ကြယ်တွေ အလင်းရောင်ဆုံးရှုံးခြင်း၊ နေနဲ့လ နေရာရွှေ့ပြောင်းခြင်း(က)
Vol. 72 Ch. 1119
ရွှီချင်းနှင့် ခေါင်းဆောင်က ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေကြစဉ် စိတ်လှုပ်ရှားသော ခံစားမှုသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဓားကိုင်အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။ သူတို့က ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲ ရာထူးပေးအပ်ပွဲ အခမ်းအနားကျင်းပချိန်သို့ ပြန်ရောက်ရှိသွားသည့်အလား ခံစားမိသွားကြသည်။
ထိုအချိန်တုန်းက ရွှီချင်းသည် လောကအလယ်မှာ ထိုအတိုင်း ရပ်နေခဲ့သည်။ သူ၏ ပုံရိပ်သည် လူတိုင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
ယနေ့မှာ ထိုပုံရိပ်သည် ပိုပြီးကြီးကျယ်မြင့်မြတ်ပြီး အံ့ဖွယ်ကောင်းသည်။
သို့ဖြစ်၍ စိတ်လှုပ်ရှားမှုအောက်မှာ ထိုဓားကိုင်များသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာကြပြီး ရွှီချင်း၏ ဘေးနားမှာ စုဝေးသွားကြသည်။ ဓားကိုင်များက ပိုမိုများပြားစွာ ထွက်ပေါ်လာသည့်အခါ ဒေသငယ်မြို့တော်တစ်ခုလုံးသည် ပြင်းထန်သော တိုက်ပွဲစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။
သတ္တမသခင်ကြီးသော်လည်းကောင်း အမတ်ယောင်သော်လည်းကောင်း သူတို့၏ ကျင့်ကြံခြင်းနှင့် သရုပ်အဆင့်အတန်းက ရွှီချင်းထက် သာလွန်သော်လည်း လူတိုင်း၏ နှလုံးသားထဲမှာတော့ သူတို့က မြင့်မားသော တိမ်တိုက်များ ဖြစ်သည်။ ယင်းက မြင်တွေ့နိုင်ပြီး မချဉ်းကပ်နိုင်သည့် အရာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့က အလွန်ဝေးကွာသော အမြင့်မှာ ရှိနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ရွှီချင်းသည်တော့ ခြားနားသည်။ ရွှီချင်းက သူတို့၏ ရဲဘော်ရဲဘက်တစ်ဦး ဖြစ်သည်။ သူတို့က သေခြင်းရှင်ခြင်းအခြေအနေကို အတူတူ ဖြတ်ကျော်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်ကြသည်။ တစ်ချိန်တည်းမှာ သူတို့က ရွှီချင်း၏ အမူအကျင့်ကို အသိအမှတ်ပြုကြသည်။
သို့ဖြစ်၍ သူတို့က ရွှီချင်းအပေါ် ရိုသေလေးစားသလို သူတို့ကြားမှာ ရင်းနှီးဖော်ရွေမှုလည်း ရှိသည်။
ဤအခိုက်အတန့်မှာ ဓားကိုင်အားလုံးသည် ရွှီချင်း၏ ဘေးမှာ မတ်တတ်ရပ်နေကြသည်။
ထိုရဲဘော်ရဲဘက်များကို ကြည့်နေရင်း ရွှီချင်း၏ နှလုံးသားသည် လှုပ်ရှားသွားသည်။ တစ်ချိန်က နတ်မိမယ်ကျစ်ရွှမ်း သူ့အား ပြောခဲ့ဖူးသော စကားများကို အမြဲတမ်း သူအမှတ်ရနေပေသည်။ ထိုအချိန်တုန်းက ဖုန်းဟိုင်ဒေသငယ်သို့ စစရောက်လာခဲ့သော သူ့အနေဖြင့် ဓားကိုင်များနှင့်ပတ်သက်ပြီး အသိအမှတ်မပြုခဲ့သလို သူတို့အကြောင်းကိုလည်း အများကြီး နားမလည်ခဲ့ပေ။ သူတို့က မည်သို့သော လူများဖြစ်သည်ကိုပင် သူမသိပေ။
သို့သော်လည်း နတ်မိမယ်ကျစ်ရွှမ်းသည် ထိုအဖွဲ့အစည်းနှင့် အဖွဲ့အစည်းထဲမှ လူများကို ရိုသေလေးစားရန် သူ့အား ပြောကြားခဲ့သည်။ သို့မှသာ အဖြေကို သူရှာတွေ့နိုင်လိမ့်မည်။
ရိုသေလေးစားမှုသည် နားလည်သဘောပေါက်ခြင်းမှ ဖြစ်ပေါ်လာသည်။ ရိုသေလေးစားသော သူ၏ ခံစားမှုသည် ယခင်ဓားကိုင်ရုံးတော်သခင် ခုန်းလျန်ရှို့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စိတ်ခံစားချက်မျိုးစုံသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ယင်းတို့ကို ဖိနှိပ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် အတိတ်ကို ပြန်လွမ်းဆွေးသင့်သောအချိန် မဟုတ်ပေ။
ဖုန်းဟိုင်ဒေသငယ်၏ ကပ်ဘေးကြီးသည် မပြီးဆုံးသေးပေ။
သေဆုံးသွားသော လူများတွင် တိမ်လွှားဘိုးဘေးသာမက ဖုန်းဟိုင်ဒေသငယ်မှ ဘက်ကူးပြောင်းသွားကြသော ကျင့်ကြံသူတချို့ပင် ပါဝင်ကြသည်။ ဖြစ်နိုင်သည်မှာ သူတို့က ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူ့တို့နယ်ပယ်အတွင်းမှာ အမိန့်ပေးနိုင်သော အခွင့်အာဏာရှိထားသောကြောင့် သူတို့ကိုယ်သူတို့ အခွင့်ထူးခံပုဂ္ဂိုလ်များဟု အောက်မေ့နေကြဟန် ရသည်။
သို့သော်လည်း လက်တွေ့မှာတော့ အဖြူရောင်ဆင်ပျံပေါ်တွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသား၏ နှလုံးသားထဲမှာ သူတို့သည် နယ်စွန်နယ်ဖျား ရွာတစ်ရွာမှ သေးနုတ်သော လူများသာ ဖြစ်ကြသည်။
မဟာနန်းမြို့တော်ဒေသကြီးမှ ရောက်ရှိလာပြီး ရာထူးမြင့်မားခြင်းနှင့် ဂုဏ်သိက္ခာကြီးမြတ်ခြင်းကို နေသားကျနေသော သူ့အတွက် ထိုလူများသည် အရေးမကြီးပေ။
တိမ်လွှားဘိုးဘေးနှင့်ပတ်သက်ပြီး အနည်းငယ်သာ သူစိတ်မကောင်းဖြစ်မိသည်။
သို့သော်လည်း သူ၏ စိတ်မကောင်းဖြစ်မှုက အနည်းငယ်မျှသာ ဖြစ်သည်။
သူ၏ မျက်နှာကို တည်ကြည်လေးနက်သွားစေသည်မှာ ရွှီချင်းနှင့် ခေါင်းဆောင်သည် ဝိညာဉ်သိုက်အဆင့်မှာသာ ရှိကြသေးသော်လည်း ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့အဖြစ်အပျက်မျိုးသည် မဟာနန်းမြို့တော်ဒေသကြီးမှာပင် တစ်ခါမှ မဖြစ်ပျက်ဖူးပေ။
“ ဝမ်ကူးကုန်းမြေက အထွတ်အထိပ်ကလန်တွေမှာပဲ ဒီလိုအခြေအနေမျိုး ဖြစ်ပွားနိုင်တယ်… ဒါပေမဲ့ အဲ့ဒီမှာတောင် အရမ်းရှားပါးတယ် ”
သက်လတ်ပိုင်းအမျိုးသားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူ၏ အကြည့်သည် ရွှီချင်းနှင့် ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားသည်။
ဤမတိုင်ခင် သူသည် ရွှီချင်း၏ နာမည်ကို ကြားဖူးပြီး ဖုန်းဟိုင်ဒေသငယ်မှာ ထိုနာမည်က မည်မျှအရေးပါကြောင်း သိထားသည်။ ထိုသို့ကောင်းကင်အရွေးချယ်ခံသည် ဖုန်းဟိုင်ဒေသငယ်၏ လွန်စွာတန်ဖိုးထားခြင်း ခံထိုက်သည်ဟု သူ၏ နှလုံးသားထဲမှာ အမှန်တကယ် ခံစားမိကြောင်း ဝန်ခံရလိမ့်မည်။
“ ဒီကောင်လေးက အပြည့်အဝ ရင့်ကျက်လာဖို့ သိပ်မလိုတော့ဘူး… ပြီးတော့ သူ့ဘေးနားက လူကို အရင်က ငါတစ်ခါမှ မကြားဖူးဘူး ”
ထိုသို့တွေးမိသောအခါ သူက ဖြည်းညင်းစွာ ပြောသည်။
“ မင်းက ရွှီချင်းလား ”
“ ငါဒီကိုမလာခင် သတ္တမမင်းသားဆီကနေ မင်းအကြောင်းကို ကြားခဲ့ဖူးတယ်… အရှင့်သားက မင်းကို အတော်လေး ချီးကျူးတယ်… ဧကရာဇ်ရဲ့ နှလုံးသားအလင်း စစ်ဆေးမှုမှာ မင်းရဲ့ ရလဒ်ကိုလည်း ငါကြားမိတယ်… အရှင်မင်းကြီးကတောင် မင်းကို ချီးကျူးတယ် ”
“ ဒါကြောင့် တိမ်လွှားကို မင်းသတ်ပစ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အချိန်တစ်ခုထိ ငါမေ့ထားပေးမယ် ”
“ မင်းက အရှင်မင်းကြီးဆီကနေ ပထမအဆင့် တိုက်ပွဲကုသိုလ်၊ ရွှေရောင်ဂုဏ်ပြုမှတ်တမ်း၊ အဝါရောင်ဝတ်ရုံနဲ့ အင်ပါယာကျောင်းတော်ဆီ ဝင်ရောက်ခွင့်ကို ချီးမြှင့်ခံထားရတယ်… ဒါကြောင့် မင်းက လူသားမျိုးနွယ်ရဲ့ ဖြောင့်မတ်တည်ကြည်မှုကို နက်နက်ရှိုင်းရှိင်း နားလည်လိမ့်မယ်လို့ ငါယုံကြည်တယ် ”
“ ဒီတစ်ကြိမ် မင်းက ဖုန်းဟိုင်ဒေသငယ်ရဲ့ စစ်သည်တော်စုဆောင်းဖို့အတွက် ဦးဆောင်တာဝန်ယူပြီး မင်းရဲ့ အပြစ်အတွက် ပြန်ပေးဆပ်ရမယ်… မင်းဆန္ဒရှိလား ”
အဖြူရောင်ဆင်ပျံပေါ်မှ သက်လတ်ပိုင်းအမျိုးသားက တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး မြေဖွတ်ပေါ်တွင် စီးနင်းထားကြသော တိုက်ပွဲကျင့်ကြံသူတစ်သောင်းသည် အရှေ့သို့ တစ်ပြိုင်နက် ချီတတ်လိုက်ကြသည်။ သူတို့၏ အစီအစဉ်တကျ ရွေ့လျားမှုသည် ချက်ချင်း လှိုင်းထသွားစေပြီး ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေသည်။ လေကြမ်းများ တိုက်ခတ်လာပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အလွန်အမင်း အားကောင်းသည်။ ဤသည်မှာ သူတို့က တပ်မှူးချုပ်ထံမှ အမိန့်ရရှိသည်နှင့် သူတို့အရှေ့မှ အတားအဆီးအားလုံးကို ဖျက်ဆီးပစ်တော့မည့်ဟန် ရသည်။
ဖုန်းဟိုင်ဒေသငယ်ဘက်တွင် ထိုအရှိန်အဝါ၏ ဖိနှိပ်မှုအောက်မှာ သူတို့၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တန်ပြန်ထုတ်လွှတ်လိုက်ကြသည်။ ဓားကိုင်များသည် သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြပြီး ရွှီချင်း၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး တပ်မှူးချုပ်၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက ခေါင်းလှည့်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ ဓားကိုင်များကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်သည် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများထံသို့ ကျရောက်သွားသည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က သတ္တမသခင်ကြီးနှင့် အမတ်ယောင်ပေါ်သို့ ရောက်ရှိသွားသည်။
သတ္တမသခင်ကြီး၏ မျက်လုံးထဲမှ စိတ်သက်သာရာရမှုသည် ပိုပြီးနက်ရှိုင်းလာသည်။ သူက ပြုံးလိုက်သည်။
“ မင်း အရွယ်ရောက်လာပြီ ”
ထိုစကားလုံးထဲမှာ သူ၏ အတွေးများကို ဖော်ပြထားပြီးပြီ ဖြစ်သည်။ သူက ရွှီချင်းကို ကိုယ်တိုင်ဆုံးဖြတ်ချက်ချရန် လက်လွှဲပေးလိုက်ခြင်း ဖြစ်သည်။
အမတ်ယောင်သည် ရွှီချင်းကို မိန်းမောတွေဝေသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူက ရွှီချင်း၏ နောက်ကျောမှတဆင့် အတိတ်တုန်းက ခုန်းလျန်ရှို့၏ ပုံရိပ်ကို ဝေဝေဝါးဝါး ပြန်မြင်ယောင်နေသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။
“ မင်းက ဖုန်းဟိုင်ဒေသငယ်က သက်ရှိအားလုံးအတွက် အံ့ဖွယ်ကောင်းတဲ့ အကျိုးဆောင်မှုတွေကို ပြုလုပ်ပေးခဲ့တယ်… တကယ်လို့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်သာ မနိမ့်ကျဘူးဆိုရင် ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲရာထူးက မင်းအပိုင်ဖြစ်နေလောက်ပြီ… မင်းရဲ့ ဆရာနဲ့ ငါက မင်းမကြီးထွားလာခင်အထိ ဖုန်းဟိုင်ဒေသငယ်ကို စီမံခန့်ခွဲပေးနေရုံပါ… အခု… ”
“ ဖုန်းဟိုင်ဒေသငယ်ရဲ့ အနာဂတ်လမ်းစဉ်ကို မင်းသဘောအတိုင်း ဆုံးဖြတ်နိုင်တယ် ”
သူတို့နှစ်ယောက်က စကားပြောလိုက်သည့်အခါ ရုံးတော်သခင်သုံးပါး၊ စီမံခန့်ခွဲရေးမှူးများနှင့် ဂိုဏ်းတော်အသီးသီးမှ ပညာရှင်ကျင့်ကြံသူအားလုံးသည် ရွှီချင်းကို သိမ်မွေ့သော အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သတ္တမသခင်ကြီးနှင့် အမတ်ယောင်ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ အကြည့်များကို ကြည့်နေရင်း သူတို့၏ နှလုံးသားထဲမှ ဆန္ဒများကို သူနားလည်သွားသည်။
သို့ဖြစ်၍ ရွှီချင်း၏ မျက်လုံးသည် လှုပ်ရှားသွားသည်။ သူက တပ်မှူးချုပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ လူသားဧကရာဇ်က ဖုန်းဟိုင်ဒေသငယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေညာခဲ့တယ်… ဒါကြောင့် မင်းရဲ့ အမိန့်ကို မနာခံနိုင်တာ ခွင့်လွှတ်ပေးပါ ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ဖုန်းဟိုင်ဒေသငယ်၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာသည်။ ဖုန်းဟိုင်ဒေသငယ်မှ လူများသည် ထိုစကားကို အစောကြီးကတည်းက ပြောချင်ကြသည်။ သို့သော်လည်း သူတို့မှာ ယုံကြည်မှု လျော့နည်းနေကြသည်။ ထို့ကြောင့် သူတို့က သည်းခံနေရုံသာ တတ်စွမ်းကြသည်။
ယခု ရွှီချင်းက သူတို့ပြောချင်သော စကားကို ထုတ်ပြောလိုက်သည့်အခါ ယင်းက မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
အဖြူရောင်ဆင်ပျံပေါ်မှ တပ်မှူးချုပ်သည် ထိုစကားကို ကြားသောအခါ သူ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ ထို့နောက် သူက အောက်မျက်လွှာချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။