← Chapters

ဖုန်းဟိုင်ဒေသငယ်သို့ ပြန်ခြင်း

Vol. 72 Ch. 1114

ဖုန်းဟိုင်ဒေသငယ်သို့ ပြန်ခြင်း

Vol. 72 Ch. 1114

အမှောင်ထုသည် လောကကြီးကို အချိန်ကြာကြာ ဖုံးလွှမ်းထားသည်။

မရေမတွက်နိုင်သော ကြယ်များသည် ညအမှောင်ထုကို ချိုးဖောက်၍ ၎င်းတို့၏ ကြယ်အလင်းရောင်ကို လပူဇော်ဒေသကြီး၏ အပြင်ဘက် ကျယ်ပြောသော မြစ်တစ်စင်းပေါ်သို့ ဖြာဆင်းကျလာစေသည်။ မြစ်ရေသည် ကြည်လင်ပြီး ကြယ်တာရာကောင်းကင်ကို လှပစွာ အလင်းပြန်နေသည်။

အဝေးမှကြည့်လျှင် ကြယ်တာရာကောင်းကင်က သေမျိုးလောကဆီသို့ ပြုတ်ကျလာသည့်နှယ် အောက်မေ့ရသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကို ခွဲခြားနိုင်ခြင်းမရှိအောင် ပြုလုပ်နေသည်။

ထိုမြစ်သည် စတေးခံယင်မြစ်မှလွဲ၍ တခြားမဟုတ်ပေ။ အတိတ်တွင် မြစ်သည် သွေးကဲ့သို့ နီရဲနေသည်။ မရေမတွက်နိုင်သော အရိုးစုများသည် မြစ်ထဲမှာ ပေါလောပေါ်နေကြသည်။ ယခု အနီရောင်လက ပျောက်ကွယ်သွားသောကြောင့် ကျိန်စာသည် လွင့်ပြယ်သွားသည်။ သို့ဖြစ်၍ မြစ်၏ အသွင်အပြင်သည်လည်း သိသာစွာ ပြောင်းလဲသွားသည်။

မြစ်ထဲမှ ထူးဆန်းသော အရာအားလုံးက လွင့်ပြယ်သွားပြီး အချုပ်အနှောင်အားလုံးက ပျောက်ကွယ်သွားသည်။ စိုထိုင်းထိုင်းလေထုသည်သာ ဤနေရာမှာ ကျန်ရှိနေသည်။ ယင်းက ဝေဝါးမှုနှင့် လှပမှုကို ပေးသည်။

ဤအခိုက်အတန့်မှာ သင်္ဘောကြီးတစ်စင်းသည် မြစ်ထဲမှာ ရွက်လွှင့်နေပြီး သန့်စင်ရေလှိုင်းဒေသကြီးဆီသို့ ဦးတည်သွားနေသည်။

သင်္ဘောပေါ်တွင် ဝူကျန်းဝူသည် ရှည်ထွက်နေသော ရွက်တိုင်ပေါ်မှာ ထိုင်နေပြီး အဝေးသို့ တိတ်တဆိတ် ငေးကြည့်နေသည်။ ထိုနေရာတွင် လှေငယ်တစ်စင်းက အဝေးသို့ ရွက်လွှင့်သွားနေသည်။

လှေငယ်၏ အရိပ်ကို ကြည့်နေရင်း ဝူကျန်းဝူ၏ အမူအရာပေါ်မှာ ညှိုးမှိုင်ခြင်းနှင့် ခါးသီးခြင်းဖြင့် ပြည့်နှက်နေသည်။

ရွက်တိုင်၏ အောက်တွင် နင်ယန်ရှိသည်။

သူက လက်ထဲတွင် အဝတ်စုတ်တစ်ခုကို ကိုင်ထားပြီး သင်္ဘောကုန်းပတ်ပေါ်မှာ ထိုင်နေသည်။ သူက ဘေးပတ်ဝန်းကျင်ကို ပြောင်ရှင်းအောင် ကြမ်းတိုက်နေသည်။

အစတုန်းက သူသည် ထိုမျှအသန့်ကြိုက်သူမဟုတ်ပေ။ သို့သော်လည်း လပူဇော်ဒေသကြီးဆီသို့ ခရီးစဉ်တွင် သူ့ဆီမှာ အကျင့်ကောင်းတစ်ခု မွေးဖွားလာခဲ့သည်။ သူ့အနီးနားမှာ ဖုန်တစ်စက်ရှိနေခြင်းကို သူလုံးဝမမြင်ချင်ပေ။

ယခု သူက ကြမ်းတိုက်ပြီးသွားပြီ ဖြစ်သည်။ နင်ယန်သည် ဝူကျန်းဝူကို မော့ကြည့်လိုက်သည်။ သူက ထေ့ငေါ့ပြောဆိုရန် ပါးစပ်ဟလိုက်သော်လည်း တစ်ဖက်လူ၏ စိတ်အခြေအနေကို စဉ်းစားမိသွားသောကြောင့် ခေါင်းခါလိုက်သည်။

အဘယ့်ကြောင့် တစ်ဖက်လူက ထိုသို့ငေးမှိုင်နေရကြောင်း သူသိသည်။ လွန်ခဲ့သော ခြောက်နာရီခန့်က သူတို့သည် ဘဝကံကြမ္မာဆိုးတောင်တန်းမှာသာ ရှိနေကြသေးသည်။ ဖုန်းဟိုင်ဒေသငယ်မှ အရေးကိစ္စကြောင့် နောက်ခြောက်နာရီအကြာမှာ သူတို့က သင်္ဘောပေါ်သို့ ရောက်ရှိခဲ့ကြသည်။

တိုက်ဆိုင်စွာပင် သင်္ဘောရွက်လွှင့်ပြီး သိပ်မကြာမီ သူတို့က လှေငယ်တစ်စင်းကို မြင်တွေ့ခဲ့ကြသည်။ ထိုလှေငယ်ပေါ်တွင် အမျိုးသမီးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ ထိုအမျိုးသမီးကို ယွင်ရှဟု ခေါ်သည်။

ဝူကျန်းဝူသည် တစ်ဖက်လူကို မြင်သွားသည်။ ထို့အတူ တစ်ဖက်လူသည်လည်း ဝူကျန်းဝူကို မြင်သွားသည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အခိုက် ယွင်ရှသည် မျက်လုံးမှိတ်လိုက်သည်။

“ ဒီလောကကြီးမှာ အချစ်ဆိုတာ ဘာလဲ… ”

နင်ယန်သည် သက်ပြင်းချလိုက်သည်။

“ အဲ့ဒါက ဘယ်သူအရင်ဖွင့်ပြောမလဲဆိုတဲ့ ကိစ္စပဲလေ ”

ဝူကျန်းဝူသည် ကောင်းကင်ကိုကြည့်ပြီး အော်ပြောလိုက်သည်။ သူက သေရည်တစ်အိုးကို ထုတ်ယူလိုက်ပြီး အကြီးကြီးတစ်ကျိုက် မော့ချလိုက်သည်။ သို့သော်လည်း သေရည်စက်တချို့သည် သင်္ဘောကုန်းပတ်ပေါ်သို့ ကျဆင်းသွားသည်။ ယင်းက နင်ယန်ကို မျက်မှောင်ကြုတ်သွားစေသည်။ သူက အဝတ်စုတ်ဖြင့် ထိုနေရာကို ချက်ချင်း ကြမ်းတိုက်လိုက်သည်။

တစ်ချိန်တည်းမှာ သင်္ဘော၏ ဝမ်းဗိုက်ပိုင်းတွင် ရွှီချင်းသည် တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ၏ မျက်နှာပေါ်မှာ တုံ့ဆိုင်းသော အမူအရာရှိသည်။ ခေါင်းဆောင်သည် သင်္ဘောလက်တန်းကို ကျောပေးထားပြီး ခေါင်းယမ်းလိုက်သည်။ သူက ရွှီချင်းကိုတစ်လှည့် မြစ်ပြင်ကိုတစ်လှည့် စစ်ဆေးကြည့်ရှုနေကာ သူ၏ ပါးစပ်မှ တကျွတ်ကျွတ်မြည်သံကို ထုတ်ဖော်လိုက်သည်။

“ ချင်းလေး… ကြည့်ရတာ တစ်စုံတစ်ယောက်က မင်းကို အစောကြီး မပြန်စေချင်တဲ့ပုံပဲ ”

“ ဒါပေမဲ့ အဲ့ဒါက ကိစ္စမရှိပါဘူး… လင်းအာက ဒီမှာမှ မရှိတာပဲ… ဟား ဟား ”

ခေါင်းဆောင်က ပိုပြီးစကားပြောလေ သူ၏ မျက်လုံးက ပိုပြီးတောက်ပလာလေ ဖြစ်သည်။ သူက နောက်ဖြစ်လာမည့်အရာကို မျှော်လင့်စောင့်ဆိုင်းနေသည်။

လင်းအာသည် သင်္ဘောပေါ်မှာ အမှန်တကယ် မရှိပေ။ ထို့အတူ ဖန်ချွန်လမ်းအဖိုးအိုသည်လည်း မရှိပေ။

ဤသည်မှာ လင်းအာက ရွှီချင်းနှင့်အတူ ဖုန်းဟိုင်ဒေသငယ်သို့ ပြန်မလိုက်ချင်သောကြောင့် မဟုတ်ပေ။ ယင်းအစား ရှေးဟောင်းဝိညာဉ်အင်ပါယာ၏ အင်ပါယာချီနှင့် ပေါင်းစပ်မှုက သူ့ကို နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားစေသည်။ သူက အင်ပါယာချီကို ခြေဖျက်ရန် အချိန်တစ်ခု လိုအပ်သည်။

ယင်းက တံခါးပိတ်ကျင့်ကြံခြင်းနှင့် ဆင်တူသည်။ နှောင့်ယှက်ခံရခြင်းသည် သူ့အတွက် မကောင်းမွန်ပေ။

သို့ဖြစ်၍ ရွှီချင်းသည် လင်းအာကို ဆေးဆိုင်မှာ ထားရစ်ခဲ့သည်။ ဖန်ချွန်လမ်းအဖိုးအိုသည် လင်းအာနှင့်အတူ ကျန်နေခဲ့ရန် ရွေးချယ်ခဲ့သည်။

ဝိညာဉ်သခင်မယုံကျင်းသည်လည်း ဆေးဆိုင်မှာ ကျန်နေခဲ့သည်။

လင်းအာအတွက်ကြောင့် သူက ကျန်နေခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။ ယင်းအစား သူက ဖုန်းဟိုင်ဒေသငယ်သို့ ပြန်မသွားချင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ဤသင်္ဘောပေါ်တွင် ရွှီချင်းနှင့် တခြားသုံးယောက်တည်းသာ ရှိသည်။

ဤအခိုက်အတန့်မှာ ခေါင်းဆောင်၏ စကားက ပဲ့တင်ထပ်လာသည့်အခါ ရွှီချင်းသည် မျက်မှောင်ကြုတ်သွားသည်။ ခေါင်းဆောင်၏ စကားဆိုလိုရင်းကို သူနားလည်သည်။ အမှန်မှာ ဤသင်္ဘောသည် အိမ်ရှေ့စံမင်းသားထံမှ လက်ဆောင်တစ်ခု ဖြစ်သည်။ ယင်းက ဒေသကြီးများကြားတွင် မြန်ဆန်စွာ ရွက်လွှင့်သွားလာနိုင်သောကြောင့် ဖုန်ဟိုင်ဒေသငယ်သို့ သူတို့ပြန်မည့် ခရီးကြာချိန်ကို တိုတောင်းစေနိုင်လိမ့်မည်။

သို့သော်လည်း သင်္ဘောက စတင်ရွက်လွှင့်သည်နှင့်ချက်ချင်း အရေအတွက်များပြားသော ရွှံ့တုံးများသည် သင်္ဘော၏ မျက်နှာပြင်ပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာကြသည်။

တဖြည်းဖြည်း လေထဲမှာ ပိုမိုများပြားသော ရွှံ့တုံးများက ထွက်ပေါ်လာကြသည်။ ၎င်းတို့က နတ်ဘုရားအစွမ်း ပိုင်ဆိုင်ထားကြပြီး သင်္ဘော၏ အမြန်နှုန်းကို သိသိသာသာ လျော့ကျသွားစေသည်။

အဖိုးကိုးသည်တော့ ဆေးဆိုင်ထဲမှာ ထိုစကားများကို ပြောပြီးကတည်းက မည်သည့်အစအနမှမကျန်အောင် ပျောက်သွားခဲ့သည်။ သင်္ဘောက နတ်ဘုရားအစွမ်း၏ သက်ရောက်ခံနေရစဉ်မှာပင် သူက ထွက်ပေါ်မလာခဲ့ပေ။

ထိုသို့အခြေအနေများကြောင့် သင်္ဘောကို မည်သူက တားဆီးနေကြောင်း ရွှီချင်း နားလည်သွားသည်။

သူ၏ ခန့်မှန်းမှုအတိုင်း အမှန်တကယ် ဖြစ်ပေါ်လာသည်။

ရွှံ့တုံးများက သင်္ဘောပေါ်မှာ ပိုပြီးထွက်ပေါ်လာသည်နှင့်အမျှ ဆယ်ငါးမိနစ်ကြာပြီးနောက် သင်္ဘောတစ်စင်းလုံးသည် မြစ်ပြင်ပေါ်မှာ ဖြည်းညင်းစွာ ရပ်တန့်သွားသည်။

“ သူရောက်လာပြီ ”

ခေါင်းဆောင်သည် မျက်လုံးဝင်းလက်သွားသည်။

ရွှီချင်းသည်လည်း ခေါင်းမော့လိုက်သည်။

သင်္ဘောက ရပ်တန့်သွားသည့်အခိုက် ရွှံ့တုံးအားလုံးသည် အောက်သို့ မြန်ဆန်စွာ ပြုတ်ကျသွားပြီး သင်္ဘောအရှေ့မှ မြစ်ပြင်ပေါ်မှာ စုဝေးသွားသည်။ ထို့နောက် အရပ်ရှည်သော ရွှံ့မြေခွေး၏ ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုရွှံ့မြေခွေးသည် ရွှံ့တုံးများမှ ဖြစ်ပေါ်လာသော်လည်း သက်တံ့အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ယင်းက မွန်မြတ်သန့်စင်သော စိတ်ခံစားမှုကို ပေးသည်။ သူ့ကို မြင်လိုက်ရသော မည်သူမဆို သူတို့၏ နှလုံးသားထဲမှာ ယုံကြည်ကိုးကွယ်ချင်စိတ်များ အလိုအလျောက် တဖွားဖွား ဖြစ်ပေါ်လာလိမ့်မည်။

ဤသည်မှာ နတ်ဘုရားတစ်ပါးဖြစ်သည်။

နတ်ဘုရား၏ ထွက်ပေါ်လာမှုကြောင့် မြစ်သည် ရပ်တန့်သွားဟန် ရသည်။ လှိုင်းလုံးများက ထွက်ပေါ်မလာတော့ပေ။ ကောင်းကင်သည်ပင် မှောင်ရီသွားလေရာ ယင်းက နတ်ဘုရား၏ ကိုယ်ရောင်ကိုယ်ဝါကို အံမတုဝံ့ဟန် ရသည်။

ဤသည်မှာ မြစ်ပြင်ပေါ်မှ ရွှံ့မြေခွေးတစ်ယောက်တည်းသာ ဤလောကထဲတွင် ကျန်ရှိတော့သည့်အလားပင်။

၎င်းက အရာအားလုံး၏ ဇစ်မြစ်ဖြစ်သည်။

ဝူကျန်းဝူ၏ ခန္ဓာကိုယ်သည် ဗုန်းဟူသော မြည်သံနှင့်အတူ ရွက်တိုင်ပေါ်မှ ပြုတ်ကျသွားသည်။ သူက အသက်ထွက်လုနီးပါး လန့်ဖျပ်သွားသည်။ နင်ယန်သည်လည်း သူ့ထက် အများကြီး ပိုအခြေအနေမကောင်းပေ။ သူက တုန်ယင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ချောက်ချားမှုဖြင့် ပြည့်နှက်နေသည်။

ရွှံ့မြေခွေး၏ တည်ရှိမှုအကြောင်းကို သူတို့က မသိထားကြပေ။

ခေါင်းဆောင်၏ မျှော်လင့်မှုသည်သာ ဤအခိုက်အတန့်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ စူးစိုက်ကြည့်မှုအောက်မှာ မြစ်ပြင်ပေါ်မှ ရွှံ့မြေခွေးသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူက ဆွဲဆောင်မှုရှိသော ညှို့ဓာတ်ကို ထုတ်လွှတ်လျက် ကောင်းကင်နှင့် မြေပြင်ကြားမှာ မတ်တတ်ရပ်နေသည်။ သူ၏ ဖီးနစ်မျက်လုံးတစ်စုံသည် အားညိုကို လျစ်လျူရှုထားပြီး ရွှီချင်းကိုသာ ကြည့်နေသည်။

“ လူဆိုးလေး… မင်း ဘာလို့ မြန်မြန် ထွက်သွားရတာလဲ… မမကို နှုတ်တောင် မဆက်ဘဲ ထွက်သွားတော့မယ်ပေါ့ ”

“ မမကို မင်းမေ့သွားပြီလား ”

သိမ်မွေ့ညင်သာသော အသံသည် လောကထဲသို့ ပျံ့လွင့်သွားသည်။ ထိုအသံကြောင့် ဤနေရာမှ ဥပဒေသများနှင့် နိယာမများက အနောက်ဆုတ်သွားကြပြီး ပယ်ဖျက်ခံလိုက်ရဟန် ရသည်။ အချိန်နှင့်လေဟာနယ်သည်လည်း သက်ရောက်ခံလိုက်သည်။ ယင်းက ရာသီဥတုလေးမျိုးကို အရပ်မျက်နှာအဘက်ဘက်မှာ ဖြစ်ပေါ်လာစေသည်။ နေ၊ လနှင့် ကြယ်များသည်ပင် မြန်ဆန်စွာ လှည့်ပတ်သွားကြသည်။

နတ်ဘုရားမီးတောက်သည် သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

ယင်းက အရာအားလုံးကို ပုံပျက်တွန့်လိမ်သွားစေပြီး မိုးကောင်းကင်ကို ဒြပ်နှောများဖြင့် စွန်းထင်သွားစေသည်။

ရွှံ့မြေခွေးသည် နတ်ဘုရားတိုက်ပွဲတုန်းကထက် အများကြီး ပိုသန်မာလာကြောင်း ရှင်းလင်းသည်။

သိသာစွာပင် နီလာနတ်သမီး၏ အသွေးအသားက သူ့အတွက် အလွန်အရေးပါဟန် ရသည်။

ဤသည်ကိုမြင်သောအခါ ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး အမြန်ပြောသည်။

“ အမကြီး… တကယ်တော့ ငါ… ”

“ ကျောက်ကပ်လေး… နင့်ပါးစပ်ပိတ်ထားစမ်း… နင် စကားတစ်လုံး ထပ်ပြောရဲရင် နင့်ရဲ့ ကျောက်ကပ်နှစ်ခုစလုံးကို ငါထုတ်ပစ်မယ် ”

ရွှံ့မြေခွေးသည် ပြုံးလျက် ပြောသည်။ သူ၏ အသံထဲမှာ ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသည်။

ခေါင်းဆောင်သည် အနည်းငယ် ကြောက်လန့်သွားသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အမြန်ပါးစပ်ပိတ်လိုက်သည်။

ရွှီချင်းသည် တုံ့ဆိုင်းနေပြီးနောက် စကားပြောရန် ပြင်လိုက်သည်။ ထိုစဉ် ရွှံ့မြေခွေးက တခစ်ခစ်ရယ်မောလိုက်ပြီး ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

“ လူဆိုးလေး… လီဇီဟွား နတ်ဘုရားဖြစ်လာတုန်းက အနာဂတ်ကို သူမြင်ခဲ့တယ်… အတိတ်မှာ မမ နတ်ဘုရားဖြစ်လာတုန်းကလည်း အနာဂတ်ကို မြင်ခဲ့တယ်လို့ မင်းမထင်ဘူးလား ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။

သို့သော်လည်း ရွှံ့မြေခွေးသည် ဖြည်းညင်းစွာ ဝေဝါးသွားနေပြီး ဤလောကထဲမှ ပျောက်ကွယ်သွားနေသည်။ သူ၏ ကလူမြှူဆွယ်သော အသံသည်သာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

မကြာမီ နင်ယန်၏ ထိတ်လန့်မှုနှင့် ဝူကျန်းဝူ၏ ချောက်ချားမှုအောက်မှာ ခေါင်းဆောင်သည် တီးတိုးရေရွတ်လိုက်သည်။ ကြားခံနယ်ဖြစ်သော ရွှံ့တုံးများသည် စတင်ဝေဝါးလာသည်။ ထို့နောက် သင်္ဘောသည် တဝီဝီမြည်သံနှင့်အတူ မြစ်ပြင်ပေါ်မှ မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။ ယင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး သန့်စင်ရေလှိုင်းဒေသကြီးထဲသို့ ခြေချသွားကာ ဖုန်းဟိုင်ဒေသငယ်ဆီသို့ ဆက်လက် ဦးတည်သွားသည်။

သင်္ဘော၏ အထက်တွင် သန့်စင်ရေလှိုင်းဒေသကြီး၏ ကြယ်တာရာကောင်းကင်က ပိုပြီးရှင်းလင်းလာသည်။ အဝေးမှ ကောင်းကင်ပေါ်ရှိ ကြယ်ကလေးများသည် တလက်လက်တောက်ပနေပြီး ပန်းပွင့်များသဖွယ် ပျံ့နှံ့သွားနေသည်။ ဤအခိုက်အတန့်မှာ ကြယ်ပန်းပွင့်အစုအဝေးတစ်ခုပေါ်မှ ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်နှင့် ပေါင်းစပ်သွားနေသော သင်္ဘောပေါ်သို့ လျှောက်လှမ်းလာနေသည်။

ထိုသူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့မှာ ရှည်လျားသော အနက်ရောင်ဆံပင် ရှိသည်။

သူ၏ အကြည့်သည် ကြယ်များနှင့် ဆင်တူပြီး သူ၏ ခန္ဓာကိုယ်သည် ဓားတစ်ချောင်းပမာ ဖြောင့်တန်းသည်။ သူ၏ ဝိညာဉ်သည် ရေခဲနှင့် အလားသဏ္ဍာန်တူသည်။ ထိုသူက နဝမသားတော်မှလွဲ၍ တခြားလူမဟုတ်ပေ။

All Chapters