နေမင်းဆီသို့ လက်ဆန့်ထုတ်ခြင်း
Vol. 72 Ch. 1126
မဟာမိတ်ခေါင်းဆောင်သည် မထွက်သွားခင် ရိုသေစွာ ဦးညွတ်လိုက်သည်။
အဓိကခန်းမဆောင်၏ အမြင့်ဆုံး ထိုင်ခုံပေါ်တွင် ထိုင်နေသော သတ္တမမင်းသားက တစ်ချိန်လုံး သူ့ကို စိုက်ကြည့်နေကြောင်း သူအာရုံခံနိုင်သည်။
ထို့ကြောင့် သူက သူ၏ စိတ်ခံစားချက်များကို ဖုံးကွယ်ရန် မကြိုးစားခဲ့ခြင်း ဖြစ်သည်။ တုံ့ဆိုင်းသော အမူအရာသော်လည်းကောင်း သို့မဟုတ် ကြိတ်မှိတ်လက်ခံလိုက်သော အမူအရာသော်လည်းကောင်း ယင်းတို့အားလုံးကို အထင်အရှား သူထုတ်ဖော်ပြခဲ့သည်။
သူက အဓိကခန်းမဆောင်ထဲမှ ထွက်သွားပြီး အဝေးသို့ လျှောက်သွားပြီးမှသာ ခါးပြန်မတ်လိုက်သည်။ ထို့နောက် သူက မြို့တော်ထဲမှ သူ့ကိုယ်ပိုင် ခြံဝန်းဆီသို့ အပြုံးဖြင့် လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် ရင်းနှီးကျွမ်းဝင်သော ရဲဘော်ရဲဘက်များနှင့် သူတွေ့ဆုံသည့်အခါ သူတို့ကို ကြင်နာစွာ နှုတ်ဆက်လိုက်သည်။
သူက ဗလာနတ္ထိဒုတိယအဆင့်ဖြစ်သောကြောင့် မောက်မာထောင်လွှားသော အရိပ်အယောင် လုံးဝထုတ်မပြချေ။
အစမှ အဆုံးအထိ သူ၏ အမူအရာသည် သိမ်မွေ့ပြီး ကြင်နာသည်။ သူ့ကိုယ်ပိုင် ခြံဝန်းဆီသို့ ပြန်ရောက်သွားသည့်အခါ သူက အမွှေးတိုင်တစ်တိုင် ထွန်းညှိလိုက်သည်။ ထို့နောက် သူက နေရာမှာ ထိုင်လိုက်ပြီး စစ်တုရင်ခုံကို ထုတ်ယူလိုက်ကာ တစ်ယောက်တည်း ကစားလိုက်သည်။
သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် မီးခိုးငွေ့ကို ဖြတ်ကျော်သွားသည့်အခါ သူ၏ မျက်လုံးထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်နေသော အေးစက်မှုရှိကြောင်း မြင်နိုင်လိမ့်မည်။
ယင်းက သိုးငယ်ကလေး၏ ဝမ်းဗိုက်ထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းပြင်း မြွေတစ်ကောင်နှင့် ဆင်တူပေသည်။
“ ဒီကို ငါရောက်လာတဲ့ ပထမနေ့မှာ သတ္တမမင်းသားဆီ လူသားဆေးမီးဖိုအကြောင်း ငါပြောပြခဲ့တယ်… ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူက ဂရုမစိုက်ခဲ့ဘူး… ဒီနေ့ သူက ရုတ်တရက် ငါ့ကို ဆင့်ခေါ်လာပြီး အဲ့ဒီကိစ္စအကြောင်း ပြန်ပြောလာတယ်… ”
သိမ်မွေ့သော အပြုံးသည် သူ၏ ပါးစပ်ထောင့်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ အမူအကျင့်ဖြစ်သည်။ သူက ပြဿနာတစ်ခုကို စဉ်းစားသည့်အခါတိုင်း ထိုသို့အပြုံးမျိုး သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာလိမ့်မည်။
“ တပ်မှူးချုပ်က စစ်သည်တော်တစ်သောင်းနဲ့ တိမ်လွှားကို ခေါ်ဆောင်ပြီး ဖုန်းဟိုင်ဒေသငယ်ဆီ သွားခဲ့တယ်… ဒါပေမဲ့ ငါတို့ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ် ”
“ အခု သတ္တမမင်းသားက ငါ့ကို လူသားဆေးမီးဖိုကို သွားယူခိုင်းတယ်… ”
မဟာမိတ်ခေါင်းဆောင်၏ မျက်နှာပေါ်မှ အပြုံးသည် ပိုပြီးသိမ်မွေ့လာသည်။ သူ၏ မျက်လုံးထဲမှာ နက်ရှိုင်းစွာ ပုန်းကွယ်နေသော အေးစက်မှုသည်လည်း ပိုပြီးပြင်းထန်လာသည်။
သတ္တမမင်းသားက ရိုးရှင်းသော လူမဟုတ်ကြောင်း ကောင်းမွန်စွာ သူသတိပြုမိသည်။ သူက အသက်ငယ်ရွယ်သော်လည်း အာဏာပြိုင်ဆိုင်မှုပြင်းထန်သော တော်ဝင်မိသားစုထဲတွင် မွေးဖွားလာခဲ့လေရာ ထုံးစံအားဖြင့် သူသည် ဉာဏ်ထက်မြက်ပြီး လိမ္မာပါးနပ်သူ ဖြစ်သည်။
သို့ဖြစ်၍ တချို့ကိစ္စများကို အပေါ်ယံသာကြည့်၍ မဆုံးဖြတ်သင့်ပေ။
“ အပေါ်ယံကြည့်မယ်ဆိုရင် သူက ငါ့ကို လူသားဆေးမီးဖို သွားယူခိုင်းတာလို့ ထင်ရတယ်… ဒါပေမဲ့ တကယ်တမ်းတော့ သူက ငါ့ကို စစ်တုရင်အရုပ်တစ်ခုလို အသုံးချနေတာပဲ… သူက ဖုန်းဟိုင်ဒေသငယ်ရဲ့ တကယ့်အခြေအနေကို ငါ့ကို အသုံးပြုပြီး စုံစမ်းချင်နေတာပဲ… ဒါမှ စစ်တပ်နဲ့ အဆက်အသွယ်ပြတ်သွားရတဲ့ အကြောင်းအရင်းကို သူသုံးသပ်နိုင်လိမ့်မယ် ”
“ သူက ဆန္ဒရှိသလို အရှေ့တတ်နိုင်တယ် အနောက်ဆုတ်နိုင်တယ်… ပြီးတော့ တကယ်လို့ ငါတစ်ခုခုဖြစ်သွားမယ်ဆိုရင် သူက အပြစ်ကို ရှောင်ဖယ်နိုင်လိမ့်မယ် ”
မဟာမိတ်ခေါင်းဆောင်သည် ပြုံးလိုက်ပြီး စစ်တုရင်အရုပ်တစ်ခုကို ကောက်ယူလိုက်သည်။ သူက ထိုစစ်တုရင်အရုပ်ကို စစ်တုရင်ခုံပေါ်မှာ တစ်ခါမှ နေရာမချရသေးသော်လည်း စစ်တုရင်အရုပ်နှစ်ခုသည် စစ်တုရင်ခုံပေါ်မှာ အမှန်တကယ် ထွက်ပေါ်လာကြသည်။
ထိုမြင်ကွင်းသည် ရိုးရှင်းသည်ဟု ထင်ရသည်။ သို့သော်လည်း ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုသူ၏ စိတ်ခံစားချက်များသည် သေချာပေါက် ပရမ်းပတာ ဖြစ်သွားလိမ့်မည်။ ရိုးရှင်းသည်ဟု ထင်ရသော ထိုလှုပ်ရှားမှုထဲမှာ ဥပဒေသများ၏ အစွမ်းတိုးမြှင့်မှုနှင့် အသုံးချမှုတို့ ပါရှိသည်။ ယင်းက ပုံရိပ်ယောင်နှင့် အစစ်အမှန် အသင်္ချေပြောင်းလဲခြင်းအဆင့်ကို ကျော်လွန်သွားသည်။
ဗလာနတ္ထိအဆင့်ကို တာအိုတစ်ထောင်ဖြိုခွဲခြင်း၊ ပုံရိပ်ယောင်နှင့် အစစ်အမှန် အသင်္ချေပြောင်းလဲခြင်း၊ အဆုံးမဲ့စွာ စိတ်ကူးယဉ်ခြင်းနှင့် အသင်္ချေဥပဒေသများ တစ်ခုတည်းသို့ ပြန်သွားခြင်းဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။
“ နံပါတ်သုံးဂဏန်းကို ငါကြိုက်တယ် ”
မဟာမိတ်ခေါင်းဆောင်သည် တိုးညင်းစွာ ရယ်မောလိုက်သည်။
…..
တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်၏ အင်မော်တယ်တားမြစ်နယ်မြေထဲဝယ် ဖီးနစ်ခန်းမဆောင်၏ အရှေ့၌…
တံခါးပွင့်သွားသည်နှင့်ချက်ချင်း အမှောင်ထုသည် အရာအားလုံးကို ဝါးမျိုသွားသည်။ ရွှီချင်းနှင့် နတ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်များသာ သက်ရောက်ခံလိုက်ရခြင်းမဟုတ်ပေ။ သူတို့၏ အသိစိတ်သည်လည်း ပျံ့နှံ့လာနေသော အနက်ရောင်ဖြင့် တစ်သားတည်း ပေါင်းစပ်သွားသည်။
အတုယောင်လော အစစ်အမှန်လော မသဲကွဲသော မြင်ကွင်းတစ်ခုသည် သူတို့၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။
အဓိကခန်းမဆောင်သည် တိတ်ဆိတ်ပြီး ဟာလာဟင်းလင်းဖြစ်နေသည်။ ယင်းက မြေအောက်လှိုင်ဂူတစ်ခုပမာ အေးစက်သည်။
ခန်းမ၏ အလယ်ဗဟိုတွင် ရုပ်တုတစ်ခုသည်သာ မတ်တတ်ရပ်နေသည်။ ဤသည်မှာ ၎င်းက လှောင်အိမ်ထဲမှာ ချုပ်နှောင်ခံထားရသည့်အလားပင်။
ထိုရုပ်တုသည် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက နတ်မိမယ်ကျစ်ရွှမ်းနှင့် ဆင်တူသည်။ သို့သော်လည်း သေချာကြည့်လျှင် ကွဲပြားခြားနားကြောင်း မြင်နိုင်လိမ့်မည်။ သူ၏ အသွင်ပုံစံသည် ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေပြီး သူ၏ မျက်နှာပေါ်မှာ သိမ်မွေ့သော အပြုံးရှိသည်။ သူ၏ မျက်လုံးသည် ကရုဏာအကြည့်ဖြင့် တောက်ပနေသည်။ သူ၏ မျက်လုံးထောင့်တွင် ငါးအမြှီးသဖွယ် အရေးအကြောင်းများ ရှိသည်။ ယင်းက သူ၏ မျက်နှာထားကို ပိုပြီးသိသာပေါ်လွင်စေသည်။
သူက ခေါင်းငုံ့ထားပြီး လက်နှစ်ဖက်ကို ကြည့်နေသည်။
ထိုနေရာတွင် မီးအိမ်တစ်ခု ရှိသည်။
ယင်းက သူ့ဘဝ၏ တန်ဖိုးအကြီးမားဆုံး ရတနာဖြစ်ဟန် ရသည်။
ထိုမီးအိမ်ကို ခရမ်းရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းက ဖူးသစ်စ အနီရောင်ပန်းပွင့် ပွင့်လန်းလာခြင်းနှင့် ဆင်တူသည်။ မီးအိမ်ပေါ်တွင် ခရမ်းရောင်ဖီးနစ်တစ်ကောင်က အနားယူနေသည်။ ၎င်းသည် အတောင်ပံများကို ဖြန့်ထားပြီး အသက်ဝင်နေဟန် အောက်မေ့ရသည်။
ထိုမီးအိမ်ကို မြင်လိုက်သည့်အခါ ရွှီချင်း၏ စိတ်ထဲမှ ဆုတ်ဖြဲခံနေရသော ခံစားမှုသည် ပိုပြီးပြင်းထန်လာသည်။ ပျောက်ဆုံးနေသော မှတ်ဉာဏ်များသည် တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။
သူက ခေါင်းလှည့်လိုက်ပြီး နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်လိုက်သည်။ အတိတ်တွင် ဤနေရာသို့ သူဝင်ရောက်ခဲ့စဉ်က နတ်မိမယ်ကျစ်ရွှမ်းနှင့်ပတ်သက်ပြီး မြင်ကွင်းတချို့ကို သူမြင်တွေ့ခဲ့သည်။ နတ်မိမယ်ကျစ်ရွှမ်းနှင့် တစ်ပုံစံတည်းတူညီသော မိန်းကလေးတစ်ယောက်သည် ရုပ်တုအောက်မှာ ထွက်ပေါ်လာသည်။ အမျိုးသားတစ်ယောက်သည် တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲသို့ လျှောက်ဝင်လာသည်။
သူတို့နှစ်ယောက်ကြားမှ ပြောစကားများကိုလည်း သူမှတ်မိသည်။ ထိုအမျိုးသားသည် ရှေးဘုရင်ရွှမ်ယုံ၏ သားတော်ဖြစ်ဟန် ရသည်။
မှတ်ဉာဏ်အားလုံးက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။ ယင်းက မိုးကြိုးတစ်ခုသို့ ပြောင်းလဲသွားပြီး သူ၏ စိတ်ထဲမှာ ထစ်ချုန်းသွားသည်။
ထိုအခိုက်အတန့်မှာ နတ်မိမယ်ကျစ်ရွှမ်းသည် တုန်ယင်နေသည်။ သူက ရုပ်တုကို ဝမ်းနည်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး ရွှီချင်း၏ လက်ကို လွှတ်လိုက်သည်။ သူက ရုပ်တုဆီသို့ တန်းမတ်စွာ လျှောက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ ငါ့အိမ်မက်က မီးအိမ်တစ်ခုနဲ့ မှောင်မည်းနေတဲ့ လောကကြီးပဲ ”
“ မီးက ငြိမ်းသတ်နေတယ်… အဲ့ဒါက ဖူးသစ်စ အနီရောင်ပန်းပွင့် ပွင့်လန်းနေတာနဲ့ ဆင်တူပြီး အဲ့ဒီအပေါ်မှာ ခရမ်းရောင်ဖီးနစ်တစ်ကောင်က အနားယူနေတယ်လို့ ငါစိတ်ကူးကြည့်ခဲ့တယ် ”
“ အဲ့ဒီမီးအိမ်က အလင်းရောင်မရှိတဲ့ ငါ့အိမ်မက်ထဲမှာ အမြဲတမ်း ထွက်ပေါ်လာတယ် ”
“ အိမ်မက်ထဲက လောကက ဒီနေရာပဲ ”
နတ်မိမယ်ကျစ်ရွှမ်း၏ သိမ်မွေ့နူးညံ့သော အသံသည် တိတ်ဆိတ်နေသော ဤခန်းမထဲမှာ ပျံ့လွင့်သွားသည်။ ယင်းက ရှေးခေတ်အချိန်ကာလမှ ဆင်းသက်လာပြီး ဤဘဝမှာ ပဲ့တင်ထပ်သွားဟန် အောက်မေ့ရသည်။
သူက အရှေ့သို့ ဆက်လျှောက်သွားသည်။ သူက ရုပ်တု၏ အောက်မှာ မတ်တတ်ရပ်လိုက်သည့်အခိုက် ဝေဝါးသော ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ နတ်မိမယ်ကျစ်ရွှမ်းနှင့် အတူတူဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ် ထွက်ပေါ်လာသော ပုံရိပ်သည် ရုပ်တုအောက်မှာ မတ်တတ်ရပ်နေသော နတ်မိမယ်ကျစ်ရွှမ်းကို ထပ်ဆင့်လွှမ်းခြုံသွားသည်။
သူက ရုပ်တုကို ချီးမွမ်းသော အကြည့်ဖြင့် ကြည့်နေသည်။ သို့သော်လည်း ခါးသီးမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာနေသည်။
ထို့နောက် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းသည် သူ့အရှေ့မှာ နောက်တဖန် ထွက်ပေါ်လာသည်။ တော်ဝင်မင်းသားတစ်ပါး၏ ပုံရိပ်သည် သူ၏ ခန္ဓာကိုယ်ကို အနာက်မှ ဖောက်ထွင်းသွားပြီး နတ်မိမယ်ကျစ်ရွှမ်း၏ အရှေ့မှာ ရပ်လိုက်သည်။
ထိုသူသည် လက်သည်းလေးခု ရွှေရောင်နဂါးကို ဇာပန်းထိုးထားသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဦးခေါင်းပေါ်တွင် ပုတီးစေ့ကိုးလုံးဖြင့် လှုပ်ယမ်းနေသော ဧကရာဇ်သရဖူ ရှိသည်။ ထိုမင်းသား၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် အလွန်သိပ်သည်းသော ကောင်းကင်ဘုံအရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုမင်းသားသည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်ဟန် ရသည်။ သို့သော်လည်း ရွှီချင်းသည် တစ်ဖက်လူ၏ စကားများကို မကြားနိုင်ပေ။
နတ်မိမယ်ကျစ်ရွှမ်းက အပြင်ဘက်ကို စိုက်ကြည့်နေကြောင်းသာ သူမြင်နေရသည်။ သူ၏ မျက်ဝန်းထဲမှာ အတိတ်ကို လွမ်းဆွတ်သတိရခြင်းနှင့် ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ယင်းက သူမှတ်မိသော အရာနှင့် အနည်းငယ် ခြားနားနေသည်။
သူက နတ်မိမယ်ကျစ်ရွှမ်း၏ အသံကို ကြားလိုက်ရသည်။
“ ငါထွက်မသွားဘူး ”
“ ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းနေတယ်… သူက သူ့ပြည်သူတွေကို စွန့်ပစ်ခဲ့တယ်… သူ့ဇာတိမြေကို စွန့်ပစ်ခဲ့တယ်… ကောင်းကင်အလွန်က ကောင်းကင်ကို မြင့်မြတ်ကုန်းမြေအဖြစ် ပြောင်းလဲခဲ့တယ်… အဲ့ဒီမှာ တစ်ယောက်တည်း အထီးကျန်ပြီး နေရတော့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ ”
“ အသက်ရှင်ဖို့အတွက်နဲ့ သူက ဝမ်ကူးကုန်းမြေရဲ့ ကပ်ဘေးကို လျစ်လျူရှုခဲ့တယ်… ရှေးဘုရင်ဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်က သူနဲ့ မထိုက်တန်ဘူး ”
နတ်မိမယ်ကျစ်ရွှမ်းသည် နာကျင်ကြေကွဲနေပုံပေါ်သည်။
ထိုစကားများကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသည် အပြင်းအထန် လှုပ်ခတ်သွားသည်။
ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်သည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက လက်ဆန့်ထုတ်လိုက်သည်။ ဤသည်မှာ သူက နောက်ဆုံးအားထုတ်မှုကို ကြိုးစားတော့မည့်ဟန် ရသည်။
နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာပြီး နောက်တစ်ကြိမ် ခေါင်းခါလိုက်သည်။
နောက်ဆုံးမှာတော့ မင်းသား၏ အမူအရာသည် ညှိုးငယ်သွားသည်။ သူက သေးငယ်သော ခရမ်းရောင်ပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး ပုလင်းထဲမှ အရည်စက်တချို့ကို ရုပ်တု၏ လက်ထဲမှ မီးအိမ်ထဲသို့ သွန်ချလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက ပုလင်းကို ရုပ်တု၏ ဘေးမှာ ချထားလိုက်ပြီး တိတ်တဆိတ် ပြန်ထွက်သွားသည်။ သူ၏ အမူအရာပေါ်မှာ ဝမ်းနည်းကြေကွဲခြင်းနှင့် နာကျင်မှုအရိပ်အယောင် တစ်စွန်းတစ်စ ရှိသည်။
သူက အဓိကခန်းမဆောင်၏ တံခါးဆီသို့ လျှောက်သွားပြီး ရွှီချင်းကို ဖြတ်ကျော်သွားသည်။ သူက တဖြည်းဖြည်း ဝေးသထက် ဝေးသွားသည်။
သူပျောက်ကွယ်သွားသည်နှင့် ခန်းမဆောင်၏ တံခါးသည် ဖြည်းညင်းစွာ ပိတ်သွားသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
မီးအိမ်ထဲမှ မီးတောက်သည်သာ ဆက်လက် လောင်ကျွမ်းနေပြီး နူးညံ့သော အသံကို ထုတ်လွှတ်နေသည်။ မီးတောက်က လှုပ်ယမ်းသွားသည့်အခါ အလင်းရောင်သည် အဓိကခန်းမဆောင်တစ်ခုလုံးကို ထွန်းလင်းသွားသည်။
ထိုမီးအလင်းရောင်အောက်မှာ နတ်မိမယ်ကျစ်ရွှမ်း၏ အမူအရာသည် ဝမ်းနည်းကြေကွဲမှုဖြင့် ပြည့်နှက်နေသည်။ သူက ရုပ်တုကို ကျောမှီထားပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ တိတ်တဆိတ် ငိုကြွေးနေသည်။
ရွှီချင်း၏ မှတ်ဉာဏ်ထဲမှ မြင်ကွင်းများသည် ဤနေရာမှာ အဆုံးသတ်သွားခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ယင်းက အဆုံးမသတ်သေးပေ။
အချိန်ဟူသော သဘောတရားသည် ဤခန်းမထဲမှာ မည်သည့်တန်ဖိုးမှ မရှိဟန် ရသည်။ အချိန်သည် တိတ်တဆိတ် ရွေ့လျားသွားနေသည်။ မကြာမီ နာကျင်ဖွယ် ဟိန်းဟောက်သံများနှင့် အော်ဟစ်ညည်းတွားသံများသည် ခန်းမအပြင်ဘက်မှ မြည်ဟိန်းထွက်လာသည်။
သွေးအလင်းရောင်သည် ပျံ့ပွားထွက်လာသည်။
အကူအညီတောင်းခံသော အော်ဟစ်သံများသည် မသဲမကွဲ ထွက်ပေါ်လာသည်။
နတ်မိမယ်ကျစ်ရွှမ်းသည်တော့ နောက်တစ်ခါ မတ်တတ်ရပ်လိုက်သည်။ စစ်ချပ်ဝတ် အပြည့်အစုံသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည်။ သူက အဓိကခန်းမဆောင်၏ တံခါးဆီသို့ ဆက်လျှောက်သွားသည်။
ရွှီချင်းသည် မရွေ့လျားနိုင်ပေ။ သူက ထိုမြင်ကွင်းကို တိတ်တဆိတ်သာ ကြည့်နေနိုင်သည်။
အချိန်တစ်ခုကြာပြီးနောက် အပြင်ဘက်မှ ဆူညံသံများသည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်း၏ ပုံရိပ်သည် အဓိကခန်းမဆောင်ဆီသို့ ပြန်ရောက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အားအင်ချည့်နဲ့မှုဖြင့် ပြည့်နှက်နေပြီး ပင်ပန်းနွမ်းနယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူ၏ စစ်ချပ်ဝတ်သည် ဆိုးဝါးစွာ ပျက်စီးနေပြီး သူ၏ တစ်ကိုယ်လုံးမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူက လက်ထဲမှာ ငါးတစ်ကောင်၏ ဦးခေါင်းကို ဆုပ်ကိုင်ထားသည်။
ထိုဦးခေါင်းကို ရွှီချင်းမြင်လိုက်သည့်အခါ ၎င်းက အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ဦးခေါင်းဖြစ်ကြောင်း ချက်ချင်း သူမှတ်မိသွားသည်။
နတ်မိမယ်ကျစ်ရွှမ်းသည် နတ်ငါး၏ ဦးခေါင်းကို လက်ထဲမှာ ကိုင်ထားလျက် ရုပ်တု၏ အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူက ရုပ်တုကို စိုက်ကြည့်နေစဉ် သူ၏ ဖြူဖျော့နေသော မျက်နှာပေါ်မှာ သိမ်မွေ့ညင်သာသော အမူအရာ ထွက်ပေါ်လာသည်။
“ မယ်တော်… ဒီတိုင်းတစ်ပါးသား နတ်ဘုရားကို သမီး တစ်ကြိမ်ပဲ သတ်နိုင်တယ်… နှစ်အနည်းငယ်ကြာပြီးရင် သူက ဒီနေရာမှာ အသက်ပြန်ရှင်လာလိမ့်မယ် ”
“ ဒါပေမဲ့ သူပြန်ရှင်လာတဲ့အခါ အဆင့်မြင့်နတ်ဘုရားဆိုတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်တော့မှာမဟုတ်ဘူး… ပြီးတော့ မယ်တော် သင်ပေးထားတဲ့ မန္တန်ကို သမီးအသုံးပြုခဲ့တယ်… အနာဂတ်မှာ သူက မျိုးနွယ်တူတစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးရလိမ့်မယ် ”
“ ကံမကောင်းစွာပဲ… အဲ့ဒါကို သမီးမမြင်နိုင်တော့ဘူး ”
နတ်မိမယ်ကျစ်ရွှမ်းသည် နူးညံ့စွာ ရေရွတ်လိုက်သည်။ သူက ခရမ်းရောင်ပုလင်းကို ကောက်ယူပြီး မီးအိမ်ထဲသို့ ဆီတချို့ လောင်းထည့်ပေးချင်သည်။ သို့သော်လည်း သူက အလွန်အားနည်းနေသည်။ အဆုံးမှာတော့ သူက ရုပ်တုကို ကျောပေးလိုက်ပြီး ထိုင်ချလိုက်သည်။ သူ၏ မျက်လုံးသည် ဖြည်းညင်းစွာ မှိတ်သွားသည်။
သူ၏ ဝိညာဉ်သည် လေထဲသို့ ပျံသန်းသွားပြီး ပြန့်ကျဲသွားသည်။
ထိုမီးအိမ်သည် ဆက်လက် လောင်ကျွမ်းနေဆဲပင်။ သို့သော်လည်း ထိုထဲသို့ ဆီထပ်ထည့်ပေးမည့်လူ မရှိတော့ပေ။ အချိန်ကာလတစ်ခုကြာပြီးနောက် မီးအိမ်ထဲမှ မီးတောက်သည် တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးမှာတော့ လုံးဝငြိမ်းသတ်သွားသည်။
ခန်းမဆောင်တစ်ခုလုံး မည်းမှောင်သွားသည်။
မီးအလင်းရောင်ပျောက်ကွယ်သွားသည်နှင့် အအေးဓာတ်က ဆင်းသက်လာသည်။ အပြင်လောကသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမှောင်ထုသည် အရာအားလုံးကို ဝါးမျိုသွားသည်။
အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားပြီး နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးနောက် အင်မော်တယ်တားမြစ်နယ်မြေသည် ရုတ်တရက် တုန်ယင်သွားသည်။ ပြန်လည်ရှင်သန်ခြင်းနှင့် နတ်ဘုရားတစ်ပါး၏ ဟိန်းသံသည် ပဲ့တင်ထပ်သွားသည်။
အင်မော်တယ်တားမြစ်နယ်မြေထဲမှာ အသွေးအသားများ ထွက်ပေါ်လာသည်။ ယင်းက မြေပြင်နှင့် ခန်းမဆောင်များကို ဝါးမျိုဖုံးလွှမ်းသွားသည်။ ထိုထဲမှာ ဤနေရာလည်း ပါဝင်ပေသည်။
နှစ်ပေါင်းအတော်ကြာအောင် ကုန်ဆုံးသွားသည်။
တစ်နေ့တွင် ဤအနက်ရောင် ခန်းမဆောင်ထဲ၌ ခရမ်းရောင်စက်ဝန်းတစ်ခုသည် ရုပ်တု၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းက လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ခရမ်းရောင်စက်ဝန်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း အင်မော်တယ်တားမြစ်နယ်မြေတစ်ခုလုံး တုန်ယင်သွားသည်။
ဒေါသတကြီး ဟိန်းသံသည် ပဲ့တင်ထပ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစိတ်အာရုံသည် အင်မော်တယ်တားမြစ်နယ်မြေ၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးထွက်လာပြီး ဤနေရာမှာ မြန်ဆန်စွာ စုဝေးသွားသည်။
ထိုနတ်ဘုရားစိတ်အာရုံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လက်တစ်ဖက်သည် ခရမ်းရောင်စက်ဝန်းထဲမှ ဆန့်တန်းထွက်လာပြီး ငြိမ်းသတ်နေသော မီးအိမ်ကို ဖမ်းဆုပ်လိုက်သည်။ ၎င်းက မီးအိမ်ကို စက်ဝန်းထဲသို့ ဆွဲယူသွားသည်။
ထိုလက်သည် ခရမ်းရောင်ပုလင်းကိုလည်း ဆွဲယူချင်ဟန် ရသည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။ ထို့ကြောင့် လက်သည် အမြန်ပြန်ထွက်သွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော်လည်း ၎င်းက ခြေတစ်လှမ်း နောက်ကျသွားသည်။ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ နတ်ဘုရားစိတ်အာရုံသည် လွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်နှင့်အတူ ခရမ်းရောင်စက်ဝန်းကို ဝင်ဆောင့်သွားသည်။
စက်ဝန်းသည် ပြိုကွဲသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ယင်းတို့က အဆုံးမဲ့သော ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားကြသည်။
လက်သည် တုန်ယင်သွားသည်။ ၎င်းက ထွက်သွားပြီဖြစ်သော်လည်း မီးအိမ်ထဲမှ မီးစာတစ်ခုသည် လက်ထဲမှ ပြုတ်ကျသွားပြီး ဗလာနတ္ထိထဲသို့ ဝင်ရောက်သွားသည်။
အရာအားလုံးသည် ပြီးဆုံးသွားသည်။
ဤအခိုက်အတန့်မှာ မြင်ကွင်းတစ်ခုသည် ရွှီချင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်။
အဓိကခန်းမဆောင်နှင့် ရုပ်တုသည်လည်း ပျောက်ကွယ်သွားသည်။
ဤနေရာသည် အပျက်အစီးနယ်မြေသို့ ထပ်မံပြောင်းလဲသွားသည်။
ယင်းက အိမ်မက်တစ်ခုနှင့် ဆင်တူသည်။
အိမ်မက်မှ သူနိုးထလာသည့်အခါ အရာအားလုံးသည် ပျောက်ကွယ်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်းသည် အပျက်အစီးနယ်မြေပေါ်မှာ မတ်တတ်ရပ်နေသည်။ ဤသည်မှာ သူက တိတ်ဆိတ်နေသော ချိုင့်ဝှမ်းထဲမှာ ထီးထီးမားမား တည်ရှိနေသော ဇီးပင်တစ်ပင်နှင့် ဆင်တူသည်။ အကယ်၍ သူ့ကို ကြည့်ရှုနေသည့် တစ်စုံတစ်ယောက်သာ မရှိလျှင် သူက လောကအလယ်မှာ တစ်ယောက်တည်း အထီးကျန်စွာ တည်ရှိနေသည်ဟု ခံစားမိလိမ့်မည်။
သူက မိုးကောင်းကင်ကို အထီးကျန်သော အမူအရာဖြင့် ကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောသည်။
“ ပြန်ကြရအောင် ”
ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်းနှင့်အတူ အပြင်သို့ တိတ်တဆိတ် ပြန်လျှောက်သွားသည်။ အင်မော်တယ်တားမြစ်နယ်မြေထဲမှ ပြန်ထွက်မလာခင်အထိ သူတို့သည် လမ်းတစ်လျှောက်တွင် မည်သည့်စကားမှ မပြောကြချေ။
အထဲသို့ သူတို့ရောက်လာချိန်သည် ညအချိန်ဖြစ်သည်။ ရက်ပေါင်းမည်မျှကုန်ဆုံးသွားကြောင်း မသိသော်လည်း သူတို့ပြန်ထွက်လာသည့်အခါ နေ့အချိန်သို့ ရောက်ရှိနေသည်။
ကောင်းကင်သည် ကြည်လင်ပြီး နေလုံးသည် ထိန်လင်းစွာ တောက်ပနေသည်။
သူ့အရှေ့မှ စိုးရိမ်ကြောင့်ကြနေသော နတ်မိမယ်ကျစ်ရွှမ်းကို ကြည့်နေရင်း ရွှီချင်းက ရုတ်တရက် အော်ပြောလိုက်သည်။
“ ကျစ်ရွှမ်း ”
နတ်မိမယ်ကျစ်ရွှမ်းသည် ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။
ရွှီချင်းသည် သူ့ကို လက်ဆန့်ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
နေရောင်ခြည်အောက်တွင် နတ်မိမယ်ကျစ်ရွှမ်း၏ လက်ဖဝါးများသည် ထင်ရှားစွာ ထွက်ပေါ်လာသည်။ သူ၏ လက်ဖဝါးနှစ်ဖက်ပေါ်တွင် ကံကြမ္မာ၏ အပြောင်းအလဲကို ဖော်ပြနေသော လက္ခဏာမျဉ်းကြောင်းများရှိဟန် ရသည်။
“ မင်းရဲ့ လက်ဖဝါးပေါ်မှာ ဘာရှိလဲ ”
ရွှီချင်းက မေးသည်။
နတ်မိမယ်ကျစ်ရွှမ်းသည် ရွှီချင်း၏ စကားကို နားမလည်သောကြောင့် ခေါင်းခါလိုက်သည်။
ရွှီချင်းသည် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ မင်းရဲ့ လက်ဖဝါးပေါ်မှာ နေရောင်ခြည်ရှိတယ် ”
သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်စဉ် နတ်မိမယ်ကျစ်ရွှမ်း၏ မျက်တောင်သည် မသိမသာ လှုပ်ခတ်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြုံးလိုက်သည်။