ဓားကိုင်တွေ ထွက်လာစမ်း(က)
Vol. 72 Ch. 1115
ဝမ်ကူးလောကသည် ကျယ်ပြောပြီး အဆုံးမဲ့သည်။ တောင်ပိုင်းမှ သန့်စင်ရေလှိုင်းဒေသကြီးသည် ဝမ်ကူးကုန်းမြေတစ်ခုလုံး၏ ထောင့်တစ်နေရာမျှသာ ဖြစ်သည်။ ယင်းက ဝမ်ကူးကုန်းမြေ၏ အဓိကအလယ်ပိုင်းထက် အများကြီး နိမ့်ကျပေသည်။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး မကျရောက်လာခင် ထိုဒေသကြီးသည် အတော်အသင့် နာမည်ကျော်ကြားပေသည်။ ယင်းက အစွန်အဖျားနေရာမှာ တည်ရှိသော်လည်း မြောက်ပိုင်းတွင် ကောင်းကင်ဝိညာဉ်ဒေသကြီးဖြင့် နယ်နိမိတ်ထိစပ်နေပြီး အနောက်ပိုင်းတွင် လပြည့်ဝန်းဒေသကြီး ရှိသည်။ ထို့ပြင် အနောက်မြောက်ပိုင်းတွင် ရွှမ်မီးတောက်ဒေသကြီးဆီသို့ ဦးတည်နေသော ရှေးဟောင်းကန္တာရတစ်ခု ရှိသည်။
သန့်စင်ရေလှိုင်းဒေသကြီး၏ အရှေ့တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် တားမြစ်ပင်လယ်က နယ်နိမိတ်ခြားထားသည်။ ဒေသကြီးသည် အလွန်ကျယ်ပြောပြီး သံယဇာတပစ္စည်းများနှင့် အရင်းအမြစ်များ ပေါကြွယ်ဝသည်။ ယင်းက အထွတ်အထိပ်အခြေအနေမှာ ရှိနေခဲ့စဉ်ကဆိုလျှင် လူသားမျိုးနွယ်၏ ထိပ်ဆုံးဒေသကြီးဆယ်ခုစာရင်းထဲမှာ ပါဝင်သည်။
သို့သော်လည်း နတ်ဘုရားမျက်နှာပျက်ကြီး ရောက်ရှိလာပြီးနောက် အရာအားလုံးက ပြောင်းလဲသွားသည်။ သန့်စင်ရေလှိုင်းဒေသကြီးနှင့် ထိစပ်နေသော အကန့်အသတ်မဲ့ တားမြစ်ပင်လယ်သည် ယခင်ကဲ့သို့ အထောက်အပံ့ကောင်းများ မပေးနိုင်တော့ပေ။ ယခု တားမြစ်ပင်လယ်ထဲမှာ ဒြပ်နှောများဖြင့် ပြည့်နှက်နေပြီး အန္တရာယ်များက နေရာတိုင်းမှာ ရှိသည်။
ထိုအတိုင်း ဆက်သွားနေသည်နှင့်အမျှ သန့်စင်ရေလှိုင်းဒေသကြီး၏ ဂုဏ်သတင်းထွန်းတောက်မှုသည် အလျှင်အမြန် မှေးမှိန်သွားခဲ့သည်။ ထို့ပြင် လူသားမျိုးနွယ်၏ အင်အားလျော့နည်းလာမှုနှင့် တော်ဝင်အင်ပါယာ၏ စည်းမျဉ်းဥပဒေသများ ပြောင်းလဲသွားမှုကြောင့် ၎င်းက တဖြည်းဖြည်း အင်အားဆုတ်ယုတ်သွားပြီး အတိတ်မှ သန့်စင်ရေလှိုင်းဒေသကြီး၏ အရိပ်တစ်ခုမျှသာ ကျန်ရှိတော့သည်။
လပြည့်ဝန်းဒေသကြီးသည် ယခု လပူဇော်ဒေသကြီးဖြစ်လာသည်။
ကောင်းကင်ဝိညာဉ်ဒေသကြီးသည်လည်း ကောင်းကင်နက်မျိုးနွယ်၏ ဝိညာဉ်နက်ဒေသကြီး ဖြစ်လာသည်။
ရွှမ်မီးတောက်ဒေသကြီးဆီသို့ ဦးတည်နေသော ရှေးဟောင်းကန္တာရသည်တော့ တားမြစ်နေရာတစ်ခု ဖြစ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ရွှမ်မီးတောက်ဒေသကြီးသည် လူသားမျိုးနွယ်ပိုင်ဆိုင်သော ဒေသကြီးတစ်ခု မဟုတ်တော့ပေ။ ယင်းက မီးလျှံလရွှမ်ကောင်းကင်မျိုးနွယ်၏ နယ်စပ်တစ်ခု ဖြစ်လာသည်။
ယင်းက ကျစ်လွီဆဲ့တိုင်းပြည် မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။ ကျစ်လွီဆဲ့တိုင်းပြည်၏ ထွက်ပေါ်လာမှုက ဤနိမ့်ကျသွားသော ဒေသကြီးကို တဖန်ပြန်ထွန်းတောက်လာစေသည်။ ၎င်းက ဝမ်ကူးကုန်းမြေမှ အသင်္ချေမျိုးနွယ်စုများကို နှလုံးတုန်သွားစေခဲ့သည်။
သို့သော်လည်း ကျစ်လွီဆဲ့တိုင်းပြည်၏ ထွန်းလင်းတောက်ပမှုသည် ကြာရှည်မတည်တံ့ခဲ့ပေ။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ သေဆုံးမှုသည် ယခင်က ဂုဏ်သတင်းအားလုံးကို မီးခိုးငွေ့အဖြစ် လွင့်ပြယ်သွားစေခဲ့သည်။
သတ္တမမင်းသားရောက်ရှိလာသည့်တိုင် ကောင်းကင်နက်မျိုးနွယ်က ဖိနှိပ်ခံလိုက်ရပြီး လက်ရှိမျိုးဆက်၏ သန့်စင်ရေလှိုင်းအမတ်ချုပ်ကြီးက လူသားမျိုးနွယ်လက်အောက်သို့ ပြန်ရောက်ရှိလာသည့်တိုင် ထိုအရာအားလုံးက သေးငယ်သော ဂယက်ထမှုမျှသာ ဖြစ်သည်။
ဝမ်ကူးကုန်းမြေတစ်ခုလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယင်းက ကြီးမားသော အရေးကိစ္စမဟုတ်ပေ။
ဤနေရာမှ ကိစ္စများသည် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို ဂယက်ထသွားစေရန် အရည်အချင်းမပြည့်မီပေ။
သို့ဖြစ်၍ အနာဂတ်မှာ သန့်စင်ရေလှိုင်းဒေသကြီးတွင် ယခင်က ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သော ကျစ်လွီဆဲ့တိုင်းပြည်ကဲ့သို့ အလင်းရောင်မျိုး ထွန်းလင်းတောက်ပလာလိမ့်မည်ဟု မည်သူမှ မသိထားကြချေ။
ဤအခိုက်အတန့်မှာ သန့်စင်ရေလှိုင်းဒေသကြီး၏ မြောက်ပိုင်းတွင် တစ်ခေတ်တစ်ခါက ကောင်းကင်ဝိညာဉ်ဒေသကြီးအဖြစ် အမည်တွင်ခဲ့သော ဝိညာဉ်နက်ဒေသကြီးထဲဝယ် စစ်ပွဲသည် အပြင်းအထန် ဖြစ်ပွားနေသည်။ ကောင်းကင်နှင့် မြေပြင်၏ ထွန်းလင်းတောက်ပမှုအောက်မှာ ကောင်းကင်နက်မျိုးနွယ်၏ ခံစစ်သည် တဖြည်းဖြည်း ပြိုကွဲပျက်စီးသွားနေကြောင်း မြင်နိုင်လိမ့်မည်။
ကောင်းကင်နက်မျိုးနွယ်ထဲမှာ ပညာရှင်ကျင့်ကြံသူအများအပြားရှိသော်လည်း သူတို့သည် အာရုဏ်ဦးနေမင်း၏ အလင်းရောင်အောက်မှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။ ထူးဆန်းသော ကျင့်ကြံသူများကြောင့် ကောင်းကင်နက်ဧကရာဇ်နှင့် မျိုးနွယ်ထဲမှ ပညာရှင်ကျင့်ကြံသူများတွင် တချို့သည် လုပ်ကြံခံခဲ့ရပြီး တချို့သည် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ကြသည်။
ထိုအခြေအနေအားလုံးက ကောင်းကင်နက်မျိုးနွယ်ကို ဆိုးဝါးသော အခြေအနေဆီသို့ တွန်းပို့လိုက်သည်။ အနီရောင်လပျောက်ကွယ်သွားသည့်အခိုက် အပြင်လူများသည် ထိုအကြောင်းကို သေသေချာချာ မသိထားကြဘဲ မှန်ကန်ကြောင်း စစ်ဆေးအတည်ပြုရန် အချိန်ယူရလိမ့်မည်။ သို့သော်လည်း ကောင်းကင်နက်မျိုးနွယ်မှ နတ်ဆရာအများစုသည် ယင်းကို ချက်ချင်း အာရုံခံမိခဲ့ကြသည်။
ထိုသို့နားလည်သွားခြင်းက အခြေအနေကို ပိုပြီးဆိုးဝါးသွားစေပြီး ကောင်းကင်နက်မျိုးနွယ်ကို စိတ်ပျက်အားငယ်သော အခြေအနေသို့ ကျရောက်သွားစေသည်။
ကောင်းကင်နက်မျိုးနွယ်၏ မထင်မှတ်ထားသော အားနည်းမှုများနှင့် နှိုင်းယှဉ်လျှင် လူသားမျိုးနွယ်ဘက်မှ အစပြုလိုက်သော စစ်ပွဲသည် ပိုပြီးပြင်းထန်လာသည်။ စစ်ပွဲတွင် ဘုရင်ထျန်းလန်ကိုယ်တိုင် ပါဝင်ခဲ့ရုံသာမက ကောင်းကင်နက်မျိုးနွယ်မှ ဒေသကြီးနှစ်ခု၏ အပြင်ဘက်တွင် တခြားကောင်းကင်ဘုရင်(၁၃)ပါးသည်လည်း လှုပ်ရှားခဲ့ကြသည်။
သူတို့က ကောင်းကင်နက်မျိုးနွယ်၏ ဒေသကြီးနှစ်ခုဆီသို့ ဦးတည်ရာ(၁၃)ခုထံမှ ကျူးကျော်ဝင်ရောက်လာကြသည်။
အထူးသဖြင့် ဘုရင်တုန်းထင်ဖြစ်သည်။ ဘုရင်တုန်းထင်သည် တတိယသမီးတော်၏ မယ်တော်ဘက်မှ ကလန်၏ ထောက်တိုင်တစ်ခု ဖြစ်သည်။ သူ၏ ခွန်အားသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူက စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး ကောင်းကင်နက်မျိုးနွယ်ပေါ်သို့ ကြီးမားစွာ ဖိအားပေးနိုင်ခဲ့ကာ လူသားမျိုးနွယ်အတွက် အကျိုးဆောင်ပေးနိုင်ခဲ့သည်။
ယင်းက ဘုရင်ထျန်းလန်အတွက် ဖိအားများစွာ ဖြစ်ပေါ်စေသည်။
သတ္တမမင်းသားကို ထောက်ပံ့ရန်အတွက် သူတို့ကလန်သည် လူသားဧကရာဇ်ထံမှ သဘောတူညီမှုရရန် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေထားရသည်။ ထိုတန်ဖိုးထဲမှ အခြေအနေတစ်ခုသည် သူက ဝိညာဉ်နက်ဒေသကြီး၏ ထက်ဝက်ကို အောင်မြင်စွာ သိမ်းပိုက်ရန် လိုအပ်သည်။
ထို့ကြောင့် ဘုရင်ထျန်းလန်သည် သန့်စင်ရေလှိုင်းဒေသကြီးသို့ ရောက်ရှိလာပြီးနောက် ဤဒေသကြီးအတွင်းမှာရှိသော ကျင့်ကြံသူအားလုံးကို စစ်ပွဲအတွက် ခေါ်ယူစုဆောင်းခဲ့ခြင်း ဖြစ်သည်။ သူ့အတွက် သန့်စင်ရေလှိုင်းဒေသကြီးထဲမှ ကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်းသည် အရေးမကြီးပေ။ အများဆုံး သူတို့က အနာဂတ်မှာ ပြန်လည်နာလန်ထူလာလိမ့်မည်။
လက်ရှိအချိန်မှာ သူ့အတွက် အရေးကြီးဆုံးသည် ဤစစ်ပွဲကို အနိုင်ရရန်ဖြစ်သည်။ သို့မှသာ သတ္တမမင်းသားက ဤသန့်စင်ရေလှိုင်းဒေသကြီးကို သူ၏ နောက်ခံအင်အားစုတစ်ခုအဖြစ် အမှန်တကယ် ပြောင်းလဲပစ်နိုင်လိမ့်မည်။
အကယ်၍ သူက ဝိညာဉ်နက်ဒေသကြီး၏ ထက်ဝက်ကို သိမ်းပိုက်ချင်သည်ဆိုလျှင် သူခေါ်ဆောင်လာသော လက်အောက်ငယ်သားများဖြင့် မလုံလောက်ပေ။ သူက တားမြစ်အင်မော်တယ်အတတ်ပညာတစ်ခုကိုပင် အသုံးပြုရန် လိုအပ်လိမ့်မည်။
ထိုအတတ်ပညာကို အသုံးပြုရန်အတွက် သက်ရှိအားလုံး၏ သွေးများနှင့် ဝိညာဉ်များကို လိုအပ်သည်။
သို့ဖြစ်၍ သတ္တမမင်းသားသည် စစ်မှုထမ်းဆင့်ခေါ်စာကို အကြိမ်ကြိမ် ထုတ်ပြန်ခဲ့သည်။ ဒေသကြီးတစ်ခုလုံးတွင် စစ်သည်တော်များကို အတင်းအဓမ္မ လိုက်လံစုဆောင်းနေသော သတ္တမမင်းသား၏ တပ်စုများပင် ရှိသည်။
အကယ်၍ သူတို့က အမိန့်မနာခံဘူးဆိုလျှင် သတ္တမမင်းသားထံသို့ တိုင်ကြားခံရလိမ့်မည်။ သတ္တမမင်းသားသည် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို တာဝန်ယူထားရသောကြောင့် အမိန့်မနာခံသော လူများကို သုတ်သင်ရှင်းလင်းရန် အစောင့်အကြပ်များကိုပင် စီစဉ်ထားသည်။
စစ်ပွဲဖြစ်နေသည်မှာ နှစ်ဝက်ကြာမြင့်သွားပြီ ဖြစ်သည်။
သန့်စင်ရေလှိုင်းဒေသကြီးထဲမှ အသင်္ချေမျိုးနွယ်စုများသည်ပင် ကောင်းကင်နက်မျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်သော ဤစစ်ပွဲအတွင်းမှာ သူတို့၏ အသက်များကို စတေးရလိမ့်မည်။ စစ်မှုထမ်းရန် ဆင့်ခေါ်မှုထဲမှာ ဖုန်းဟိုင်ဒေသငယ်လည်း အပါအဝင်ဖြစ်သည်။
တရားမျှတမှုဟူသော ခေါင်းစဉ်အောက်တွင် ကောင်းကင်ဘုရင်၏ အမိန့်အာဏာဖြင့် ရင်ဆိုင်ရသောအခါ ဖုန်းဟိုင်ဒေသငယ်သည် အမိန့်မနာခံဘဲ မနေဝံ့ပေ။ ဘုရင်ထျန်းလန်သည် သူ၏ လက်ရွေးစင်စစ်သည်တော်များကို ထိန်းသိမ်းထားပြီး တားမြစ်အင်မော်တယ်အတတ်ပညာကို အသုံးပြုရန်အတွက် သူတို့၏ အသွေးအသားများကို အသုံးပြုနေခြင်းဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။ သို့သော်လည်း သူတို့မှာ ခုခံတားဆီးရန် အင်အားမဲ့နေကြသည်။
ဤနှစ်ဝက်အတွင်းမှာ ဖုန်းဟိုင်ဒေသငယ်သည် ကျင့်ကြံသူအသုတ်ငါးသုတ်ကို စစ်မြေပြင်ဆီသို့ စေလွှတ်ထားခဲ့ပြီးပြီ ဖြစ်သည်။
ပဉ္စမအသုတ်တွင် ကျင့်ကြံသူတစ်ဝက်သည် ဓားကိုင်များဖြစ်ကြသည်။
ဖုန်းဟိုင်ဒေသငယ်သည်တော့ သူတို့သည် မကြာသေးခင်ကမှ ကြီးမားသော စစ်ပွဲတစ်ပွဲကို တွေ့ကြုံခဲ့ရသည်။ လက်ရှိအချိန်သည် သူတို့အတွက် ပြန်လည်နာလန်ထူနေသောအချိန် ဖြစ်သည်။ ဂိုဏ်းတော်အများအပြားနှင့် မျိုးနွယ်စုအများအပြားသည် ဘက်ကူးပြောင်းရန် ရွေးချယ်ခဲ့ကြပြီး သတ္တမမင်းသားဘက်သို့ ပူးပေါင်းသွားကြသည်။
ဖုန်းဟိုင်ဒေသငယ်မှာလည်း ဆဌမအသုတ်ကို စေလွှတ်ရန် အင်အားအလုံအလောက် မရှိတော့ပေ။ သူတို့က ကျန်ရှိသော ဓားကိုင်များနှင့် ဂိုဏ်းတော်အမျိုးမျိုးမှ မျိုးစေ့များကိုသာ စေလွှတ်ရလိမ့်မည်။
သို့သော်လည်း အကယ်၍ သူတို့ကို စေလွှတ်လိုက်မည်ဆိုလျှင် ဖုန်းဟိုင်ဒေသငယ်မှာ အနာဂတ်ရှိတော့မည်မဟုတ်ပေ။
သို့သော်လည်း နှစ်ဖက်ကြားမှ အဆင့်အတန်းနှင့် ခွန်အားကွာခြားမှုကြောင့် ဖုန်းဟိုင်ဒေသငယ်သည် အညံ့ခံရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။ ဤအခိုက်အတန့်မှာ သတ္တမမင်းသားထံမှ စစ်မှုထမ်းဆင့်ခေါ်စာကို သယ်ဆောင်ထားသော ကျင့်ကြံသူအုပ်စုတစ်စုသည် ဖုန်းဟိုင်ဒေသငယ်၏ အပြင်ဘက်မှာ ရောက်ရှိနေကြသည်။
သူတို့သည် စုစုပေါင်း အရေအတွက်တစ်သောင်းခန့်ရှိပြီး အုပ်စုနှစ်စု ခွဲခြားထားသည်။ အုပ်စုတစ်စုသည် အရှေ့ဆုံးမှာရှိပြီး ရွှေရောင်ဓားများအား ဇာပန်းထိုးထားသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားကြသည်။ ယခု သူတို့က ကောင်းကင်ပေါ်မှာ ပျံသန်းနေကြသည်။
ထိုအုပ်စုထဲမှ ထက်ဝက်ကျော်သည် လူသားမျိုးနွယ်များဖြစ်ကြသည်။ သူတို့ထဲတွင် မျိုးနွယ်ခြားများလည်း ရှိကြသည်။ သူတို့အားလုံးသည် ဖုန်းဟိုင်ဒေသငယ်ထဲမှ မျိုးနွယ်စုများနှင့် ဂိုဏ်းတော်များထံမှ ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် ဘက်ပြောင်းရန် ရွေးချယ်ခဲ့ကြပြီး သတ္တမမင်းသား၏ လက်အောက်ထဲသို့ ခိုဝင်သွားပြီးနောက် သူတို့၏ သရုပ်သည်လည်း ပြောင်းလဲသွားကြသည်။ ယခု သူတို့သည် သတ္တမမင်းသား၏ အမိန့်အောက်မှာ သံတမန်အမတ်များ ဖြစ်လာကြပြီး စစ်သည်တော်များကို အတင်းအဓမ္မ စုဆောင်းရန် ဤနေရာသို့ စေလွှတ်ခံထားရကြသည်။
ဤအခိုက်အတန့်မှာ သူတို့၏ မျက်နှာပေါ်တွင် စိတ်အေးသော အမူအရာရှိသည်။ သူတို့သည် အပူအပင်ကင်းမဲ့စွာ စကားပြောနိုင်ကြသည်။ သူတို့အများစုသည် ဖုန်းဟိုင်ဒေသငယ်ဆီသို့ အထင်သေးရှုံ့ချစွာ ကြည့်နေကြသည်။ တချို့လူများဆိုလျှင် သူတို့၏ နှုတ်ခမ်းပေါ်မှာ သရော်လှောင်ပြောင်သော အပြုံးပင် ရှိသည်။