စုန်းမျိုးနွယ်၏ သခင်လေး
Vol. 74 Ch. 1107
စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉စုထဲမှ တစ်စု ဖြစ်လေသည်။
ကမ္ဘာဦးခေတ်က သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး မျိုးနွယ်စုတစ်သောင်းကို ကျွန်ပြုခဲ့ကြလေသည်။
စုန်းမျိုးနွယ်မှ သခင်လေးအနေဖြင့် ဝူလီသည် မြင့်မြတ်သော ဂုဏ်အဆင့်အတန်းရှိပြီး အားလုံး၏ လေးစားခြင်းကို ခံရလေသည်။
ကံမကောင်းစွာနှင့်ပင် သူသည် တစ္ဆေကျိန်စာသင်္ချိုင်းမှာ ရှိနေစဉ်က စုန်းမျိုးနွယ်မှ သခင်လေးတစ်ယောက်အနေဖြင့် ဂုဏ်ယူဝင့်ကြွားမှုကို မခံစားနိုင်ပေ။ ထိုသို့ဖြင့် သူက စိတ်ထဲမှာ အလွန်တရာ မကျေမချမ်း ဖြစ်လာခဲ့လေသည်။
တစ္ဆေကျိန်စာသင်္ချိုင်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ တားမြစ်နယ်မြေ ၉ ခုထဲမှ တစ်ခု ဖြစ်လေသည်။
မျိုးနွယ်စု ၉ စုမှ လူများကလွဲလျှင် ဝင်ရောက်လာသော အခြားမည်သည့်မျိုးနွယ်မဆို.. စုန်းမျိုးနွယ်၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။
ထိုနေရာက တစ်နည်းတစ်ဖုံ ထူးခြားနေသည်ဟု ထင်ရနိုင်သော်လည်း ဝူလီသည် တစ္ဆေကျိန်စာသင်္ချိုင်းမှာ တစ်ချိန်လုံး နေနေရသည့်အတွက် အလွန်တရာ ပျင်းရိငြီးငွေ့လာခဲ့လေသည်။
အဲဒါက ရေတွင်းတစ်တွင်းနှင့် တူလေသည်။
အပြင်ဘက်ရှိ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ကျယ်ပြောသော ကောင်းကင် ဖြစ်ပေလိမ့်မည်။
သူ့ဘေးနားမှာရှိသော လူတိုင်းသည် စုန်းမျိုးနွယ်မှသူများသာ ဖြစ်ကြလေသည်။
စုန်းမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်းကို ကျွန်ပြုခဲ့စဉ်က ရှေးဟောင်းကျမ်းစာများထဲတွင် ဖော်ပြထားသည့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို အထက်စီးက ကြည့်နိုင်သည်ဆိုသော ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်မျိုးကို သူက မရရှိနိုင်ပေ။
သူသည် ထိပ်ဆုံးမှာ ရပ်တည်ပြီး မျိုးနွယ်စုတစ်သောင်းထံမှ ကြည်ညိုမှုနှင့် လေးစားမှုကို လက်ခံရရှိသည့် အတွေ့အကြုံကို မရရှိနိုင်ပေ။
စုန်းများသည် အတိတ်ကာလက ဂုဏ်ကျက်သရေမှာ နစ်မြောနေကြပြီး ဝူလီက အဲဒါကို အတော်လေး အထင်သေးမိလေသည်။
အကြောင်းမှာ သူတို့သည် ရှေးဟောင်းစစ်ပွဲတွင် ရှုံးနိမ့်ခဲ့ကြသောကြောင့် ဖြစ်လေသည်။
သူတို့သည် အတိတ်ကာလတုန်းက ရှုံးနိမ့်မှုကြောင့် တစ္ဆေကျိန်စာသင်္ချိုင်းမှာသာ နေထိုင်နေရခြင်း ဖြစ်လေသည်။
သူက ဤခေတ်မှာ သူတို့ ဆုံးရှုံးထားသည့် အရာရာတိုင်းကို ပြန်လည်ရယူချင်လေသည်။
သူ့မှာ အရည်အချင်းများနှင့် ပါရမီအလားအလာများစွာ ရှိလေသည်။
သူသည် စုန်းမျိုးနွယ်၏ သခင်လေးတစ်ယောက်ဖြစ်ပြီး လူငယ်မျိုးဆက်၏ နံပါတ်တစ်လည်း ဖြစ်လေသည်။
သူသည် အပြင်ဘက်သို့ ထွက်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်း စုန်းမျိုးနွယ်မှ စီနီယာများက သူ့ကို တားဆီးခဲ့ကြလေသည်။
နောက်ဆုံးမှာတော့.. သူ့မှာ အခွင့်အရေးတစ်ခု ရှိလာခဲ့လေသည်။
လွန်ခဲ့သည့် ဆယ်နှစ်က.. တစ္ဆေကျိန်စာသင်္ချိုင်းကို လူတစ်ယောက် ရောက်ရှိလာခဲ့လေသည်။ သူက စုန်းမျိုးနွယ်၏ သွေးနှောကပြားတစ်ယောက်ဖြစ်ပြီး သူတို့၏ လက်ချက်ဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့လေသည်။
အဲဒါက ယခု သူ့ဘေးတွင်ရှိသော တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ် ဖြစ်လေသည်။
ထိုသူ့ထံမှတစ်ဆင့်.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် လူသားမျိုးနွယ်သည် ကျဆင်းလာနေပြီဖြစ်ကြောင်း သူက နားလည်သိရှိခဲ့ရလေသည်။
နောက်ဆုံးမှာတော့.. သူ၏ တိုက်တွန်းလှုံ့ဆော်မှုဖြင့် သူသည် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်နှင့်အတူ စုန်းမျိုးနွယ်ကနေ ထွက်ခွာလာခဲ့လေသည်။ သူ့ကို နှစ်ပေါင်းများစွာ ကာကွယ်စောင့်ရှောက်ပေးနေသော ဦးလေးလန်သည် စိုးရိမ်ပူပန်သောကြောင့် သူတို့နှင့်အတူ လိုက်ပါလာခဲ့လေသည်။
ဝူလီအတွက်တော့ ဦးလေးလန်က အရမ်းကို သတိကြီးလွန်းလေသည်။
သူသည် မူလနတ္ထိအဆင့်မှာ ရှိသော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားနှင့် ဆိုပါက.. သူသည် သူ့ထက် အဆင့်ကြီးတစ်ဆင့်မြင့်သော ဓမ္မဝိသေသ တာအိုအရှင်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်လေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရလျှင်တောင် သူ၏ ဝှက်ထဲများစွာနှင့်အတူ လွတ်မြောက်အောင် ထွက်ပြေးပုန်းရှောင်နိုင်လေသည်။
သူက တစ္ဆေကျိန်စာသင်္ချိုင်းကနေ ထွက်လာပြီးနောက်.. အန္တရာယ် လုံးဝမရှိနိုင်ပေ။
ဒါ့အပြင် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်၏ ပြောဆိုပုံအရ.. မြောက်ပိုင်းဒေသ၏ အင်ပါယာလေးခုမှာ မည်သည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်မှ ရှိမနေပေ။
ဆယ်နှစ်ကြာ ကြိုတင်ပြင်ဆင်ပြီးနောက်.. သူတို့သုံးယောက်သည် တစ္ဆေကျိန်စာသင်္ချိုင်းကနေ ထွက်ခွာလာခဲ့ကြလေသည်။
အဲဒါက တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်၏ ပြောပုံနှင့် အတော်လေး တူညီလေသည်။ အင်ပါယာလေးခုမှ လူသားများက အမှန်တကယ်ပင် အားနည်းကြလေသည်။
သေးငယ်သော ဂူပိုးကောင်တစ်ကောင်ကပင်လျှင် များစွာသော လူသားများကို သတ်ဖြတ်နိုင်လေသည်။
ဝူလီသည် နောက်ဆုံးမှာတော့.. လူပေါင်းများစွာကို အထက်စီးကနေ ကြည့်ပြီး သူတို့၏ သေခြင်း ရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာ ခံစားချက်ကို ရရှိလာခဲ့လေသည်။
သူ၏ အမိန့်အောက်တွင် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်သည် ဂူပိုးကောင်များကို အဆက်မပြတ် ထုတ်လွှတ်ပြီး မြောက်ပိုင်းဒေသကို အားနည်း၍ ဗြောင်းဆန်လာစေခဲ့လေသည်။ သူက လူပေါင်းများစွာသည် အသက်ဘေးကနေ ကြိုးစားရုန်းကန်ရင်း အော်ဟစ်နေကြသည်ကို မြင်သောအခါ အလွန်တရာ စိတ်လှုပ်ရှားလာခဲ့လေသည်။
အဲဒီနောက် သူတို့သုံးယောက်သည် ကျားနဂါးဂိုဏ်းသို့ ကိုယ်တိုင်သွားရောက် လည်ပတ်ခဲ့လေသည်။
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ် ထင်မှတ်ထားသည့်အတိုင်းပင်.. ကျားနဂါးဂိုဏ်းသည် လူသားကျင့်ကြံရေးဂိုဏ်းတစ်ခု ဖြစ်သော်လည်း သူတို့၏ နောက်ခံအဆင့်အတန်းကို သိရှိပြီးနောက်.. ထိုသူတို့က မနာခံဘဲ မနေဝံ့ကြပေ။
သူတို့ကို ကျားနဂါးဂိုဏ်း၏ ကျင့်ကြံသူများစွာကို ထောက်ပံ့ပေးလာကြလေသည်။
တကယ်တော့ ဤအချိန်အတောအတွင်း သူတို့၏အမိန့်ကို ငြင်းဆန်ခဲ့သော ကျင့်ကြံသူများလည်း ရှိခဲ့ကြလေသည်။ သူက ထိုသူများကို အလွယ်တကူ သတ်ဖြတ်ပစ်ခဲ့လေသည်။
သူ့လက်ထဲတွင် သေဆုံးခဲ့ရသော ဓမ္မဝိသေသ တာအိုအရှင်များကို ပြန်လည်စဉ်းစားရင်း.. ဝူလီသည် ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်လေသည်။
ထိုခံစားချက်က သူ့အတွက် အရမ်းကို ကောင်းမွန်လေသည်။
အဲဒါက သတ်ဖြတ်ခြင်းနှင့် သွေးလွှမ်းနေသော လမ်းကြောင်းတစ်ခု ဖြစ်လေသည်။
ဝူလီအနေဖြင့် တကယ်တမ်း စဉ်းစားရခက်စေသည်မှာ ဤကဲ့သို့ အားနည်း၍ သူရဲဘောကြောင်သော ကျင့်ကြံသူများသည် ရှေးဟောင်းစစ်ပွဲကို ဘယ်လိုအနိုင်ရရှိခဲ့တာလဲ ဆိုတာပင်။
သူသည် မလှမ်းမကမ်းရှိ ဆန်းကြယ်တောင်ထွတ်ကို ကြည့်ပြီး အေးစက်စွာဖြင့် လှောင်ပြုံးလိုက်လေသည်။
ဤတိုက်ပွဲက နေ့တစ်ဝက်မျှ ကြာမြင့်ခဲ့လေပြီ။
သူသည် တစ်ချိန်လုံး တိုက်ခိုက်ခြင်း မရှိဘဲ ဘေးကနေ အေးစက်စွာဖြင့်သာ စောင့်ကြည့်နေလေသည်။
သူက ဤခံစားချက်ကို အလွန်နှစ်သက် သဘောကျလေသည်။
ဆန်းကြယ်တောင်ထွတ်မှာရှိသည့် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များနှင့်တူပြီး သူ၏အကြည့်အောက်တွင် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်ကာ ရှင်သန်ဖို့အတွက် ရုန်းကန်နေရလေသည်။
ထိုကျင့်ကြံသူများက ပို၍ ကြောက်လန့်လေလေ.. သူက ပို၍ စိတ်လှုပ်ရှားရလေလေ ဖြစ်လေသည်။
အဲဒါက ကြောင်သည် ကြွက်ကို လိုက်ဖမ်းခြင်းနှင့် တူလေသည်။
ကြွက်က အလွယ်တကူ အကိုက်ခံရပြီး ချက်ချင်း သေဆုံးသွားမည်ဆိုလျှင် အဲဒါက ပျော်စရာကောင်းတော့မည် မဟုတ်ပေ။
တကယ်တော့ တိုက်ပွဲတစ်ခုလုံးသည် ပုရွက်ဆိတ်တွေချည်း ပြည့်နှက်နေသည်တော့ မဟုတ်ပေ။
“စိတ်ဝင်စားစရာပဲ”
ဝူလီသည် သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး တိုက်ပွဲမြေပြင်ရှိ ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို တဏှာရာဂ တပ်မက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
“ဒီနေရာမှာ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်သွေးနဲ့ မိန်းကလေးတစ်ယောက်ကိုတောင် တွေ့လာရတယ်ဆိုတော့..”
“အဲဒီမိန်းကလေးရဲ့ နတ်ဘုရားမျိုးဆက်သွေးက မသန့်စင်ဘူး.. သူမက နတ်ဘုရားမျိုးနွယ်ရဲ့ သွေးနှောကပြားတစ်ယောက်ပဲ”
ဝူလီ၏ နောက်ဘက်ရှိ မျက်စိကွယ်နေသော အဘိုးအိုက တီးတိုးပြောဆိုလိုက်လေသည်။
“ကျွတ်.. ကျွတ်.. ကျွတ်..”
ဝူလီက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။
“အဲဒီ ခန္ဓာကိုယ်ကို ကြည့်စမ်း.. ခါးကလည်း သေးသေး.. ရုပ်ကလေးကလည်း ချောမှချော.. အဲဒါက တကယ့်ကို ပြီးပြည့်စုံနေတာပဲ.. နတ်ဘုရားမျိုးနွယ်က လူတိုင်းက ရုပ်ရည်ရူပကာ အရမ်းချောမောကြတယ်လို့ လူတိုင်းပြောနေကြတာ အံ့ဩစရာ မရှိတော့ဘူး.. ရှေးဟောင်းခေတ်က မှတ်တမ်းတွေက တကယ် လိမ်ညာမထားဘူးပဲ”
“နတ်ဘုရားမျိုးနွယ်က အဲဒီမိန်းကလေးက မျိုးဆက်သွေး မသန့်စင်ဘူး ဆိုပေမဲ့လို့ အရမ်းကို ချောမောလှပတာပဲ.. ငါတောင်မှ လိုချင်လာပြီ”
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်သည် ထိုစကားကို ကြားသောအခါ.. ဝူလီ၏ စိတ်ဆန္ဒကို ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ။ သူက အလောတကြီး ပြောလိုက်လေသည်။
“အဲဒီ မိန်းကလေးက နတ်ဘုရားမျိုးနွယ်က သွေးနှောကပြားတစ်ယောက်ဖြစ်ပြီး ဆန်းကြယ်တောင်ထွတ်က ဂိုဏ်းသား ဆူဇီမိုရဲ့ အိမ်ဖော်မိန်းကလေးတစ်ယောက်သာပါပဲ.. ခင်ဗျားက သဘောကျတယ်ဆိုရင် သူ့ကို သေချာပေါက် ခေါ်သွားလို့ ရတာပဲ သခင်လေး”
“အင်း..”
ဝူလီက ခေါင်းညိတ်လိုက်လေသည်။
တိုက်ပွဲနယ်မြေတွင် တိုက်ခိုက်နေဆဲဖြစ်သော ရွှေရောင်ဆံပင်နှင့် မိန်းကလေးကို ကြည့်ရင်း ဝူလီက သူ၏နှုတ်ခမ်းကို စူဝိုင်းကာ စိတ်မရှည်နိုင်တော့သည့် ပုံစံဖြင့် ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
“အဲဒါက အချိန်ကျပြီပဲ”
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်၏ မျက်လုံးက ဝင်းလက်သွားလေသည်။
ဆိုလိုသည်မှာ.. ဝူလီက ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်တော့မည် ဖြစ်လေသည်။
“ကဲ.. တော်လောက်ပြီ”
ဝူလီက မြေဆွဲအား လုံးဝမရှိသည့်အလား လေထဲသို့ ခုန်တက်ပြီး တိုက်ပွဲနယ်မြေ၏ အစပ်သို့ ဖြည်းဖြည်းချင်း ပျံသန်းသွားလေသည်။ သူက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“မင်းတို့တွေက အခုချိန်ထိ တောင့်ခံပြီးတော့ တိုက်ခိုက်နေနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး”
သူ၏စကား မဆုံးသေးခင်မှာပင်.. သူ၏လက်ညိုးကို ဆန့်ထုတ်ပြီး အင်မော်တယ်ကြိုးကြာ ရှိရာဘက်သို့ ညင်သာစွာ တောက်ထုတ်လိုက်လေသည်။
အစကတော့ အင်မော်တယ်ကြိုးကြာအိုကြီးသည် သူမ၏ ပင်ကိုနတ်ဘုရားစွမ်းအားများနှင့် ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားမှုနည်းစနစ်ကို သုံးကာ လေထဲမှာ ကူးလူးလှုပ်ရှားနေလေသည်။ ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူမကို ထိန်းမထားနိုင်ကြပေ။
ရုတ်တရက်ဆိုသလို.. ဝူလီက သူ၏လက်ညိုးကို ဆန့်ထုတ်လိုက်သည့် ချက်ချင်းမှာပင် စိမ်းညိုရောင် ကြိုးတစ်ချောင်းက သူမ၏ ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းစွာ ပေါ်ထွက်လာခဲ့လေသည်။
“အား..”
အင်မော်တယ်ကြိုးကြာအိုကြီးက ညည်းတွားအော်ဟစ်လိုက်လေသည်။
စိမ်းညို့ရောင်ကြိုးတွင် သန်မာသော တိုက်စားစွမ်းအားရှိပြီး သူမ၏ အသားထဲသို့ ချက်ချင်းပင် နစ်ဝင်သွားခဲ့လေသည်။
အင်မော်တယ်ကြိုးကြာအိုကြီးသည် ထိုကြိုးဖြင့် သူမ၏ခန္ဓာကိုယ်က ဆုတ်ဖြဲခံရတော့မည်ဖြစ်ကြောင်း ခံစားမိလာခဲ့လေသည်။
သူမသည် ထိုကဲ့သို့ အလွန်တရာ ထူးဆန်းသည့် နည်းလမ်းကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
သူမ၏ ပင်ကိုနတ်ဘုရားစွမ်းအားနှင့်ပင်လျှင် အဲဒါကို ရှောင်တိမ်းနိုင်ခြင်း မရှိပေ။
ဓမ္မဝိသေသ တာအိုအရှင်နှစ်ပါး၏ မျက်လုံးက ဝင်းလက်သွားပြီး သူတို့၏ ဓမ္မပညာရပ်များကို ထုတ်ဖော်ကာ အင်မော်တယ်ကြိုးကြာအိုကြီးကို တိုက်ခိုက်လိုက်ကြလေသည်။
ဘန်း..
မရေမတွက်နိုင်သော ငှက်မွေးများက ကျွတ်ကျလာခဲ့လေသည်။
အင်မော်တယ်ကြိုးကြာအိုကြီး၏ ခန္ဓာကိုယ်သည် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ၏ အကာအရံ အလင်းလွှာကို ပြင်းထန်စွာ ပစ်တိုက်မိသွားလေသည်။
ဘုန်း..
အကာအရံ အလင်းလွှာက ကြေမွသွားလေသည်။
ဂိုဏ်းချုပ်လင်းယွမ်နှင့် အခြားမူလနတ္ထိများသည် ဆတ်ခနဲ တုန်ယင်သွားပြီး မျက်စိမျက်နှာ ပျက်ယွင်းစွာဖြင့် သွေးများကို ထွေးထုတ်လိုက်ရလေသည်။
အင်မော်တယ်ကြိုးကြာအိုကြီးသည် ဂိုဏ်းသားများကို ထိခိုက်ဒဏ်ရာ မရရှိစေရန် သူမ၏ အသိစိတ်ကို အကောင်းဆုံး ထိန်းချုပ်၍ သူမ၏ လူသားသွင်ပြင်သို့ ပြောင်းလဲကာ လူအုပ်ကြီးထဲသို့ ကျဆင်းသွားခဲ့လေသည်။
သို့သော်လည်း သူမသည် အရင်ဆုံး.. စုန်းအတတ်၏ ထိခတ်ခြင်းကို ခံခဲ့ရပြီးနောက် ဓမ္မပညာရပ်နှစ်ခု၏ တိုက်ခိုက်မှုကိုလည်း ထိခတ်ခံခဲ့ရလေသည်။ သူမက ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီး ဆက်လက်၍ တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
သူမ၏ သန်မာသော သားရဲကိုယ်ကာယကြောင့်သာ မဟုတ်လျှင် သူမက သေဆုံးသွားပေလိမ့်မည်။
“ဆရာ..”
ထိုသည်ကို မြင်သောအခါ နန်းကြည်က အော်ဟစ်လိုက်လေသည်။
သူမ စိတ်အာရုံ ပျက်ယွင်းသွားသည့် ခဏမှာပင် သူမ၏ အခြေအနေက အလွန်တရာ အန္တရာယ်များလာခဲ့ပြီး သူမသည် ဓမ္မဝိသေသ တာအိုအရှင်များ၏ တိုက်ခိုက်ခြင်းကို ထိခတ်ခံရလုနီးပါး ဖြစ်လာခဲ့လေသည်။
“လက်လျှော့လိုက်တော့ မိန်းကလေး.. အနာခံမနေနဲ့”
ဝူလီက နန်းကြည်ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူ၏လက်ကို ဆန့်ထုတ်ကာ မကောင်းဆိုးဝါးဆန်ဆန် အပြုံးနှင့်အတူ သူမပေါ်သို့ လွှမ်းခြုံလိုက်လေသည်။
“ဆက်ပြီးတော့ ကြိုးစားရုန်းကန်နေလည်း အလကားပဲ”