ကြယ်တွေ အလင်းရောင်ဆုံးရှုံးခြင်း၊ နေနဲ့လ နေရာရွှေ့ပြောင်းခြင်း(ခ)
Vol. 72 Ch. 1120
“ ရွှီချင်းကို ဖမ်းပြီး သူ့ကို စီရင်ချက်ချဖို့ ကောင်းကင်ဘုရင်ဆီ ပို့ဆောင်ရမယ်… ဝင်နှောင့်ယှက်တဲ့ ဘယ်သူမဆို အမိန့်ဖီဆန်တဲ့အတွက် နေရာမှာတင် အသတ်ခံရမယ် ”
နောက်အခိုက်အတန့်မှာ လေထဲမှ စစ်သည်တော်တစ်သောင်းသည် ကြောက်စရာကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့က အစီအရင်တစ်ခုပုံစံ နေရာယူလိုက်ကြပြီး လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်နှင့်အတူ မြို့တော်ဆီသို့ ချီတတ်သွားကြသည်။
အဝေးမှကြည့်လျှင် စစ်သည်တော်တစ်သောင်း၏ အစီအရင်မှ သွေးနီရောင်မြေဖွတ်ကြီးတစ်ကောင်၏ ဧရာမပုံရိပ်တစ်ခု ထွက်ပေါ်လာကြောင်း မြင်နိုင်လိမ့်မည်။ သွေးနီရောင်မြေဖွတ်ကြီးသည် ဖုန်းဟိုင်ဒေသငယ်ထံသို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ဟိန်းသံသည် ဟင်းလင်းပြင်ထဲမှာ ပေါက်ကွဲသွားပြီး မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
နောက်အခိုက်အတန့်မှာ မြေပြင်သည် တုန်ယင်သွားပြီး တိမ်တိုက်များသည် ရွေ့လျားသွားကြသည်။ နေနှင့်လသည် ၎င်းတို့၏ အရောင်ကို ဆုံးရှုံးသွားကြသည်။
ဖုန်းဟိုင်ဒေသငယ်ဘက်သည်တော့ သူတို့သည် အချိန်အတော်ကြာ သည်းခံခဲ့ပြီးပြီ ဖြစ်သည်။ ယခု သူတို့၏ အရှိန်အဝါသည် အဟန့်အတားမရှိ ပေါက်ကွဲထွက်လာသည်။ ပုံရိပ်များသည် သက်တံ့များအသွင် ပြောင်းလဲသွားကြပြီး လေထဲမှာ စည်းချအစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ရုံးတော်သုံးခုသည် မတူညီသော စည်းချအစီအရင်သုံးခုကို ဖွဲ့စည်းသွားကြသည်။
ဓားကိုင်ရုံးတော်ဘက်တွင် သူတို့၏ အရှိန်အဝါသည် သက်ရှိအားလုံးကို သတ်ဖြတ်ပစ်နိုင်သော ဧရာမဓားပုံရိပ်ကို ဖွဲ့စည်းသွားသည်။
ပြည်ထဲရေးရုံးတော်နှင့် တရားရေးရုံးတော်ဘက်တွင်လည်း သူတို့ကိုယ်ပိုင် အရှိန်အဝါစုစည်းမှု၏ ပုံရိပ်များ ရှိသည်။
ကျင့်ကြံသူအများအပြား၏ ထိန်းချုပ်ခံထားရသော ဧရာမရုပ်သေးနှစ်ရုပ်သည်လည်း မြို့တော်ထဲမှ အမြန်ပျံသန်းထွက်လာကြသည်။
တစ်ချိန်တည်းမှာ ဒေသငယ်မြို့တော်၏ တားမြစ်ဓမ္မရတနာမှ ထွက်ပေါ်လာသော ဧရာမပိုက်ကွန်လည်း ရှိသေးပေသည်။ ဂိုဏ်းတော်များမှ တားမြစ်ဓမ္မရတနာများသည်လည်း အပြင်လောကသို့ ပျံ့နှံ့ထွက်လာကြသည်။
တခြားဒေသကြီးများမှ လူသားမျိုးနွယ်ပိုင် ဒေသငယ်များသည် စစ်ပွဲအတွေ့အကြုံ အများကြီး မရှိကြပေ။ အကယ်၍ စစ်ပွဲအတွေ့အကြုံရှိလျှင်ပင် ယင်းက သေးငယ်သော စစ်ပွဲတစ်ခုမျှသာ ဖြစ်လိမ့်မည်။ သို့သော်လည်း ဖုန်းဟိုင်ဒေသငယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကမှ ကြီးမားသော စစ်ပွဲကို တွေ့ကြုံခဲ့ရသည်။ သို့ဖြစ်၍ အသက်ရှင်ကျန်ရစ်ခဲ့သော စစ်သည်တော်များသည် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော ကျင့်ကြံသူများ ဖြစ်ကြသည်။
ထို့ကြောင့် သူတို့ထဲမှာ စစ်ပွဲဖြင့် မရင်းနှီးသောသူ မရှိပေ။
စက္ကန့်ပိုင်းအတွင်းမှာ နှစ်ဖက်စလုံးသည် ထိပ်တိုက် တိုက်ခိုက်လိုက်ကြသည်။ ရွှီချင်းသည် ကောင်းကင်ကို အရိုအသေပေးလိုက်ပြီး အဖိုးကိုးကို လှုပ်ရှားပေးရန် တောင်းဆိုသည်။ သို့သော်လည်း တစ်ဖက်လူသည် မည်သည့်တုံ့ပြန်မှုမှ မပြချေ။
ရွှီချင်းသည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း အဖိုးကိုးကဲ့သို့ လူမျိုးသည် သူက တောင်းဆိုရုံဖြင့် လှုပ်ရှားပေးလိမ့်မည့်လူ မဟုတ်ပေ။
သူ၏ တိုက်ခိုက်ချင်စိတ်သည် ရန်သူ၏ အဆင့်ပေါ်မှာ မူတည်သည်။
ထို့ကြောင့် မကြာမီ စစ်မြေပြင်သည် အဆုံးမဲ့စွာ တုန်လှုပ်သွားသည်။ အဖြူရောင်ဆင်ပျံ၏ ဘေးပတ်ဝန်းကျင်မှ ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်လာကြသည်။ အေးစက်စက်အလင်းသည် သူတို့၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းအရှိန်အဝါက သူတို့ထံမှ ပေါက်ကွဲထွက်လာသည့်အခါ သတ္တမသခင်ကြီး၊ အမတ်ယောင်နှင့် တခြားလူများသည်လည်း ပျံသန်းထွက်လာကြသည်။
နှစ်ဖက်စလုံးမှ ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူများသည် တိုက်ပွဲထဲသို့ ဝင်ရောက်လာကြသည်။
စောစောက ရွှီချင်း၏ သင်္ဘောအောက်မှာ မသေဆုံးခဲ့ကြသော ဖုန်းဟိုင်ဒေသငယ်၏ သစ္စာဖောက်များသည် ယခု စစ်ပွဲစတင်လာသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်သွားကြသည်။ သို့သော်လည်း သူတို့ဘက်က အသာစီးရရှိလိမ့်မည်ဟု ယုံကြည်ထားသောကြောင့် သူတို့၏ ကြောက်စိတ်သည် မြန်ဆန်စွာ ပျောက်ကွယ်သွားပြီး တိုက်ပွဲထဲသို့ ချက်ချင်း ဝင်ရောက်လာကြသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ထိုသစ္စာဖောက်များထံသို့ ဦးတည်ပျံသန်းသွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ဝုန်းခနဲ မြည်ဟိန်းသွားလိမ့်မည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းသည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်ထံသို့ နီးကပ်သွားသည်။
ပထမနတ်ဘုရားအသွင်သဏ္ဍာန်ဖြင့် ရွှီချင်းသည် အလွန်မြန်ဆန်သည်။ တစ်ဖက်လူသည် ထိတ်လန့်သွားပြီး အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အလွန်နောက်ကျသွားချေသည်။ ရွှီချင်းသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ထိုးလွှတ်လိုက်သည်။
ထိုလက်သီးသည် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်သွားခဲ့ပေ။ ယင်းက ဘေးပတ်ဝန်းကျင်မှ ဥပဒေသများနှင့် နိယာမများကို ပြောင်းလဲပစ်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို အရှေ့သို့ ဆွဲငင်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ အနောက်ဆုတ်ရန် ကြိုးစားနေသော ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူသည် သွေးအန်လိုက်ရသည်။ သူ့ကိုယ်ပိုင် နိယာမများက သူ၏ ခန္ဓာကိုယ်ကို တန်ပြန်တွန်းကန်လိုက်လေရာ သူက ရွှီချင်း၏ အရှေ့သို့ တန်းမတ်စွာ ရောက်ရှိသွားသည်။ ထိုအခါ ရွှီချင်းသည် သူ၏ ညာလက်ဖြင့် အနက်ရောင်လှံရှည်ကို ဆုပ်ကိုင်လိုက်ပြီး အကြင်နာမဲ့စွာ ထိုးစိုက်လိုက်သည်။
တားမြစ်လှံသည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူ၏ လည်ပင်းကို တိုက်ရိုက် ဖောက်ထွင်းသွားသည်။ လှံထဲမှာ ကိန်းအောင်းနေသော စွမ်းအားသည် ပေါ်လျှိုးထွက်လာပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် လျှို့ဝှက်ရတနာသိုက်ကို ပေါက်ကွဲထွက်သွားစေသည်။
သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။
ရွှီချင်းသည် မရပ်တန့်သွားပေ။ သူက ခေါင်းလှည့်လိုက်ပြီး နောက်တစ်ယောက်ကို ပစ်မှတ်ထားလိုက်သည်။
ခေါင်းဆောင်သည်လည်း ပြေးထွက်လာသည်။ ဤအခိုက်အတန့်မှာ အပြာရောင်အလင်းသည် လူတစ်ယောက်ကို လွှမ်းခြုံသွားသည်။ အပြာရောင်အလင်းက လွင့်ပြယ်သွားသည့်အခါ တစ်ဖက်လူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။ ခေါင်းဆောင်သည်သာ နှုတ်ခမ်းသပ်လိုက်သည်။ ထို့နောက် သူက နောက်ထပ် လူတစ်ယောက်ဆီသို့ ပြေးသွားသည်နှင့် သူ၏ တစ်ကိုယ်လုံးသည် အပြာရောင် တောက်ပလာသည်။
ဘေးပတ်ဝန်းကျင်တွင် အတွင်းရေးမှူးဌာနမှ ဓားကိုင်များလည်း ရှိသည်။ သူတို့သည် ကိုယ်ရံတော်များသဖွယ် ဆောင်ရွက်ကြရန် အလိုအလျောက် ရွေးချယ်ခဲ့ပြီး ရွှီချင်းနှင့် ခေါင်းဆောင်နောက်မှလိုက်၍ လမ်းတစ်လျှောက်တွင်ရှိသော ရန်သူအားလုံးကို သတ်ဖြတ်ကြသည်။
လူတိုင်း၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ ထိုသစ္စာဖောက်များသည် မြန်ဆန်စွာ သေဆုံးသွားကြသည်။ တချို့သည် သူတို့မသေဆုံးမီ ဆိုးဝါးသော ကျိန်ဆိုမှုများကို ပြုလုပ်သွားကြသည်။
“ သတ္တမမင်းသားက ဒီနေ့ ဖြစ်ခဲ့တဲ့ကိစ္စကို သေချာပေါက် သိလိမ့်မယ်… ရွှီချင်း ငါတို့ မင်းကို ငရဲပြည်ကနေ စောင့်နေမယ် ”
“ ဘုရင်ထျန်းလန်ပြန်လာရင် သူက မင်းတို့အားလုံးကို ကျိန်းသေပေါက် သတ်ပစ်လိမ့်မယ် ”
ရွှီချင်းသည် လုံးဝ မကြောက်ပေ။ သူက ထိုသစ္စာဖောက်များကို သတ်ဖြတ်ပြီးနောက် ကောင်းကင်ပေါ်မှ စစ်ပွဲဇုန်ကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်မှာ နှစ်ဖက်စလုံးသည် အချိန်တိုအတွင်း ထိပ်တိုက်တွေ့ဆုံမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တားမြစ်ဓမ္မရတနာများ၏ ထောက်ပံ့ပေးမှုနှင့် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ဖုန်းဟိုင်ဒေသငယ်ဘက်သည် အသာစီးရရှိနေသည်။
သွေးနီရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူတစ်သောင်းသည် အနောက်သို့ ဆုတ်သွားနေကြရသည်။
ဗလာနတ္ထိအဆင့်တိုက်ပွဲဘက်မှ အခြေအနေသည်လည်း ထို့အတူပင်။
ထိုမြင်ကွင်းသည် သက်လတ်ပိုင်းအမျိုးသား တပ်မှူးချုပ်၏ အကြည့်ကို ပိုပြီးအေးစက်သွားစေသည်။ ယခင်က သူသည် ဖုန်းဟိုင်ဒေသငယ်၏ အင်အားကို လျော့တွက်ခဲ့ကြောင်း ဝန်ခံရလိမ့်မည်။ သို့သော်လည်း ယင်းက ပြဿနာတစ်ခုမဟုတ်ပေ။ တပ်မှူးချုပ်အနေဖြင့် သူက ထိုစစ်သည်တော်များပေါ်မှာ အားကိုးအားထားခြင်း မဟုတ်ပေ။ ယင်းအစား သူက စစ်မှုထမ်းရန်အတွက် စစ်သည်တော်များကို အတင်းအကျပ် လိုက်လံစုဆောင်းရန် ဘုရင်ထျန်းလန်၏ အမိန့်တော်ပေါ်မှာသာ မှီခိုအားထားပေသည်။
ထို့ကြောင့် သူက ကြောက်စရာအလင်းတန်းကို ထုတ်လွှတ်နေသော ရွှေရောင်ကျောက်စိမ်းပြားကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။
ထိုရွှေရောင်အလင်းသည် ပျံ့ပွားထွက်လာပြီး ဆက်လက် ထုတ်လွှတ်နေသည်။ ယင်းက အံ့ဖွယ်ကောင်းပြီး ထွန်းလင်းတောက်ပသည်။ တစ်ချိန်တည်းမှာ ဝိညာဉ်စုစည်းခြင်းအဆင့် အရှိန်အဝါသည် ဖိအားတစ်ခုအသွင် ပြောင်းလဲသွားပြီး အတားအဆီးမဲ့စွာ ပေါ်ထွက်လာသည်။
ကောင်းကင်သည် မှောင်ရီသွားပြီး ဟင်းလင်းပြင်သည် ဝေဝါးသွားသည်။ မြေပြင်က တုန်ယင်သွားသည့်အခါ ဖုန်းဟိုင်ဒေသငယ်ဘက်မှ ကျင့်ကြံသူများသည် နှလုံးတုန်သွားကြသည်။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြသည်။ ဝိညာဉ်စုစည်းခြင်းအဆင့် ဖိအားအောက်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ဖိနှိပ်ခံလိုက်ရပြီး သူတို့၏ ဝိညာဉ်သည် တုန်လှုပ်သွားကြသည်။ သူတို့နှင့်ပတ်သက်သော အရာအားလုံးသည် ထိုဖိအားအောက်မှာ ကြေကွဲပျက်စီးလွယ်လာသည်။
“ ပိုးစုန်းကြူးကများ လမင်းကို တုယှဉ်ရဲတယ် ”
တပ်မှူးချုပ်က တည်ငြိမ်စွာ ပြောသည်။ သူ၏ မျက်လုံးထဲမှ အေးစက်စက်အလင်းက ပိုပြီးသိပ်သည်းလာသည့်အခါ ရွှေရောင်စာလုံးကြီးများသည် သူ့အရှေ့မှာ မြန်ဆန်စွာ ဖွဲ့စည်းသွားကြသည်။
“ စစ်ပွဲမှာပါဝင်ဖို့ သန့်စင်ရေလှိုင်းဒေသကြီးထဲက အသင်္ချေမျိုးနွယ်စုအားလုံး မဖြစ်မနေ စစ်မှုထမ်းရမယ် ”
ထိုရွှေရောင်စာလုံးကြီးများ ထွက်ပေါ်လာသည့်အခိုက် ဝိညာဉ်စုစည်းခြင်းအရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ယင်းက လောကတစ်ခုလုံးကို တုန်ယင်သွားစေသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းသည်လည်း ခေါင်းမော့လိုက်ပြီး ပိုပြီးမြင့်မားသော ကောင်းကင်သို့ ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောသည်။
“ အဖိုးကိုး ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ ”
ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဓားအလင်းတစ်ခုသည် ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်ပြီး သက်ဆင်းလာသည်။
ထိုဓားချက်သည် ကောင်းကင်နှင့် မြေပြင်ကို ပျက်စီးသွားစေပြီး ဓားအလင်းသည် အတတ်ပညာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ထိုဓားချက်သည် ကြယ်အလင်းရောင်ကို ဆုံးရှုံးသွားစေပြီး နေနှင့်လကို နေရာရွှေ့ပြောင်းသွားစေသည်။