့ မင်းက နတ်ဖီးနစ်အရိုးနဲ့ ဖန်တီးခြင်းကြာပဒုမ္မာတွေလို အထွတ်အထိပ် ရတနာတွေကို ဆုံးရှုံးခဲ့ပြီးပြီ.. မင်းက အဆင့်ကြီးတစ်ဆင့်ပိုမြင့်တဲ့ ငါ့ကို စိန်ခေါ်ချင်နေသေးတာလား”

ဆူဇီမိုက ဘာအားကိုးနှင့် ထိုစကားကို ပြောဆိုလိုက်သလဲ အကြီးအကဲစွန်းက တကယ်ပင် မသိပေ။

ထိုကောင်လေး၏ ခန္ဓာကိုယ်က သန်မာနေဆဲဖြစ်သည်ဆိုလျှင်တောင်.. သူက သူ၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်ကို အသုံးပြုသည်နှင့် ထိုကောင်လေးကို နေရာမှာပင် သတ်ဖြတ်နိုင်လေသည်။

တည်ငြိမ်နေသော အမူအရာနှင့်ပင် ဆူဇီမိုက မျက်လွှာချပြီး အစိမ်းရောင်ဝတ်လူငယ်ကို တစ်ချက်ကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ဒီကောင့်ကို ဘယ်သူမှ မကာကွယ်နိုင်စေရဘူး.. မင်းဝင်ပါလာမယ်ဆိုရင် ငါက မင်းကိုလည်း သတ်မှာပဲ”

အဲဒါက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုနှင့် သတိပေးခြင်း ဖြစ်လေသည်။

အကြီးအကဲစွန်း၏ အမူအရာက အလွန်တရာ သုန်မှုန်လာခဲ့လေသည်။

“မင်းက ငါ့ကို သတ်ချင်တယ်ပေါ့လေ.. ဘယ်လိုသတ်မှာလဲ”

သူသည် ဘဝမှာ တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ဖူးပြီး တစ်ခါတုန်းက ပြိုင်စံရှားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးလေသည်။ မဟုတ်ပါက သူသည် ဓမ္မဝိသေသ အဆင့်သို့ ကျင့်ကြံလာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သူ့ကျင့်ကြံမှု၏ ဤအဆင့်တွင် သူသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ မူလနတ္ထိတစ်ယောက်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို အမှန်တကယ်ပင် ခြိမ်းခြောက်ပြောဆိုရဲနေလေသည်။

အဲဒါက ကျင့်ကြံရေးလောကတွင် စိတ်ကူးယဉ်ဆန်သော အခြေအနေတစ်ခု ဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုပါက.. ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးပြီးနောက် သူ၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးသည် ဆိုလျှင်တောင် သူ၏ အစွမ်းအစအရ သူက ဤနေရာကနေ အလွယ်တကူ ထွက်ပြေးတိမ်းရှောင်နိုင်ဆဲ ဖြစ်လေသည်။

တာအိုသက်ရှိ အထီးကျန်သိုင်းသခင်သည် သူ့ကို သတ်ဖြတ်နိုင်သည်ဟု ဘယ်လိုတောင် မဆင်မခြင် ပြောရဲတာလဲ သူက နားမလည်ပေ။

ဆူဇီမိုသည် သနားနေသော မျက်လုံးများဖြင့် အကြီးအကဲစွန်းကို တည်ငြိမ်စွာသာ ကြည့်နေလိုက်လေသည်။

အဲဒီနောက် ချက်ချင်းပင် အကြီးအကဲစွန်းသည် သူ့ရှေ့တည့်တည့်မှ ကျင့်ကြံသူများသည် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် ကြည့်နေသည်ကို သူက သတိထားမိသွားလေသည်။

ဘာမှားနေတာပါလိမ့်..။

ဘာတွေဖြစ်နေတာပါလိမ့်..။

အကြီးအကဲစွန်းသည် ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာခဲ့လေသည်။

သူက မည်သည့် အန္တရာယ်ကိုမှ မခံစားမိနိုင်ပေ။

ဆူဇီမိုသည် သူ့ရှေ့တည့်တည့်မှာ မလှုပ်မယှက်ဖြင့် မတ်တတ်ရပ်နေပြီး တိုက်ခိုက်ခြင်းလည်း မရှိပေ။

ဒါဆို အဲဒီကျင့်ကြံသူတွေက ဘာကို တုန်လှုပ်ပြီး ဘာကို ကြောက်လန့်နေတာလဲ..။

မသိလိုက် မသိဘာသာနှင့်ပင်.. ညဝိညာဉ်က နေရာကနေ ပျောက်ကွယ်သွားခဲ့လေပြီ။

လူတိုင်း သတိထားမိသောအခါ သူက အကြီးအကဲစွန်း၏ နောက်မှာ ရောက်ရှိနေလေပြီ။

သို့သော်လည်း အကြီးအကဲစွန်းက အဲဒါကို သတိမထားမိပေ။

ညဝိညာဉ်၏ ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ မြေပြင်ထက်ကနေ ဖြည်းဖြည်းချင်း ကြွတက်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်က မှုန်ရီဝေဝါးနေသည်ဟု ဆိုနိုင်ပြီး သူက အကြီးအကဲစွန်းထက် ခေါင်းတစ်ဝက်ပိုမြင့်ကာ အေးစက်၍ မှေးကျဉ်းထားသော မျက်လုံးတစ်စုံကို ထုတ်ပြထားလေသည်။

အို..။

ထိုသည်ကို မြင်သောအခါ မဟာရှန် ဧကရာဇ်နှင့် အခြားသော မူလနတ္ထိများသည် ခေါင်းနပန်းကြီးသွားပြီး ကြက်သီးမွေးညင်းများ ထလာခဲ့လေသည်။

အနက်ရောင်ဝတ်လူ ဘယ်နေရာကနေ ထွက်လာသည်ကို မည်သူကမှ သတိမထားမိကြပေ။

အရာရာတိုင်းက တိတ်တဆိတ်ဖြင့် ဖြစ်ပျက်ခဲ့လေသည်။

အနက်ရောင်ဝတ်လူသည် အကြီးအကဲစွန်း၏နောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူတို့က လက်မအနည်းငယ်မျှသာ ကွာဝေးလေသည်။ သူက အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း သို့မဟုတ် မည်သည့်အော်ရာမှ မရှိသည့်အလားပင်။

အကြီးအကဲစွန်းက အဲဒါကို လုံးဝ သတိမထားမိနိုင်ပေ။

လက်ရှိလူတိုင်းသည် သူတို့၏ မျက်စိဖြင့် မြင်တွေ့ခြင်းကြောင့်သာ မဟုတ်လျှင် အကြီးအကဲစွန်း၏နောက်မှာ တစ်စုံတစ်ယောက် မတ်တတ်ရပ်နေသည်ကို ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။

လူတိုင်းမှာ ကွဲပြားသော အော်ရာများ ရှိကြလေသည်။ အချို့က ထက်ရှပြီး အချို့က အေးစက်၍ မိန်းမဆန်လေသည်။ အချို့ကတော့ ကြော့ရှင်း၍ နက်နဲသိမ်မွေ့လေသည်။

သို့သော်လည်း အနက်ရောင်ဝတ်လူ၏ အော်ရာက ဗလာကျင်းနေလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင်.. လက်ရှိကျင့်ကြံသူများသည် သူတို့၏မျက်လုံးကို မှိတ်ချလိုက်ပါက အနက်ရောင်ဝတ်လူ၏ တည်ရှိမှုကို လုံးဝ အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့်ပင်လျှင် အနက်ရောင်ဝတ်လူ၏ တည်ရှိမှုကို အာရုံမခံနိုင်ကြပေ။

အဲဒါက အရမ်းကို ကြောက်စရာကောင်းလေသည်။

အစိမ်းရောင်ဝတ်လူငယ်သည် ညဝိညာဉ်ကို ရင်တလှပ်လှပ် ခံစားချက်ဖြင့် ကြည့်ရင်း သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေလေသည်။ သူက တုန်ရီနေသော အသံဖြင့် မနေနိုင်ဘဲ အော်ဟစ်သတိပေးလိုက်လေသည်။

“အကြီးအကဲစွန်း.. ခင်ဗျားရဲ့နောက်မှာ..”

သူ့နောက်မှာလား..။

သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေတာလား.။

အကြီးအကဲစွန်းသည် အရမ်းကို ကြောက်လန့်သွားပြီး သူ၏နှလုံးက ပေါက်ကွဲလုမတတ် ဖြစ်လာခဲ့လေသည်။

ထိုစဉ်မှာပင် ဆူဇီမိုက လက်ထောင်ပြလိုက်လေသည်။

“သူ့ကို သတ်လိုက်တော့”

ဖောက်..

အကြီးအကဲစွန်းသည် ဘာမှမလုပ်နိုင်ခင်မှာပင် သူ၏ဦးခေါင်းပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး သွေးများက စီးကျလာခဲ့လေသည်။ သူ၏ အသိစိတ်ထဲရှိ အမြုတေစိတ်ဝိညာဉ်က ကြေမွသွားခဲ့လေပြီ။

ညဝိညာဉ်က တည်ငြိမ်သော အမူအရာဖြင့် သူ၏လက်ကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။

သူသည် အလွန်တရာ လျင်မြန်စွာ တိုက်ခိုက်ခဲ့ပြီး သူ၏လက်ချောင်းများက သွေးပင် မစွန်းထင်းခဲ့ပေ။

ဘုန်း..

အကြီးအကဲစွန်းသည် မယုံကြည်နိုင်စွာ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

သူက သေသည့်တိုင်အောင် သူ့ကို ဘယ်သူ သတ်ဖြတ်ခဲ့သလဲ သိမသွားခဲ့ပေ။

ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က နေရာမှာပင် သေဆုံးသွားခဲ့လေပြီ။

တိုက်ပွဲနယ်မြေတစ်ခုလုံးက ပကတိ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဤမြင်ကွင်းက လူတိုင်းအတွက် အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ညဝိညာဉ်၏ တိုက်ခိုက်မှုသည် အလွန်တရာ ရိုးရှင်းလေသည်။ သို့သော်လည်း အဲဒါက စောစောက ဆူဇီမို၏ တိုက်ခိုက်မှုထက် များစွာပို၍ ကြောက်စရာကောင်းလေသည်။

ဓမ္မဝိသေသ တာအိုအရှင်များသည် အင်ပါယာ လေးခုစလုံးမှာ ထိပ်ဆုံးအဆင့် တည်ရှိမှုများ ဖြစ်ကြလေသည်။

ကျင့်ကြံရေးလောက တစ်ခုလုံးမှာတောင် သူတို့က စွမ်းအားကြီးမားသည်ဟု သတ်မှတ်နိုင်လေသည်။

သူတို့သည် ပေါင်းစည်းခန္ဓာများအောက် တစ်ဆင့်သာ နိမ့်လေသည်။

ပြောကြသည်မှာ.. လူတစ်ယောက်သည် ဓမ္မဝိသေသအဆင့်သို့ ကျင့်ကြံပြီးနောက်.. သူတို့သည် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသ ခန္ဓာကိုယ်များကို ဖန်တီးပြီး လေနှင့်မိုးကို ဆင့်ခေါ်ကာ မြစ်နှင့် သမုဒ္ဒရာတို့ကို မှောက်လှန်နိုင်သည်ဟု ဆိုလေသည်။ သူတို့က ကောင်းကင်နှင့်မြေကြီး စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး လောကမှာ စိုးမိုးခြယ်လှယ်နိုင်မည်ဟု ဆိုကြလေသည်။

သို့သော် ယခုအခါမှာတော့.. ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်သည် မည်သည့် နည်းစနစ်ကိုမှ ထုတ်ဖော်နိုင်ခြင်း မရှိဘဲ အနက်ရောင်ဝတ်လူ၏ လက်ညိုးဖြင့် ထိုးဖောက်သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ဤအနက်ရောင်ဝတ်လူ၏ ကျင့်ကြံမှုအဆင့်က ဘာဖြစ်မလဲ..။

ဓမ္မဝိသေသ တာအိုအရှင်တောင် သတ်ဖြတ်ခံရသည်ဆိုပါက.. လက်ရှိ မည်သည့်ကျင့်ကြံသူကများ စောဒက တက်ရဲပါတော့မည်နည်း။

လက်ရှိကျင့်ကြံသူများ အားလုံးသည် တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုဖြင့် တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

ဆူဇီမိုက ညဝိညာဉ်ကို ခေါင်းညိတ်ပြလိုက်လေသည်။

နှစ်ပေါင်းတစ်ရာကျော် ကြာပြီးနောက် ညဝိညာဉ်က ပို၍သန်မာလာခဲ့လေသည်။

သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်တောင် သူက ညဝိညာဉ်၏ တည်ရှိမှုကို အာရုံမခံနိုင်တော့ပေ။

သို့သော်လည်း ညဝိညာဉ်က သူ၏ အာရုံခံ သတိစိတ်ကနေ လွတ်မြောက်နိုင်ခြင်း မရှိချေ။

အခြားသူများသည် အဲဒါကို အာရုံခံမိနိုင်ချင်မှ ခံမိနိုင်ပေလိမ့်မည်။ သို့သော်လည်း ညဝိညာဉ်က မူလနတ္ထိအဆင့်မှာ ရှိနေသည်ကို သူက ဝိုးတဝါး ခန့်မှန်းမိလေသည်။

သို့သော်လည်း ညဝိညာဉ်၏ တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်ထိရှိသလဲ သူ မသိပေ။

ဆူဇီမိုသည် ညဝိညာဉ်နှင့် ပတ်သက်၍ သိချင်စိတ် ပြင်းပြလာခဲ့လေသည်။

ညဝိညာဉ်က လူသားတစ်ယောက် မဟုတ်ပေ။

သို့သော်လည်း သားရဲမျိုးနွယ်တစ်ခုလုံးတွင် ညဝိညာဉ်၏ ပါရမီအလားအလာကို မည်သည့်မျိုးနွယ်ကမှ မယှဉ်နိုင်ပေ။

အသင်္ချေနယ်မြေမြို့တော်တွင် ညဝိညာဉ် ပြသခဲ့သော ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားကို ပြန်လည်အမှတ်ရသောအခါ ညဝိညာဉ်၏ မျိုးဆက်သွေးသည် အနည်းဆုံးတော့ နတ်ဘုရားမျိုးနွယ်၊ ယက္ခမျိုးနွယ်တို့နှင့် ယှဉ်နိုင်သည်ဟု သူက ခန့်မှန်းမိလေသည်။

ဆူဇီမိုသည် ထိုအကြောင်းကို များစွာမတွေးတော့ပေ။ ညဝိညာဉ်က ဘယ်မျိုးနွယ်ကပဲ လာလာ.. သူတို့က ညီအစ်ကိုများ ဖြစ်ကြလေသည်။

သူသည် အစိမ်းရောင်ဝတ်လူငယ်ရှေ့သို့ ရောက်ရှိလာပြီး အေးစက်စက် အကြည့်ဖြင့် ငုံ့ကြည့်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်.. မင်းက ငါ့ကို မထိတာ ပိုကောင်းလိမ့်မယ်.. ငါ့ရဲ့နောက်မှာ မင်းဆန့်ကျင်ဖို့ မတတ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်”

အသနားခံ တောင်းပန်မည့်အစား.. အစိမ်းရောင်ဝတ်လူငယ်က တင်းမာခက်ထန်စွာဖြင့် ပြန်လှန်ခြိမ်းခြောက်လိုက်လေသည်။

“မင်းကို နောက်ခံပေးထားတဲ့လူကို ပြောတာလား”

ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။

“မင်းက စုန်းမျိုးတစ်ယောက် မဟုတ်ဘူး.. ကမ္ဘာဦးမျိုးနွယ် ၉ စုထဲက တစ်စုအနေနဲ့ စုန်းမျိုးနွယ်က မင်းလိုမျိုး အားမနည်းဘူး.. တစ်နည်းအားဖြင့် ပြောရရင် မင်းရဲ့ စုန်းအတတ် နည်းစနစ်တွေကို အခြားတစ်ယောက်က သင်ပေးထားတာပဲ”

“မင်းကို သင်ပေးတဲ့လူကလည်း အစစ်အမှန် စုန်းတစ်ယောက် မဖြစ်နိုင်ဘူး.. ဒါပေမဲ့လို့ သူက စုန်းမျိုးနွယ်ရဲ့ သွေးနှောကပြားတစ်ယောက်ပဲ ဖြစ်လိမ့်မယ်”

ထိုသည်ကို ကြားသောအခါ အစိမ်းရောင်ဝတ်လူငယ်သည် ရင်တစ်ချက်ထိတ်သွားလေသည်။

ဤနေရာအရောက်တွင်.. အစိမ်းရောင်ဝတ်လူငယ်၏ ဝိညာဉ်ကို ရှာဖွေခြင်း မရှိလျှင်တောင် ဆူဇီမိုသည် သွေးကျီးကန်းနန်းတော်သခင် ပြန်ရောက်လာပြီဆိုတာကို ခန့်မှန်းမိလိုက်လေသည်။

သူ၏လက်ကို ဆန့်ထုတ်ပြီး ဆူဇီမိုက အစိမ်းရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“အစစ်အမှန် စုန်းတစ်ကောင်တောင်မှ မင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး.. စုန်းမျိုးနွယ်ရဲ့ သွေးနှောကပြားတစ်ယောက်ကိုတော့ ပြောမနေနဲ့”

“အထီးကျန်သိုင်းသခင်..”

အစိမ်းရောင်ဝတ်လူငယ်၏ အမြုတေစိတ်ဝိညာဉ်က စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။

“စုန်းမျိုးနွယ်က ကမ္ဘာဦးမျိုးနွယ် ၉ စုထဲက တစ်စုပဲ.. မင်းက စုန်းမျိုးနွယ်ကို ဆန့်ကျင်ရဲမယ်ဆိုရင် မင်းက ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်”

“ဟားဟားဟားဟားဟား”

ဆူဇီမိုက ဟားတိုက်ရယ်မောလိုက်လေသည်။

“ငါ.. အထီးကျန်သိုင်းသခင်.. ငါ့ရဲ့တာအိုကို တည်ဆောက်ခဲ့တယ်.. အခု ငါက ပြန်လည်မွေးဖွားလာခဲ့ပြီ.. ဒီလောကမှာ ဘယ်သူမှ ငါ့ကို မခြိမ်းခြောက်နိုင်ဘူး.. ငါ့ရဲ့ တာအိုကို ဘယ်သူကမှ ဟန့်တားမနှောင့်ယှက်နိုင်ဘူး.. စုန်းမျိုးနွယ်လည်း မရဘူး.. ကမ္ဘာဦးမျိုးနွယ် ၉ စုလည်း မရဘူး”

ဖောက်..

သူ၏လက်ဆီသို့ ခွန်အားကို ပို့လွှတ်ပြီး သူသည် ဝိညာဉ်ရှာဖွေခြင်းကိုပင် မပြုတော့ဘဲ အစိမ်းရောင်ဝတ်လူငယ်ကို သတ်ဖြတ်ပစ်လိုက်လေသည်။

All Chapters