ကြယ်တွေအလင်းရောင် ဆုံးရှုံးခြင်း၊ နေနဲ့လ နေရာရွှေ့ပြောင်းခြင်း(ဃ)
Vol. 72 Ch. 1122
လေထဲမှာ မတ်တတ်ရပ်နေသော နင်ယန်သည် ထိုမြင်ကွင်းကြောင့် ကိုးရိုးကားရား ခံစားမိသွားသည်။ သို့သော်လည်း သူ့ကိုယ်သူ တိုက်ရိုက် မိတ်ဆက်ခြင်းက သူ့အတွက် ကောင်းမွန်သော ကိစ္စမဟုတ်ပေ။ ထို့ကြောင့် သူက လေထဲမှာ မတ်တတ်ရပ်နေပြီး သွေးမျိုးစက်စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်သည်။
တဖြည်းဖြည်း သူ၏ အရှိန်အဝါသည် ပိုပြီးသိပ်သည်းလာသည်။ တော်ဝင်မိသားစု၏ အားလှိုင်းအတတ်အကျသည် အလွန်ကြီးမားကျယ်ပြောပြီး အားကောင်းသည်။ ယင်းက ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။
ထိုအခိုက်အတန့်မှာ ခေါင်းဆောင်သည် ပျံသန်းထွက်လာပြီး နင်ယန်၏ အနောက်သို့ ရောက်သွားသည်။ သူက သွေးနီရောင်စစ်တပ်ကို ဆူပူကြိမ်းမောင်းလိုက်သည်။
“ အတင့်ရဲလှချည်လား… မင်းတို့တွေ ဘာလို့ မင်းသားဆယ့်နှစ်ကို အရိုအသေမပေးသေးတာလဲ ”
ခေါင်းဆောင်က စကားပြောလိုက်သည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ လူများသည် ပိုပြီးထိတ်လန့်သွားကြသည်။ နင်ယန်သည် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် သူ့အရှေ့မှ စစ်တပ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ ငါ ကူယွဲ့နင်ယန်က လူသားဧကရာဇ်ရဲ့ ဆယ့်နှစ်ယောက်မြောက် သားတော်ပဲ… မင်းတို့ ငါ့နာမည်ကို သိသင့်တယ် ”
နင်ယန်က သူ၏ နာမည်ကို ထုတ်ဖော်ပြောလိုက်သည်နှင့်ချက်ချင်း သွေးနီရောင်စစ်တပ်၏ အမူအရာသည် ပြောင်းလဲသွားသည်။ အထူးသဖြင့် ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ လူသားဧကရာဇ်၏ သားတော်များထဲတွင် သူ့မယ်တော်သေဆုံးပြီးနောက် အပြင်သို့ ထွက်လာခဲသော မင်းသားတစ်ပါးရှိကြောင်း သူတို့မှတ်မိသွားကြသည်။ ထိုမင်းသားသည် မင်းသားဆယ့်နှစ်ဖြစ်သည်။ ထိုသို့မှတ်မိသွားသောအခါ သူတို့သည် နှလုံးတုန်သွားကြသည်။
တစ်ဖက်လူထံမှ သွေးမျိုးစက်စွမ်းအား လှိုင်းအတတ်အကျသည် အတုယောင်မဟုတ်ပေ။ အရေးကြီးဆုံးမှာ သူတို့၏ စစ်တပ်မှ ဖွဲ့စည်းထားသော သွေးနီရောင်မြေဖွတ်ကြီးသည် ရွှေရောင်နဂါးထံသို့ ဦးညွတ်နေခြင်း ဖြစ်သည်။
ထိုအကြောင်းအရာအားလုံးသည် နင်ယန်၏ စကားက မှန်ကန်ကြောင်း သက်သေပြပေးရန် လုံလောက်သည်။
ထို့ကြောင့် တစ်ခဏကြာ တုံ့ဆိုင်းနေပြီးနောက် လူတိုင်းသည် ဦးညွတ်လိုက်ပြီး နင်ယန်ကို နှုတ်ဆက်လိုက်ကြသည်။
“ မင်းသားဆယ့်နှစ်ကို နှုတ်ဆက်ပါတယ် ”
ဖုန်းဟိုင်ဒေသငယ်မှ လူများသည်လည်း သူတို့၏ စိတ်ခံစားချက်များက ပရမ်းပတာ ဖြစ်သွားကြသည်။ ဤအခိုက်အတန့်မှာ တစ်ယောက်ပြီးတစ်ယောက်သည် နင်ယန်ကို ဦးညွတ်လိုက်ပြီး နှုတ်ဆက်လိုက်ကြသည်။
အမတ်ယောင်သည်လည်း အတူတူပင်။
ဤသည်ကိုမြင်သောအခါ နင်ယန်သည် ဂုဏ်ယူဝင့်ကြွားသွားသည်။ သူက မေးစေ့ကို မြင့်မြင့်မြှောက်လိုက်ကာ ဖုန်းဟိုင်ဒေသငယ်မှ သူ၏ အဆင့်အတန်းကို မေ့လုနီးပါး ဖြစ်သွားသည်။ ကံကောင်းစွာပင် သူ့အနောက်မှ ခေါင်းဆောင်သည် ချောင်းဟန့်လိုက်ပြီး နင်ယန်ကို အသိပြန်ဝင်လာစေသည်။
နင်ယန်သည် လန့်ဖျပ်သွားပြီး သူ၏ နှလုံးသားထဲမှ ဂုဏ်ယူဝင့်ကြွားမှုကို အမြန်ဖိနှိပ်လိုက်သည်။ သူက စိတ်အခြေအနေကို ထိန်းညှိပြီးနောက် သွေးနီရောင်စစ်တပ်ကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဖုန်းဟိုင်ဒေသငယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တယ်… အဲ့ဒါက ခမည်းတော်ရဲ့ အမိန့်တော်ဖြစ်တယ် ”
“ မင်းတို့က အလှည့်စားခံခဲ့ရတာ ဖြစ်နိုင်တယ်… ဒါပေမဲ့ မင်းတို့လုပ်ရပ်က အပြစ်ရှိနေတုန်းပဲ… မင်းတို့ကိုယ်မင်းတို့ ချုပ်နှောင်ကြပါ… ဒီကိစ္စကို ခမည်းတော်ဆီ ငါတင်ပြမယ်… ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း စီမံဆောင်ရွက်မယ် ”
နင်ယန်၏ စကားသံ ထွက်ပေါ်လာသည့်အခါ စစ်သည်တော်တစ်သောင်းသည် နှုတ်ဆိတ်သွားကြသည်။ အစောနက ကြောက်စရာကောင်းသော ဓားချက် ဆင်းသက်လာပြီး ယခု မင်းသားတစ်ပါး ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ သူတို့မှာ အမိန့်နာခံရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။
တစ်ချိန်တည်းမှာ ယင်းက သူတို့ကို စိတ်သက်သာရာရသွားစေခဲ့သည်။ သူတို့က ဘေးကျပ်နံကျပ်အခြေအနေမှာ ကျရောက်နေခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည်။ သို့ဖြစ်၍ ယခုအချိန်မှာ တော်ဝင်မင်းသား၏ အမိန့်ကို နာခံခြင်းသည် သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
ထို့ကြောင့် သူတို့သည် လုံးဝတုံ့ဆိုင်းမနေဘဲ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို ချိပ်ပိတ်လိုက်ပြီး ဤနေရာမှာ သူတို့ကိုယ်သူတို့ ချုပ်နှောင်လိုက်ကြသည်။
သူတို့က တပ်မှူးချုပ်၏ လူယုံတော်များ ဟုတ်သည် မဟုတ်သည်က ယခု အရေးမကြီးတော့ပေ။ အရေးကြီးဆုံးသည် သူတို့ကို ချောက်လှန့်ခဲ့သော ထိုဓားချက် ဖြစ်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် နင်ယန်သည် ရွှီချင်းကို တိတ်တခိုး ချောင်းကြည့်လိုက်သည်။ ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေသေးသည်ကို မြင်လိုက်ရသောအခါ သူက အနည်းငယ် စိုးရိမ်လာသည်။ ထို့ကြောင့် သူက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် နင်ယန်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး ရယ်မောလိုက်ကာ ကောင်းကောင်းလုပ်ခဲ့သည်ဟု ချီးကျူးလိုက်သည်။
သို့မှသာ နင်ယန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။
ဤသည်မှာ လက်ရှိအခြေအနေအတွက် အကောင်းဆုံး ရလဒ်ဖြစ်သည်။ မကြာမီ အမတ်ယောင်သည် ဖုန်းဟိုင်ဒေသငယ်မှ ကျင့်ကြံသူများ၏ အကူအညီဖြင့် စစ်သည်တော်တစ်သောင်းကို အကျဉ်းထောင်ဌာနဆီသို့ ပို့ဆောင်လိုက်ကြသည်။
သူတို့သည် တစ်ဖက်လူများကို ညှဉ်းပန်းမနှိပ်စက်ပေ။ မည်သို့ဖြစ်ပါစေ သူတို့အားလုံးသည် လူသားများ ဖြစ်ကြသည်။
ဖုန်းဟိုင်ဒေသငယ်၏ အခက်အခဲသည် အဆုံးသတ်သို့ ရောက်ရှိသွားသည်။ ထို့နောက် အမတ်ယောင်သည် ရွှီချင်းကို ဒေသအကြီးအကဲရာထူး လွှဲပြောင်းပေးခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံးကို အမိန့်ပေးနိုင်သော အခွင့်အာဏာကို အပ်နှင်းပေးခဲ့သည်။
လက်ရှိအခြေအနေက မတည်ငြိမ်သေးသောကြောင့် ပွဲအခမ်းအနား မကျင်းပခဲ့ပေ။ အမှန်မှာ ရွှီချင်း၏ အခြေခံအုတ်မြစ်နှင့် ဖုန်းဟိုင်ဒေသငယ်ထဲမှ သူ၏ ဂုဏ်သတင်းကြောင့် ရွှီချင်းသည် မည်သည့်ရိုးရာဓလေ့ ပွဲအခမ်းအနားမှ ကျင်းပစရာ မရှိပေ။
သူက ဖုန်းဟိုင်ဒေသငယ်၏ ဒေသအကြီးအကဲဖြစ်လာသည်။
ဂိုဏ်းတော်များမှ တချို့ကျင့်ကြံသူများနှင့် ဖုန်းဟိုင်ဒေသငယ်မှ လူတချို့သည် အချိန်ကြာလာသည်နှင့်အမျှ အတိတ်တွင် ရွှီချင်းလုပ်ဆောင်ခဲ့သော အရာများကို မေ့လျော့သွားကြပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဒေသအကြီးအကဲဟူသော ရာထူးကို ထမ်းဆောင်နိုင်မည်လောဟု သံသယရှိကြသည်။
သို့သော်လည်း ကောင်းကင်ပေါ်မှ ဆင်းသက်လာသော ဓားချက်သည် ထိုသံသယအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
အမှန်မှာ ယင်းက ရွှီချင်းကို ပိုပြီးလျှို့ဝှက်ဆန်းကြယ်သွားစေသည်။ ထို့ပြင် ရွှီချင်းအပေါ် မင်းသားဆယ့်နှစ်၏ သဘောထားက လူအများအပြားကို အတွေးအမြင်တချို့ ဖြစ်ပေါ်လာစေသည်။
ရွှီချင်းသည် မငြင်းဆန်ပေ။ ဒေသအကြီးအကဲ၏ တာဝန်ကို သူနားလည်သည်။ နောက်ဆုံးမှာတော့ သူက ထိုကြီးလေးသော တာဝန်ကို သူ၏ ပခုံးပေါ်သို့ လွှဲပြောင်းယူရန် ဆုံးဖြတ်လိုက်သည်။
ဒေသအကြီးအကဲ၏ ခြံဝန်းဆီသို့ ဝင်ရောက်ပြီးနောက် ရွှီချင်းသည် ထိုတစ်နေ့တည်းမှာ အမိန့်တော်များစွာကို ထုတ်ပြန်လိုက်သည်။
ပထမအမိန့်တော်သည် စစ်ပွဲအတွက် ဖုန်းဟိုင်ဒေသငယ်တစ်ခုလုံး ကြိုတင်ပြင်ဆင်ထားရန် ဖြစ်သည်။
ဒုတိယအမိန့်တော်သည် တားမြစ်ဓမ္မရတနာများကို ချက်ချင်း အသက်သွင်းနိုင်အောင် အသင့်ပြင်ထားရန် ဖြစ်သည်။
ထို့နောက် ပိုမိုများပြားသော အမိန့်တော်များကို ထုတ်ပြန်ခဲ့သည်။ ဓားကိုင်များသည် ဖုန်ဟိုင်ဒေသငယ်ထဲမှ ပုန်ကန်မှုအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။
ရွှီချင်းသည် နောက်ထပ် ရင်ဆိုင်ရမည့် သတ္တမမင်းသားနှင့် ဘုရင်ထျန်းလန်အတွက် ကြိုတင်ပြင်ဆင်နေသည်။
အမိန့်တော်များကို ထုတ်ပြန်ပြီးနောက် မူလက တိတ်ဆိတ်နေသော ဖုန်းဟိုင်ဒေသငယ်သည် တဖန် ပြန်သက်ဝင်လှုပ်ရှားလာသည်။ လူတိုင်း၏ နှလုံးသားသည် ဖုန်းဟိုင်ဒေသငယ်ပေါ်မှာ ထပ်မံ စုဝေးသွားသည်။
ငှက်ကြီးချင်းချင်းသည် သီးခြားနေထိုင်ခြင်းမှ ပြန်ထွက်လာသည်။ ၎င်းက ထိုညတွင် ဒေသငယ်မြို့တော်ပေါ်မှာ လှည့်ပတ်ပျံသန်းလိုက်ပြီး ဒေသအကြီးအကဲ၏ ခြံဝန်းထံသို့ ကျယ်လောင်စွာ အော်မြည်လိုက်သည်။
ဂူး… ဂူး… ဂူး…