ဖုန်းဟိုင်ဒေသငယ်ကို ပြန်ရင် ငါလိုက်ခဲ့ပေးမယ်
Vol. 72 Ch. 1113
ခေါင်းဆောင်သည် ဆေးဆိုင်ထဲသို့ ရောက်ရှိသွားသည်နှင့် သတိမေ့နေသော အဖိုးအိုကို မြေပြင်ပေါ်သို့ သာမန်ကာလျှံကာ ပစ်ချလိုက်သည်။ ထို့နောက် သူက ရွှီချင်းနားသို့ ချဉ်းကပ်သွားပြီး လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူက ပြုံးဖြီးဖြီးအမူအရာဖြင့် ပြောသည်။
“ ချင်းလေး… ငါ့အရင်မိန်းမကို သွားတွေ့တဲ့အချိန်မှာ ဘာဖြစ်ခဲ့လဲ မင်းမှန်းကြည့်စမ်း ”
ရွှီချင်းသည် ခေါင်းဆောင်ကို လျစ်လျူရှုထားပြီး ဖန်ချွန်လမ်းအဖိုးအိုကို ကြည့်လိုက်သည်။ လင်းအာသည်တော့ အလန့်တကြား အော်ဟစ်လိုက်ပြီး အမြန်ပြေးသွားသည်။ သူက အဖိုးအိုကို တွဲထူပေးလိုက်သည်။ သူ၏ အမူအရာမှာ မယုံကြည်နိုင်ခြင်းနှင့် စိုးရိမ်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူက ဆေးလုံးအများအပြားကို ထုတ်ယူလိုက်ပြီး အဖိုးအို၏ ပါးစပ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
“ အဖေ ”
ထိုဆေးလုံးများ၏ အာနိသင်သည် အလွန်ကောင်းမွန်သည်။ ထိုထဲမှာ ကျိန်စာဖယ်ရှားဆေးလုံးများပင် ပါဝင်သည်။ သို့ဖြစ်၍ မကြာမီ အဖိုးအို၏ အရှိန်အဝါသည် ပြန်တည်ငြိမ်သွားသည်။
ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ တစ်ဖက်လူ၏ ဒဏ်ရာအများစုသည် အပေါ်ယံမျှသာ ဖြစ်သည်။ သူက အရိုက်ခံခဲ့ရခြင်း မဖြစ်နိုင်ပေ။ ယင်းအစား မတော်တဆ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူသတိမေ့နေရသည့် အကြောင်းအရင်းမှာတော့ အနီရောင်လကျိန်စာ၏ ကျူးကျော်ဝင်ရောက်ခြင်းခံလိုက်ရသောကြောင့် ဖြစ်သည်။ အရေးကြီးဆုံးမှာ သူ၏ ရုပ်ခန္ဓာကိုယ်သည် ထူးဆန်းသည်။
“ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်က ဒြပ်နှောတွေကို ပိုပြီးဆွဲဆောင်နိုင်တဲ့ပုံပဲ ”
ဤသည်မှာ လက်ရှိကျင့်ကြံခြင်းအရ ရွှီချင်းပြောနိုင်သော အခြေအနေဖြစ်သည်။
တစ်ချိန်တည်းမှာ ချီယွဲ့ထုံဂိုဏ်းတွင် တစ်ဖက်လူနှင့် သူရင်ဆိုင်ခဲ့ရသော တိုက်ပွဲကို ပြန်အမှတ်ရသွားသည်။ ထိုအချိန်တုန်းက ဤအဖိုးအို၏ မျက်နှာသည် ဟက်တက်ကွဲသွားပြီး မျိုးနွယ်ခြားဟူသော သူ၏ သရုပ်က ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် တစ်ဖက်လူ၏ ထမင်းဆိုင်သည် ထူးခြားဆန်းကြယ်သော အရာတစ်ခု ဖြစ်သည်။ ထို့နောက် ထိုအဖိုးအိုမှာ ထူးခြားဆန်းကြယ်သော အရာများကို အိမ်မွေ့ချနိုင်ပြီး ချိပ်ပိတ်နိုင်သော စွမ်းရည်တစ်ခုရှိကြောင်း သူသိရှိခဲ့သည်။
အတိတ်တွင် ထိုအဖိုးအိုက ထမင်းဆိုင်ကို ချီယွဲ့ထုံဂိုဏ်းသို့ ရွှေ့ပြောင်းခဲ့ပြီး ပထမတောင်ထွတ်ကို ရောင်းချခဲ့သည်။
ခေါင်းဆောင်၏ စဦးအဆင့် ချိပ်တံဆိပ်လည်း ရှိသေးပေသည်။ ယင်းက ထိုအဖိုးအိုကြောင့် အစွမ်းတိုးမြှင့်သွားခဲ့သည်။
ရွှီချင်းသည် တစ်ခဏ တွေးတောလိုက်သည်။ သို့သော်လည်း ထိုအဖိုးအိုက ကြီးကြီးမားမား ဒဏ်ရာမရရှိထားကြောင်း မြင်လိုက်ရသဖြင့် တစ်ဖက်လူကို သူအာရုံမထားတော့ပေ။ သူက မျှော်လင့်တောင့်တသော အမူအရာဖြင့် သူ့အား စိုက်ကြည့်နေသော ခေါင်းဆောင်ဆီသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ သူက စကားဆက်ပြောရန် ရွှီချင်း၏ စူးစမ်းမေးမြန်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေဟန် ရသည်။
“ သူက မင်းကို သူနဲ့အတူလိုက်ခဲ့ဖို့ ခေါ်တာလား ”
ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားပြီး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။ သူက ရွှီချင်း ထိုသို့မေးလာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သို့မှသာ သူက တစ်ယောက်တည်း စကားပြောနေသည့်အခြေအနေမျိုးကို ရှောင်ဖယ်နိုင်ပြီး စကားဆက်ပြောရန် အခွင့်အရေးရှိလာလိမ့်မည်။
“ ဂျူနီယာညီလေး မင်းက တကယ် ဉာဏ်ကောင်းတာပဲ… ဟုတ်တယ်… သူက နတ်ဘုရားတစ်ပါးဖြစ်ပြီး ငါသာ ခေါင်းညိတ်မယ်ဆိုရင် နှစ်ထောင်ပေါင်းများစွာ ဒုက္ခခံ ကျင့်ကြံနေစရာမလိုဘဲ အဆင့်တတ်နိုင်မယ်လို့ ကတိပေးတာတောင် နောက်ဆုံးမှာ ငါငြင်းဆန်ခဲ့တယ် ”
“ ငါ့ရဲ့ အတိတ်ဘဝက အရာတွေကို အတိတ်မှာပဲ ထားခဲ့လိုက်တယ်… ဒီဘဝမှာ စည်းစိမ်ချမ်းသာနဲ့ ရာထူးဂုဏ်သိမ်တွေကို ငါမမက်ဘူး… ငါ့ထောင်ထောင်ကိုပဲ ငါချစ်တယ် ”
ခေါင်းဆောင်သည် အတိတ်ကို လွမ်းဆွတ်သော အရိပ်အယောင်ဖြင့် ပြောသည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်မှ တောက်ပသော အမူအရာက အလွန်လေးနက်သည်။
ခေါင်းဆောင်၏ စကားများက အမြဲတမ်း အဓိပ္ပာယ်ပြောင်းပြန်ကောက်ရကြောင်း ရွှီချင်း သိထားပြီးသား ဖြစ်သည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ အမှန်တရားသည် သူ့အတွက် အရေးမကြီးပေ။ သူ၏ စီနီယာအကိုကြီး ပျော်ရွှင်နေသရွေ့ ကိစ္စမပေ။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး သူ၏ မျက်နှာပေါ်မှာ အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
ခေါင်းဆောင်သည် ပိုပြီးပျော်ရွှင်သွားသည်။ သူက ဆက်လက် ကြွားဝါတော့မည့်အချိန် နေရာမှာ လဲလျောင်းနေသော ဖန်ချွန်လမ်းအဖိုးအိုသည် ညစ်ညမ်းသော လေကို အသက်ရှူထုတ်လိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။
“ အဖေ ”
လင်းအာသည် ပျော်ရွှင်သွားသည်။ သို့သော်လည်း သူက အနည်းငယ် စိုးရိမ်ကြောင့်ကြနေသည်။ မည်သို့ဖြစ်ပါစေ အတိတ်မှာ သူက အိမ်မှ တိတ်တဆိတ် ထွက်ပြေးလာခဲ့ခြင်း မဟုတ်ပါလော။
ရွှီချင်းနှင့် တခြားလူများသည် အဖိုးအိုကို ကြည့်လိုက်ကြသည်။
အစတွင် အဖိုးအို၏ အကြည့်သည် ရီဝေနေပြီး မည်သည့်နေရာသို့ သူရောက်ရှိနေကြောင်း နားမလည်နိုင်ပေ။ သို့သော်လည်း လင်းအာကို ရှင်းရှင်းလင်းလင်း သူမြင်လိုက်ရပြီးနောက် သူ၏ စိတ်ခံစားချက်များသည် ပရမ်းပတာ လှုပ်ရှားသွားသည်။
“ လင်းအာ ”
“ နောက်ဆုံးတော့ သမီးကို ရှာတွေ့ပြီ ”
ဖန်ချွန်လမ်းအဖိုးအိုသည် စိတ်လှုပ်ရှားသွားပြီး လင်းအာကို ဖက်ထားလိုက်သည်။ သူ့သမီးက အဆင်ပြေစွာ ရှိနေကြောင်း မြင်လိုက်ရသည့်အခါ သူက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ထို့နောက် သူ၏ အကြည့်က ဆေးဆိုင်ထဲမှာ လှည့်ပတ်သွားသည်။ သူက ခေါင်းဆောင်၊ နင်ယန်၊ ဝူကျန်းဝူနှင့် ဝိညာဉ်သခင်မယုံကျင်းကို မြင်သွားသည်။
ပထမလူတချို့က သူ့အတွက် အဆင်ပြေပေသည်။ သို့သော်လည်း ဝိညာဉ်သခင်မယုံကျင်းကို မြင်လိုက်ရခြင်းက သူ့အား ထိတ်လန့်သွားစေသည်။
ရွှီချင်းကို သူမြင်သွားသည့်အခါ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူက ဆူပူကြိမ်းမောင်းတော့မည့်အချိန် လက်ဖက်ရည်ထိုင်သောက်နေသော အိမ်ရှေ့စံမင်းသားကို အမှတ်တမဲ့ မြင်သွားသည်။
အဖိုးအို၏ မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားသည်။ ထို့နောက် သူ၏ သူငယ်အိမ်က ကျုံ့သွားပြီး ဒေါသကို အလိုအလျောက် ပြန်ရုပ်သိမ်းလိုက်သည်။ သူက လင်းအာကို ချက်ချင်း မေးလိုက်သည်။
“ လင်းအာ ဒါဘယ်နေရာလဲ ”
“ ဒီနေရာက ဘဝကံကြမ္မာဆိုးတောင်တန်းပါ အဖေ… အဲ့ဒါက ဖိုးဖိုးအိမ်ရှေ့စံမင်းသားပါ ”
လင်းအာသည် သူ့အဖေ၏ အကြည့်ကို သတိထားမိသောကြောင့် အမြန်မိတ်ဆက်ပေးလိုက်သည်။
အဖိုးအိုသည် လပူဇော်ဒေသကြီးသို့ စစရောက်ခဲ့စဉ်ကလို ဘာမှမသိနားမလည်သောသူ မဟုတ်တော့ပေ။ သူက လင်းအာကို ရှာဖွေနေစဉ်အတွင်း နတ်ဘုရားတိုက်ပွဲအကြောင်းကို ကြားမိခဲ့သည်။ ထိုထဲတွင် ရွှီချင်းနှင့် ခေါင်းဆောင်၏ နာမည်က သိပ်မထင်ရှားသော်လည်း လပုန်ကန်ခန်းမအကြောင်းကို သူမသိထားသော်လည်း အိမ်ရှေ့စံမင်းသားနှင့် သူ့ညီအကိုမောင်နှမများ၏ ဒဏ္ဍာရီကို သူကြားမိခဲ့သည်။
သို့ဖြစ်၍ ဘဝကံကြမ္မာဆိုးတောင်တန်းအကြောင်းကို သူသိထားပြီး ယင်းက ဤဒေသကြီးထဲမှာ အရေးပါဆုံးနေရာဖြစ်လာကြောင်း သူနားလည်သည်။
ထို့ကြောင့် လင်းအာ၏ စကားက အဖိုးအို၏ မျက်တောင်ကို ဂနာမငြိမ် လှုပ်ရှားသွားစေသည်။
အတိတ်တွင် ရွှီချင်းနှင့်အတူ တိတ်တခိုး ထွက်ပြေးသွားခဲ့သည်ဟူသော အချက်ကို ဖုံးကွယ်ရန် လင်းအာက တရစပ် စကားပြောသည်။
“ အဖေ… သမီး ဒီမှာ ကောင်းကောင်းမွန်မွန် နေရပါတယ်… အဖွားသုံး၊ အဖွားငါးနဲ့ အဖိုးရှစ်လည်း ရှိသေးတယ်… သူတို့အားလုံးက သမီးအပေါ် ချစ်ခင်ကြပါတယ် ”
“ ပြီးတော့ နောက်ဖေးခြံဝန်းထဲမှာ ကြက်ကလေးတချို့ ရှိသေးတယ် ”
“ အဖေ… သမီး ဒီမှာနေရတာ ပျော်ပါတယ်… ဒီဆေးဆိုင်ကို သမီးနဲ့ အကိုရွှီချင်း ဖွင့်ထားတာပါ ”
မိုးခြိမ်းသံသည် အဖိုးအို၏ နှလုံးသားထဲမှာ မြည်ဟိန်းသွားသည်။ ဘဝကံကြမ္မာဆိုးတောင်တန်းနှင့်ပတ်သက်ပြီး ထိုနေရာမှာ မြင့်မြတ်ကုန်းမြေဟု တင်စားခေါ်ဝေါ်ကြသော ဆေးဆိုင်တစ်ဆိုင်ရှိကြောင်း သူကြားမိခဲ့သည်။
ဤအခိုက်အတန့်မှာ ထိုဆေးဆိုင်၏ ဇစ်မြစ်ကို သိလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အသက်ရှူမှုသည် မတည်မငြိမ် ဖြစ်လာသည်။
“ ပြီးတော့ အဖေ… သမီး ဒီမှာ ဘေးကင်းလုံခြုံပါတယ်… အကိုရွှီချင်းက သမီးကို လက်ဆောင်တချို့တောင် ပေးသေးတယ် ”
လင်းအာသည် စကားပြောနေရင်း သူ၏ လက်ကို မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်ထားပြီးသော ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အင်ပါယာချီအရှိန်အဝါတချို့ကို ထုတ်လွှတ်လိုက်သည်။
“ ပြီးတော့ အကိုရွှီချင်းက အရမ်းသန်မာတာပဲ သိလား… မကြာသေးခင်က နီလာနတ်သမီးရောက်လာပြီး ဒီနေရာကို ဝိုင်းရံခဲ့တယ်… အဲ့ဒီအချိန်မှာ အကိုရွှီချင်းက ရောက်ချလာပြီး သူတို့ကို မောင်းထုတ်ပစ်လိုက်တယ်… နောက်ပိုင်းမှာ အကိုရွှီချင်းနဲ့ ဖိုးဖိုးတွေက လဂြိုလ်ပေါ်ကို တတ်သွားကြပြီး နီလာနတ်သမီးကို အနိုင်ယူပစ်လိုက်ကြတယ် ”
လင်းအာက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
သို့သော်လည်း သူ၏ ပါးစပ်မှ တရစပ် ထွက်ပေါ်လာသော စကားများက သူ့ဖခင်၏ နှလုံးသားထဲမှာတော့ မိုးခြိမ်းသံများနှင့် အလားသဏ္ဍာန်တူသည်။ အဆုံးမှာတော့ မိုးကြိုးတစ်သန်းက သူ၏ နှလုံးသားထဲမှာ ပေါက်ကွဲသွားသည့်အလား သူ၏ ဝိညာဉ်သည်ပင် တုန်လှုပ်သွားသည်။
ဖန်ချွန်လမ်းအဖိုးအိုသည် လင်းအာပြောသော အဖိုးအဖွားများ၏ သရုပ်ကို ချက်ချင်း နားလည်သွားသည်။ ယင်းက သူ့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူက ဆက်လက် နားမထောင်ဝံ့တော့ချေ။ သူက အမြန်မတ်တတ်ရပ်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်သည်။
“ စီနီယာကို နှုတ်ဆက်ပါတယ် ”
အိမ်ရှေ့စံမင်းသားသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
“ ရှေးဟောင်းချိပ်တံဆိပ်မျိုးနွယ်လား… အဲ့ဒီမျိုးနွယ်က အင်ပါယာချီနဲ့ အမြဲအတူရှိတယ်… ရှေးဘုရင်ရဲ့ မျိုးဆက်တိုင်းမှာ အင်ပါယာချီနဲ့အတူ ကောင်းကင်ဘုံကို ချိပ်ပိတ်ပစ်နိုင်တဲ့ မျိုးနွယ်စုတစ်စုရှိတယ်… သူတို့ရဲ့ အဆင့်အတန်းက အရမ်းမြင့်တယ်… ဒါပေမဲ့ မင်းရဲ့ သွေးမျိုးစက်ထဲမှာ မသန့်စင်မှုတချို့ ပါဝင်နေတယ် ”
အဖိုးအိုသည် ခေါင်းငိုက်စိုက်ကျသွားပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ နတ်ဘုရားမျက်နှာပျက်ကြီး ဆင်းသက်လာပြီးနောက် ကျုပ်တို့မျိုးနွယ်စုလည်း ပြောင်းလဲသွားပါတယ်… ကန့်သတ်ချက်ကို ချိပ်ပိတ်ခြင်းက တစ္ဆေသရဲတွေကို ချိပ်ပိတ်ဖို့ ဖြစ်လာပါတယ်… ပြီးတော့ ဒီလောကကြီးမှာ နောက်ထပ် ရှေးဘုရင်တစ်ပါး မပေါ်ထွန်းလာတော့ပါဘူး… ဒါကြောင့် ကျုပ်တို့မျိုးနွယ်က အများကြီး အသုံးမဝင်တော့ပါဘူး ”
“ ဒါကြောင့် မင်းက လင်းအာကို ရွေးချယ်ခဲ့တာလား ”
အိမ်ရှေ့စံမင်းသားသည် လင်းအာကို ကြည့်လိုက်သည်။
အကြောင်းအရင်းတချို့ကြောင့် ဤအခိုက်အတန့်မှာ လင်းအာသည် မျက်လုံးမဖွင့်နိုင်တော့ပေ။ ထိုသို့ဖြစ်ရသည့် နောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း သူနားမလည်ပေ။ သူက အိပ်မပျော်သွားအောင် သူ့ကိုယ်သူ အားတင်းထားပြီး သမ်းဝေလိုက်သည်။
ဤသည်ကို အဖိုးအိုမြင်သောအခါ သူက ထိတ်လန့်သွားသည်။ ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လင်းအာကို တွဲကူပေးလိုက်သည်။ တစ်ခဏကြာ စစ်ဆေးကြည့်ပြီးနောက် လင်းအာက အဆင်ပြေကြောင်း သူအတည်ပြုနိုင်သွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သော အင်ပါယာချီကြောင့် ဖြစ်သည်။ ယင်းက လင်းအာ၏ ခန္ဓာကိုယ်ဖြင့် နက်ရှိုင်းစွာ ပေါင်းစပ်သွားနေခြင်း ဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။ သူက နောက်ထပ် ဆက်မပြောတော့ဘဲ လက်ဖက်ရည်သောက်လိုက်သည်။
ဤသည်ကို အဖိုးအိုမြင်သောအခါ သူ၏ စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အိမ်ရှေ့စံမင်းသားကို မျက်နှာချင်းဆိုင်ရစဉ် သူခံစားရသော ဖိအားသည် အလွန်အမင်း ကြီးမားသည်။ ဤအခိုက်အတန့်မှာ သူက ရွှီချင်းကို ကြည့်လိုက်သည်။ ယခင်က သူ၏ နှလုံးသားထဲမှာ သိမ်းဆည်းထားခဲ့သော မကျေနပ်မှုအားလုံးသည် ထိုသက်ပြင်းချမှုနှင့်အတူ လွင့်ပြယ်သွားသည်။
“ ရွှီချင်း… ငါဒီကို ရောက်လာတာ လင်းအာကို ရှာဖို့သက်သက်ပဲမဟုတ်ဘူး… အမတ်ယောင်က မင်းကို သတင်းစကားပါးခိုင်းလိုက်တယ်… မင်းကို အချိန်တစ်ခုထိ ဖုန်းဟိုင်ဒေသငယ်ဆီ ပြန်မလာနဲ့ဦးတဲ့ ”
ရွှီချင်း၏ အမူအရာသည် အစက တည်ငြိမ်သည်။ သို့သော်လည်း ဤသည်ကို ကြားသောအခါ သူ၏ မျက်လုံးသည် ရုတ်တရက် ဝင်းလက်သွားသည်။ ဘေးမှ ခေါင်းဆောင်သည် မျက်မှောင်ကြုတ်သွားပြီး သူ၏ တစ်ကိုယ်လုံးမှ ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
“ အမတ်ယောင်ကလား ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။
“ ဖုန်းဟိုင်ဒေသငယ်မှာ ဘာဖြစ်ခဲ့တာလဲ ”
အဖိုးအိုသည် ညည်းညူလိုက်ပြီး ရွှီချင်းထွက်သွားပြီးနောက် ဖုန်းဟိုင်ဒေသငယ်မှ အခြေအနေကို သူတို့အား အသေးစိတ် ပြောပြလိုက်သည်။ ထိုထဲမှာ သန့်စင်ရေလှိုင်းဒေသကြီး၏ အကြောင်းပင် ပါဝင်သည်။
ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများ ထွက်သွားစဉ် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ အခြေအနေသည် အတိုင်းအတာတစ်ခုထိ တည်ငြိမ်သည်။
အကြောင်းမှာ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးကြောင့် ဖြစ်သည်။ သူက ကောင်းကင်နက်မျိုးနွယ်၏ ကျောထောက်နောက်ခံပေးခြင်းကို ဆုံးရှုံးသွားပြီးနောက် လူသားမျိုးနွယ်ဆီသို့ ချက်ချင်း ပြန်ကူးပြောင်းလာပြီး လူသားဧကရာဇ်ကို အညံ့ခံခဲ့သည်။ သို့ဖြစ်၍ သူက ရူးရူးမိုက်မိုက် မဆောင်ရွက်ဝံ့ချေ။
သို့သော်လည်း သတ္တမမင်းသား၏ စစ်တပ်က ရှိနေသေးပေသည်။ စစ်တပ်က ဒေသကြီးတစ်ဝက်ကို သိမ်းပိုက်ထားစဉ် တတိယမင်းသမီးသည် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားပြီး သတ္တမမင်းသားကို ထိန်းသိမ်းစောင့်ကြည့်ရန် အမိန့်ပေးခံထားရသည်။
အတိတ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းကိစ္စများကြောင့် ဖုန်းဟိုင်ဒေသငယ်သည် အလွန်ထူးခြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရရှိခဲ့သည်။ သို့ဖြစ်၍ ဖုန်းဟိုင်ဒေသငယ်သည် ဤနှစ်ဖက်အားပြိုင်မှုကြားမှာ အသက်ရှင်နိုင်ခဲ့ပြီး သတ္တမမင်းသားနှင့် တတိယမင်းသမီး၏ ချည်နှောင်ခြင်းခံခဲ့ရသည်။
သို့သော်လည်း ထိုအခြေအနေအားလုံးသည် နန်းမြို့တော်မှာ ဖြစ်ပွားခဲ့သော အကြောင်းကိစ္စများကြောင့် သိသာစွာ ပြောင်းလဲသွားခဲ့သည်။
ပထမဆုံး တတိယမင်းသမီးသည် မဟာနန်းမြို့တော်ဒေသကြီး၏ ရုတ်တရက် ဆင့်ခေါ်ခြင်းခံခဲ့ရသည်။ သူက သန့်စင်ရေလှိုင်းဒေသကြီးထဲမှ အုပ်ချုပ်ရေးအခွင့်အာဏာကို လက်လျော့လိုက်ပြီး သတ္တမမင်းသားထံသို့ အရာအားလုံး လွှဲပြောင်းပေးလိုက်သည်။
ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကိုလည်း ဖုန်းဟိုင်ဒေသငယ်က မြန်ဆန်စွာ သိရှိသွားခဲ့သည်။
သတ္တမမင်းသား၏ မယ်တော်၏ ကလန်သည် မဟာနန်းမြို့တော်ဒေသကြီးထဲမှာ အလွန်အင်အားကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်သည်။ သူတို့က သတ္တမမင်းသားနှင့်ပတ်သက်ပြီး လူသားဧကရာဇ်ဖြင့် သဘောတူညီမှုတစ်ခု ပြုလုပ်နိုင်ခဲ့သည်။
အဆုံးမှာတော့ လူသားဧကရာဇ်သည် တတိယသမီးတော်ကို ပြန်ဆင့်ခေါ်လိုက်ပြီး သန့်စင်ရေလှိုင်းဒေသကြီးထဲမှာ သတ္တမမင်းသား၏ အဆင့်အတန်းနှင့် အခွင့်အာဏာများကို သွယ်ဝိုက်စွာ ခွင့်ပြုပေးခဲ့သည်။
တစ်ချိန်တည်းမှာ မဟာနန်းမြို့တော်ဒေသကြီးသည် သန့်စင်ရေလှိုင်းဒေသကြီးကို စီမံအုပ်ချုပ်ရန် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်ခဲ့သည်။
ထိုပုဂ္ဂိုလ်သည် သတ္တမမင်းသား၏ မယ်တော်ဘက်မှ ကလန်၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ သူက သတ္တမမင်းသား၏ တော်ဝင်ဦးရီးတော်ဖြစ်ပြီး လူသားမျိုးနွယ်၏ ကောင်းကင်ဘုရင်(၃၃)ပါးထဲမှ ဘုရင်ထျန်းလန်ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံသည် ဝိညာဉ်စုစည်းခြင်းအဆင့်ဖြစ်ပြီး လူသားမျိုးနွယ်ထဲမှာ သူ၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်။
ဘုရင်ထျန်းလန်သည် သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ သူ၏ စစ်တပ်နှင့်အတူ ရောက်ရှိလာပြီး ကြီးမားသော အချုပ်အခြာအာဏာကို သိမ်းယူခဲ့သည်။ သူက သန့်စင်ရေလှိုင်းဒေသကြီးတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ပြီး ကောင်းကင်နက်မျိုးနွယ်ဖြင့် စစ်ပွဲဆင်နွှဲချင်ဟန် ရသည်။
ဤသည်မှာ လူသားဧကရာဇ်ကို သူပေးအပ်ခဲ့သော ကတိဖြစ်ပြီး သူ့မိသားစုနှင့် လူသားဧကရာဇ်ကြားမှ သဘောတူညီမှုလည်း ဖြစ်သည်။
သူက လူသားဧကရာဇ်အတွက် ကောင်းကင်နက်မျိုးနွယ်၏ ဂိတ်တံခါးကို ရိုက်ချိုးဖွင့်ပေးရလိမ့်မည်။ လက်ရှိအချိန်တွင် ကောင်းကင်နက်မျိုးနွယ်က အားနည်းနေလေရာ သူက ကောင်းကင်နက်မျိုးနွယ်ကို သိမ်းပိုက်ပြီး လူသားဧကရာဇ်အတွက် နယ်မြစ်အသစ်များ ချဲ့ထွင်ပေးရလိမ့်မည်။
ဘုရင်ထျန်းလန်ဖြင့် ရင်ဆိုင်ရသည့်အခါ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးသည် ဦးညွတ်ရန်မှတပါး တခြားရွေးချယ်စရာ မရှိပေ။
ဖုန်းဟိုင်ဒေသငယ်သည်တော့ ၎င်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိထားသော်လည်း ယင်းက ဘုရင်ထျန်းလန်၏ အရှေ့မှာ အရေးမပါပေ။
သူက အမိန့်တော်တစ်ခု ထုတ်ပြန်လိုက်ရုံသာ လိုအပ်သည်။ ယခု ဖုန်းဟိုင်ဒေသငယ်၏ အခြေအနေသည် မုန်တိုင်းကြားထဲမှ လှေငယ်တစ်စင်းပမာ ရှိသည်။
ဖုန်းဟိုင်ဒေသငယ်ထဲမှ လူများသည် ပိုပြီးစိုးရိမ်ကြောင့်ကြလာကြသည်။ မျိုးနွယ်အများစုနှင့် ဂိုဏ်းတော်အများစုသည် အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။
ထိုထဲမှာ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်လည်း ပါဝင်သည်။ သူက ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ သူ၏ အဆင့်အတန်းနှင့် သရုပ်ကို လက်လျော့လိုက်ပြီး သူ၏ လက်အောက်ငယ်သားတချို့ကို ခေါ်ဆောင်ကာ ဘုရင်ထျန်းလန်၏ လက်အောက်သို့ ခိုဝင်သွားခဲ့သည်။
ထို့နောက် ဘုရင်ထျန်းလန်သည် သန့်စင်ရေလှိုင်းဒေသကြီးအတွင်းရှိ အသင်္ချေမျိုးနွယ်စုများမှ ကျင့်ကြံသူအားလုံးကို ကောင်းကင်နက်မျိုးနွယ်ဖြင့် စစ်ပွဲမှာ ရှေ့တန်းအတွက် ခေါ်ယူစုဆောင်းခဲ့သည်။
ထိုထဲမှာ ဖုန်းဟိုင်ဒေသငယ်လည်း အပါအဝင်ဖြစ်သည်။ ဘုရင်ထျန်းလန်၏ အမိန့်ကို မည်သူမှ မငြင်းဆန်နိုင်ပေ။
“ ငါထွက်လာတဲ့အချိန်မှာ ဖုန်းဟိုင်ဒေသငယ်က ကျင့်ကြံသူအသုတ်သုံးသုတ်ကို စေလွှတ်ပြီးပြီ… သူတို့အားလုံးက စစ်ပွဲမှာ သေဆုံးသွားကြတယ်… ကောင်းကင်နက်မျိုးနွယ်နဲ့ စစ်ပွဲမှာ ဘုရင်ထျန်းလန်က ကောင်းကင်နက်မျိုးနွယ်ကို အားအင်ကုန်ခမ်းသွားအောင်လို့ လူသားတွေရဲ့ အသက်တွေကို စတေးနေတာပဲ ”
ဖန်ချွန်လမ်းအဖိုးအို၏ စကားသည် ဆေးဆိုင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ရွှီချင်း၏ အမူအရာသည် အေးစက်သွားပြီး ခေါင်းဆောင်သည် မျက်မှောင်ကြုတ်သွားသည်။ တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆိတ်သွားကြသည်။ အထူးသဖြင့် နင်ယန်ပင်။ သူက တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အဆုံးမှာ နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။
“ အဲ့ဒါကြောင့် အမတ်ယောင်က မင်းကို ပြန်မလာနဲ့ဦးလို့ ငါ့ကို အကြောင်းကြားခိုင်းလိုက်တာ… တကယ်လို့ မင်းပြန်ရောက်လာတာနဲ့… သတ္တမမင်းသားက အခြေအနေကို အခွင့်ကောင်းယူပြီး မင်းကို စစ်တပ်အတွက် ခေါ်ယူစုဆောင်းလိုက်မယ်… ”
ဖန်ချွန်လမ်းအဖိုးအိုသည် သက်ပြင်းချရန် ပြင်လိုက်သည်။ သို့သော်လည်း လက်ဖက်ရည်သောက်နေသော အိမ်ရှေ့စံမင်းသားကို သူမြင်သွားပြီး စောစောက လင်းအာပြောသွားခဲ့သော စကားများက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည့်အခါ သူက သက်ပြင်းချစရာမလိုကြောင်း ရုတ်တရက် စဉ်းစားမိသွားသည်။
“ အင်း… အဲ့ဒါက ဖုန်းဟိုင်ဒေသငယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေပဲ ”
ဖန်ချွန်လမ်းအဖိုးအိုသည် မျက်တောင်ခတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ဖုန်းဟိုင်ဒေသငယ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို အောက်ချလိုက်ပြီး ပြုံးသည်။ သူက စကားပြောတော့မည့်အချိန် အေးစက်စက် စကားသံသည် ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။
“ ဖုန်းဟိုင်ဒေသငယ်ကို မင်းနဲ့အတူ ငါလိုက်ခဲ့မယ် ”
ထိုအသံသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိန်းအောင်းနေသော ဓားချီတစ်ခုနှင့် ဆင်တူသည်။ လောကသည် တုန်ယင်သွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။ နေရာအနှံ့တွင် ဆူညံသံများထွက်ပေါ်လာသည်။
ဤသည်ကို အိမ်ရှေ့စံမင်းသားကြားသောအခါ သူက ညည်းညူလိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြန်ကောက်ယူလိုက်သည်။
ထိုအသံသည် သူ၏ နဝမညီတော်ထံမှ ဖြစ်သည်။