ကောင်းကင်ဘုံက မိုးရေများ
Vol. 74 Ch. 1105
အစိမ်းရောင်ဝတ်လူငယ် သေဆုံးသွားမှုနှင့်အတူ မဟာရှန် ဧကရာဇ်နှင့် အခြားသူများ၏ မျက်နှာသည် သူတို့၏ မိဘများ ဆုံးရှုံးသွားသကဲ့သို့ ဖြူဖပ်ဖြူလျော် ဖြစ်လာလေသည်။
သူတို့အားလုံး၏ ခန္ဓာကိုယ်ထဲတွင် အစိမ်းရောင်ဝတ်လူငယ် ထည့်သွင်းထားသော ဂူပိုးကောင်များ ရှိနေလေသည်။ ယခု ထိုသူက သေဆုံးသွားသောအခါ သူတို့ကလည်း ကြာကြာအသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
သူတို့သည် ဂူပိုးကောင်များ၏ ညှင်းပန်းနှိပ်စက်မှုဖြင့် သေဆုံးသွားသော ကျင့်ကြံသူများကို သူတို့မျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးလေသည်။
အဲဒါက တကယ့်ကို ဆင်းရဲဒုက္ခကြီးသော ညှင်းပန်းနှိပ်စက်မှု ဖြစ်လေသည်။
ထိုသူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်ဖြင့် ထွက်ပြေးခွင့်ပင် မရကြပေ။
“အထီးကျန်သိုင်းသခင်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို သနားညှာတာမှုပြပြီး ကယ်တင်ပေးပါဦး”
မဟာရှန်နှင့် မဟာယွီ ဧကရာဇ်တို့က ခါးသက်၍ သနားစရာကောင်းသော အမူအရာများဖြင့် အသနားခံ တောင်းပန်လာကြလေသည်။
သူတို့ အသက်ရှင်နိုင်သည်နှင့်အမျှ သူတို့၏ ဂုဏ်သိက္ခာက ဘာမှမဟုတ်တော့ပေ။
ဆူဇီမိုသည် ရှောင်းနင်ကို လှည့်ကြည့်လိုက်လေသည်။
သူသည် ဂူပိုးကောင်များနှင့် ရင်ဆိုင်ရချိန်တွင် ကူကယ်ရာမဲ့နေလေသည်။
ခဏမျှ စဉ်းစားပြီးနောက် ရှောင်းနင်က ပြောလိုက်လေသည်။
“ငါက နင်တို့တွေရဲ့ အသက်ကို ကယ်ပေးလို့ရတယ်.. ဒါပေမဲ့လို့ နင်တို့အားလုံးက လက်ရှိ မဟာကျိုး ဧကရီအပေါ်မှာ သစ္စာရှိပြီး အလုပ်အကျွေးပြုပါမယ်လို့ ကျိန်ဆိုရမယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားလေသည်။
သူသည် နိုးထဝိညာဉ် ၂၀၀ ကျော်နှင့် ကျန်ရှိနေသော မူလနတ္ထိများကို မသတ်ရသည့် အကြောင်းရင်းမှာ ထိုသူတို့ကို ကျိယောင်ရွှယ်အတွက် အထောက်အကူ ဖြစ်စေချင်သောကြောင့် ဖြစ်လေသည်။
ဆူဇီမိုနှင့် ရှောင်းနင်က အကြည့်ချင်းဖလှယ်၍ ပြုံးလိုက်ကြလေသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် မတွေ့ရသည်မှာ နှစ်တစ်ရာကျော်သွားပြီ ဖြစ်သော်လည်း ဤမောင်နှမနှစ်ယောက်က အချိတ်အဆက်မိနေဆဲ ဖြစ်လေသည်။
ကျိယောင်ရွှယ်သည် ဘာစကားမျှ မပြောသော်လည်း သူမ၏ ရင်ထဲမှာ နွေးထွေးသွားလေသည်။
“ရ.. ရတာပေါ့”
ကျင့်ကြံသူများ အားလုံးက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သဘောတူလိုက်ကြလေသည်။
သူတို့သည် ရှေ့သို့ ချဉ်းကပ်လာပြီး လူတိုင်း၏ ရှေ့မှောက်မှာပင် ကျိယောင်ရွှယ်အပေါ် သူတို့ဘဝတစ်လျှောက် သစ္စာရှိမည့်အကြောင်း တာအိုသစ္စာ ကျိန်ဆိုလိုက်ကြလေသည်။ သူတို့၏စကား မတည်လျှင် သူတို့က နေရာမှာပင် သေဆုံးရပေလိမ့်မည်။
ဧကရာဇ်သုံးပါးသည် သူတို့၏ အင်အားစုများ အားလုံးနီးပါးကို ဤနေရာသို့ ခေါ်လာခဲ့လေသည်။
ယခုအခါ.. သူတို့အင်အား ထက်ဝက်ကျော်က ဤနေရာမှာ သေဆုံးသွားပြီး ကျန်ထက်ဝက်ကလည်း ကျိယောင်ရွှယ်ထံမှာ အညံ့ခံလိုက်ကြလေသည်။
ဆိုလိုသည်မှာ ကျိယောင်ရွှယ်က အင်ပါယာသုံးခုကို ဝါးမျိုပြီး ဤစွမ်းအားနှင့်အတူ အင်ပါယာအသစ်တစ်ခုကို တည်ထောင်နိုင်ပေတော့မည်။
“ကောင်းပြီလေ”
ကျိယောင်ရွှယ်သည် တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရသွားပြီး သုန်မှုန်နေသော အမူအရာဖြင့် ရင်တစ်ချက်ထိတ်သွားလေသည်။
“ဆန်းကြယ်တောင်ထွတ်မှာ တစ်ခုခုဖြစ်တော့မယ် ထင်တယ်”
“သူက ပြန်ရောက်လာခဲ့ပြီ”
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“မဟာကျိုးကို တိုက်ခိုက်တဲ့ ဒီဂူပိုးကောင်ကပ်ဘေးက သူ့ရဲ့ လက်စားချေမှုပဲ”
“သူလား.. “
ကျိယောင်ရွှယ်က မှင်တက်သွားလေသည်။
ဆူဇီမိုက ပြန်ပြောလိုက်လေသည်။
“အဲဒါက နဂိုသွေးကျီးကန်း နန်းတော်သခင်ပဲ”
ကျိယောင်ရွှယ်သည် သူမ၏ပါးစပ်ကို အနည်းငယ် ဖွင့်ဟ၍ နားလည်သဘောပေါက်သွားလေသည်။
ဆန်းကြယ်တောင်ထွတ်မှ တိုက်ပွဲကို သူမလည်း တွေ့မြင်ခဲ့လေသည်။
အဆူရာ ယန်ပေးချန်သာ ရောက်မလာခဲ့လျှင် ဆန်းကြယ်တောင်ထွတ်က ဖျက်ဆီးခံရနိုင်လေသည်။
ထိုတိုက်ပွဲပြီးနောက်.. အင်မော်တယ် ကြိုးကြာအိုကြီးသည် ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်လာခဲ့ပြီး မဟာကျိုး၏ ဘိုးဘေးခေါင်းဆောင်က ဆန်းကြယ်တောင်ထွတ်နှင့် ရင်းနှီးချစ်ခင်မှုကို တည်ဆောက်လိုပြီး လူတိုင်း၏ ဆန္ဒကို ဆန့်ကျင်ကာ ကျိယောင်ရွှယ်ကို ဧကရီအဖြစ် တင်မြှောက်ခဲ့လေသည်။
ဆူဇီမိုက ပြောလိုက်လေသည်။
“အဲဒီအချိန်တုန်းက နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်က အစ်ကိုယန် လက်ချက်နဲ့ ပျက်စီးသွားပြီးတော့ သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က လွတ်မြောက်သွားခဲ့တယ်.. အခု သူက ဒီလောက်မြန်မြန် ပြန်ရောက်လာတယ်ဆိုတော့..”
တစ်ဖက်တွင် ရှောင်းနင်၏ ဆေးလုံးအကူအညီဖြင့် မဟာရှန် ဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ ဂူပိုးကောင်များက အပြင်သို့ ထွက်လာပြီး လောင်ကျွမ်းပြာကျသွားလေသည်။
မဟာရှန် ဧကရာဇ်သည် မျက်နှာသာရဖို့ စိတ်အားထက်သန်နေပြီး ရှေ့သို့တက်လာခဲ့လေသည်။ သူက အစိမ်းရောင်ဝတ်လူငယ်၏ အလောင်းကို လက်ညိုးထိုးပြီး ပြောလိုက်လေသည်။
“သူ့ရဲ့ဆရာက ဂူဂိုဏ်းက အကြီးအကဲတစ်ယောက်ပဲ.. သူ့ရဲ့ တာအိုဘွဲ့က တစ်ကိုယ်တော်ဝိညာဉ်..”
“ဒီတစ်ခေါက် မြောက်ပိုင်းဒေသရဲ့ ဂူပိုးကောင်ကပ်ဘေးကို တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်က ပြုလုပ်ခဲ့တာပဲ.. ဒါနဲ့.. တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်က စုန်းမျိုးနွယ်ရဲ့ ကျင့်ကြံရေး နည်းစနစ်တွေကို သိထားပြီးတော့ သူက သူ့လူတွေကိုခေါ်ပြီး ဆန်းကြယ်တောင်ထွတ်ကို တိုက်ခိုက်ဖို့သွားနေပြီလို့ ကျုပ်ကြားမိတယ်”
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်ဆိုသော ဘွဲ့ကြောင့် နန်းတော်သခင်သည် နှစ်တစ်ရာကြာပြီးနောက် မူလနတ္ထိအဆင့်မှာပင် ရှိနေဆဲဖြစ်လေသည်။
တကယ်တော့ မူလနတ္ထိများအတွက် နှစ်တစ်ရာကျော်သည် တဒင်္ဂအချိန်မျှသာ ဖြစ်လေသည်။ သူတို့၏ ကျင့်ကြံမှုအဆင့်က လုံးဝ တိုးတက်မလာဘူးဆိုလျှင်တောင် အဲဒါက ပုံမှန်သာ ဖြစ်လေသည်။
ဆူဇီမိုကဲ့သို့သောသူများက အလွန်တရာ ရှားပါးလေသည်။
ဒါ့အပြင်.. နန်းတော်သခင်သည် သူ၏ အမြုတေစိတ်ဝိညာဉ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်လေသည်။ သူက ဂူသခင်တစ်ယောက်၏ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်လိုက်မည် ဆိုလျှင်တောင် သူ၏ အမြုတေစိတ်ဝိညာဉ်နှင့် တစ်သားတည်းကျဖို့ ခက်ခဲပြီး သူ၏ ကျင့်ကြံမှုအဆင့်ကလည်း ရှေ့သို့ တက်လှမ်းဖို့အတွက် ခဲယဉ်းလာမည် ဖြစ်လေသည်။
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။
“ဆန်းကြယ်တောင်ထွတ်ကို တိုက်ခိုက်ဖို့သွားတာ သူ့အပြင် တခြားဘယ်သူပါသေးလဲ”
“သူတို့အများစုကတော့ ကျားနဂါးဂိုဏ်းက ကျင့်ကြံသူတွေပဲ”
ထိုစဉ်မှာပင် မဟာယွီ ဧကရာဇ်သည် ဂူပိုးကောင်၏ ခြိမ်းခြောက်မှု အန္တရာယ်ကနေ လွတ်မြောက်လာခဲ့လေသည်။ သူက ရှေ့သို့ အလောတကြီး တက်လာပြီး ပြောလိုက်လေသည်။
“ကျားနဂါးဂိုဏ်းက ဓမ္မဝိသေသ တာအိုအရှင် ၅ ယောက်နဲ့ မူလနတ္ထိ ၁၀၀ ကျော်ကို စေလွှတ်ခဲ့တယ်လို့ ကျုပ်ကြားမိတယ်”
မြောက်ပိုင်းဒေသရှိ အဆင့်မြင့်ဂိုဏ်း ၁၀ ဂိုဏ်းထဲမှ တစ်ဂိုဏ်းအနေဖြင့် ကျားနဂါးဂိုဏ်းသည် အလွန်တရာ စွမ်းအားကြီးမားလေသည်။ သူတို့သည် အင်မော်တယ်ဂိုဏ်း ၉ ဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးများကို မယှဉ်နိုင်သော်လည်း အဲဒါက ဆန်းကြယ်တောင်ထွတ် ရင်ဆိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ဝင်ရောက်လာခဲ့လေသည်။
ဤကိစ္စမှာ အခြားထူးဆန်းနေသော တစ်စုံတစ်ရာ ရှိသေးလေသည်။
သူ၏မျက်လုံးက ရွေ့လျားသွားပြီး အေးစက်စွာဖြင့် မေးလိုက်လေသည်။
“တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်ရဲ့ ကျင့်ကြံမှုနဲ့ အဆင့်အတန်းအရဆို.. သူက ကျားနဂါးဂိုဏ်းကို စည်းရုံးနိုင်မှာ မဟုတ်ဘူး.. ဟုတ်တယ်မလား”
ဂူဂိုဏ်းသည် မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲမှ တစ်ခု ဖြစ်လေသည်။
သို့သော်လည်း သူတို့ထံမှ အရိုက်အရာဆက်ခံသူတစ်ယောက် ပေါ်ထွက်မလာခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်ပြီး သူတို့သည် မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီတွင် အောက်ဆုံးအဆင့်မှာ ရပ်တည်နေလေသည်။
မူလနတ္ထိ ဂူသခင်တစ်ယောက်အနေဖြင့် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်က ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်များကို မည်ကဲ့သို့ စည်းရုံးနိုင်ပါမည်နည်း။
“အဲ.. အဲဒါတော့ ကျုပ်လည်း မပြောတတ်ဘူး”
ရှက်ကိုးရှက်ကန်း အမူအရာနှင့် မဟာယွီ ဧကရာဇ်က ပြောလိုက်လေသည်။
“ဒါပေမဲ့လို့ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်ကို ထောက်ပံ့ပေးနေတဲ့ ပိုပြီးတော့ မြင့်မြတ်တဲ့ လူတစ်ယောက် ရှိနေတဲ့ပုံပဲ”
ရုတ်တရက် မဟာရှန် ဧကရာဇ်က ပြောလိုက်လေသည်။
“အဲဒီလူရဲ့ မျက်လုံးတွေက စိမ်းညိုရောင်ဖြစ်ပြီးတော့ အရမ်းကို ထူးဆန်းတယ်.. ကျုပ်က သူနဲ့ အကြည့်ချင်း တစ်ချက်ဆုံလိုက်တာ ကျုပ်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ခံရသလို ခံစားလိုက်ရတယ်”
“စိမ်းညိုရောင် မျက်လုံးတွေလား..”
ဆူဇီမို၏ ရင်ထဲမှာ လှုပ်ခတ်သွားလေသည်။
ညဝိညာဉ်က လျှောက်လှမ်းလာပြီး ပြောလိုက်လေသည်။
“အဲဒါက စုန်းမျိုးနွယ်က တစ်စုံတစ်ယောက်ပဲ”
ကမ္ဘာဦးမျိုးနွယ် ၉ စု..
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်က ကျားနဂါးဂိုဏ်း၏ အကူအညီကို ရယူနိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။
ကျားနဂါးဂိုဏ်းသည် အကြောက်အလန့် ကင်းမဲ့ပြီး အင်ပါယာလေးခုအကြား တိုက်ပွဲတွင် ဝင်ပါလာရဲသည်မှာ အံ့ဩစရာ မရှိတော့ပေ။
သူတို့သည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှ စုန်းမျိုးနွယ်၏ နောက်ခံကို ရရှိထားလေသည်။
“ငါက ကမ္ဘာဦးမျိုးနွယ် ၉ စုနဲ့ ဒီလောက်မြန်မြန် ပြန်တွေ့ရတော့မှာပါလား”
ဆူဇီမို၏ လေသံက အေးစက်နေလေသည်။ စုန်းမျိုးနွယ်အကြောင်း ဖော်ပြချိန်တွင် ညဝိညာဉ်၏ မျက်လုံးအနက်ပိုင်းထဲတွင် သတ်ဖြတ်လိုစိတ်က တဖျပ်ဖျပ်လက်လာခဲ့လေသည်။
“ငါက ဆန်းကြယ်တောင်ထွတ်ကို သွားရလိမ့်မယ်”
ဆူဇီမိုက ကျိယောင်ရွှယ်ကို ကြည့်ပြီး ပြောလိုက်လေသည်။
မဟာရှန် ဧကရာဇ်နှင့် အခြားသူများသည် ကျိယောင်ရွှယ်ထံမှာ အညံ့ခံသွားပြီ ဖြစ်သည့်အတွက် သူမက ဘေးကင်းလုံခြုံသွားလေပြီ။ ယခုအချိန်တွင် ဆန်းကြယ်တောင်ထွတ်က အရေးကြီးဆုံး ဖြစ်လာခဲ့လေသည်။
“ကျွန်မက အဆင်ပြေတယ်.. အဲဒီကို မြန်မြန်သွား.. ဂရုလည်းစိုက်ဦး”
ကျိယောင်ရွှယ်က ခေါင်းညိတ်ပြလိုက်လေသည်။
ဆူဇီမိုက လှုပ်ရှားတော့မည့်ဆဲဆဲမှာပင်.. သူက မျက်မှောင်ကြုတ်၍ ရှောင်းနင်ကို မေးလိုက်လေသည်။
“မဟာကျိုးမြို့တော်ထဲက မြို့သူမြို့သားတွေရဲ့ ခန္ဓာကိုယ်ထဲက မဟူရာ ဂူပိုးကောင်တွေကိုရော.. ဘယ်လိုလုပ်မလဲ..”
“အဲဒီမှာ ကျွန်မ လုပ်ပေးနိုင်တာ များများစားစားတော့ မရှိဘူး”
ရှောင်းနင်က သူမ၏ခေါင်းကို ခါလိုက်လေသည်။
“ကျွန်မတို့ လုပ်ရမှာက.. ရတနာ ၇ ပါး သွေးအသွင်ပြောင်း ဆေးလုံးကို ရေထဲမှာ ဖျော်ပြီးတော့ အဲဒီ စိတ်ဝိညာဉ်ရေကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဖြန့်ဝေပေးရမယ်”
အဲဒါက အရမ်းကို ကြီးမားသည့် စီမံကိန်းတစ်ခု ဖြစ်လေသည်။
မြို့သူမြို့သားပေါင်း ကုဋေကုဋာသည် ထိုစိတ်ဝိညာဉ်ရေကို အချိန်မီ ရရှိဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
ဒါ့အပြင် အချိန်က ပို၍ကြာလာလေလေ.. မဟူရာသွေး ဂူပိုးကြောင့် သေဆုံးမည့် အရေအတွက်က ပိုများလာလေလေ ဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် လေထဲသို့ ခုန်တက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်လေသည်။ မြို့တော်ထဲတွင် မြို့သူမြို့သား အချို့သည် စတင်၍ သေဆုံးလာကြပြီး အတော်လေး ဂယက်ရိုက်လာခဲ့သည်ကို တွေ့မြင်ရလေသည်။
သူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
“ငါ့ကို ရတနာ ၇ ပါး သွေးအသွင်ပြောင်း ဆေးလုံးတစ်လုံး ပေး..”
ရှောင်းနင်က ဆေးလုံးတစ်လုံးကို ကမ်းပေးလိုက်လေသည်။
ဆူဇီမိုသည် သူ၏လက်ကို ဝှေ့ယမ်းပြီး ဓမ္မစွမ်းအားအချို့ကို စုစည်းကာ ကျိရွှေမြစ်ထဲရှိ ရေများကို စုပ်ယူလိုက်လေသည်။ သူက ထိုရေများကို မြို့တော်အထက်မှာ လှည့်ပတ်စေပြီး ရတနာ ၇ ပါး သွေးအသွင်ပြောင်း ဆေးလုံးကို အထဲမှာ ရောနှောပေါင်းစပ်လိုက်လေသည်။
ဆူဇီမိုသည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ကောင်းကင်ထက်မှ မြစ်ရေများကို ကျဆင်းလာစေကာ.. မြို့တော်တစ်ခုလုံးကို သည်းထန်သော မိုးများ ရွာသွန်းလာစေလေသည်။
မြို့တော်၏ နေရာဒေသအသီးသီးမှ ဂူပိုးကောင်၏ အဆိပ်မိထားသော လူအချို့သည် မိုးရေများနှင့် ထိတွေ့မိသောအခါ သူတို့က စတင်၍ သက်သာပျောက်ကင်းလာကြလေသည်။
သေအံ့ဆဲဆဲ လူအချို့ပင်လျှင် ပြန်လည်ရှင်သန်မည့် လက္ခဏာများ ပြလာခဲ့လေသည်။
တဖြည်းဖြည်းနှင့်.. မြို့သူမြို့သားများသည် သူတို့၏ အိမ်ထဲကနေ ပြေးထွက်ပြီး စိတ်လှုပ်ရှားတက်ကြွသော အမူအရာများဖြင့် မိုးရေများကို အငမ်းမရ သောက်သုံးလာကြလေသည်။
“ဒါက ကောင်းကင်ဘုံက ရွာချပေးတဲ့ မိုးရေတွေပဲ.. ဒါက ငါတို့ကို ကောင်းကင်ဘုံကနေ ကောင်းချီးပေးလိုက်တဲ့ မိုးရေတွေပဲ”
“ကောင်းကင်ဘုံက ငါတို့ကို ပစ်မထားဘူးပဲ.. ငါတို့ ဘေးကင်းလုံခြုံဖို့အတွက် မဟာကျိုးကို ကောင်းချီးပေးတဲ့ အင်မော်တယ်မိုးရေတွေပဲ”
မရေမတွက်နိုင်သော မြို့သူမြို့သားများက ဒူးထောက်ချ၍ ကျယ်လောင်စွာ အော်ဟစ်မြည်ကြွေးလိုက်ကြလေသည်။