← Chapters

သူက လူဟုတ်သေးရဲ့လား

Vol. 43 Ch. 644

သူက လူဟုတ်သေးရဲ့လား

Vol. 43 Ch. 644

“ဝုန်း”

စုထျန်းဟုန် ရပ်ခဲ့သော နေရာ၌ ဖုန်များ တထောင်းထောင်း ထလာသည်။ အောက်၌ သုံးမီတာ အနက်ရှိသည့် လက်သီး အရွယ်အစား ရှိသော အပေါက်တစ်ခု ဖြစ်ပေါ်နေ၏။ တွင်း၏ အစွန်းဘက်များတွင် အက်ကြောင်းများ ထင်နေလေသည်။

“ဂလု”

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်သူတိုင်း ပင့်သက်ရှိုက်မိသွားကြသည်။ စုမိသားစုဝင်များ ကြောက်စိတ်ကြောင့် တုန်လှုပ်ကာ အနောက်သို့ အလျင်အမြန် ဆုတ်သွားကြလေသည်။

ထိုသို့ အားကောင်းသော စွမ်းဆောင်မှုကို အလွန် လွယ်ကူစွာ ပြသနိုင်ခဲ့လေသည်။ သူသည် ဟော်ရှန်ထက် ပို၍ သန်မာနေ၏။ သူ့ထံမှ ရိုးရှင်းသော လှိုင်းတစ်ခုက ဤမျှ အဖျက်စွမ်းအင်ကို သယ်ဆောင်ထားသည်။ ယင်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ မသိလျင် သူက လူအသွင်နှင့် ဒုံးကျည်လိုပင်။

“ဒါက မိုမိသားစုရဲ့ နှလုံးဖျက် လက်ဝါးပဲ၊ တစ်ချက် အရိုက်ခံမိတာနဲ့ နီးစပ်ရာ ကိုယ်တွင်းအင်္ဂါတွေဆီ ပျံ့နှံ့ပြီး ပျက်စီးသွားတာ၊ အဲ့ဒါက တကယ် ကြောက်ဖို့ကောင်းတယ်”

စုထျန်းဟုန်၏ မျက်လုံးတွင် ကြောက်စိတ်နှင့် ပြည့်နှက်နေပြီး ဘာမှ ထပ်မပြောရဲချေ။

“ဟုတ်တယ်၊ နှလုံးဖျက် လက်ဝါးက လူတစ်ယောက်ရဲ့ သွေးကြောတွေကို ဖျက်စီးနိုင်တယ်၊ အဲ့ဒါက ချင်းချန်တောင်မြို့ရဲ့ ဝေ့ဖုန်းရှောင်ပျောင်ဂိုဏ်းက ဆင်းသက်လာတာ၊ လက်ဝါးတစ်ချက်တည်းနဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တိတ်တဆိတ် အမှတ်အသား ဖြစ်စေပြီးတော့ ဆင့်ကဲ တုံ့ပြန်မှုတွေ ဖြစ်လာစေတာ၊ အဲ့ဒါက လူတစ်ယောက်ရဲ့ သွေးကြောတွေကို တိုက်စားပြီးတော့ သူ့ကို မချိမဆံ့ ဝေဒနာတွေနဲ့ သတ်ပစ်တာ၊ မူလ စိတ်ဝိညာဉ်အဆင့် ဝင်မပါသေးသရွေ့ အဲ့ဒါက ကုမရနိုင်ဘူး”

ထိုသို့ပြောပြီးနောက် သူက လက်ကိုနောက်ပစ်၍ ထီမထင်သော အပြုံးနှင့် လူတိုင်းကို ဝေ့ကြည့်လေသည်။

“နတ်ဆေးဆရာဝိုင်၊ ဒီသိုင်းကွက်ကို မင်း ဘယ်လို သဘောရလဲ”

လူတိုင်း ကြောက်စိတ်ကြောင့် နှလုံးသားများ အေးခဲသွားသလို ခံစားလိုက်ရသည်။

လူတစ်ယောက်၏ သွေးကြောများကို ဖျက်ဆီးပြီး မချိမဆံ့ ဝေဒနာနှင့် သေဆုံးခြင်း။ နာကျင်မှုကို တွေးကြည့် ရုံနှင့်တင် ကြောက်စိတ် ဝင်လာရသည်။

ယင်းက အလွန် ရက်စက်၍ ကြောက်စရာ ကောင်းလှသည်။

စုချင်းရွှယ်သည် ခန္ဓာကိုယ် ပျော့ခွေသွားပြီး ထိတ်လန့်မှုကြောင့် မြေကြီးပေါ် လဲကျသွားသည်။

မည်သူမှ အသံ ထပ်မထွက်ရဲချေ။ မူလ စိတ်ဝိညာဉ် တစ်ပိုင်းအဆင့် စုထျန်းဟုန်တောင်မှ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိချေ။ သူတို့သည် အချိန်မရွေး အသတ်ခံရနိုင်သည်။ သူတို့ကြားမှ ကွာဟမှုက ကြီးမားလွန်းလှပေ၏။

“ဒီသိုင်းကွက် တစ်ခုတည်းနဲ့ ငါ့ရှေ့မှာ မင်း ဟန်လုပ်လို့ ရပြီလို့ ထင်နေတာလား”

ရဲ့လင်းချန်က ဆက်၍ တည်ငြိမ်နေပြီး သူ့ကိုပင် ငေါက်ငမ်းလိမ့်မည်ဟု ဘယ်သူမှ ထင်မထားမိချေ။

“သေချင်နေတာပဲ”

မိုထျန်းချီ၏ မျက်နှာ အမူအရာက အလွန်အမင်း အေးစက်သွားသည်။ သူသည် တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာခါစ ဖြစ်ပြီး သူ့ကိုယ်သူ အလွန် မြင့်မြတ်သည်ဟု ခံစားနေရသည်။ သူသည် တစ်လောကလုံး၏ ထိပ်ဆုံးသို့ ရောက်နေပြီး သူ၏ အင်အားကို ပြသရန် အကောင်းဆုံး အချိန်ဟု ထင်မှတ်နေ၏။ ရဲ့လင်းချန်၏ အပြုအမူက သူ့ကို စော်ကားလာခဲ့သည်။

“မင်းကိုယ်မင်း တော်တော် အထင်ကြီးနေတဲ့ပုံပဲ၊ မင်း အညံ့ခံလာအောင် ငါ လုပ်ပေးရတာပေါ့”

ရဲ့လင်းချန်က တည်ငြိမ်နေသည်။ သူသည် ထိုင်နေရာမှ ထ၍ ရှေ့သို့ တစ်လှမ်းတိုးလာ၏။

သူတို့သည် ဆယ်မီတာ ကွာတေးသော်လည်း ရဲ့လင်းချန် ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် တည်နေရာ ရွှေ့ပြောင်းသွားသကဲ့သို့ မိုထျန်းချီအရှေ့သို့ ချက်ချင်း ရောက်သွားသည်။ ထို့နောက် သူသည် မိုထျန်းချီအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ယခုက သူတို့နှစ်ယောက်လုံး အချင်းချင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မိုထျန်းချီတွင် ထီမထင်သော မျက်နှာ အမူအရာ ရှိနေသည်။ သူသည် ညာလက်ကို မြှောက်၍ လက်ဝါး ဆန့်ထုတ်လိုက်သည်။ သူ၏ လက်ဝါးတွင်း၌ မမြင်ရသော လေတစ်မျိုးက သူ့လက်ချောင်းများကြား၌ စီးဆင်းနေသည်ဟု ထင်မှတ်ရသည်။ ထို့နောက် သူသည် တူတစ်လက်သဖွယ် လက်ဝါးဖြင့် ရိုက်ချလေသည်။

“ဝုန်း”

ချက်ချင်းဆိုသလိုပင် သူတို့၏ လက်သီးနှင့် လက်ဝါးတို့ ကွဲထွက်သွားသည်။ မိုထျန်းချီ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ၏ မတည်ငြိမ်သော ခန္ဓာကိုယ်က အနောက်သို့ အနည်းငယ် ရွေ့သွားလေသည်။

*ဒီကောင်က သန်မာတာပဲ*

မိုထျန်းချီ၏ မျက်လုံးများ ကျဉ်းမြောင်းလာသည်။ သူ၏ နှလုံးသားက တုန်ခါလာပြီး ညာလက်က စပ်ဖျဉ်းဖျဉ်း ဖြစ်သလို ခံစားနေရသည်။ ရဲ့လင်းချန်၏ လက်သိးက သူ့အား ကီလိုဂရမ် ထောင်ချီသော အင်အားကို ခံစားမိစေသည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်ထံမှ ရင်းနှီးသော အရှိန်အဝါတစ်ခုကို သူ ခံစားမိသည်။ ယင်းမှာ စိတ်ဝိညာဉ် စွမ်းအင်ပင်။

“မင်းလဲ မူလ စိတ်ဝိညာဉ်အဆင့် ရောက်နေတာလား”

မိုထျန်းချီက မယုံနိုင်ဟန်ဖြင့် တအံ့တဩ ပြောလာသည်။

မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် မည်မျှ ခက်ခဲသလဲ သူ သိနားလည်သည်။ အရည်အချင်း၊ သိုင်းပညာ၊ အခွင့်အရေးနှင့် ကံကောင်းမှုတို့ လိုအပ်သည်။ ဘယ်အရာကမှ ချွင်းချက်ရှိ၍ မရပေ။ လွန်ခဲ့သော နှစ်ရာချီအတွင်း မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်နိုင်ခဲ့သည့် သိုင်းပညာရှင်က လက်ငါးချောင်းသာသာပင် ရှိလောက်သည်ဟု သူ ယုံကြည်ထားသည်။

*ဘယ်လိုလုပ် ဒီကောင်လေးက မူလ စိတ်ဝိညာဉ်အဆင့်ကို ရောက်နေတာလဲ*

သို့သော် ထိုအချိန်၌ သူ ဆက်၍ စဉ်းစားချိန် မရလိုက်တော့ပေ။ အကြောင်းမှာ ရဲ့လင်းချန်က သူ့ထံ ထပ်မံ၍ ချဉ်းကပ်လာ၍ ဖြစ်သည်။

“နှလုံးဖျက် လက်ဝါး၊ တောင်ရွှေ့ခြင်း”

မိုချန်းချီက သူ၏ လက်ဝါးက ထိုက်ချိသင်္ကေတသဖွယ် လှုပ်ရှားလာပြီး ထိုလှုပ်ရှားမှု၌ ညင်သာမှုတို့ ပါဝင်နေသည်။ သူ၏ ခြေထောက်များက မြေကြီးပေါ်၌ မြဲမြံစွာ ရပ်နေသည်။ ထိုအချိန်၌ သူ၏ တစ်ကိုယ်လုံးက တောင်တစ်လုံးသဖွယ် ဖြစ်လာသလိုပင်။ သူ၏ လက်အင်အားက အားနည်းပုံပေါ်သော်လည်း ရဲ့လင်းချန်၏ လက်ကောက်ဝတ်အား သံကြိုးသဖွယ် ချည်နှောင်လာသည်။ ယင်းက ထိုက်ချိ၏ ချုပ်နှောင်မှုအပိုင်းနှင့် ဆင်တူနေသည်။

စက်ဝိုင်းပုံ လှုပ်ရှားမှုနှင့်အတူ သူ့အနီးအနားမှ စိတ်ဝိညာဉ် စွမ်းအင်က သူ့ထံ စုစည်းလာပြီး ဝဲတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ မည်သည့် သာမန် သိုင်းပညာရှင်မဆို မခုခံနိုင်ဘဲ မိုထျန်းချီ၏ လှုပ်ရှားမှုအတိုင်း ပါသွားပြီး သူ၏ လက်ဝါးဖြင့် ဆွဲခြင်း ခံရပေလိမ့်မည်။

ချက်ချင်းဆိုသလိုပင် ရဲ့လင်းချန်သည် မမြင်ရသော အချုပ်အနှောင်ဖြင့် ဖမ်းချုပ်ခြင်း ခံလိုက်ရလေသည်။ ယင်းအား မချိုးဖောက်နိုင်ပါက မိုထျန်းချီ၏ လက်ဝါးက သူ့ရင်ဘတ်ကို ထိမှန်ပြီး သူ့နှလုံးသားက တစ်ချက်တည်းဖြင့် ပျက်စီးကာ ပွဲချင်းပြီး သေဆုံးသွားပေမည်။

“ဒီသိုင်းကွက်ကို သူ ဘယ်လို ရင်ဆိုင်မလဲ”

လူတိုင်း မျက်လုံး အပြူးသားနှင့် ကြည့်နေကြသည်။ သူတို့သည် တိုက်ပွဲ၌ မပါဝင်သော်လည်း ထိုသိုင်းပညာ၏ အန္တရာယ်ကို ခံစားမိသည်။ နှလုံးဖျက် လက်ဝါးက ကြောက်စရာ ကောင်းလွန်းလှပေသည်။ သေးငယ်သော အမှားလေးကပင် သေဆုံးခြင်းသို့ ဦးတည်သွားနိုင်စေသည်။

“ဒါက တကယ်ကို အံ့ဩစရာကောင်းတဲ့ သိုင်းပညာပဲ”

ရဲ့လင်းချန် ပြုံးနေသည်။ သူ၏ လက်များက လက်သီးပုံစံနှင့် ရှိနေဆဲပင်။ တစ်ချိန်တည်းမှာပင် သူ့အနီးအနားမှ စိတ်ဝိညာဉ် စွမ်းအင်က စတင်၍ တုန်ခါလာသည်။

“အရဟာ လက်သီးစွမ်းအင် - လေဟာနယ် ပွေ့ဖက်ခြင်း”

အရဟာ လက်သီးစွမ်းအင်သည် အလယ်အလတ်အဆင့် ဖြစ်သည်။ ရဲ့လင်းချန်က ကျင့်ကြံခြင်း စွမ်းရည်ကို မပိုင်ဆိုင်ထားလျင်တောင်မှ အနီးအနားမှ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ရန် လုံလောက်ပြီး သူ ဆန္ဒရှိသမျှ တိုက်ခိုက်နိုင်ပေသည်။ ထိုလက်သီးတစ်ချက်၌ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်နှင့် ပြည့်နှက် နေသည်။

အရဟာ လက်သီးစွမ်းအင်ကို သူ အသုံးပြုခဲ့သည့်‌ နောက်ဆုံးအကြိမ်မှာ ဂျပန်နိုင်ငံမှ ကမ္ဘာမြေ၏ ဂိတ်တံခါးမှ သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရချိန်က ဖြစ်သည်။ ထိုသိုင်းပညာရှင်သည် အတွင်းအားအဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ အတွင်းအားနှင့် ရဲ့လင်းချန်ကို တိုက်ခိုက်ခဲ့စဉ်က သူသည် ရဲ့လင်းချန်၏ နင်းခြေခြင်း ခံခဲ့ရသည်။ ယခုအခါတွင် ရဲ့လင်းချန်၌ ကျင့်ကြံခြင်းမှ စိတ်ဝိညာဉ်စွမ်းအင်၏ အထောက်အပံ့ ရှိနေလေပြီ ဖြစ်ပြီး သူ၏ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေးက အဆင့်မြင့်အဆင့်သို့ အဆင့်မြင့်သွားခဲ့သည်။ ယခု သူ ပိုင်ဆိုင်ထားသော အင်အားသည် ယခင်က သူ့တွင် ရှိခဲ့သော အင်အားထက် အဆများစွာ ပိုသာပေသည်။

ရဲ့လင်းချန်၏ လက်သီးအား ပေါက်ကွဲသံများက ဝန်းရံထားသည်ကို လူတိုင်း မြင်တွေ့နေရသည်။ အသံများက ပို၍ ကျယ်လာပြီး ပိုသိပ်သည်းလာသည်။ နောက်ဆုံးတွင် ၎င်းသည် မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်လာသည်။ တစ်ခဏအတွင်းမှာပင် လေထုသည် တုန်ခါလာပြီး ရဲ့လင်းချန်၏ လက်သီးမှ လွှမ်းမိုးနိုင်သော ချီစွမ်းအင်က ပေါက်ကွဲထွက်လာသည်။

“ဝုန်း”

ဘေးမှ ကြည့်နေသူများအမြင်တွင် တိုက်ခိုက်နေသူ နှစ်ဦးကြားမှ လေထုသည် တိမ်သဖွယ် ထူထဲလာ၏။ ထိုတိုက်ပွဲမှ ဖြစ်ပေါ်လာသော မြင့်မားသည့် အပူချိန်က သူတို့၏ အမြင်အား ဝေဝါးလာစေသည်။

အရဟာ လက်သီးစွမ်းအင်၏ အဖျက်စွမ်းအားက အရာအားလုံးကို အဝေးသို့ ရှင်းလင်းပစ်နိုင်ပုံ ရသည်။

“ဒါက ဘာသိုင်းလဲ”

မိုထျန်းချီ တုန်လှုပ်ချောက်ချားသွားပြီး အသည်းအသန် နောက်သို့ ထပ်ဆုတ်လိုက်သည်။

ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့စဉ်က ပြိုင်ဘက်ကို သူ အထင်သေးခဲ့မိသောကြောင့်ဟု သူ တွေးခဲ့သည်။ သို့သော် ဤတိုက်ပွဲက သူ့အား ရဲ့လင်းချန်၏ ခွန်အား အစစ်အမှန်ကို သတိပြုမိစေခဲ့ပြီး ကြောက်စိတ်အား လှုံ့ဆော် လာလေသည်။

မိုထျန်းချီ၏ လက်ဝါးက နီရဲ၍ တုန်နေသည်ကို သူတို့ မြင်နေရသည်။ ယင်းက ပေါက်ကွဲမှု၏ သက်ရောက်မှုကြောင့် ဖြစ်ကြောင်း သိသာလှသည်။ ထိုပေါက်ကွဲမှု၏ အင်အားသည် ပုံမှန် ဗုံးပေါက်ကွဲမှုများနှင့် ယှဉ်နိုင်လေသည်။

ထိုအခိုက်တွင် ရဲ့လင်းချန်က ထိခိုက်မှု မရှိသေးပေ။ သူ့တွင် ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး ရှိသဖြင့် သူ့အတွက် ထိခိုက်ဒဏ်ရာရရန် ခဲယဉ်းပေသည်။

အရဟာ လက်သီးသည် တကယ်ပင် နှလုံးဖျက် လက်ဝါးကို မယှဉ်နိုင်ပါ။ သို့သော် စနစ်၏ ပံ့ပိုးမှုနှင့်အတူ အလယ်အလတ်အဆင့် အရဟာ လက်သီးစွမ်းအင်သို့ အဆင့်မြင့်သွားသောအခါ ယင်းက နှလုံးဖျက် လက်ဝါးထက် ပိုသန်မာသွားလေသည်။

စနစ်က အရာရာစွမ်းသော စနစ်ပင် ဖြစ်လေတော့သည်။

“မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်တွေက တကယ်ကို အစွမ်းအစ ရှိတာပဲ”

ရဲ့လင်းချန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် သိုင်းပညာအတွက် ပိုမြင့်သော ပန်းတိုင်တစ်ခုကို ရလိုက်သဖြင့် စိတ်လှုပ်ရှားလာရသည်။

သာမန်လူတစ်ယောက်အတွက် မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်သည်  နတ်ဘုရားကဲ့သို့သော တည်ရှိမှုအဖြစ် သတ်မှတ်နိုင်ပေသည်။

“နောက်တစ်ခေါက်”

ရဲ့လင်းချန်က ခပ်ပြင်းပြင်း ခြေဆောင့်၍ လက်သီးနှစ်ဖက်အား ယှက်ထားလိုက်သည်။ ယင်းက သူ့အနီးအနားမှ စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို ဆွဲယူသည့် ကြီးမားသော ဆွဲငင်အား တစ်ခုကို ဖြစ်ပေါ်လာစေပြီး သူ၏ လက်သီးများထဲသို့ ဝင်ရောက်သွားသည်။

စိတ်ဝိညာဉ်စွမ်းအင်၏ သိပ်သည်းမှုကြောင့် သူ၏ လက်သီးများအား ထူထဲသော မြူတစ်ခုက ဝန်းရံကာ လွှမ်းခြုံ လာလေသည်။

“စိတ်ဝိညာဉ် မြူခိုး ဖွဲ့စည်းခြင်းလား”

မိုထျန်းချီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ အသံက စူးရှမြင့်မားလာပြီး တုန်လှုပ်နေသည်။

မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသည့် မည်သူမဆို သူတို့ ခန္ဓာကိုယ် အပြင်ဘက်မှ စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူနိုင်သည်။ သို့သော် ယင်းတွင်လည်း အကန့်အသတ် ရှိသည်။ ထိုအဆင့်၌ လူတစ်ယောက်က သန်မာလေလေ ပို၍ အကျိုးရှိရှိ အသုံးချနိုင်လေ ဖြစ်သည်။ နောက်တစ်မျိုးမှာ ပိုကောင်းသော သိုင်းပညာကို သုံးလေလေ စိတ်ဝိညာဉ် စွမ်းအင်ကို ပိုစုပ်ယူနိုင်လေလေပင်။

ဘယ်အကြောင်းကြောင့်ပင်ဖြစ်စေ ယင်းက မိုထျန်းချီအတွက် သတင်းဆိုးပင်။

ရဲ့လင်းချန် တိုက်ကွက်က အလွန်အမင်း ဖိနှိပ်နိုင်လွန်းသည်။ ယင်းက စိတ်ဝိညာဉ် စွမ်းအင်ကို စုပ်ယူနိုင်ရုံ သက်သက် အဆင့်မဟုတ်တော့ဘဲ အပြည့်အဝ ထိန်းချုပ်နိုင်နေလေပြီ။

*ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*

မိုထျန်းချီတောင်မှ ကြက်သီးထလာသည်။

“နောက်လက်သီး တစ်လုံး လာပြီ၊ တောင်ဖြိုလက်သီး”

ရဲ့လင်းချန်၏ လက်သီးမာျးကို မြူများက လွှမ်းခြုံထားပြီး ဖြစ်ကာ ဝူရှ ရုပ်သံဇာတ်လမ်းတွဲများထဲမှ ဇာတ်ကွက်နှင့် ဆင်တူနေသည်။ ထို့နောက် သူက သူ၏ လက်သီးကို အရှေ့သို့ ဆန့်ထုတ်လိုက်သည်။ လွှမ်းမိုးနိုင်သော စိတ်ဝိညာဉ် စွမ်းအင် မုန်တိုင်းက မိုထျန်းချီထံသို့ ချက်ချင်း တိုးဝင်လာ၏။

မိုထျန်းချီ အသည်းအသန် နောက်ဆုတ်နေသည်။ သူ တစ်ခါမှ မကြုံဖူးသည့် အန္တရာယ်မျိုးက သူ့ထံ လာနေသည်ကို ခံစားမိသဖြင့် သူ၏ ခန္ဓာကိုယ်မှ အမွေးအမျင်များအားလုံး ထောင်တက်လာသည်။

ထိုတိုက်ကွက်အား ထိပ်တိုက် မရင်ဆိုင်သင့်ကြောင်း သူ အလိုလို သိနေသည်။ အကယ်၍ သူသာ ရင်ဆိုင်ခဲ့ပါက ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအင် မုန်တိုင်းကြောင့် သူ တစ်စစီ ဖြစ်သွားလောက်သည်။

“ဂျွတ်”

ထင်ထားသည့်အတိုင်းပင် စိတ်ဝိညာဉ် စွမ်းအင်က သူ့ဘေးမှ ဖြတ်သွားပြီး ပန်းခြံ၏ အတွင်းဘက်သို့ ဝင်ရောက်သွားကာ ၎င်း၏ လမ်းကြောင်း တစ်လျှောက်မှ အပင်များအား ပေါက်ကွဲပျက်စီးသွားစေသည်။ ၎င်းတို့အားလုံး ချက်ချင်း ပေါက်ကွဲသွားသဖြင့် သစ်သားအစများက လွင့်ပျံနေလေသည်။ ၎င်းသည် အပင် တစ်ဒါဇင်ကျော်ကို ဖြတ်တိုက်သွားပြီးသော်လည်း အားနည်းသွားသည့် လက္ခဏာ မပြဘဲ ပန်းခြံ၏ အလယ်မှ သံတိုင်ကို ဝင်တိုက်ပြီးခါမှ ရပ်သွားသည်။

“ဝုန်း”

ထိုတိုင်သည် ချက်ချင်း တစ်စစီ ပဲ့သွားပြီး သံစများ လွင့်စဉ်လာ၏။

လူတိုင်း ကြက်သေ သေကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။

*ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာရော ဟုတ်ရဲ့လား*

ရဲ့လင်းချန် ကိုယ်တိုင်သည်လည်း ထိတ်လန့်သွားသည်။

*သေရော၊ ငါ လက်လွန်သွားပြီ*

နောက်ဆိုလျင် သူ သတိထားရပေတော့မည်။ သူသာ ဤသို့ ဆက်၍ တိုးတက်လာပါက ကမ္ဘာဂြိုဟ်ကို မတော်တဆ အက်ကွဲအောင် လုပ်မိပါက ပြဿနာ တက်ပေလိမ့်မည်။

“လခွမ်း”

မိုထျန်းချီတောင်မှ အံ့ဩမှုကြောင့် ဆဲရေးလာသည်။ သူသည် ထိတ်လန့်ကာ ကြောက်ရွံ့နေလေသည်။ သူ၏ ဆံပင်မွေးများအားလုံး ထောင်တက်နေ၏။

သို့သော် ရဲ့လင်းချန်က သူနှင့် ဘာစကားတစ်ခွန်းမှ မပြောဘဲ ပြေးတက်လာသည်။ သူသည် ဟန်ပြ အကွက်များကို သုံးမနေတော့ဘဲ မိုထျန်းချီအား အခြေခံ သိုင်းကွက်များကို သုံး၍ တိုက်ခိုက်လေသည်။

“ဝုန်း၊ ဝုန်း”

ရဲ့လင်းချန်၌ သိုင်းကွက်များစွာ ရှိပေသည်။ နဂါးဖမ်းလက်၊ အရဟာ လက်သီးစွမ်းအင်၊ ရှစ်ဆ ပြင်းထန် သားရဲ လေ့ကျင့်ရေး စသည်တို့ ဖြစ်သည်။ သူသည် ၎င်းတို့အား ဆက်တိုက် လှည့်သုံးနေသည်။ သူ၏ လှုပ်ရှားမှုများက ဆက်တိုက် ပြောင်းလဲနေသော်လည်း ရိုးရှင်းလှသည်။ ထို့အပြင် လှုပ်ရှားမှုတိုင်း၌ ကြီးမားသော စွမ်းအား ပါဝင်နေကာ တောင်တစ်လုံးကိုပင် ဖြိုနိုင်လောက်ပေသည်။

မိုထျန်းချီသည်လည်း အလွန်အမင်း ထိတ်လန့်ကာ ချွေးပြန်နေသည်။ သူသည် နှလုံးဖျက် လက်ဝါးကို အမြင့်ဆုံးအထိ ထုတ်သုံးကာ တိုက်ခိုက်မှု တစ်ခုတိုင်းစီအား ခက်ခဲစွာ ချေဖျက်နေရသည်။ သူတို့အနီးအနား၌ စိတ်ဝိညာဉ် စွမ်းအင်များ စုဝေးကာ လည်ပတ်နေ၏။

“ဟားဟားဟား၊ မဆိုးဘူးပဲ”

ရဲ့လင်းချန်သည် ပညာရှင်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားနေသည်။ အခြားသော ပညာရှင်များ ကသာလျင် သူ့အား တက်ကြွစေသည်။

အကယ်၍ ဘာဖိအားမှ မရှိခဲ့ပါက သူသည် သူ၏ လက်ရှိအခြေအနေနှင့်တင် ကျေနပ်နေလောက်ကာ သူ၏ သိုင်းပညာများက လုံလုံလောက်လောက် သန်မာပြီး နောက်ထပ် လေ့ကျင်မှု မလိုအပ်တော့ဟု ခံစားမိ လောက်သည်။ သို့သော် လက်ရှိအချိန်၌ သူသည် သူ၏ ခွန်အားကို ပို၍ တိုးတက်လာစေပြီး သိုင်းပညာ ပိုစုဆောင်းရန် လိုအပ်နေသည်ဟု ခံစားနေရသည်။ နောက်ထပ် သန်မာသော ပညာရှင်တစ်ယောက်နှင့် သူ ထပ်ကြုံတွေ့လာနိုင်လောက်သည်။

သူ့တွင် စနစ် ရှိပြီးကတည်းက စိတ်အားထက်သန်လာခဲ့သည်။ သူသည် ကြိုတင်၍ ပြင်ဆင်ထားသင့်ပြီး ထိန်းချုပ်မရနိုင်သော ပြောင်းလဲမှုအားလုံးကို ရှင်းလင်းရန် လိုအပ်ပေသည်။

ရဲ့လင်းချန် ပိုပို၍ စိတ်လှုပ်ရှားလာချိန်တွင် မိုထျန်းချီက စိတ်ချောက်ချားနေလေပြီ။ ရဲ့လင်းချန်သည် နဂါးဖမ်းလက် သိုင်းပညာဖြင့် လက်ချောင်းများအား လက်သည်းသဖွယ် သဘောထား၍ မိုထျန်းချီ၏ လက်ဝါးကို ကျော်ဖြတ်ကာ သူ၏ ပခုံးကို ကုတ်ခြစ်လိုက်သည်။ မိုထျန်းချစ်၏ အင်္ကျီလက်တစ်ခုလုံး တစ်စစီ စုတ်ပြဲသွားသည်။

“ပျော်ဖို့ကောင်းသားပဲ”

ဤတိုက်ပွဲသည် ရဲ့လင်းချန် အလွန်အမင်း ပျော်နေရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်။ မိုထျန်းချီက သူ၏ တိုက်ခိုက်မှု အားလုံးကို ခုခံနိုင်လိမ့်မည်ဟု သူ ထင်မထားမိပေ။ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်က အမှန်ကို တခြားသူများနှင့် မတူပေ။

ရဲ့လင်းချန်သည် သူ၏ နောက်ဆုံး တိုက်ကွက်ကို သုံး၍ မိုထျန်းချီအား မြန်မြန် အဆုံးသတ်နိုင်သော်လည်း ယင်းက သူ့အား အပြည့်အဝ ပျော်ရွှင်စေမည် မဟုတ်ပါ။ ဤသို့သော ပြိုင်ဘက်နှင့် ဆုံရန် ရှားပါးလှသည်။ သူ့အား ချက်ချင်း သတ်လိုက်ခြင်းက နှမြောစရာပင်။

ရဲ့လင်းချန် တစ်ကိုယ်တည်း ပျော်နေချိန်တွင် မိုထျန်းချီက မခံသာချေ။ သူသည် သူ့အကန့်အသတ်သို့ ရောက်နေပြီး ခံပြင်းမှုကြောင့် သွေးအန်လုနီးပါး ဖြစ်နေသည်။

*ဒါ ဘယ်လိုမိစ္ဆာမျိုးလဲ၊ သူ့ခန္ဓာကိုယ်က ရူးချင်လောက်အောင် သန်မာတာပဲ၊ သူက သိုင်းကွက်တွေ အများကြီးကို သိနေတယ်၊ ပြီးတော့ သူ့ရဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းက ကြောက်ဖို့ကောင်းတယ်၊ ပိုဆိုးတာက သူက အရမ်း ငယ်နေသေးတာပဲ၊ သူ လှည့်စားနေတာလား*

All Chapters