← Chapters

ဓားကိုင်တွေ ထွက်လာစမ်း(ခ)

Vol. 72 Ch. 1116

ဓားကိုင်တွေ ထွက်လာစမ်း(ခ)

Vol. 72 Ch. 1116

သူတို့အနောက်တွင် သွေးနီရောင်စစ်ချပ်ဝတ်နှင့် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော စစ်သည်တော်ကျင့်ကြံသူတစ်ထောင်ခန့် ရှိသည်။ သူတို့အားလုံး၏ အမူအရာသည် အေးစက်နေပြီး မထူးမခြားနားပုံစံ ရှိကြသည်။ သူတို့လျှောက်သွားသည့်နေရာတိုင်း သွေးနီရောင်တိမ်တိုက်တစ်ခုက အောက်သို့ ဖိကျလာသည့်အလား ခံစားရစေလိမ့်မည်။ သူတို့သည် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ရွေ့လျားသွားနေကြသည်။

သူတို့သည် သန့်စင်ရေလှိုင်းဒေသကြီးမှ ကျင့်ကြံသူများ မဟုတ်ကြပေ။ ယင်းအစား နန်းမြို့တော်မှ ဖြစ်သည်။ သူတို့သည် အတိတ်တွင် သတ္တမမင်းသားနှင့်အတူ လိုက်ပါလာကြသော အစောင့်အကြပ်များ ဖြစ်ကြသည်။

သူတို့တစ်ယောက်စီသည် စစ်ချပ်ဝတ်တပ်ဆင်ထားသော အနက်ရောင်မြေဖွတ်ကို စီးနင်းထားကြသည်။ သူတို့က ဒေသငယ်မြို့တော်ဆီသို့ နီးကပ်လာသည်နှင့်အမျှ လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့် အဖျက်အဆီးစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်ကြသည်။

ထိုကျင့်ကြံသူတစ်သောင်းကြားတွင် မြင့်မားသော အမိုးခုံးတစ်ခုရှိသည်။ အမိုးခုံး၏ အောက်တွင် အဖြူရောင်ဆင်ပျံတစ်ကောင်က ထင်သာမြင်သာစွာ တည်ရှိနေသည်။

အဖြူရောင်ဆင်ပျံပေါ်တွင် ထိုင်နေသူမှာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ဖြစ်သည်။ သူ၏ အသွင်ပုံစံသည် သာမန်မျှသာဖြစ်သော်လည်း မျက်လုံးမှိတ်ချည်ဖွင့်ချည် ပြုလုပ်သည့်အခါတိုင်း အေးစက်စက် အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာလိမ့်မည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ပုံရိပ်ဆယ်ယောက်ကျော် ရှိသည်။ သူတို့တစ်ယောက်စီသည် ကြောက်မက်ဖွယ်ကောင်းသော ဗလာနတ္ထိစွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလေရာ ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်တိုက်များ ထွက်ပေါ်လာကြသည်။ သူတို့က အရှေ့သို့ ရွေ့လျားသွားနေသည်နှင့်အမျှ ထိုအနက်ရောင်တိမ်တိုက်များက အတူလိုက်ပါလာလိမ့်မည်။

အဖြူရောင်ဆင်ပျံ၏ ဘေးတွင် အဖိုးအိုတစ်ယောက် ရှိသည်။

ထိုအဖိုးအို၏ မျက်နှာပေါ်မှာ အရေအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးထဲတွင် တလက်လက်တောက်ပသော ကြယ်များနှင့် ဆင်တူသည့် အမှတ်အသားများရှိသည်။ သူက ဘေးမှ လိုက်ပါလာနေစဉ် အဝေးမှ ရှေးဘုရင်ရွှမ်ယုံရုပ်တု၏ သယ်ဆောင်ခံထားရသော ဒေသငယ်မြို့တော်ကို ကြည့်လိုက်သည်။ နာကြည်းမုန်းတီးမှုနှင့် ခံပြင်းဒေါသထွက်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ ရွှယ်လျန်ဇီ…ကျန်းကိုင်ရီ ပြီးတော့ ခွေးမသားရွှီချင်း ”

အဖိုးအိုသည် အံတင်းတင်းကြိတ်လိုက်သည်။ အမုန်းတရားမီးတောက်က သူ၏ နှလုံးသားထဲမှာ အပြင်းအထန် လောင်မြိုက်နေသည်။

အဖြူရောင်ဆင်ပျံပေါ်မှ သက်လတ်ပိုင်းအမျိုးသားသည် အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

“ တိမ်လွှား… ဒီနေရာမှာ မင်းရဲ့ မိတ်ဆွေဟောင်းတွေရှိတယ်မဟုတ်လား ”

ဤသည်ကို အဖိုးအိုကြားသောအခါ သူက ချက်ချင်း ရိုသေစွာ ဦးညွတ်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။

“ တပ်မှူးချုပ်… ခဏနေကျရင် ကျုပ်ရဲ့ မိတ်ဆွေဟောင်းတွေကို ဖမ်းဆီးဖို့ ကျုပ်ကို ခွင့်ပြုပေးပါ ”

သူက မိတ်ဆွေဟောင်းဟူသော စကားလုံးကို ပြောသည့်အခါ အံတင်းတင်းကြိတ်လိုက်သည်။

ဤသည်ကို ကြားသောအခါ သက်လတ်ပိုင်းအမျိုးသားသည် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ထိုအဖိုးအိုသည် အင်ပါယာကြယ်၏ အဖိုး၊ ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ထဲမှ တိမ်လွှားဂိုဏ်း၏ ဘိုးဘေးမှလွဲ၍ တခြားလူမဟုတ်ပေ။

အတိတ်တွင် သူသည် အင်ပါယာကြယ်ကြောင့် နှစ်ခြောက်ဆယ်ကြာ အကျဉ်းချခံရရန် အပြစ်ပေးခံခဲ့ရသည်။ သို့သော်လည်း ဘုရင်ထျန်းလန်၏ ရောက်ရှိလာမှုကြောင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်ခေါင်းဆောင်သည် ဖုန်းဟိုင်ဒေသငယ်အပေါ် သစ္စာမဖောက်မီ သူ့ကို ပြန်လွှတ်ပေးခဲ့သည်။ အရာအားလုံးကို သိရှိပြီးနောက် တိမ်လွှားဘိုးဘေးသည် သတ္တမမင်းသားဘက်သို့ ကူးပြောင်းရန် ရွေးချယ်ခဲ့သည်။

သူက တပ်မှူးချုပ်နှင့်အတူ ဤနေရာသို့ လိုက်ပါခွင့်ရရန် အများကြီး ကြိုးစားအားထုတ်ခဲ့ရသည်။

ဖုန်းဟိုင်ဒေသငယ်၏ ခုခံကာကွယ်မှုနှင့်ပတ်သက်ပြီး သူမစိုးရိမ်ပေ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရ ခုခံခြင်းသည် ၎င်း၏ သေဆုံးခြင်းကို ပိုပြီးအရှိန်မြန်စေလိမ့်မည်။

အမှန်မှာ သူက ဖုန်းဟိုင်ဒေသငယ်၏ ခုခံမှုကို မျှော်လင့်နေခြင်း ဖြစ်သည်။

အကယ်၍ သူတို့က ခုခံမည်ဆိုလျှင် သေချာပေါက် သေဆုံးရလိမ့်မည်။ အကယ်၍ သူတို့က မခုခံလျှင်ပင် နောက်ဆုံးမှာ သူတို့ကို စောင့်ဆိုင်းနေမည့်အရာသည် သေခြင်းတရားသာ ဖြစ်သည်။

‘ သနားစရာကောင်းတဲ့ ငါ့မြေးလေး… ငါ့မြေးမှာ ရှေးဘုရင်တစ်ပါးဖြစ်လာဖို့ အရည်အချင်းရှိတာ ရှင်းလင်းတယ်… ဒါပေမဲ့ ဟိုခွေးမသားရွှီချင်းက ငါ့မြေးရဲ့ ပါရမီကို မနာလိုဖြစ်ပြီး သူ့ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တယ် ’

‘ ပြီးတော့ ငါ့သားက ရုပ်ပျက်ဆင်းပျက် သေဆုံးရတာ ကျန်းကိုင်ရီကြောင့် ’

‘ ဒီကိစ္စအားလုံးရဲ့ အဓိကလက်သည်က ရွှယ်လျန်ဇီပဲ ’

‘ မင်းတို့ တစ်မျိုးလုံးတစ်ဆွေလုံး သေရမယ် ’

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် တိမ်လွှားဘိုးဘေး၏ မျက်လုံးထဲမှာ အတော်လေး သိပ်သည်းသည်။ သူက သူ့အရှေ့မှ ဖုန်းဟိုင်ဒေသငယ်မြို့တော်ကို စိုက်ကြည့်နေရင်း ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်ပေါ်မှ အနက်ရောင်တိုက်တိမ်များသည် သူ၏ အတွးတစ်ချက်နှင့်အတူ ပရမ်းပတာ လှုပ်ရှားသွားကြသည်။ ယင်းတို့က ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားမည့် မိုးကြိုးသွားများကို ထုတ်လွှတ်လိုက်ပြီး ဧရာမမိုးကြိုးနဂါးတစ်ကောင်သို့ စုစည်းသွားသည်။ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ မိုးကြိုးနဂါးသည် ဖုန်းဟိုင်ဒေသငယ်မြို့တော်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

၎င်းက မြို့တော်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲချင်နေဟန် ရသည်။

ချက်ချင်းပင် မိုးကြိုးနဂါးသည် ဒေသငယ်မြို့တော်၏ ကောင်းကင်ထက်သို့ ရောက်ရှိသွားသည်။ ၎င်းက မြေပြင်ပေါ်သို့ ဆင်းသက်လာတော့မည့်အချိန် ပုံရိပ်တစ်ခုသည် မိုးကြိုးနဂါး၏ အရှေ့မှာ ထွက်ပေါ်လာပြီး ဖိချလိုက်သည်။

မိုးကြိုးနဂါးသည် တားဆီးခံလိုက်ရသည်။ ၎င်းက မည်မျှရုန်းကန်ပါစေ အချည်းနှီးသာ ဖြစ်၏။ နောက်ဆုံးမှာတော့ မိုးကြိုးနဂါးသည် ပေါက်ကွဲထွက်သွားပြီး စက်ဝိုင်းခြမ်းသဏ္ဍာန် လျှပ်စီးမိုးစက်များအဖြစ် ပြောင်းလဲသွားကာ ဖုန်းဟိုင်ဒေသငယ်ကို လွှမ်းခြုံသွားသည်။

ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး နှုတ်ဆိတ်သွားသည်။ သေမျိုးအားလုံးသည် အိမ်ထဲမှာသာ နေရန် အမိန့်ရထားကြပြီး အပြင်သို့ မထွက်လာကြချေ။

ရုံးတော်သုံးခုမှ ကျင့်ကြံသူများနှင့် ဂိုဏ်းတော်အသီးသီးမှ လက်ရွေးစင်များသည်သာ ကောင်းကင်ယံသို့ ဒေါသတကြီး ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် ဖုန်းဟိုင်ဒေသငယ်နှင့်အတူ ရှင်သန်ရန် သေဆုံးရန် ဆန္ဒရှိကြသူများ ဖြစ်သည်။

သူတို့ထဲမှာ ယောင်ယွင်ဟွေ့၊ လီရှစ်ထောင်၊ ချီယွဲ့ထုံဂိုဏ်းတပည့်များနှင့် ရွှီချင်းသိကျွမ်းသော လူအများအပြား ပါဝင်ကြသည်။

သို့သော်လည်း သူ၏ တတိယစီနီယာအကိုနှင့် ခုန်းရှန်လုံကိုတော့ မမြင်ရပေ။

စစ်တပ်က ဖိနှိပ်ချုပ်ချယ်သော အရှိန်အဟုန်နှင့်အတူ ရောက်ရှိလာသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်မှ အနက်ရောင်တိမ်တိုက်များသည် ပိုပြီးပြင်းထန်စွာ လှုပ်ရှားထကြွလာသည်။ ထိုတိမ်တိုက်များနှင့် နှိုင်းယှဉ်လျှင် ဖုန်းဟိုင်ဒေသငယ်သည် မုန်တိုင်းကြားထဲမှာ အချိန်မရွေး လှေမှောက်သွားနိုင်သော အထီးကျန်လှေငယ်တစ်စင်းနှင့် တူညီပေသည်။

စစ်တပ်ထဲတွင် အဖြူရောင်ဆင်ပျံပေါ်မှ သက်လတ်ပိုင်းအမျိုးသားသည် သမ်းဝေလိုက်ပြီး သာမန်ကာလျှံကာ ပြောသည်။

“ ဖုန်းဟိုင်ဒေသငယ်ရဲ့ အခြေခံအုတ်မြစ်က ဘယ်လောက်နက်ရှိုင်းလဲဆိုတာ မင်းတို့ အသိဆုံးပါ… စစ်သည်တော်စုဆောင်းဖို့ အချိန်ဆယ့်ငါးမိနစ်ရမယ်… မြန်မြန်ပြီးအောင် ဆောင်ရွက်ကြပါ… ငါ့မှာ နောက်ထပ်တစ်နေရာသွားဖို့ ရှိသေးတယ် ”

ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းအမျိုးသားသည် ရှေးခေတ်စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး စတင်ဖတ်လိုက်သည်။ ဤသည်မှာ သူက နောက်ဆက်ဖြစ်လာမည့်အရာကို လုံးဝစိတ်မဝင်စားသည့်အလားပင်။

သူ၏ ဘေးနားမှ တပ်သားများနှင့် စစ်သည်တော်ကျင့်ကြံသူများသည် ဖုန်းဟိုင်ဒေသငယ်သို့ အေးတိအေးစက် ကြည့်လိုက်ကြသည်။

ဖုန်းဟိုင်ဒေသငယ်မှ ဘက်ကူးပြောင်းလာကြသော အရှေ့ဆုံးမှ ကျင့်ကြံသူများသည် အားမာန်တတ်ကြွစွာ‌ အော်ဟစ်လိုက်ကြသည်။ သူတို့ထဲမှာ တိမ်လွှားဘိုးဘေးလည်း အပါအဝင်ဖြစ်သည်။

သူက မိုးကြိုးနဂါးအား ဖျက်ဆီးပစ်လိုက်သော ပုဂ္ဂိုလ်ကို သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ကြည့်လိုက်သည်။

“ ကျန်းကိုင်ရီ ”

လေထဲမှ အဖိုးအိုသည် သတ္တမသခင်ကြီးမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက စစ်တပ်ကို တည်ကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်လေရာ သူ၏ လက်ဖဝါးပေါ်မှ လျှပ်စီးစက်ဝိုင်းခြမ်းသည် လွင့်ပြယ်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ အနောက်တွင် ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ပထမဆုံး ထွက်ပေါ်လာသူမှာ အမတ်ယောင်ဖြစ်သည်။ ထို့နောက် ရုံးတော်သခင်သုံးပါးနှင့် ရုံးတော်အသီးသီးမှ စီမံခန့်ခွဲရေးမှူးများ ထွက်ပေါ်လာကြသည်။ ဂိုဏ်းတော်အသီးသီးမှ ပညာရှင်ကျင့်ကြံသူများပင် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် ဗလာနတ္ထိအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ရွှယ်လျန်ဇီ၊ ယန်ယန်၏ အဖွားနှင့် ဂိုဏ်းရှစ်ဂိုဏ်းမဟာမိတ်မှ ဂိုဏ်းခေါင်းဆောင်သုံးယောက်လည်း ဤနေရာမှာ ရှိနေကြသည်။

သူတို့အားလုံးဆီမှာ တည်ကြည်လေးနက်သော အမူအရာ ရှိကြသည်။

ရွှီချင်းမထွက်သွားခင်ကနှင့် နှိုင်းယှဉ်လျှင် ယခု ထွက်ပေါ်လာသူများသည် အတော်လေး နည်းပါးသွားကြသည်။

ယခုထွက်ပေါ်လာသော သူများသည် ဘက်မပြောင်းသွားသူများနှင့် တိုက်ပွဲမှာ မသေဆုံးခဲ့သူများ ဖြစ်ကြသည်။

လူအုပ်ထဲတွင် အမျိုးသမီးတစ်ယောက်လည်း ရှိသည်။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားလေရာ ကောင်းကင်ပေါ်တွင် ဖူးသစ်စ အနီရောင်ပန်းတစ်ပွင့်နှယ် အောက်မေ့ရသည်။ သူ၏ အသွင်ပုံစံသည် ပြစ်ချက်မရှိအောင် လှပသည်။ ထိုအမျိုးသမီးသည် နတ်မိမယ်ကျစ်ရွှမ်းမှလွဲ၍ တခြားလူမဟုတ်ပေ။

သူက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေလေရာ အလွန်ထင်သာမြင်သာသည်။ ထို့ပြင် သူ၏ တည်နေရာမှတဆင့် သူ၏ အဆင့်အတန်းက တခြားလူများနှင့် ခြားနားပြီး ပိုပြီးမြင့်မားကြောင်း ထင်ရှားပေသည်။

သို့သော်လည်း ယခု သူက မျက်မှောင်ကြုတ်ထားလေရာ စိတ်မရွှင်မလန်းဖြစ်နေပုံပေါ်သည်။ သူက တိမ်လွှားဘိုးဘေးနှင့် သူ့အနောက်မှ စစ်တပ်ကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး နှုတ်ဆိတ်သွားသည်။

စစ်တပ်၏ ရောက်ရှိလာမှုသည် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေပြီး ဖုန်းဟိုင်ဒေသငယ်ထဲမှ လူတိုင်းပေါ်သို့ လွှမ်းခြုံသွားသည်။ ဤသည်မှာ သူတို့က သူတို့၏ စစ်သည်တော်များကို မစေလွှတ်ချင်၍ မဟုတ်ပေ။ ယင်းအစား ဖုန်းဟိုင်ဒေသငယ်က သူတို့၏ အကန့်အသတ်ပမာဏသို့ ရောက်ရှိသွားသောကြောင့် ဖြစသည်။

All Chapters