← Chapters

အခန်း (၁၇)

Vol. 1 Ch. 17

အခန်း (၁၇)

Vol. 1 Ch. 17

Matthew က Ace ထိုဆေးနှစ်ပုလင်းကို ယူလိုက်သည်ကို မြင်လိုက်ရသည့်အခါ တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး ချက်ချင်း အော်လိုက်သည်။ “မရဘူး!”

Matthew သည် Ace ကို တိုက်ခိုက်မိတော့မလို့ပင်။ သို့သော် သူသည် Kelby ဆေးနှင့်လက်နက်ဆိုင်ထဲတွင်သာ ရှိနေသေးသည်ကို အမှတ်ရလိုက်သည့်အခါ သူ့ကိုယ်သူ ရပ်တန့်ရန် ဖိအားပေးလိုက်သည်။ သူ၏ အော်သံကျယ်ကြီးကြောင့် အနီးနားမှ လူများအားလုံး စတင်၍ သတိထားမိလာကြသည်။

“ဘာ? ကျွန်တော့်ပစ္စည်းတွေကို ရောင်းဖို့အတွက် ခင်ဗျားရဲ့ ခွင့်ပြုချက်လိုတယ်လို့တော့ မပြောနဲ့နော်။ ဒီဆိုင်က ဧည့်သည်တွေကို ဒီလိုပဲဆက်ဆံတာလား။” Ace ဤအခြေအနေကို အခွင့်ကောင်းယူကာ အသံမြင့်ပြီး Matthew ကို မေးခွန်းထုတ်လိုက်သည်။

Ace မျှော်လင့်ထားခဲ့သလို အနီးနားမှလူတိုင်းသည် Matthew ကို မေးခွန်းထုတ်သောအကြည့်များဖြင့် စတင်၍ ကြည့်လာကြကာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားပြောလာကြသည်။

ဘေးနားတွင်ရှိနေသော အမျိုးသမီးငယ်လေးကလည်း ထိတ်လန့်သွားသည်။ ‘ဒီအဖိုးကြီးက အရင်တုန်းက ဒီလိုမလုပ်ဖူးပါဘူး။ ဘာတွေဖြစ်ကုန်တာလဲ။ သူက အရူးတစ်ယောက်လို ပြုမူနေတာပဲ!’

“မ-မဟုတ်ဘူး။ မဟုတ်ပါဘူး။ မင်းနားလည်မှုလွဲသွားတာပါ။ မင်းပစ္စည်းတွေနဲ့ မင်းကြိုက်တာလုပ်လို့ရပါတယ်။ ငါသိပ်‌နေမကောင်းနေလို့ စိတ်တည်ငြိမ်မှု ပျောက်သွားတာပါကွာ။ လူတိုင်းပဲ ဒီအခြေနေကို မြင်မိသွားစေတဲ့အတွက် တောင်းပန်ပါတယ်။ ဒီအဘိုးကြီးရဲ့ ရိုင်းပြမှုကို လူတိုင်း ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” Matthew တောင်းတောင်းပန်ပန်ဖြင့် လူတိုင်းဆီသို့ ဦးညွှတ်လိုက်သည်။

‘ဒီကောင်လေးက ဉာဏ်နီဉာဏ်နက်များတဲ့ကောင်ပဲ။ သူသာ ဆေးပုလင်းတွေကို မြန်မြန်မယူလိုက်ခဲ့ဘူးဆိုရင် ငါလည်းအရူးတစ်ယောက်လို ပြုမူမိခဲ့မှာမဟုတ်ဘူး။ သူငါ့ကိုအရူးတစ်ယောက်လိုဖြစ်အောင် ထောင်ချောက်ဆင်ခဲ့တယ်။ ခုတော့ သူဆေးပုလင်းတွေကို ယူသွားတာတောင်မှ ငါဘာမှမလုပ်နိုင်တော့ဘူး။ ဒါပေမယ့် သူဘယ်လိုသတိထားမိသွားတာလဲ’ Matthew စိတ်ပျက်လက်ပျက်ဖြင့် အံကြိတ်လိုက်သည်။

သို့သော်လည်း Ace ထိုသို့ လုပ်ဆောင်ခဲ့သည်မှာ မှန်ပေသည်။ ယခုတွင် Ace သည် ထို’သံသရဖြစ်ဖွယ်ဆေးလုံးများ’နှင့်အတူ လုံခြုံစွာ ထွက်ခွာသွားနိုင်ပြီဖြစ်သည်။

“ဘာလဲဟ။ နားလည်မှုလွှဲသွားရုံပဲလား။ ငါတို့က ရှိုးပွဲကောင်းကောင်းတစ်ခုကို ကြည့်ရတော့မယ်လို့ ထင်နေတာ။ စိတ်ပျက်စရာပဲ။ ကိုယ့်အလုပ်ပဲ ကိုယ်ပြန်လုပ်ကြရအောင်။”သူတို့ကို ကြည့်နေခဲ့သည့် တစ်စုံတစ်ယောက်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ သူ့စကားကို ကြားလိုက်ရသော လူတိုင်းကလည်း ရယ်မောလိုက်ကာ ကိုယ့်အလုပ်ကိုသာ ပြန်လုပ်ကြတော့သည်။

“ညီလေး ဆေးတွေအားလုံးက မင်းဟာပဲ။ ဆိုတော့ ဒီဆေးတွေကို ရောင်းမယ် မရောင်းဘူးဆိုတာက မင်းဆုံးဖြတ်ချက်ပဲ။ မင်းရောင်းချင်တဲ့ဆေးကို ရောင်းပြီးတော့ မရောင်းချင်တဲ့ဆေးကို ပြန်ယူသွားလို့ရတယ်။ ငါတို့မှာ ဘာကန့်ကွက်မှုမှ မရှိပါဘူး” အဖိုးအို Matthew က Ace ဘက်သို့ လှည့်လိုက်ပြီး ကြည့်ရတာ အလွန်ရုပ်ဆိုးသော အပြုံးဖြင့် ရယ်မောကာ ပြောလိုက်သည်။

“အို့ စိတ်မပူပါနဲ့။ ဒီကုသခြင်းဆေးနှစ်ပုလင်းကိုပဲ ကျွန်တော့်အတွက်ကျွန်တော်လိုအပ်တာပါ။ ကျန်တဲ့ဆေးတွေ အကုန်လုံးကို ရောင်းမှာပါ” Ace က သူဘာမှမလုပ်ခဲ့သလိုမျိုး အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

“အပေါ်ထပ်ကို သွားပြီး ဒီအရောင်းအဝယ်ကို တင်ပြလိုက်။ ပြီးရင် ပတ္တမြားဒင်္ဂါး ၂၃,၅၀၀ပြားကို ဒီညီလေးအတွက် သွားယူလာခဲ့လိုက်။ ငါနေလို့မကောင်းနေလို့ ဒီနေ့အတွက် အနားယူတော့မယ်။” အဖိုးအို Matthew က စိတ်ညစ်နေသော မျက်နှာဖြင့် အဆောက်အဦး၏ အပေါ်ထပ်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

“သူဘာလို့အဲဒီကိုသွားနေတာလဲ။” ငယ်ရွယ်သော အမျိုးသမီးလေးက တွေးလိုက်သော်လည်း အဖြေရှာမတွေ့ခဲ့ပေ။ သူမလည်း ကြာကြာတွေးမနေဘဲ Ace အတွက် အခကြေးငွေကိုသာ သွားယူလိုက်သည်။

“ဒီမှာ ပတ္တမြားသလင်းကျောက်ကတ်။ ပတ္တမြားဒင်္ဂါး ၂၃,၅၀၀ပြားလုံး ဒီထဲမှာရှိတယ်။ ဒီကတ်ကို သာမန်ငွေကြေးလို အသုံးပြုနိုင်ပြီးတော့ ပတ္တမြားဒင်္ဂါးတွေကို မြို့ထဲက နေရာတိုင်းကနေ ထုတ်ယူနိုင်တယ်။” အမျိုးသမီးငယ်လေးက Aceဆီသို့ ပါးလျပြီး လေးထောင့်ပုံစံ အဖြူရောင်သလင်းကျောက်ကတ်ကို ပေးလိုက်သည်။ ထိုကတ်ပေါ်တွင် ၂၃,၅၀၀ဟု အနီရောင်ဖြင့်ရေးထားသည်။

ဤသလင်းကျောက်ကတ်အကြောင်းကို Ace အရင်က ကြားဖူးပေသည်။ ထိုကတ်များကို အဆင့်၄နယ်မြေနေရာတိုင်းတွင် အသုံးပြုနိုင်သည်။ ထို့ကြောင့် အဖြူရောင်ကတ်ကို သူလက်ခံလိုက်ကာ ထိတ်လန့်မသွားခဲ့ပေ။

အရောင်းဝယ် ပြုလုပ်ပြီးသွားပြီးနောက် Ace ထိုနေရာမှ လျင်မြန်စွာ ထွက်လာခဲ့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အဖိုးအိုဟာ မကောင်းတာ တစ်ခုခုလုပ်နိုင်သည်ကို သူသိ၏။

အဖိုးအို Matthew သည် ‘Kelbyဆေးနှင့်လက်နက်ဆိုင်’၏ အပေါ်ထပ်ဆီသို့ လျင်မြန်စွာ သွားနေခြင်းပင်။

သုံးထပ်မြောက်သို့ ရောက်သွားသည့်အခါ လူတစ်ယောက်၏ လမ်းပိတ်ခြင်းကို ခံလိုက်ရပြီး အထင်အမြင်သေးစွာ ပျက်ရယ်ပြုခံလိုက်ရသည်။ “အဘိုးကြီး၊ ဒီလောက်အလျင်စလိုနဲ့ ဘယ်ကိုသွားနေတာလဲ။ ဖြည်းဖြည်းသွားပါ မဟုတ်ရင် အမောဖောက်ပြီး သေသွားလိမ့်မယ်။ ဟီးဟီး”

ထိုသူ၏မျက်နှာသည် ဆွဲဆောင်မှုမရှိဘဲ အနက်ရောင်ဆံပင်များဖြင့် သာမန်သာဖြစ်သည်။ ထိုသူသည် အလုပ်သင်ဆေးဆရာ Caleb ဖြစ်၏။ သူ၏ အသက်၂၆တွင် အလုပ်သင်ဆေးဆရာ ဖြစ်လာတာကြောင့် တော်တော်လေး မောက်မာပေသည်။ ထို့ကြောင့် Kelby မိသားစုသည် သူ့ထံတွင် အလွန်များပြားလှသော အရင်းအမြစ်များကို ရင်းနှီးမြှုပ်နှံထားပြီး အဖြူ‌ရောင်အဆင့်ဆေးဆရာ ဖြစ်လာစေရန် ပြုစုပျိုး‌ထောင်လိုခြင်းဖြစ်သည်။

သို့သော်လည်း အဖြူရောင်အဆင့် ဆေးဆရာတစ်ယောက် ဖြစ်လာရန် မလွယ်ကူပေ။ ထို့ကြောင့် Kelby မိသားစုက သူ့ကို ဤဆိုင်တွင် အတွေ့အကြုံများရရှိရန်နှင့် ဆိုင်အတွက် ဆေးလုံးများပြုလုပ်ရန် အခြေချနေထိုင်ခိုင်းထား၏။ ဤနည်းလမ်းဖြင့် သူလေ့ကျင့်ခြင်းလည်း ပြုလုပ်နိုင်ပြီး ဆေးပညာကျွမ်းကျင်မှုတွင်လည်း လျင်မြန်စွာ တိုးတက်လာနိုင်ပေသည်။

ထိုသို့သော ဂရုစိုက်ခံရမှုများ၊ ချီးမွမ်းခံရမှုများနှင့် အရင်အမြစ်များ အလွယ်တကူရရှိခြင်းတို့က Caleb ကို အလွန်မောက်မာစေခဲ့သည်။ ယခုတွင် မည်သူ့ကိုမှ သူ့မျက်လုံးထဲ ထည့်မထားတော့ပေ။ Kelby မိသားစု၏ အထက်တွင်ရှိသော သူများနှင့် သူတို့၏ သားစဥ်‌မြေးဆက်တို့မှလွဲ၍ မည်သူ့စကားကိုမှ နားမထောင်ဘဲ အမြဲတမ်း အနားတွင် လိုက်ရန်စ‌နေတတ်၏။

“သခင်လေး Caleb ဒီအဖိုးကြီးမှာ အရမ်းအရေးကြီးတဲ့အရာ လုပ်စရာရှိသေးတာမို့ သခင်လေးကို မဖျော်ဖြေပေးနိုင်သေးတာ ခွင့်လွှတ်ပါ။” လေးစားစွာဖြင့် Matthew က ပြောလိုက်သော်လည်း Caleb ၏ သူ့အ‌ပေါ် ကျိန်ဆဲလိုက်မှုကြောင့် သူ့မျက်လုံးများထဲတွင် ရန်လိုမှုများ ရှင်းလင်းစွာပေါ်နေ၏။

“ဟမ်? ဘာအရေးကြီးတဲ့ကိစ္စလဲ။ ငါ့ကိုပြောပြလေ။ အဲဒါအရေးကြီးလား၊ အရေးမကြီးဘူးလားဆိုတာကို ဆုံးဖြတ်ပေးမယ်။” Matthew ၏ စကားကိုနားထောင်ပြီးနောက် Caleb ရှုံ့မဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ သူသာ မှန်ကန်စွာမှတ်မိလျှင် ဤအဘိုးအိုသည် ယခင်က သူ့အပေါ် အလွန်ရိုသေလေးစားမှုရှိခဲ့‌သော််လည်း ယခုမကျေမနပ်ဖြစ်မှုများကို ပွင့်လင်းစွာ ထုတ်ဖော်နေ၏။

‘တစ်ခုခုကမူမမှန်ဘူး။’

“သခင်လေး ကျေးဇူးပြုပြီး တစ်ကြိမ်လောက် ဒီလိုမလုပ်ဘဲ နေလို့ရမလား။ ဒီကိစ္စက ဆိုင်ပိုင်ရှင်ဆီကို ကိုယ်တိုင်တင်ပြဖို့အတွက် လုံလောက်အောင် အရေးကြီးတယ်။” အဘိုးအို Matthew က စိတ်ပျက်စွာ သက်ပြင်းချရင်းပြောလိုက်သည်။ Caleb နေရာတွင် အခြားတစ်ယောက်သာဆိုလျှင် အကြိမ်ပေါင်းသောင်းချီ ရိုက်နှက်ပြီးနေပြီဖြစ်သည်။

“ခင်ဗျား!!” Caleb က ဤရိုင်းစိုင်းသော အဘိုးအိုအပေါ် ဒေါသပေါက်ကွဲတော့မည့်အချိန်တွင် သေချာစွာ ပြန်စဉ်းစားလိုက်တယ်။ 'ဘာကိစ္စက ဆိုင်ပိုင်ရှင်ဆီကို ကိုယ်တိုင်တင်ပြဖို့အတွက် အဲ့လောက်အရေးကြီးနေရတာလဲ။ အဲ့ကိစ္စအတွက်နဲ့ ငါ့ကိုတောင် စော်ကားရဲတယ်။ အဲ့ကိစ္စကဘာလဲဆိုတာ ငါကိုယ်တိုင်ကြည့်ရမယ်။’

“ကောင်းပြီလေ။ သွားကြမယ်။ ခင်ဗျားနဲ့အတူ ကျုပ်ပါလိုက်ခဲ့မယ်။ အဲ့ကိစ္စက ခင်ဗျားပြောသလို အရေးမကြီးဘူးဆိုရင်..ဟီးဟီး.. ကျုပ်စိတ်အခြေအနေမကောင်းနေရင် ဘာဖြစ်မယ်ဆိုတာ သိတယ်မလား။” Caleb မှုန်ကုပ်ကုပ်နှင့် ပြုံးလိုက်ကာ Matthew နှင့်အတူ လိုက်သွားလိုက်သည်။

သူတို့နှစ်ယောက် မိနစ်ပိုင်းအတွင်း ၁၅ထပ်ဆီသို့ ရောက်လာသည်။

ဤဆိုင်၏ ၁၅ထပ်ကို စျေးကြီးသော ကျောက်စိမ်းနှင့်စကျင်ကျောက်များ အသုံးပြု၍ အလွန်လှပစွာ ဆင်ယင်ထားသည်။ ထိုနေရာ၏ ပြတင်းပေါက်ရှေ့တွင် ရပ်နေရုံဖြင့် အတွင်းပိုင်းဒေသမြို့တော်တစ်ခုလုံးကို မြင်နိုင်ပြီး မြို့တော်၏အလှကို ညဘက်တွင် ခံစားကြည့်ရှုနိုင်၏။

လက်ရှိတွင် အနက်ရောင်ဆံပင်၊ အသားအရေဖြူဖျော့ဖျော့နှင့် ဇိမ်ခံအဝတ်အစားများဝတ်ထားသည့် လူငယ်တစ်ဦးသည် ပြတင်းပေါက်ဘေးရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေပြီး လူရှုပ်နေသော စျေးရုံကို သူ၏ချောမောသောမျက်နှာပေါ်တွင် မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။

“သူ့ကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ သူကသရဲတစ်ကောင်လား။ အပြင်ပိုင်းဒေသရဲ့ နေရာတိုင်းမှာ မင်းရှာကြည့်ပြီးပြီလား။” လူငယ်က ညင်သာစွာ ပြောလိုက်သော်လည်း သူ့အသံထဲတွင် ရှင်းလင်းစွာ ဒေါသများပါဝင်နေ၏။ သူ၏တည်ငြိမ်မှုကတော့ ပျောက်ဆုံးမသွားပေ။

“ဟုတ်ပါတယ် သခင်လေး။ ဆင်းရဲသားရပ်ကွက်ထဲမှာတောင် ရှာခဲ့ပေမယ့်လည်း အဲ့နေရာမှာ သာမန်လူတွေပဲ နေထိုင်နေကြပါတယ်။ ‘အနက်ရောင်သူခိုး’က ဖတ်တီး Billy ရဲ့ဆိုင်ကို လုယက်ပြီးတဲ့နောက် မြို့ကနေ ထွက်ခွာသွားတဲ့ပုံပေါ်တယ်။ အဖမ်းခံရမှာ ကြောက်နေတဲ့ပုံပါပဲ”

ထိုလူငယ်၏ ရှေ့တွင် ဒူးထောက်ထားသောပုံစံဖြင့် လူတစ်ယောက်ရှိနေသည်။ ထိုလူက ခန္ဓာကိုယ်အပြည့် ပေါ့ပါးသော အနက်ရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုဝတ်စုံဖြင့် မည်သူမှ သူ့ပုံစံကို ရှင်းလင်းစွာ မမြင်ရနိုင်ပေ။ ထိုလူ၏ မျက်နှာဖုံးတွင်ပါသော မျက်လုံးပေါက်များမှတစ်ဆင့် နီညိုရောင်မျက်လုံးများကိုသာ မြင်နိုင်ပေသည်။ ထိုလူ၏အသံသည် အလွန်ကို လှပပြီး သာယာ၏။ ထိုအသံသည် မိန်းမငယ်လေးတစ်ယောက်၏ အသံဖြစ်သည်။

“အနက်ရောင်မြေခွေး၊ ငါစိတ်တိုနေတာ မင်းကြောင့်မဟုတ်ဘူး။ ငါ့စိတ်တိုင်းကျခြယ်လှယ်ကစားလို့ရမယ့် စစ်တုရင်အရုပ်အသစ်တစ်ခုကို မရနိုင်တဲ့ အရှက်ရမှုကြောင့်ပဲ။ အရေးအကြီးဆုံးက အနက်ရောင်သူခိုးရဲ့ လျှို့ဝှက်ချက်တွေကိုရှာဖို့ပဲ။” လူငယ်က စိတ်ပျက်စွာပြောလိုက်သည်။ အနက်ရောင်သူခိုး၏ လျှို့ဝှက်ချက်များအကြောင်းကို ပြောလိုက်သည့်အချိန်တွင် သူမျက်လုံးများထဲတွင် အလွန်ကြီးမားသော လောဘများရှိနေသည်ကို လူတိုင်းမြင်နိုင်ပေသည်။

ကြယ်တစ်ပွင့်ဘဏ္ဍာတိုက်ကို မိနစ်ပိုင်းအတွင်း ဖွင့်နိုင်သော မည်သူမဆို ထူးခြားဆန်းကြယ်သော လျို့ဝှက်ချက်ရှိမည် ဖြစ်သည်။ ထိုလျို့ဝှက်ချက်ကို သူလိုချင်ခြင်းပင်။

အနက်ရောင်သရဲကို အသုံးချခံပစ္စည်းအဖြစ် လက်ခံမည်လားကတော့ အနက်ရောင်သရဲ၏ ရွေးချယ်မှုပင်။ အကယ်၍ အနက်ရောင်သရဲက လက်ခံခဲ့လျှင် သူ့အပေါ်ဂရုစိုက်ပေးမည်ဖြစ်သော်လည်း အနက်ရောင်သရဲက သူလုပ်သလို သူ၏ရန်သူများကို ‘သနားညှာတာမှုမရှိဘဲသတ်ခြင်း’ကို မပြုလုပ်ခဲ့လျှင် လက်ခံမည်မဟုတ်ပေ။

လူငယ်က သူ့ဆီသို့ ချဉ်းကပ်လာသော ခြေသံများကို ကြားသည့်အချိန်တွင် အနက်ရောင်သရဲ၏ လျှို့ဝှက်ချက်များအကြောင်းကို စဉ်းစားနေဆဲပင်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။ “အနက်ရောင်သရဲနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေ ကျန်မကျန်ကို မင်းအရင်သွားကြည့်နှင့်လိုက်။ သူ့လို အရည်အချင်းရှိတဲ့ သူတစ်ယောက်က ဒီလိုလွယ်လွယ်နဲ့ ထွက်ပြေးသွားလိမ့်မယ်လို့ ငါမထင်ဘူး။”

သူ၏အမိန့်ကို လက်ခံရရှိပြီးနောက် အနက်ရောင်မြေခွေးသည် မီးခိုးလို ပျောက်ကွယ်သွားတော့သည်။

“သခင်လေး Asher၊ ကျွန်တော် Caleb နဲ့၊ အဖိုးအို Matthew က လာလည်ပါတယ်။” Caleb ၏ ကျယ်လောင်သော အသံသည် တိတ်ဆိတ်နေသော အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုလူငယ်၏နာမည်သည် Asher Kelby ဖြစ်ပြီး Kelby မိသားစုကို လက်ရှိခေါင်းဆောင်နေသူ၏ အကြီးဆုံးသား ဖြစ်သည်။ ပုံမှန်အားဖြင့် သူသည် မိသားစု၏ နောက်တတ်မည့် ခေါင်းဆောင်ဖြစ်သည်။ သူ့ကို ကျင့်ကြံခြင်းပါရမီရှင်အဖြစ် လူသိများကြသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းနယ်ပယ်တွင် တတိယတံခါးကို ဖွင့်ပြီးသွားတာကြောင့်ဖြစ်သည်။ သူသည် ဉာဏ်ကောင်းကာ တည်ငြိမ်ပြီး စာနာစိတ်လုံးဝမရှိသော သူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် သူသည် Kelbyမိသားစု၏ အကြီးဆုံးဆိုင်ဖြစ်သော Kelbyဆေးနဲ့လက်နက်ဆိုင်၏ ပိုင်ရှင်ဖြစ်နေခြင်းပင်။ သူ၏ရန်သူများသည် ကျင့်ကြံသူမဟုတ်သော သာမန်လူများဖြစ်နေလျှင်ပင် ဒီတိုင်းထားမည်မဟုတ်ဘဲ အနာဂတ်တွင် ပြဿနာများ မဖြစ်စေရန်အတွက် သတ်ပစ်မည်သာဖြစ်သည်။

“ဝင်လာခဲ့” Asher ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“သခင်လေး၊ ဒီလူအိုကြီးက အရေးတကြီး တင်ပြစရာရှိပါတယ်တဲ့။” Caleb က ပြုံးရင်းဖြင့် ဘေးနားမှာရှိနေသော Matthew ကို ညွှန်ပြကာ ပြောလိုက်သည်။ စာနာစိတ်မရှိသော ဤသခင်လေးကို ကြောက်တာကြောင့် သူယခင်ကလို မောက်မာခြင်းမရှိတော့ပေ။

“ဘာလဲ၊ ပြော။” Asher သည် သူ့ဆီသို့လာသော သူနှစ်ယောက်လုံးကို စိတ်မဝင်စားဘဲ ပြတင်းပေါက်၏ အပြင်သို့သာ ကြည့်နေ၏။

“ဒီအဘိုးကြီးက ဆိုင်ပိုင်ရှင်သခင်လေးကို နှုတ်ဆက်ပါတယ်။ ကျွန်တော်တင်ပြချင်တာကတော့ အဖြူရောင်အဆင့်ချီဆေးလုံးပါရှိတဲ့ ဆေးနှစ်ပုလင်းကို အဆင့်နိမ့်နယ်မြေ ဒါမှမဟုတ် မြစ်ပန်းမြို့ရဲ့ အပြင်ပိုင်းဒေသကနေလာတယ်လို့ ထင်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲမှာ မြင်လိုက်ရပါတယ်…”

Matthew လေးစားစွာဖြင့် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တင်ပြလိုက်သည်။ Asher ဆီမှ မည်သည့်အရာကိုမှ ဖုံးကွယ်မထားရဲပေ။ “အဲဒီကောင်လေးက အရမ်းထက်မြက်လို့ အဆုံးမှာ အဲဒီဆေးလုံးတွေကိုရရှိဖို့ ကျွန်တော်ကျရှုံးခဲ့ပါတယ်။” သူ၏တင်ပြမှုပြီးဆုံးသွားသော်လည်း ထိုဆေးများကို ကောင်လေးက သူကိုယ်တိုင်အတွက် လိုချင်သည်ဟုပြောရန် မေ့လျော့သွားခဲ့သည်။

“သူအခုဘယ်မှာလဲ” Asher နောက်သို့ လှည့်လာကာ အဘိုးအို၏ မျက်လုံးများဆီသို့ စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အနက်ရောင်သရဲအကြောင်း ပြောတုန်းကလို လောဘများဖြင့် တလက်လက် တောက်ပနေ၏။

အဖြူရောင်အဆင့် ဆေးလုံးများသည် ကြယ်နှစ်ပွင့်မြို့တွင် အလွန်ရှားပါး၏။ အများစုသည် မြို့တော်သခင်လက်ထဲတွင်သာရှိပြီး အဖြူရောင်အဆင့် ဆေးဆရာသည်လည်း မြို့တော်သခင်၏စံအိမ်ထဲတွင်သာ ရှိသည်။ Ace တွင်တော့ အဖြူရောင်အဆင့် ဆေး၂ပုလင်းပင်ရှိပြီး ထိုအကြောင်းကို သူသိပင်မသိပေ။

Caleb သည်လည်း အဘိုးအို Matthew ကြုံတွေ့ခဲ့ရသည်များကို ကြားပြီး ထိတ်လန့်သွားခဲ့သည်။ 'ငါ့ဆီမှာသာ ဒီအဖြူရောင်အဆင့်ဆေးတွေ ရှိမယ်ဆိုရင် ငါအဖြူရောင်အဆင့် ဆေးဆရာဖြစ်ဖို့ ပိုမြန်လာနိုင်တယ်။’ Caleb က လောဘကြီးစွာ တွေးနေသော်လည်း သူဘာမှမလုပ်နိုင်ပေ။ ယခု Asher က ထိုအကြောင်းကို သိသွားပြီဖြစ်တာကြောင့် သူမေ့လိုက်ရန်သာ ရှိတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများအပေါ်တွင် လက်တစ်ချောင်းပင် တင်နိုင်တော့မည်မဟုတ်ကြောင်းကို သူသိပေသည်။

Matthew က Asher ကို ထိုအကြောင်းများ ပြောပြလိုက်သည်နှင့် သူတို့၏အတွေးထဲတွင် ထိုဆေးများသည် သူတို့၏အပိုင်ဖြစ်သွား၏။

“သူနဲ့အရောင်းအဝယ်လုပ်ပြီးတဲ့နောက် ဆိုင်ပိုင်ရှင်ဆီကို အဲဒီအကြောင်းတင်ပြဖို့အတွက် တိုက်ရိုက် ပြေးလာခဲ့တာပါ။” လေးစားစွာဖြင့် Matthew က ပြောလိုက်သည်။

“Caleb ဒီအဘိုးကြီးနဲ့ ငါ့ရဲ့ အစောင့်နှစ်ယောက်ကိုခေါ်သွား။ အဲဒီဆေးတွေကို ငါဖြစ်နိုင်သမျှမြန်မြန် လိုချင်တယ်။ အဲ့ဒီဆေးတွေကို မရခဲ့ရင် မင်းတို့နှစ်ယောက်လည်း ပျောက်ကွယ်သွားသင့်တယ်။ ပြီးတော့ ဒီအကြောင်းကို ဒီသုံးယောက်ကလွဲပြီး ဘယ်သူမှမသိစေနဲ့။ ရှင်းလား။” အေးစက်စွာဖြင့် Asher သူတို့ကို သတိပေးလိုက်သည်။ သူ့မျက်လုံးများသည် အေးစက်စွာဖြင့် Caleb နှင့် Matthew ဆီသို့ စိုက်ကြည့်နေပြီး အလွန်ပြင်းပြသော သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ထုတ်လွှတ်နေသည်။

“ဟုတ်ကဲ့။ ဘာကိစ္စပဲရှိရှိ အဲဒီဆေးတွေကို ယူလာခဲ့ပါ့မယ်။” Caleb နှင့် Matthew တို့ နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး၏ မျက်နှာများပေါ်တွင် ချွေးများ တစ်ဒီးဒီး ကျနေပြီဖြစ်ပြီး နောက်ကျောသည်လည်း ချွေးအေးများဖြင့် စိုရွှဲနေပြီဖြစ်သည်။

‘ဒီ‌သောက်ကိစ္စမှာ ငါက ဘယ်လိုပါသွားရတာလဲဟ..’ Caleb သူ၏ကံဆိုးမှုကြောင့် ကျိန်ဆဲလိုက်သည်။

All Chapters