← Chapters

လောင်ကျွမ်းပြာကျခြင်း

Vol. 74 Ch. 1110

လောင်ကျွမ်းပြာကျခြင်း

Vol. 74 Ch. 1110

ရွှစ်..

ဆူဇီမိုသည် ဓမ္မအတတ်တစ်ခုကို ဆင့်ခေါ်လိုက်ပြီး သူ၏ ဘေးပတ်လည်တွင် အရောင်မတူသော မီးလုံးသုံးလုံးက ထွက်ပေါ်လာခဲ့လေသည်။

အနီရောင် အင်မော်တယ်တာအိုမီး..

ရွှေရောင် ဗုဒ္ဓတာအိုမီး..

အနက်ရောင် မိစ္ဆာတာအိုမီး..

ဆူဇီမိုက စိတ်ဖြင့် စေညွှန်လိုက်လေသည်။

မီးတောက်လုံး သုံးလုံးသည် လျင်မြန်စွာ ထိတွေ့ရိုက်ခတ်သွားပြီး သုံးရောင်စပ် မီးတောက်တစ်ခုအသွင် ပြောင်းလဲသွားလေသည်။ အဲဒါက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်မှ ကြောက်စရာအကောင်းဆုံး ဓမ္မပညာရပ် သမာဓိတာအိုမီး ဖြစ်လေသည်။

အဆုံးစွန်မီးသည် မူလနတ္ထိအဆင့်မှာ ရှိနေစဉ်က သူသည် သမာဓိတာအိုမီးအပေါ် မှီခို၍ အဆင့်တူချင်းမှာ လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့လေသည်။

သို့သော်လည်း သမာဓိတာအိုမီးသည် ဆူဇီမို၏လက်ထဲမှာ ပို၍ပင် စွမ်းအားကြီးလာခဲ့လေသည်။

“ဟမ့်..”

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် သုံးရောင်စပ်မီးတောက်မှ အပူရှိန်ကို ခံစားမိသောအခါ သူတို့၏ အမူအရာက ပြောင်းလဲသွားကြလေသည်။

အစကတော့ သူတို့နှစ်ယောက်သည် မူလနတ္ထိတစ်ယောက် ထုတ်ဖော်လိုက်သော ဓမ္မပညာရပ်ကို အတည်အတံ့ ယူမထားကြပေ။

သူတို့၏ စိတ်ထဲတွင် မူလနတ္ထိတစ်ယောက်၏ ဓမ္မပညာရပ်သည် သူတို့၏ ခန္ဓာကိုယ်နှင့် သွေးချီများကို အလွယ်တကူ ရှုံးနိမ့်သွားနိုင်လေသည်။

သို့သော်လည်း သုံးရောင်စပ်မီးတောက် ဖြစ်ပေါ်လာသောအခါ သူတို့နှစ်ယောက်စလုံးသည် ခေါင်းနပန်းကြီးလာကြလေသည်။

အဲဒါက အရမ်းကို အန္တရာယ်များလေသည်။

ထိုမီးတောက်သည် သူတို့၏ အသက်ကို သေချာပေါက် ခြိမ်းခြောက်နိုင်လေသည်။

သမာဓိတာအိုမီး ဆင်းသက်လာပြီးနောက်.. သူတို့၏ မျက်နှာပေါ်တွင် ချွေးများက စိုလာခဲ့လေသည်။

သူတို့နှစ်ယောက်သည် မဆင်မခြင် မပြုမူရဲတော့ဘဲ သူတို့၏ အထင်အမြင်သေးမှုကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။ ချက်ချင်းပင် သူတို့သည် ခုခံရေးဓမ္မလက်နက်များကို ဆင့်ခေါ်လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဓမ္မပညာရပ်များကို ထုတ်ဖော်၍ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် ဓမ္မအကာအရံအလွှာများကို ဆင့်ခေါ်လိုက်ကြလသည်။

“လောင်ကျွမ်းစမ်း..”

ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာဖြင့် ရှေ့သို့ လက်ညိုးညွှန်လိုက်လေသည်။

သမာဓိတာအိုမီးသည် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ထံသို့ ပြေးဝင်သွားလေသည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်က သူတို့၏ ဓမ္မပညာရပ်များနှင့် ဓမ္မလက်နက်များကို သုံးပြီး ခုခံဖို့ ပြင်ဆင်လိုက်သည်ကို မြင်သောအခါ ဆူဇီမို၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းက ဖျပ်ခနဲလက်သွားပြီး သူ၏ အသိစိတ်က ပွင့်ဟသွားခဲ့လေသည်။

နောက်ထပ် အနီရောင် အလင်းတန်းတစ်ခုသည် လေထုကို ဖြတ်သန်း၍ သမာဓိတာအိုမီးထဲသို့ ချက်ချင်းပင် ဝင်ရောက်သွားလေသည်။

အဲဒါက အမြုတေစိတ်ဝိညာဉ် တာအိုမီးဖြစ်လေသည်။

အစကတော့ ဆူဇီမိုသည် အမြုတေစိတ်ဝိညာဉ် တာအိုမီးကို ထုတ်ဖော်ဖို့ စိတ်ကူးမရှိခဲ့ပေ။

စိတ်ဝိညာဉ်နှိမ်နင်းကျာပွတ်သည် စွမ်းအားကြီးသော်လည်း အဲဒါက သူ၏ အမြုတေစိတ်ဝိညာဉ်ထံမှ စွမ်းအင် အမြောက်အများကို သုံးစွဲရလေသည်။

အမြုတေစိတ်ဝိညာဉ် တာအိုမီးကို ထုတ်ဖော်ပြီးနောက်.. သူ၏ အမြုတေစိတ်ဝိညာဉ်က အတော်လေး အားနည်းလာခဲ့လေသည်။

သို့သော်လည်း ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် သတိကြီးကြီးထား၍ သူတို့၏ ဝှက်ဖဲများ ထုတ်ဖော်လာသည်ကို မြင်သောအခါ သမာဓိတာအိုမီးက သူတို့ကို သေသည့်တိုင်အောင် လောင်ကျွမ်းစေချင်မှ လောင်ကျွမ်းစေတော့ပေမည်။

ဘာပဲပြောပြော.. သူတို့ကြားမှာ အဆင့်ကြီးတစ်ဆင့် ကွာဟနေလေသည်။

သူက ထိုဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို နေရာမှာပင် သတ်ဖြတ်ဖို့ စိတ်ပိုင်းဖြတ်ထားသောကြောင့် ဖြစ်လေသည်။

အဲဒါက အမြုတေစိတ်ဝိညာဉ် တာအိုမီးတစ်ခုသာလျှင် ဖြစ်သော်လည်း ၎င်းသည် သမာဓိတာအိုမီးထဲသို့ ဝင်ရောက်ပြီးနောက် စတုရတီတာအိုမီးကို ဖြစ်ပေါ်လာစေလေသည်။

အဲဒါက နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လေသည်။

၎င်း၏စွမ်းအားက နှစ်ဆကျော် တက်လာခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် သူ၏ စတုရတီတာအိုမီးကို မှီခို၍ သီယင်းအပေါ် အသာစီးရယူကာ ထိုသူကို သေလုနီးပါးဖြစ်သည်အထိ လောင်ကျွမ်းစေနိုင်ခဲ့လေသည်။

စတုရတီတာအိုမီးက ဆင်းသက်လာခဲ့လေသည်။

တိုက်ပွဲနယ်မြေက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အစက ခပ်ဝေးဝေးမှာ ရပ်နေသော မျက်ကန်းအဘိုးအိုပင်လျှင် တုန်လှုပ်သွားလေသည်။ ရုတ်တရက် သူ၏ ဗလာကျင်းနေသော မျက်လုံးအိမ်ဖြင့် ဆူဇီမိုရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

လူသားမျိုးနွယ်မှ ဓမ္မဝိသေသ တာအိုအရှင်များကို မပြောနှင့်.. သူပင်လျှင် ရင်ထဲမှာ တထိတ်ထိတ် ဖြစ်လာခဲ့လေသည်။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ..။

မူလနတ္ထိအဆင့်မှာရှိသော လူသားကျင့်ကြံသူတစ်ယောက်က ဒီလောက်ကြောက်စရာကောင်းတဲ့ ဓမ္မပညာရပ်ကို ဘယ်လိုတောင် ထုတ်ဖော်နိုင်ရတာလဲ..။

စတုရတီတာအိုမီး ဖြစ်ပေါ်လာသောအခါ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် တုန်လှုပ်သွားပြီး ရှောင်ရှားဖို့အတွက် နောက်ကျသွားခဲ့လေပြီ။

မီးတောက်များက ကောင်းကင်ထက်ကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူတို့နှစ်ယောက်ကို ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။ လူပုံသဏ္ဌာန် မီးတောက်လုံးနှစ်လုံးက ဖြစ်ပေါ်လာခဲ့လေသည်။

သူတို့၏ ဓမ္မပညာရပ်များသည် စတုရတီတာအိုမီးနှင့် ရင်ဆိုင်ရချိန်တွင် ဘာမှမကျန်အောင် ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့လေသည်။

“အား.. “

သူတို့နှစ်ယောက်သည် သူတို့၏ပါးစပ်များကို ဖွင့်ဟ၍ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြလေသည်။

သို့သော်လည်း မကြာခင် သူတို့၏ အော်ဟစ်သံများက ရပ်တန့်သွားလေသည်။

အားလုံး၏ အကြည့်အောက်မှာပင် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ ပါးစပ်ပေါက်နှင့် နှာခေါင်းပေါက်ထဲမှ မီးတောက်များက လျှံထွက်လာပြီး အရမ်းကို ကြောက်စရာကောင်းနေလေသည်။

တစ်ခဏအတွင်းမှာပင် သူတို့၏ အသွေးအသားများက ပြာကျသည်အထိ လောင်ကျွမ်းသွားခဲ့လေသည်။

အရင်တုန်းက သီယင်း၏ ခန္ဓာကိုယ်ပင်လျှင် စတုရတီတာအိုမီးကို ခံနိုင်ရည်မရှိခဲ့ပေ။

သူတို့နှစ်ယောက်သည် ဓမ္မဝိသေသ တာအိုအရှင်များဖြစ်သော်လည်း သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် မူလနတ္ထိအဆင့်မှာ ရှိခဲ့သော သီယင်းထက် များစွာနိမ့်ကျလေသည်။

ဒါ့အပြင် ဆယ်နှစ်ကြာပြီးနောက် ဆူဇီမို၏ ကျင့်ကြံမှုက တိုးတက်လာခဲ့ပြီး သူ၏ စတုရတီတာအိုမီး၏ စွမ်းပကားကလည်း မြင့်မားတိုးတက်လာခဲ့လေသည်။

သူတို့၏ အသွေးအသားများကို မဆိုထားနှင့်.. သူတို့၏ တာအိုအရှင် ဓမ္မလက်နက်များပင်လျှင် စတုရတီတာအိုမီးတောက်ဖြင့် နီရဲသည်အထိ လောင်ကျွမ်းလာခဲ့လေသည်။

အသက်နှစ်ရှိုက်စာ.. သုံးရှိုက်စာ အတွင်းမှာပင်.. ထိုလက်နက်များသည် စတင်၍ အရည်ပျော်လာပြီး သတ္တုရည်များက လေထဲကနေ တစက်စက် ကျလာခဲ့လေသည်။

အသက်သုံးရှိုက်စာမှာပင် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် စတုရတီတာအိုမီးဖြင့် ပြာကျသည်အထိ လောင်ကျွမ်းသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကပါ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

ကျားနဂါးဂိုဏ်းမှ ကျင့်ကြံသူများကို မပြောနှင့်.. ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းပင်လျှင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြလေသည်။

ထိုမြင်ကွင်းက အရမ်းကို တုန်လှုပ်စရာကောင်းလေသည်။

ထိုမီးတောက်များသည် ဆန်းကြယ်တောင်ထွတ်ပေါ်သို့ ဆင်းသက်လာပါက တောင်ထွတ်အပါအဝင် သူတို့အားလုံးသည် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

သို့သော်လည်း တိုက်ပွဲက ယခုအချိန်ထိ မပြီးသေးပေ။

အစက နန်းကြည်နှင့် တိုက်ခိုက်နေသော ဝူလီသည်လည်း မျက်မှောင် အနည်းငယ်ကြုတ်၍ ကြောက်ရွံ့မှု တစ်စွန်းတစ်စနှင့်အတူ စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

ကံကောင်းထောက်မစွာဖြင့် သူက ထိုလူကို ဝင်ရောက်မတိုက်ခိုက်ခဲ့ပေ။

သူ၏ အစွမ်းအစနှင့်ဆိုလျှင်တောင် သူက ထိုမီးတောက်များကို ရင်ဆိုင်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းသည့်အချက်မှာ ထိုကဲ့သို့သော ဓမ္မပညာရပ်သည် ဓမ္မစွမ်းအား အမြောက်အများကို လိုအပ်ပြီး လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်မှ စွမ်းအင် အမြောက်အများ သုံးစွဲပေးဖို့ လိုအပ်လေသည်။ ထိုသူက အဲဒါကို တစ်ခါထုတ်ဖော်ပြီးလျှင် အချိန်တိုအတွင်း ဒုတိယအကြိမ် သေချာပေါက် ပြန်လည်ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

ဝူလီ၏ စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာစဉ်မှာပင် သူသည် အလွန်တရာ ကြောက်စရာကောင်းသော တည်ရှိမှု၏ ပစ်မှတ်ထားခြင်း ခံရသည့်အလား.. သူ၏စိတ်ထဲမှာ သတိပေးသံ ထွက်ပေါ်လာပြီး ခေါင်းနပန်းကြီးလာခဲ့လေသည်။

“မကောင်းတော့ဘူး”

ချက်ချင်းပင် ဝူလီ၏ နှလုံးက ပေါက်ကွဲထွက်တော့မည့်အလား ခံစားလာရလေသည်။

ထိုအခိုက်အတန့်တွင် လူအုပ်ကြီးထဲမှ အံ့အားတသင့် အော်ဟစ်သံများက ထွက်ပေါ်လာခဲ့လေသည်။

ဝူလီ၏ နောက်ဘက်တွင် မှုန်ရီဝေဝါးသော အနက်ရောင် ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

သူ၏မျက်လုံးကို အေးစက်စက် အမူအရာနှင့်အတူ မှေးကျဉ်းထားပြီး ညဝိညာဉ်သည် သူ၏လက်ကို ဆန့်ထုတ်၍ ဝူလီ၏ ဦးခေါင်းကို ရက်ရက်စက်စက် ကုတ်ဆွဲချလိုက်လေသည်။

ညဝိညာဉ်၏ လမ်းကြောင်းကို မည်သူကမှ သတိမထားမိနိုင်ခဲ့ပေ။

သူထွက်ပေါ်လာသည့်အချိန်တွင် သူက ဝူလီ၏နောက်မှာ ရောက်ရှိနေခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ဝူလီက ရှောင်ရှားချင်သည် ဆိုလျှင်တောင် နောက်ကျသွားခဲ့လေပြီ။

ရုတ်တရက်ဆိုသလို.. ဝူလီ၏ ခါးမှ ကျောက်စိမ်းဆွဲသီးသည် ကြေမွသွားပြီး စိမ်းညိုရောင် အလင်းအကာအရံအလွှာက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေသည်။

ကာကွယ်ရေး ဓမ္မလက်နက်..

ဝူလီက တိုက်ခိုက်ခံရသည့် အချိန်မှာပင် ကာကွယ်ရေး ဓမ္မလက်နက်က အလိုအလျောက် အသက်ဝင်လာခဲ့လေသည်။

ညဝိညာဉ်၏ လက်ဝါးက အကာအရံအလွှာပေါ်ကို ဆင်းသက်လာခဲ့လေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

အကာအရံအလွှာပေါ်တွင် အက်ကွဲကြောင်းများက ဖြစ်ပေါ်လာခဲ့လေသည်။

ညဝိညာဉ်၏ လက်ချောင်းထိပ်မှ ထက်ရှသော လက်သည်းများက တစ်ချောင်းပြီးတစ်ချောင်း ပြူထွက်လာခဲ့လေသည်။ တစ်ခဏအတွင်းမှာပင်.. အလင်းလွှာပေါ်မှာ အပေါက် ငါးပေါက်က ဖြစ်ပေါ်လာခဲ့လေသည်။

“အား..”

ထိုသည်ကို မြင်သောအခါ ဝူလီသည် စူးစူးဝါးဝါး အော်ဟစ်ပြီး အရိုးဖြူတောင်ဝှေးကို ဆွဲထုတ်ကာ နောက်သို့ ခုန်ဆုတ်လိုက်လေသည်။

ညဝိညာဉ်သည် သူ့ကို ထွက်ခွာဖို့ အခွင့်အရေး လုံးဝ မပေးပေ။ အေးစက်စက် အကြည့်နှင့်အတူ သူက အခွင့်အရေးကို ချိန်ဆကာ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့လေသည်။

ကာကွယ်ရေး ဓမ္မလက်နက်က ကြေမွသွားခဲ့လေပြီ။

သူက နောက်ထပ်တစ်ချက် တိုက်ခိုက်လိုက်ရုံနှင့် ဤစုန်းမျိုးနွယ်ကို တစ်ခါတည်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

“သတ်ဖြတ်ခြင်း ကျိန်စာ”

ထိုစဉ်မှာပင် ခြောက်ကပ်ကပ် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ရုတ်တရက်.. သတ် ဆိုသော စိမ်းညိုရောင် စာလုံးတစ်လုံးသည် ညဝိညာဉ်၏ ရှေ့မှာ ပေါ်ထွက်လာခဲ့လေသည်။

သေရေးရှင်ရေး အခြေအနေတွင် မျက်ကန်းအဘိုးအိုက တိုက်ခိုက်လိုက်လေသည်။

သူတိုက်ခိုက်လိုက်သော အခါမှသာလျှင် ထိုသူက ဓမ္မဝိသေသ ပညာရှင်တစ်ယောက်ဖြစ်သည်ကို လူတိုင်းက နားလည်လိုက်ကြလေသည်။

စုန်းမျိုးနွယ်မှ ဓမ္မဝိသေသ ပညာရှင်များသည် လူသားမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်လေသည်။

‘သတ်’ဆိုသော စကားလုံးတွင် အလွန်တရာ ထူးဆန်း၍ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါဝင်နေပုံရပြီး အဲဒါက ညဝိညာဉ်ဆီသို့ တိုးဝင်လာခဲ့လေသည်။

ညဝိညာဉ်၏ အကြည့်က အေးစက်သွားပြီး သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။ ဖျတ်ခနဲဆို သူက တစ်ဖန်ပျောက်ကွယ်သွားခဲ့လေသည်။

All Chapters