← Chapters

လရောင်အောက်တွင် တွေ့ဆုံခြင်း

Vol. 72 Ch. 1124

လရောင်အောက်တွင် တွေ့ဆုံခြင်း

Vol. 72 Ch. 1124

ညအမှောင်အောက်တွင် လေတဟူးဟူး တိုက်ခတ်နေသည်။

ယင်းက မြေပြင်ကို ကြင်နာစွာ ထွေးပွေ့ထားပြီး ဒေသငယ်မြို့တော်ထဲမှ အဆောက်အဦးများပေါ်သို့ ကျဆင်းလာသည်။ လေတိုးဝှေ့သွားသည့်အခါတိုင်း တဝီဝီဟူသော မြည်သံများ ထွက်ပေါ်လာသည်။ ယင်းက သတ္တမသခင်ကြီး၏ အဝတ်အစားကို တိုက်ခတ်သွားပြီး ဒေသအကြီးအကဲ၏ ခြံဝန်းထဲမှ နေအိမ်အထိ ဆက်လက်ပျံ့လွင့်သွားသည်။

လေသည် ရွှီချင်း၏ ဆံပင်ကို မတင်လိုက်သည်။

ရွှီချင်းသည် ညကောင်းကင်ယံကို ကြည့်လိုက်သည်။ သူ၏ နှလုံးသည် တည်ငြိမ်နေသည်။

ထိုတည်ငြိမ်မှုသည် လပူဇော်ဒေသကြီးတွင် သူမရရှိနိုင်သော အရာဖြစ်သည်။ ရွှီချင်းအတွက်တော့ ဖုန်းဟိုင်ဒေသငယ်မှာ အချိန်အတော်ကြာ သူတွေ့ကြုံခဲ့ရသော ကိစ္စများကြောင့် ဤနေရာကို သူ၏ ဇာတိမြေတစ်ပိုင်းအဖြစ် သတ်မှတ်ထားသည်။

အိမ်သို့ ပြန်ရောက်လာခြင်းဟူသော ခံစားမှုသည် ရွှီချင်း၏ စိတ်ကို တည်ငြိမ်သွားစေသည်။ သို့သော်လည်း သူ၏ ငြိမ်းချမ်းမှုထဲသို့ ဝင်ရောက်ချင်သော အသံတချို့က အမြဲတမ်း ရှိသည်။

“ ချင်းလေး… အဖိုးကြီးကို အိမ်ရှေ့စံမင်းသားပေးလိုက်တဲ့ ကျောက်စိမ်းပြားထဲမှာ ဘာတွေရေးထားတယ်လို့ မင်းထင်လဲ ”

ခေါင်းဆောင်သည် စဉ်းစားနေသော အမူအရာဖြင့် ရွှီချင်း၏ ဘေးမှာ မတ်တတ်ရပ်နေသည်။

“ အစောနက ကျောက်စိမ်းပြားကို အဖိုးကြီး မြင်လိုက်တဲ့အချိန်မှာ သူ့ရဲ့ မျက်နှာပေါ်က အပြုံးက သက်တမ်းရင့်နေတဲ့ ဂန္ဓမာပန်းတစ်ပွင့် ပွင့်လာတာနဲ့ တူတယ်… ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ချောင်းဟန့်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်မကြည့်ဘဲ မနေနိုင်ပေ။

ခေါင်းဆောင်သည် ဘဝင်မြင့်စွာ လက်ဝှေ့ယမ်းလိုက်သည်။

“ ဘာမှစစ်ဆေးနေဖို့ မလိုပါဘူး… အဖိုးကြီး ဒီမှာ မရှိပါဘူး ”

“ ငါ့စိတ်ထင် ကျောက်စိမ်းပြားထဲမှာ အိမ်ရှေ့စံမင်းသားက အဖိုးကြီးကို ချီးကျူးလေးစားတဲ့အကြောင်း ပြောထားတာ ဖြစ်မယ်… အဖိုးကြီးအပေါ် ငါ့ရဲ့ နားလည်မှုအရဆိုရင် သူက အဲ့ဒါကို အရမ်းစိတ်ကျေနပ်သွားတာ ဖြစ်ရမယ် ”

“ အပေါစားဆန်လိုက်တာ… အပေါစားဆန်လိုက်တာ ”

ခေါင်းဆောင်သည် ခေါင်းခါလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အထင်အမြင်သေးသော အမူအရာ ရှိသည်။

ရွှီချင်းသည် နှုတ်ဆိတ်နေသည်။ ဤကိစ္စအပေါ် မည်သည့်မှတ်ချက်မှ မပေးခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူခံစားမိသည်။ အကယ်၍ ဆရာသာ သူတို့အနားမှာ ရှိနေဆဲဖြစ်မည်ဆိုလျှင် သို့မဟုတ် သူတို့၏ စကားကို ဆရာက အဝေးမှ ကြားနိုင်မည်ဆိုလျှင်…

ခေါင်းဆောင်က ထိုသို့မစဉ်းစားမိသည်မှာ ရှင်းလင်းသည်။ ရွှီချင်းက လေသံနှိမ့်ပြီး သူ၏ အမြင်ကို ထုတ်ဖော်ပြောတော့မည့်အချိန် ရင်းနှီးကျွမ်းဝင်သော အမွှေးနံ့သည် ခြံဝန်းအပြင်မှ ပျံ့လွင့်လာသည်။

အမွှေးနံ့နောက်တွင် သေးသွယ်ပြီး နူးညံ့သိမ်မွေ့သော ပုံရိပ်တစ်ခုက ခြံဝန်းအပြင်ဘက်တွင် ထွက်ပေါ်လာသည်။ သူက အိမ်ထဲသို့ ကြော့ရှင်းတင့်တယ်စွာ လျှောက်လှမ်းလာသည်။

သန့်ရှင်းသော အဖြူရောင်ဂါဝန်နှင့်အတူ ထိုပုံရိပ်သည် ပြစ်ချက်မဲ့ပြီး မွန်မြတ်သန့်စင်သည်။ သူ၏ အနက်ရောင်ဆံနွယ်သည် လေနှင့်အတူ ယိမ်းနွဲ့နေသည်။ သူ၏ ဖီးနစ်သဖွယ် မျက်ခုံးများက သူ၏ ဆွဲဆောင်မှုကို ထပ်တိုးကြွယ်စေသည်။

သူ၏ မျက်လုံးထဲမှာ နူးညံ့သော အကြည့်ရှိသည်။ သူ၏ နှာတံသည် သိမ်မွေ့ပြီး ပါးနှစ်ဖက်သည် အနည်းငယ် နီမြန်းနေသည်။ ယင်းက ချစ်စဖွယ်ကောင်းသော အသွင်အပြင်ကို ဖြစ်ပေါ်စေပြီး သူ၏ ဘဲဥပုံစံမျက်နှာက အကြွင်းမဲ့ အလှတရားကို ထုတ်ဖော်ပြနေသည်။

သူက လရောင်အောက်မှာ ရွေ့လျားနေစဉ် သူ၏ အရေပြားသည် နှင်းကဲ့သို့ ဖြူဖွေးပုံပေါ်သည်။ ယင်းက မြင်လိုက်ရသူတိုင်းကို အကြည့်မခွာနိုင်အောင် ဆွဲဆောင်ထားသည်။

သတ္တမသခင်ကြီးနှင့် အမတ်ယောင်မှလွဲ၍ သတင်းပေးပို့ခြင်းမရှိဘဲ ဒေသအကြီးအကဲ၏ ခြံဝန်းထဲသို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာနိုင်သူသည် နတ်မိမယ်ကျစ်ရွှမ်းတစ်ယောက်တည်းသာ ရှိသည်။

နတ်မိမယ်ကျစ်ရွှမ်း၏ ရောက်ရှိလာမှုသည် ခြံဝန်းကို လင်းထိန်သွားစေသည်။ ဤအခိုက်အတန့်မှာ လရောင်ခြည်အားလုံးက သူ၏ ဆွဲဆောင်ခံလိုက်ရသည့်အလား သူ၏ ဘေးနားတစ်ဝိုက်မှာ စုဝေးနေသည်။

ရွှီချင်းသည် ချက်ချင်း နှလုံးခုန်မြန်လာသည်။

ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်သည်။ လင်းအာနှင့် ရွှံ့မြေခွေး၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူတို့အချင်းချင်းကို စတင် နှိုင်းယှဉ်ကြည့်လိုက်သည်။

‘ လင်းအာက အပြစ်ကင်းစင်တယ်… မြေခွေးမက ညှို့ဓာတ်ပြင်းတယ်… နတ်မိမယ်ကျစ်ရွှမ်းမှာက သူ့ကိုယ်ပိုင် ဆွဲဆောင်မှုရှိတယ်… ဘယ်သူကျန်သေးလဲ… အို ဟုတ်သားပဲ အရူးမ ယန်ယန်ရှိသေးတယ်… ပြီးတော့ ထင်ရွှယ်က ရွှီချင်းရဲ့ နှလုံးသားကို အနိုင်ရဖို့ စိတ်ဆုံးဖြတ်ထားတယ်… ဒါတောင် ချင်းချိုးမပါသေးဘူး ’

ထိုသို့တွေးမိသွားသောအခါ ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ထိုမိန်းကလေးအားလုံးဆီမှာ ကိုယ်စီထူးခြားချက်များရှိကြောင်း သူနားလည်သည်။

ထို့ကြောင့် သူက မနာလိုမဖြစ်ဘဲ မနေနိုင်ပေ။

‘ ဒါပေမဲ့ သေချာတွေးကြည့်မယ်ဆိုရင် ချင်းလေးက အတော် သနားဖို့ကောင်းတယ်… ဒီလိုမျိုး မိန်းမတွေ ဝိုင်းဝိုင်းလည်နေမယ်ဆိုရင် သူက သေချာပေါက် စိုးရိမ်ကြောင့်ကြပြီး စိတ်မောပန်းရလိမ့်မယ်… အခန့်မသင့်ရင် သူက အသတ်တောင်ခံရနိုင်တယ် ’

‘ ငါကတော့ သူ့လို မဟုတ်ဘူး… လွတ်လပ်တယ် အနှောင်အဖွဲ့ကင်းရှင်းတယ်… လေနဲ့အတူ စိတ်ကြိုက် ရွေ့လျားသွားနိုင်ပြီး ကောင်းကင်နဲ့ မြေပြင်ကြားမှာ လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တယ်… အောက်ဘက် သေမျိုးလောကကနေစပြီး အပေါ်ဘက် နတ်ဘုရားလောကအထိ ဘယ်သူမှ ဒီနွားရိုင်းကို မထိန်းချုပ်နိုင်ဘူး ’

‘ ငါက ထာဝရ လွတ်လပ်နေမယ် ’

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသွားပြီး မွန်မြတ်မှုကို ခံစားမိသွားသည်။ ယခုအချိန်မှာ သူ၏ အတွေးများသည် ဆာဂီများနှင့် အတူတူပင်။

သို့ဖြစ်၍ သူက ချောင်းဟန့်လိုက်သည်။ ထိုအကြောင်းကို ပိုပြီးတွေးမိလေ သူက သာမန်လူသားများထက် အများကြီး သာလွန်ကြောင်း ပိုပြီးခံစားမိလေ ဖြစ်သည်။ သူ၏ အတွေးများထဲမှာ အထွတ်အမြတ် အမှန်တရားတစ်ခု ကိန်းအောင်းနေသည်ဟု သူခံစားမိသည်။

နောက်ပိုင်းတွင် သူ၏ အတွင်းစိတ်အခြေအနေသည် တည်ငြိမ်လာပြီး လှုပ်ခတ်ခြင်းမရှိတော့ပေ။ သူက ရွှီချင်းကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။

ထိုအကြည့်ထဲမှာ ကရုဏာဖြင့် ပြည့်နှက်နေပြီး သူ၏ အတွေးထဲမှာ ဉာဏ်အမြော်အမြင်ဖြင့် ပြည့်နှက်နေသည်။ သူက ယခု သူနားလည်သွားသော အမှန်တရားကို ရွှီချင်းအား ပြောပြရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ နတ်မိမယ်ကျစ်ရွှမ်း၏ အသံက အပြင်ဘက်မှ ပျံ့လွင့်လာသည်။

“ အားညို… လီရှစ်ထောင်က နင့်ကို ခေါ်နေတယ် ”

နတ်မိမယ်ကျစ်ရွှမ်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ခေါင်းဆောင်၏ မျက်လုံးသည် ချက်ချင်း ပြုးကျယ်သွားသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာသည် ဂန္ဓမာပန်းတစ်ပွင့် ပွင့်လာခြင်းနှင့် ဆင်တူသည်။ သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာနေသော စိတ်ခံစားချက်လှိုင်းများကို သူမထိန်းချုပ်နိုင်ပေ။

သူ၏ မျက်လုံးသည် လင်းလက်တောက်ပလာပြီး သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။

‘ အခုလို ညဉ့်နက်သန်းခေါင်မှာ ငါ့ထောင်ထောင်က ငါ့ကို ခေါ်နေတယ် ’

ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာ နှုတ်ခမ်းသပ်လိုက်သည်။

ဤအခိုက်အတန့်မှာ ဆာဂီများ၏ အတွေးများဖြစ်စေ၊ သူနားလည်သွားခဲ့သော အမှန်တရားဖြစ်စေ၊ လွတ်လပ်မှုဖြစ်စေ ယင်းတို့အားလုံးက အရေးမကြီးတော့ပေ။

သူက အပြင်သို့ အလောတကြီး ပြေးထွက်သွားသည်။ သူက ယခုအချိန်မှာ ရွှီချင်းကို သတိမရတော့ပေ။

သူ့အတွက် တခြားလူများ၏ အရေးကိစ္စက မည်မျှအရေးကြီးပါစေ ယင်းက သူ၏ ထောင်ထောင်ထက် အရေးမကြီးနိုင်ပေ။

သူက ပြေးထွက်သွားနေရင်း မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ပြီး ကိုက်စားလိုက်သည်။ သူ၏ စိတ်ထဲမှာလည်း အော်ပြောလိုက်သည်။

‘ ထောင်ထောင် ငါ့ကို စောင့်နေပါ ’

သူ၏ နှလုံးသားက လှိုင်းထနေစဉ် ခေါင်းဆောင်၏ ပုံရိပ်သည် မြန်ဆန်စွာ ထွက်သွားသည်။

ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း ရွှီချင်းသည် မည်သို့ပြောသင့်ကြောင်း မစဉ်းစားတတ်တော့ပေ။ ထို့ပြင် ယခုအချိန်မှာ သူက တစ်ဖက်လူ၏ အရေးကိစ္စကို အာရုံစိုက်နိုင်ခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ နတ်မိမယ်ကျစ်ရွှမ်း၏ ခြေလှမ်းက နီးသထက် နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးခုန်မှုသည် ပိုပိုမြန်ဆန်လာသည်။

ရွှီချင်းသည် အရွယ်ရောက်လာပြီဖြစ်သော်လည်း နတ်မိမယ်ကျစ်ရွှမ်းနှင့် သူရင်ဆိုင်ရသည့်အခါ အတိတ်တုန်းကကဲ့သို့ ဖြစ်နေဆဲပင်။ သူက စိုးရိမ်ကြောင့်ကြလာပြီး မသိစိတ်အလျောက် အနောက်ဆုတ်သွားသည်။

သူက အစွန်းတစ်ဖက်ဆီသို့ ဆုတ်သွားပြီး ဆက်လက် နောက်မဆုတ်နိုင်တော့သည့်အခါ သူ့ကိုယ်သူ အားတင်းလိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်းထံသို့ လက်သီးဆုပ်လိုက်သည်။

“ နတ်မိမယ်ကို နှုတ်ဆက်ပါတယ် ”

နတ်မိမယ်ကျစ်ရွှမ်းသည် ရယ်မောလိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူက ရွှီချင်း၏ အရှေ့သို့ ဆက်လျှောက်သွားပြီး သူနှင့် အလွန်နီးကပ်သွားသည့်အခါမှ ရပ်တန့်လိုက်သည်။ သူက နေရာမှာ ရပ်နေစဉ် မွှေးပျံ့သော ကိုယ်သင်းနံ့သည် နေအိမ်တစ်ခုလုံးဆီသို့ ပျံ့လွင့်သွားပြီး ရွှီချင်း၏ နှလုံးသားထဲထိ ရောက်ရှိသွားသည်။ တဟူးဟူးတိုက်ခတ်နေသော လေသည်ပင် ထိုအမွှေးနံ့ကို မလွင့်ပြယ်စေနိုင်ပေ။

သူ့ကို စိုက်ကြည့်နေသော ထိုမျက်လုံးများက ထာဝရတည်ရှိနေဟန် ရသည်။

ထိုမျက်ဝန်းအောက်မှာ ရွှီချင်း၏ စိတ်သည် ဟာလာဟင်းလင်းဖြစ်သွားပြီး အကူအညီမဲ့မှုကို ခံစားမိသွားသည်။

လင်းအာနှင့် သူတွေ့ဆုံစဉ် တစ်ခါမှ ထိုသို့မခံစားမိပေ။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်းနှင့် သူတွေ့ဆုံသည့်အခါတိုင်း ထိုသို့ အမြဲတမ်း ခံစားမိသည်။

“ အနောက်လှည့်လိုက်ပါ ”

နတ်မိမယ်ကျစ်ရွှမ်းက နူးညံ့စွာ ပြောသည်။

ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်းထံသို့ တိတ်တဆိတ် ကျောပေးလိုက်သည်။

နတ်မိမယ်ကျစ်ရွှမ်းသည် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ ရှည်လျားသော ဆံပင်ကို ကိုင်ယူလိုက်သည်။ ကြော့ရှင်းတင့်တယ်သော လှုပ်ရှားမှုနှင့်အတူ သူက ခေါင်းစည်းကြိုးတစ်ခုကို ထုတ်လိုက်ပြီး ဆံပင်ကို မြင်းမြှီးပုံစံ သေသပ်စွာ ချည်နှောင်ပေးလိုက်သည်။ ထို့နောက် သူက ရွှီချင်း၏ အဝတ်အစားကို သေသေသပ်သပ် ပြုပြင်ပေးလိုက်သည်။

ရွှီချင်းသည် စိတ်မသက်မသာ ခံစားမိသွားသည်။ သို့သော်လည်း အကယ်၍ ဤနေရာမှာ တခြားလူများသာရှိမည်ဆိုလျှင် ဆံပင်ပုံစံ ပြောင်းလဲသွားသော ရွှီချင်းကို သူတို့မြင်သွားလျှင် အံ့ဩသွားလိမ့်မည်မှာ သေချာသည်။ ထိုဆံပင်ပုံစံသည် ရွှီချင်း၏ ချောမောလှပသော မျက်နှာကို ပိုပြီးထင်သာသွားစေသည်။

“ အခုပုံစံက ပိုပြီးကြည့်ကောင်းတယ် ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် ပိုပြီးသိမ်မွေ့လာသည်။ သူက အရှေ့သို့ လျှောက်သွားပြီး ရွှီချင်း၏ ဘေးမှာ ရပ်လိုက်သည်။ သူက ရွှီချင်းနှင့်အတူ အဝေးမှ ညကောင်းကင်ယံကို ကြည့်လိုက်သည်။

လရောင်ခြည်က ဖြာဆင်းကျလာပြီး သူတို့နှစ်ယောက်၏ အရိပ်ကို မြေပြင်ပေါ်မှာ ရှည်ထွက်လာစေသည်။

ညအချိန်သည် လှပသည်။

အိမ်ထဲမှာ တိတ်ဆိတ်ငြိမ်းချမ်းခြင်းဖြင့် ပြည့်နှက်နေသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် လပူဇော်ဒေသကြီးထဲမှ ကိစ္စများကို ရွှီချင်းအား နူးညံ့သော အသံဖြင့် မေးသည်။

နူးညံ့သော ထိုအသံအောက်မှာ ရွှီချင်း၏ နှလုံးသည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူက အတိတ်အကြောင်းကို ပြန်ပြောပြသည်။

နတ်မိမယ်ကျစ်ရွှမ်းသည် စိတ်ဝင်တစား နားထောင်သည်။ ရံဖန်ရံခါ သူ၏ လှပသော မျက်ဝန်းထဲမှာ အံ့ဩသော အရိပ်အယောင်ထွက်ပေါ်လာပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ဤသည်မှာ သူက လုံးဝစိတ်ပျံ့လွင့်သွားခြင်းမရှိဟန် ရသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ဤသည်မှာ သူတို့နှစ်ယောက် အတူတူခရီးသွားခဲ့စဉ်က အချိန်ကို ပြန်ရောက်ရှိသွားဟန် ရသည်။

ထိုခံစားမှုသည် ရွှီချင်းကို စိတ်သက်သာရာရစေသည်။

ညဉ့်နက်သန်းခေါင်အချိန်ကို ရောက်ရှိသွားသည့်အခါမှ ရွှီချင်းက လပူဇော်ဒေသကြီးအကြောင်းကို ပြောပြခြင်း ပြီးဆုံးသွားသည်။ နတ်မိမယ်ကျစ်ရွှမ်းက ဤနှစ်များမှာ ဖုန်းဟိုင်ဒေသငယ်မှ သူ၏ အတွေ့အကြုံများကို ပြန်ပြောပြသည်။

“ ဒီနှစ်တွေက ငါက ချင်းရွှမ်းဂိုဏ်းပေါ်မှာ အဓိက အာရုံစိုက်ခဲ့တယ်… ဖုန်းဟိုင်ဒေသငယ်ကိုတော့ မင်းရဲ့ ဆရာနဲ့ အမတ်ယောင်က စီမံအုပ်ချုပ်ခဲ့တယ်… အားလုံးက ပြန်လည်နာလန်ထူနေတယ်… တကယ်လို့ ဘုရင်ထျန်းလန်သာ ရောက်မလာဘူးဆိုရင် မင်းပြန်လာတဲ့အချိန် အခုလိုအခြေအနေမျိုးနဲ့ တွေ့ကြုံရမှာ မဟုတ်ဘူး ”

“ ငါတို့ရဲ့ ချင်းရွှမ်းဂိုဏ်းက အခြေခံအုတ်မြစ်တစ်ခု ရှိပြီးပြီ… လက်တလော ချင်းရွှမ်းဂိုဏ်းက ဖုန်းဟိုင်ဒေသငယ်မှာ အတော်လေး နာမည်ကျော်ကြားတယ် ”

“ ပြီးတော့ မင်းရဲ့ ဆရာနဲ့ အမတ်ယောင်က အင်မော်တယ်တားမြစ်နယ်မြေကို ဖွင့်ဖြိုးတိုးတတ်ဖို့အတွက် ထပ်မံဖွင့်လှစ်ခဲ့တယ်… အထဲမှာ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား မရှိတော့တာကြောင့် ဒြပ်နှောအများကြီး လွင့်ပြယ်သွားခဲ့တယ်… တားမြစ်နယ်မြေထဲမှာ စာအုပ်တချို့နဲ့ လက်နက်တချို့ ကျန်ရှိနေသေးတယ်… အဲ့ဒါတွေက ဖုန်းဟိုင်ဒေသငယ်ရဲ့ စွမ်းအားကို အများကြီး တိုးမြှင့်သွားစေခဲ့တယ် ”

“ ငါလည်းပဲ အင်မော်တယ်တားမြစ်နယ်မြေဆီ အကြိမ်ရေအနည်းငယ် သွားရောက်ခဲ့တယ် ”

ထိုနေရာသို့ ရောက်သည့်အခါ နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ ညလေသည် သူ၏ အနက်ရောင်ဆံနွယ်ကို တိုးဝှေ့တိုက်ခတ်သွားပြီး ရွှီချင်း၏ မျက်နှာပေါ်သို့ ပွတ်သပ်သွားသည်။ ရွှီချင်း၏ နှလုံးသည် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။

“ အဲ့ဒီမှာ အရမ်းထူးဆန်းတဲ့ အပျက်အစီးနယ်မြေတစ်ခု ရှိတယ်… ”

“ အဲ့ဒီမှာ တစ်စုံတစ်ခုက ငါ့ကို ဆင့်ခေါ်နေတယ်လို့ ဝေဝေဝါးဝါး ခံစားမိတယ် ”

စိတ်ရှုပ်ထွေးသော အရိပ်အယောင်သည် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုမေးခွန်းကို သူ၏ နှလုံးသားထဲမှာ အချိန်အတော်ကြာ မြှုပ်နှံထားခဲ့ပြီး မည်သူ့ကိုမှ မပြောခဲ့ပေ။ ယနေ့ ရွှီချင်းဖြင့် သူတွေ့ဆုံသည့်အခါမှသာ ထိုအကြောင်းကို ဖွင့်ပြောပြခြင်းဖြစ်သည်။

“ ရွှီချင်း… ငါ မကြာခဏ မက်လေ့ရှိတဲ့ အိမ်မက်အကြောင်း မင်းကို ပြောပြဖူးတာ မှတ်မိသေးလား ”

နတ်မိမယ်ကျစ်ရွှမ်း၏ အသံသည် အလွန်တိုးညင်းသွားသည်။

“ အဲ့ဒီအပျက်အစီးနေရာက အိမ်မက်ထဲမှာ ငါခံစားမိတဲ့ ခံစားချက်မျိုး ပေးတယ်… ငါက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အဲ့ဒီအပျက်အစီးနေရာမှာ ရှိနေခဲ့ဖူးတဲ့ပုံပဲ ”

“ ငါသေချာတော့ မသိဘူး… ”

“ ကံမကောင်းတာက အဲ့ဒီနေရာက အခု အပျက်အစီးနယ်မြေဖြစ်နေပြီ ”

နတ်မိမယ်ကျစ်ရွှမ်း၏ ဇဝေဇဝါဖြစ်သော အမူအရာကို ကြည့်နေရင်း ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ အိမ်မက်နှင့် အင်မော်တယ်တားမြစ်နယ်မြေအကြောင်းကို ဂရုတစိုက် ပြန်တွေးတောလိုက်သည်။ သို့သော်လည်း အတိတ်တွင် သူရောက်သွားခဲ့သော နေရာများမှာ အကန့်အသတ်တစ်ခု ရှိသည်။ သို့ဖြစ်၍ နတ်မိမယ်ကျစ်ရွှမ်းက မည်သည့်နေရာကို ပြောနေကြောင်း သူမသိပေ။

အင်မော်တယ်တားမြစ်နယ်မြေထဲတွင် အပျက်အစီးနယ်မြေအများကြီး ရှိသည်။

သို့သော်လည်း အချိန်ပုလင်းကို သူရရှိခဲ့သော နေရာတွင် ထူးဆန်းသော ဖီးနစ်ခန်းမဆောင်တစ်ခုရှိကြောင်း သူမှတ်မိသည်။ သူ၏ မှတ်ဉာဏ်များထဲတွင် ထိုနေရာသည် နတ်မိမယ်ကျစ်ရွှမ်းနှင့် ဘာမှမသက်ဆိုင်ပေ။ သို့သော်လည်း သူက အချိန်ပုလင်းကို သူ၏ တေရသနတ်နန်းတော်ထဲသို့ ထည့်သွင်းလိုက်သည့်အခါမှာ နတ်မိမယ်ကျစ်ရွှမ်း၏ သက်ပြင်းချသံကို မသဲမကွဲ သူကြားခဲ့ရသည်။ ယင်းက ပုံရိပ်ယောင်လော အစစ်အမှန်လော သူမသိပေ။

ထို့ကြောင့် သူ၏ နှလုံးသည် လှုပ်ခါသွားသည်။ ရွှီချင်းက မေးမြန်းတော့မည့်အချိန် နတ်မိမယ်ကျစ်ရွှမ်း၏ အသံက ထပ်မံပျံ့လွင့်လာသည်။

“ ဒါပေမဲ့ အဲ့ဒီအပျက်အစီးနယ်မြေထဲမှာ မင်းရဲ့ ခြေရာလက်ရာကို ငါရှာတွေ့ခဲ့တယ် ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောသည်။

“ အင်မော်တယ်တားမြစ်နယ်မြေထဲမှာ ငါရောက်ဖူးတဲ့နေရာက အများကြီးမရှိဘူး… ဒါပေမဲ့ ထူးဆန်းတဲ့ နေရာတစ်ခုတော့ ရှိတယ်… တကယ်လို့ ငါတို့က အနားကပ်သွားမယ်ဆိုရင် အဲ့ဒီနေရာက ဖီးနစ်နန်းဆောင်ကိုးခုဖြစ်လာတယ်… တကယ်လို့ ငါတို့က အဲ့ဒီနေရာနဲ့ အဝေးကို လျှောက်သွားမယ်ဆိုရင် အဲ့ဒီနေရာက အပျက်အစီးနယ်မြေတစ်ခု ဖြစ်လာတယ် ”

“ အဲ့ဒီနေရာမှာ သုံးရက်ကြာအောင် ငါ့မှတ်ဉာဏ်တွေ ပျောက်ဆုံးခဲ့တယ်… နောက်ဆုံးမှာ ငါက အချိန်ပုလင်းကို ရရှိခဲ့တယ် ”

“ အဲ့ဒီနောက် ခန်းမဆောင်က တကယ် ပျက်စီးသွားပုံရတယ် ”

“ တကယ်လို့ မင်းက ငါ့ရဲ့ ခြေရာလက်ရာတွေကို ရှာတွေ့တယ်ဆိုရင် မင်းပြောတဲ့ အပျက်အစီးနယ်မြေက ငါပြောတဲ့နေရာနဲ့ တစ်ခုတည်းဖြစ်လိမ့်မယ် ”

ရွှီချင်းက စကားပြောပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ နတ်ဘုရားရတနာသိုက်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ ရတနာသိုက်၏ အားလှိုင်းအတတ်အကျများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည့်အခါ ရတနာသိုက်ဖြင့် ပေါင်းစပ်ထားသော အချိန်ပုလင်းသည် အပြင်ဘက်သို့ ဖြည်းညင်းစွာ ပျံသန်းထွက်လာပြီး နတ်မိမယ်ကျစ်ရွှမ်း၏ အရှေ့မှာ မျောလွင့်သွားသည်။

အချိန်အငွေ့အသက်သည် အချိန်ပုလင်း၏ ဘေးပတ်ဝန်းကျင်မှာ ပျံ့နှံ့နေသည်။ ယင်းက အချိန်ပုလင်းအား မြင်လိုက်ရသူတိုင်းကို အလိုအလျောက် ဆွဲဆောင်ထားနိုင်သည်။ ပုလင်းသည် လရောင်ခြည်အောက်မှာ ထွန်းလင်းတောက်ပလာပြီး ရောင်စုံအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ရောင်စုံအလင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ လှပသော မျက်နှာပေါ်သို့ ရောင်ပြန်လာပြီး သူ၏ မျက်လုံးကို ကြည်လင်တောက်ပသွားစေသည်။ အချိန်ပုလင်းကို စိုက်ကြည့်နေစဉ် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်တောင်သည် အနည်းငယ် လှုပ်ခါသွားသည်။ သူ၏ နှလုံးသားထဲမှ လှိုင်းဂယက်များက အပြင်သို့ ပေါ်လျှိုးထွက်လာလေရာ သူ၏ ဖြူဖွေးသော အသားအရေကို အနည်းငယ် နီမြန်းသွားစေသည်။ သူ၏ ပါးလွှာသော နှုတ်ခမ်းသည် နှင်းဆီ၏ ပွင့်ချပ်များသဖွယ် သိမ်မွေ့နူးညံ့သည်။

အချိန်တစ်ခဏကြာပြီးနောက် နတ်မိမယ်ကျစ်ရွှမ်းသည် ပေါ့ပါးစွာ အသက်ရှူထုတ်လိုက်သည်။ သူက အချိန်ပုလင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်း၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။

“ ငါတို့ အဲ့ဒီကို ခရီးထွက်ကြမလား ”

All Chapters