လေညင်းက သယ်ဆောင်လာသော နွေဦးအနှစ်သာရ
Vol. 72 Ch. 1118
ထိုစကားလုံးခြောက်လုံးသည် ဓားကိုင်အများအပြား၏ အသံနှင့် ရောထွေးနေသော်လည်း ရွှီချင်းဟူသော နာမည်သည် အလွန်ထူးဆန်းသော အဓိပ္ပာယ်ပါဝင်သည်။
ဖုန်းဟိုင်ဒေသငယ်အတွက် အထူးသဖြင့် ဓားကိုင်များအတွက် ရွှီချင်းဟူသော နာမည်၏ အဓိပ္ပာယ်သည် အလွန်ကြီးမားသည်။
စစ်ပွဲအတွင်းမှာ သူတို့သည် သေဖော်သေဖက် အတူတူ တိုက်ခိုက်ခဲ့ကြသူများဖြစ်ပြီး စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ကြုံခဲ့ကြသူများ ဖြစ်သည်။
ရွှီချင်းသည် ယခင်က သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဖုန်းဟိုင်ဒေသငယ်၏ နောက်တတ်မည့် ဒေသအကြီးအကဲဖြစ်သည်။
သေမျိုးများသည်ပင် သူ့နာမည်ကို မမေ့နိုင်ကြပေ။
သို့ဖြစ်၍ ချက်ချင်းဆိုသလို ခံပြင်းဒေါသထွက်နေသော ဓားကိုင်အားလုံးသည် တုန်လှုပ်သွားကြသည်။
ထိုလူက တံခါးပိတ်ကျင့်ကြံနေခြင်းမှ ထွက်လာပြီဖြစ်ကြောင်း ယခု သူတို့သိလိုက်ကြသည်။
ဤအခိုက်အတန့်မှာ သူတို့က ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြသည်။ စိတ်လှုပ်ရှားမှုက သူတို့၏ အမူအရာပေါ်မှာ ထွက်ပေါ်လာသည်။ သူတို့က သူတို့၏ မှတ်ဉာဏ်များထဲမှ ထိုပုံရိပ်ကို ရှာဖွေချင်ကြသည်။
ဓားကိုင်များသာ မဟုတ်ပေ။ တခြားရုံးတော်နှစ်ခုမှ ကျင့်ကြံသူများသည်လည်း ထို့အတူပင်။ ဖုန်းဟိုင်ဒေသငယ်၏ ဂိုဏ်းတော်အသီးသီးမှ လက်ရွေးစင်ကျင့်ကြံသူအများစုသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရွှီချင်းကို တစ်ခါမှ မမြင်ဖူးသော လူများသည်ပင် ဖုန်းဟိုင်ဒေသငယ်၌ ထိုနာမည်၏ ကြီးမြတ်ပုံကို နားလည်ထားကြသည်။
ရုံးတော်သခင်သုံးပါး၊ အမတ်ယောင်နှင့် ကောင်းကင်ပေါ်မှ တခြားလူများ၏ အမူအရာသည်လည်း ပြောင်းလဲသွားကြသည်။
ထိုနာမည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဒေသငယ်မြို့တော်ထဲမှ မရေမတွက်နိုင်သော လူများသည် နှလုံးတုန်သွားကြသည်။ တစ်ချိန်တည်းမှာ ပိုပြီးကြီးကျယ်မြင့်မြတ်သော ဝဲကတော့တစ်ခုက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ထိုဝဲကတော့သည် အလွန်အမင်း ကြီးမားပြီး ကောင်းကင်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားသည်။
ဝဲကတော့က မြည်ဟိန်းသွားသည့်အခါ လျှပ်စီးသည် အရပ်မျက်နှာအဘက်ဘက်သို့ ပေါက်ကွဲထွက်သွားသည်။ ယင်းက ကောင်းကင်၏ အရောင်ကိုပင် ပြောင်းလဲသွားစေသည်။ ကြမ်းတမ်းသော လေပြင်းသည် မိုးကုပ်စက်ဝိုင်းမှ တိုက်ခတ်လာပြီး အဝေးတစ်နေရာတွင် စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားကာ မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။
ဆူညံသံများက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည့်အခါ ဧရာမသင်္ဘောတစ်စင်းသည် ကောင်းကင်ပေါ်ရှိ ဝဲကတော့ထဲမှ ခုန်ထွက်လာသည်။
ထိုသင်္ဘောသည် အနက်ရောင်ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ အနက်ရောင်မြူခိုးသည် လက်တံများသဖွယ် ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့ပွားသွားသည်။ အဝေးမှကြည့်လျှင် ယင်းတို့က အတောင်ပံများနှင့် ဆင်တူသည်။
သင်္ဘော၏ ဦးခေါင်းပိုင်းတွင် အပြင်ဘက်သို့ ငေါထွက်နေသော နဂါးဦးခေါင်းကို ထွင်းထုထားသည်။ ထိုနဂါးသည် ရက်စက်ကြမ်းကြုတ်ပြီး ကြီးကျယ်မြင့်မြတ်ပုံပေါ်သည်။ လက်သည်းခြောက်ခုကိုလည်း ၎င်း၏ ခန္ဓာကိုယ်နားတွင် ထွင်းထုထားသည်။ ၎င်းက တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်နေလေရာ ၎င်းအား မြင်လိုက်ရသူတိုင်းကို ချောက်ချားသွားစေလိမ့်မည်။
သင်္ဘောပေါ်တွင် မြင့်မြင့်လွှင့်ထူထားသော ရွက်ဖျင်ပေါ်မှာ နာမည်တစ်ခုကို စာလုံးကြီးများဖြင့် ရေးသားထားသည်။
“ ဂျိကန် ”
အပြင်လူများသည် ထိုနာမည်၏ အဓိပ္ပာယ်ကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ထိုနာမည်ကို လွှမ်းမိုးဖိနှိပ်သော အသွင်ပုံစံဖြင့် ရေးသားထားကြောင်း မည်သူမဆို အာရုံခံနိုင်ကြလိမ့်မည်။ အမှန်မှာ အိမ်ရှေ့စံမင်းသားက ထိုသင်္ဘောကို ရွှီချင်းအား ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနာမည်သည် သူ၏ နာမည်ဖြစ်ပြီး ရွက်ဖျင်ပေါ်မှာ သူကိုယ်တိုင် ရေးသားခဲ့ခြင်း ဖြစ်သည်။
သင်္ဘောထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးခြိမ်းသံသည် ထစ်ချုန်းသွားသည်။ သတ္တမမင်းသားဘက်မှ စစ်သည်တော်များ၏ အမူအရာသည် ပြောင်းလဲသွားကြသည်။ အဖြူရောင်ဆင်ပျံပေါ်မှ သက်လတ်ပိုင်းအမျိုးသားသည် သူ၏ လက်ထဲမှ ရှေးခေတ်စာအုပ်ကို ချက်ချင်း အောက်ချလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။
အရှေ့ဆုံးမှာရှိသော တိမ်လွှားဘိုးဘေးသည်တော့ ချောက်ချားသွားသည်။
သို့သော်လည်း သူမတုံ့ပြန်နိုင်ခင် ဧရာမသင်္ဘောသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာပြီး သူ့ဆီသို့ ကမ္ဘာတုန်လှုပ်သွားစေမည့် အရှိန်အဟုန်နှင့်အတူ ဦးတည်လာနေသည်။
သူက မတိမ်းရှောင်နိုင်သလို မခုခံနိုင်ပေ။
ထိုသင်္ဘောကို အိမ်ရှေ့စံမင်းသားက ပြုလုပ်ဖန်တီးပေးထားလေရာ ၎င်းက အံ့ဖွယ်ကောင်းသော အဆင့်တစ်ခုထိ ရောက်ရှိနေပြီး စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သော အလျင်ကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သင်္ဘောက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသောကြောင့် အရာအားလုံးက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသည်။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ ထိုဧရာမသင်္ဘောသည် လောကကို ဝါးမျိုဖျက်ဆီးမည့် အရှိန်အဝါနှင့်အတူ တိမ်လွှားဘိုးဘေးဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
လွန်ခဲ့သော တစ်စက္ကန့်က သင်္ဘောသည် ကောင်းကင်ပေါ်မှာ ရှိသည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာ ၎င်းက တိမ်လွှားဘိုးဘေး၏ အရှေ့သို့ တိုက်ရိုက် ရောက်ချလာပြီး အကြမ်းပတမ်း ဝင်ဆောင့်လိုက်သည်။
တိမ်လွှားဘိုးဘေး၏ ကျင့်ကြံခြင်းအဆင့်က ဗလာနတ္ထိပထမအဆင့်ဖြစ်သော်လည်း ဤအခိုက်အတန့်မှာ သူက အလွန်ကြောက်လန့်သွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ဟိန်းအော်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို ရူးသွပ်စွာ ထုတ်ဖော်လိုက်သည်။ ထိုအခါ သူ၏ မျက်လုံးထဲမှ ဥက္ကာပျံများသည် အပြင်ဘက်မှာ အသွင်ပြောင်းလဲသွားပြီး တာအိုအမှတ်အသားတစ်ထောင်ကို ဖွဲ့စည်းသွားကာ သင်္ဘော၏ ဝင်ဆောင့်မှုကို ခုခံလိုက်သည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ တိမ်လွှားဘိုးဘေး၏ ဘေးပတ်ဝန်းကျင်မှ တာအိုအမှတ်အသားများသည် တစ်ခုပြီးတစ်ခု အက်ကွဲသွားပြီး ပြိုကွဲထွက်သွားသည်။ သူ၏ အနီးနားမှ ဟင်းလင်းပြင်သည် အတွင်းဘက်သို့ ကွေးညွတ်သွားပြီး ဧရိယာကြီးကြီးမားမား ပျက်စီးသွားသည်။
ဖုန်းဟိုင်ဒေသငယ်ကို သစ္စာဖောက်ခဲ့ကြသော သူ့အနောက်မှ ကျင့်ကြံသူများသည် သူ့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျပေသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သူတို့အားလုံးသည် ခုခံတားဆီးရန် ခွန်အားမရှိကြပေ။ သူတို့သည် အော်ဟစ်ရန်ပင် အခွင့်အရေးမရကြဘဲ ပျက်စီးသွားသော ဟင်းလင်းပြင်အောက်မှာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရသည်။
ချက်ချင်းပင် သူတို့၏ ခန္ဓာကိုယ်သည် သွေးမြူသို့ ပြောင်းလဲသွားပြီး နေရာအနှံ့ ပြန့်ကျဲသွားသည်။
သင်္ဘောရောက်ရှိလာမှုနှင့်အတူ ပိုပြီးသန်မာသော အင်အားသည် အဖြူရောင်ဆင်ပျံနှင့် ဘေးပတ်ဝန်းကျင်မှ စစ်တပ်ကို လွှမ်းခြုံသွားသည်။
တိမ်လွှားဘိုးဘေးသည်တော့ သူ၏ မျက်နှာက အနီရောင် မပြောင်းသွားမီ ချက်ချင်း ဖြူဖျော့လာသည်။ ထို့နောက် သွေးကြောများသည် သူ၏ နဖူးပေါ်မှာ ဖောင်းကြွလာသည်။ နောက်ဆုံးမှာတော့ သူက ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။ ဗုန်းဟူသော မြည်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားပြီး နှလုံးကွဲကြေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
သူက အနောက်သို့ ဆုတ်သွားသည်နှင့်အမျှ သူ၏ ရင်ဘက်သည် ပျက်စီးသွားပြီး ခန္ဓာကိုယ်သည် ကျိုးပဲ့သွားသည်။ ယင်းက သူ့ကို အဆက်မပြတ် သွေးအန်သွားစေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအင်သည်လည်း မတည်မငြိမ်ဖြစ်လာပြီး ပြန်လည်စုဝေးနိုင်ခြင်း မရှိတော့ပေ။
သူ၏ ခန္ဓာကိုယ်က သင်္ဘော၏ အရှိန်အဟုန်အောက်မှာ နစ်မြုပ်သွားနေစဉ် သူက အကောင်းဆုံး ကြိုးစား၍ ခုခံနေသော်လည်း တစ်ဖက်မှ အင်အားကို မတွန်းလှန်နိုင်ပေ။ သူ၏ အလျင်သည် ကြီးကြီးမားမား သက်ရောက်ခံလိုက်ရသည်။
ထို့ပြင် ယင်းက အဆုံးသတ်မဟုတ်သေးပေ။ ဤအခိုက်အတန့်မှာ သင်္ဘော၏ ဝင်ဆောင့်မှုကြောင့် တိမ်လွှားဘိုးဘေးက အပြင်းအထန် ဒဏ်ရာရရှိသွားစဉ် ပုံရိပ်တစ်ခုသည် ဧရာမသင်္ဘောပေါ်မှ မြန်ဆန်စွာ ပျံသန်းထွက်လာသည်။ ထိုပုံရိပ်သည် အပြာရောင် တလက်လက်တောက်ပနေပြီး ကောင်းကင်နှင့် မြေပြင်ကို လင်းထိန်သွားစေသည်။ သူက အပြာရောင်ဥက္ကာပျံတစ်ခုပမာ တိမ်လွှားဘိုးဘေးဆီသို့ ဦးတည်သွားသည်။
ထိုပုံရိပ်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဓားကိုင်ချန်းအားညို အသင့်ရှိပါတယ် ”
သူက စကားပြောလိုက်သည်နှင့်ချက်ချင်း အပြာရောင်ဥက္ကာပျံသည် တိမ်လွှားဘိုးဘေးနောက်သို့ လိုက်မီသွားသည်။ မျက်နှာတစ်ခုသည် ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး ပိုမိုများပြားသော မျက်နှာများက ထိုမျက်နှာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က တစ်ခုပေါ်တစ်ခု ထပ်ဆင့်လွှမ်းခြုံသွားကြသည်။ အရေအတွက်များပြားသော အပြာရောင်လက်တံများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး သူ၏ ညာလက်ပေါ်မှာ စုဝေးသွားကြသည်။ သူက အကြင်နာမဲ့စွာ တိုက်ခိုက်လိုက်သည်။
ဝုန်းခနဲ ပေါက်ကွဲသံများကြားမှာ တိမ်လွှားဘိုးဘေးသည် နောက်ထပ် သွေးတစ်ပွက်အန်လိုက်ရသည်။ သူက ရုန်းကန်ချင်ပြီး တန်ပြန်တိုက်ခိုက်ချင်သည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ဒုတိယပုံရိပ်သည် ဧရာမသင်္ဘောပေါ်မှ ပျံသန်းထွက်လာသည်။ အစတွင် ထိုလူသည် သာမန်လူတစ်ယောက်၏ အရွယ်အစားမျှသာ ရှိသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အသွေးအသားသည် ဆုတ်ပြဲသွားပြီး ဧရာမလူ့ဘီလူးတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။
ဤသည်မှာ ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။
တစ္ဆေအင်ပါယာနှင့်တူညီသော သူ၏ ခန္ဓာကိုယ်သည် အရွယ်အစား အလွန်ကြီးမားပြီး မနှိုင်းယှဉ်သာအောင် မြင့်မြတ်ထည်ဝါသည်။ သူက ဧကရာဇ်သရဖူကို ဦးခေါင်းပေါ်တွင် ဆောင်းထားသည်။ တော်ဝင်အရှိန်အဝါသည် သူ၏ တစ်ကိုယ်လုံးမှ ပေါ်လျှိုးထွက်နေသည်။
စူးရှသော ရွှေရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တွင် သက်တံ့အရောင်သို့ ပြောင်းလဲသွားသည်။
သူ၏ နှလုံးနေရာတွင် တည်ရှိသော ကောင်းကင်ဘုံတာအိုဆေးမီးဖိုသည် ဆက်တိုက် ခုန်မြည်လာသည်။ နှလုံတစ်ခါခုန်မြည်သွားတိုင်း ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ထွက်ပေါ်လာသည်။ မီးတောက်များသည် သူ၏ တစ်ကိုယ်လုံးကို တဟုန်းဟုန်း လောင်မြိုက်နေသည်။
မရေမတွက်နိုင်သော မိုးကြိုးသွားများဖြင့် ဝိုင်းရံခံထားရသော အနက်ရောင်လှံသည် ရွှီချင်း၏ ဘေးမှာ ထွက်ပေါ်လာသည်။ သူက လှံကို ဆုပ်ကိုင်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကြောက်စရာကောင်းသော အရှိန်အဝါက လှုံ့ဆော်ထွက်ပေါ်လာသည်နှင့် သူက လှံကို တိမ်လွှားဘိုးဘေးဆီသို့ ပစ်လွှတ်လိုက်သည်။
တဝီဝီဟူသော မြည်သံနှင့်အတူ အနက်ရောင်လှံသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ လှံသည် တိမ်လွှားဘိုးဘေး၏ အရှေ့မှာ ထွက်ပေါ်လာပြီး သူ၏ ရင်ဘက်ကို ထိုးဖောက်သွားသည်။
ပိုပြီးကြေကွဲဖွယ်ကောင်းသော အော်ဟစ်သံသည် တိမ်လွှားဘိုးဘေး၏ ပါးစပ်မှ မြည်ဟိန်းထွက်ပေါ်လာသည်။ ကြီးမားသော အပေါက်တစ်ပေါက်သည် သူ၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ တာအိုအမှတ်အသားများက ပျံ့နှံ့သွားပြီး တစ်ခုပြီးတစ်ခု လောင်ကျွမ်းသွားကြသည်။
စကားလုံးဖြင့် ဖော်မပြနိုင်သော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သေခြင်းရှင်ခြင်းကပ်ဘေးသည် သူ၏ စိတ်ထဲမှာ ပိုပြီးပြင်းထန်လာသည်။ သူ၏ အသိစိတ်သည် ဟာလာဟင်းလင်းဖြစ်သွားပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရန် စိတ်ဆုံးဖြတ်မှုသာ ကျန်ရှိတော့သည်။ သူက ပြန့်ကျဲသွားသော ကျင့်ကြံခြင်းကို မည်သည့်နည်းလမ်းဖြင့်မဆို ပြန်လည်စုဝေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ခေါင်းဆောင်က သူ့ကို မည်သို့ကြောင့် အခွင့်အရေးတစ်ခု ပေးနိုင်မည်နည်း။
လှံက ဖောက်ထွင်းသွားသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်၏ ပုံရိပ်သည် ထပ်မံ ချဉ်းကပ်လာသည်။ ကောင်းကင်ဘုံခွေးက အကြမ်းပတမ်း ဝါးမျိုလိုက်သည့်အခါ အပြာရောင်အလင်းသည် ၎င်းပေါ်မှာ တလက်လက် တောက်ပလာသည်။
တိမ်လွှားဘိုးဘေး၏ တစ်ကိုယ်လုံးသည် အပြင်းအထန် တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်က ရေခဲရုပ်တုသို့ အမြန်ပြောင်းလဲသွားသည်။ ပမာဏာများပြားသော အသက်ဓာတ်သည် ထိန်းချုပ်မရအောင် စုပ်ယူခံလိုက်ရပြီး ခေါင်းဆောင်ဖြင့် ပေါင်းစပ်သွားသည်။ ထိုအခြေအနေအားလုံးက တိမ်လွှားဘိုးဘေးကို ရူးသွပ်သွားစေသည်။
သို့သော်လည်း ယင်းက အချည်းနှီးသာဖြစ်သည်။ ရွှီချင်းက သူ့အနားသို့ ရောက်ရှိလာပြီး ရေခဲရုပ်တုကို အားအင်အကုန်သုံး၍ ထိုးချလိုက်သည်။
ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ ရေခဲရုပ်တုသည် ပြိုကွဲသွားပြီး သွေးသည် တိမ်လွှားဘိုးဘေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ပန်းထွက်လာသည်။ သူ၏ ဆံပင်သည် ဖရိုဖရဲဖြစ်သွားပြီး သူက အလွန်ဆိုးဝါးသော အခြေအနေသို့ ကျရောက်သွားသည်။ ဤသည်မှာ သူမျှော်လင့်မထားသောအရာ ဖြစ်သည်။
ခေါင်းဆောင်သည် ထပ်မံပြေးထွက်လာသည်။ ရွှီချင်းနှင့် သူ့ကြားမှ ပူးပေါင်းဆောင်ရွက်မှုသည် ပြီးပြည့်စုံသည်။ သူတို့နှစ်ယောက်သည် အချိန်တိုလေးအတွင်းမှာ အတူတကွ ပူးပေါင်းပြီး တိမ်လွှားဘိုးဘေးကို တရစပ် တိုက်ခိုက်လိုက်ကြသည်။
တပ်မှူးချုပ်နှင့် ဘေးပတ်ဝန်းကျင်မှ စစ်တပ်သည် သူ့ကို အကူအညီပေးချင်ကြသည်။ သို့သော်လည်း ကောင်းကင်ပေါ်မှ သတ္တမသခင်ကြီးနှင့် တခြားလူများသည် သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး တားဆီးလိုက်ကြသည်။
ချက်ချင်းပင် တိမ်လွှားဘိုးဘေးသည် နားကွဲလုမတတ် ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တတ်သွားလေရာ သူက နောက်ဆုံးကြိုးစားမှုကို ထုတ်ဖော်ရန် ပြင်ဆင်နေပုံပေါ်သည်။ သို့သော်လည်း သူက တိုက်ခိုက်မည့်အစား အနောက်သို့ ဆုတ်သွားသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ရွှီချင်းနှင့် ခေါင်းဆောင်၏ တိုက်ခိုက်မှုများသည် တိမ်လွှားဘိုးဘေးကိုပင် ကြောက်လန့်သွားစေကြောင်း မြင်သာပေသည်။
သို့သော်လည်း သူ့မှာ မည်သည့်အခွင့်အရေးမှ မရှိပေ။
ခေါင်းဆောင်၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အပြာရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပင်လယ်ကြီးတစ်စင်းနှယ် ပျံ့နှံ့ထွက်လာသည်။ မရေမတွက်နိုင်သော အပြာရောင်ပိုးကောင်များသည် အလင်းပင်လယ်ထဲမှာ ထွက်ပေါ်လာကြပြီး ဧရာမလက်တစ်ဖက်အဖြစ် စုဝေးသွားကြသည်။ ထို့နောက် အပြာရောင်ဧရာမလက်သည် တိမ်လွှားဘိုးဘေးဆီသို့ ဦးတည်သွားသည်။
ရွှီချင်းဘက်တွင်တော့ အနက်ရောင်မြူခိုးက သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါ်လျှိုးလာပြီး သူ့အား ဝန်းရံသွားကာ အနက်ရောင်စစ်ချပ်ဝတ်အဖြစ် ဖွဲ့စည်းသွားသည်။ တစ္ဆေမီးတောက်သည် သူ၏ မျက်လုံးထဲမှာ လောင်ကျွမ်းလာပြီး သူ၏ အရှိန်အဝါသည် အံ့မခန်း မြင့်တတ်သွားသည်။
ဤသည်မှာ ပြီးပြည့်စုံသော ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန် မဟုတ်ပေ။ ယင်းက တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။
ခေါင်းဆောင်နှင့် အတူပူးပေါင်းပြီး တိမ်လွှားဘိုးဘေးအား သတ်ဖြတ်ရန် နီလာနတ်သမီး၏ အသွေးအသားဖြင့် ပြီးပြည့်စုံသော ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်ကို ထုတ်လွှတ်ရန် မထိုက်တန်ပေ။ ဤသည်မှာ နီလာနတ်သမီး၏ အသွေးအသားအကူအညီမပါဘဲ သူ၏ အသန်မာဆုံး အခြေအနေ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့နှစ်ယောက်သည် တစ်ချိန်တည်း တိုက်ခိုက်လိုက်ကြသည်။ လောကသည် တုန်ယင်သွားပြီး ကောင်းကင်ဘုံမိုးကြိုးသည် ဝုန်းခနဲ ထစ်ချုန်းသွားသည်။ ဟင်းလင်းပြင်က ပေါက်ကွဲထွက်သွားသည့်အခါ ရွှီချင်း၏ ပုံရိပ်သည် တိမ်လွှားဘိုးဘေးဆီသို့ ရောက်ရှိသွားသည်။ သူက ညာလက်ကို မြှောက်လိုက်သည့်အခါ အနက်ရောင်အခိုးအငွေက ပေါ်လျှိုးထွက်လာပြီး သူ၏ လှံကို ဝန်းရံသွားသည်။ ထိုအခါ လှံ၏ အပြင်ဘက်တွင် ဆေဘာဓားပုံရိပ်တစ်ခု ဖွဲ့စည်းသွားပြီး ယင်းက ကောင်းကင်ဘုံဆေဘာဓားအသွင် ပြောင်းလဲသွားသည်။
ထိုဆေဘာဓားသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး တိမ်လွှားဘိုးဘေး၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်။
တားမြစ်အဆိပ်သည် မြန်ဆန်စွာ ပျံ့နှံ့ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးအပေါ် သက်ရောက်သွားကာ တိုက်စားပစ်လိုက်သည်။
တိမ်လွှားဘိုးဘေးသည် အော်ဟစ်ညည်းညူလိုက်သည်။ သူ၏ တာအိုအမှတ်အသားများပေါ်တွင် ယိုယွင်းပျက်စီးသွားသော လက္ခဏာများ ပြလာသည်။
တစ်ချိန်တည်းမှာ ခေါင်းဆောင်၏ အပြာရောင်ဧရာမလက်သည် တိမ်လွှားဘိုးဘေးကို ဖမ်းဆုပ်လိုက်ပြီး အကြင်နာမဲ့စွာ ဖျစ်ညှစ်လိုက်သည်။ ဝုန်းခနဲ မြည်ဟိန်းသံများကြားမှာ တိမ်လွှားဘိုးဘေး၏ ခန္ဓာကိုယ်သည် အသားပုံအဖြစ်သို့ ပြောင်းလဲသွားသည်။ ခေါင်းဆောင်၏ မျက်နှာသည် ထွက်ပေါ်လာပြီး ထိုအသားပုံကို ဝါးမျိုရန် ပြင်လိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ သူက အသားပုံထဲမှ တားမြစ်အဆိပ်ကို အာရုံခံမိသွားသောကြောင့် အမြန်လက်လျော့လိုက်သည်။ ယင်းအစား သူက အသားပုံကို သိမ်းဆည်းလိုက်သည်။
ထိုအခိုက်အတန့်မှာ အပြာရောင်အလင်းပင်လယ်သည် လွင့်ပြယ်သွားပြီး ခေါင်းဆောင်၏ အစစ်အမှန်ခန္ဓာကိုယ်က ထွက်ပေါ်လာသည်။ ထို့နောက် သူက ရွှီချင်းကို ခါးသီးစွာ ကြည့်လိုက်သည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြောင်းလဲသွားပြီး ပထမနတ်ဘုရားအသွင်သဏ္ဍာန်သို့ ပြန်ရောက်သွားသည်။ သူက နေရာမှာ ရပ်နေလျက် စစ်တပ်ကို ကြည့်လိုက်သည်။ အန္တရာယ်အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လျှိုးလာပြီး လောကကြီးကို မည်းမှောင်ကျသွားစေသည်။
ဘေးပတ်ဝန်းကျင်သည် နှုတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များသည် ရွှီချင်းနှင့် ခေါင်းဆောင်ပေါ်မှာ စုဝေးသွားကြသည်။ ပင့်သက်ရှိုက်သံများသည် တစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာကြသည်။
ဖြစ်ပျက်သွားသမျှသည် အလွန်မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ လူတိုင်း၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဤသည်မှာ ဝိညာဉ်သိုက်အဆင့်က ဗလာနတ္ထိအဆင့်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ကိစ္စမျိုးသည် မဖြစ်နိုင်လုနီးပါး အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။ သို့သော်လည်း ယနေ့ ဤနေရာမှာရှိသော လူတိုင်းသည် ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ကြရသည်။
တပ်မှူးချုပ်ဘက်တွင် ကျင့်ကြံသူတစ်သောင်း၏ အားလှိုင်းအတတ်အကျများသည် ပြင်းထန်လာသည်။ အဖြူရောင်ဆင်ပျံပေါ်မှ သက်လတ်ပိုင်းအမျိုးသားသည် တည်ကြည်လေးနက်လာပြီး သူ၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အဟန့်အတားမရှိ ထွက်ပေါ်လာသည်။
ဖုန်းဟိုင်ဒေသငယ်ဘက်တွင် သတ္တမသခင်ကြီးသည် ပြုံးလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်သက်သာရာရသွားသော အရိပ်အယောင်ရှိသည်။ ထို့နောက် သူက လပူဇော်ဒေသကြီး၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ သူက အတွေးနက်သွားသည့်အခါ သူ၏ အကြည့်သည် ကောင်းကင်ကို ဖြတ်ကျော်သွားသည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
ဘိုးဘေးရွှယ်လျန်ဇီသည် ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် သူ၏ မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်သည်။ သူ၏ လက်ရှိအမူအရာသည် ခေါင်းဆောင်၏ ပုံမှန်ပြုမူနေကျ အမူအရာနှင့် ဆင်တူသည်။
ထူးဆန်းသော အမူအရာသည် အမတ်ယောင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ယခု သူ၏ အကြည့်က သင်္ဘောရွက်ဖျင်ပေါ်မှ နာမည်ပေါ်သို့ ကျရောက်နေသည်။
တခြားလူများသည်တော့ သူတို့၏ အမူအရာသည် တစ်ယောက်နှင့်တစ်ယောက် ခြားနားကြသည်။
ရုံးတော်သခင်သုံးပါး၊ စီမံခန့်ခွဲရေးမှူးများနှင့် ဂိုဏ်းတော်အသီးသီးမှ ပညာရှင်ကျင့်ကြံသူများသည် အာရုံစိုက်လိုက်ကြသည်။
မြေပြင်ပေါ်တွင် ဟောင်ယွင်ဟွေ့၏ နှလုံးသားထဲမှာ လှိုင်းဂယက်တချို့ ထွက်ပေါ်လာသည်။ ထိုခဏလေးအတွင်းမှာ သူက ရွှီချင်း၏ ကောင်းကွက်များကို မစဉ်းစားဘဲ မနေနိုင်ပေ။ ယင်းတို့က သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း စွန်းထင်လာသည်။
ရလဒ်အနေဖြင့် သူက အနည်းငယ် မိန်းမောတွေဝေသွားသည်။
ကောင်းကင်ပေါ်တွင် လှပကြော့ရှင်းစွာ ရပ်နေသော နတ်မိမယ်ကျစ်ရွှမ်းသည်တော့ သူ၏ မျက်လုံးထဲမှာ ဧရာမသင်္ဘောကြီးမရှိသလို တခြားမည်သည့်အရာမှ မရှိနေပေ။ သူ၏ မြင်ကွင်းထဲမှာ အဝေးတွင် မတ်တတ်ရပ်နေသော ပုံရိပ်တစ်ခုတည်းသာ ရှိနေဟန်ရသည်။ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ နင်ပြန်လာတာ ကောင်းတယ် ”
သူ၏ ဆွဲဆာင်မှုရှိသော မျက်နှာပေါ်မှာ စောစောကရှိနေခဲ့သော ညှိုးမှိုင်မှုသည် တဖြည်းဖြည်း လွင့်ပြယ်သွားပြီး စိတ်ဓာတ်တတ်ကြွသော အရိပ်အယောင်က ထွက်ပေါ်လာသည်။ ယင်းက သူ့ကို ပိုပြီးချောမောလှပသွားစေသည်။
ဤသည်မှာ အပြုံးရိပ်ယောင်သန်းနေသော မျက်လုံးများက ပန်းပွင့်များကို မေးခွန်းထုတ်နေသည့်အခိုက် ပန်းပွင့်များက ကြင်နာယုယစွာ ပြန်ဖြေကြားလိုက်သည့်နှယ် လေညင်းသည် တေးသွားတစ်ပုဒ်ကို ခေါ်ဆောင်လာပြီး နွေဦးရောက်ရှိလာပြီဟူသော ခံစားမှုမျိုး ပေးသည်။