← Chapters

ရိတ်သိမ်းခံရခြင်း

Vol. 75 Ch. 1111

ရိတ်သိမ်းခံရခြင်း

Vol. 75 Ch. 1111

ဖြူဖပ်ဖြူလျော် မျက်နှာနှင့်အတူ ဝူလီသည် မျက်ကန်းအဘိုးအို၏ ဘေးဘက်သို့ ပြေးကပ်ပြီး သူ၏ အရိုးဖြူတောင်ဝှေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

သူသည် ဘယ်ဘက်လက်တွင် အဆောင်တစ်ခုကို ဆုပ်ကိုင်ထားပြီး သူ၏ ကြီးမားသော စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ကာ အိုးတိုးအမ်းတမ်း အမူအရာဖြင့် တိုက်ပွဲမြေပြင်ကို အဆက်မပြတ် စစ်ဆေးနေလေသည်။

သူသည် စတင်ကျင့်ကြံကတည်းက ဤကဲ့သို့သော တစ်စုံတစ်ရာကို ဘယ်တုန်းကမှ မတွေ့ကြုံဖူးခဲ့ပေ။

သူသည် စောစောက သေခြင်းအော်ရာကို အမှန်တကယ်ပင် ခံစားမိခဲ့လေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ အနက်ရောင်ဝတ်လူ၏ ရှေ့တွင် သူက အချိန်မရွေး ဆုတ်ဖြဲခံရတော့မည့်အလား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အားနည်းသွားသည်ဟု ခံစားရလေသည်။

ဝူလီ၏ မျက်လုံးထဲတွင် အနက်ရောင်ဝတ်လူ၏ အော်ရာက တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ထက်ပင် ပို၍ ကြောက်စရာကောင်းနေလေသည်။

“သူက ဘယ်သူလဲ”

ဝူလီသည် စိတ်ထဲမှာ တင်းကျပ်နေပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အလိုလိုမေးလိုက်လေသည်။

အဘိုးအိုက မျက်လုံး မပါရှိသော်လည်း သူသည် စိတ်ဝိညာဉ်အသိစိတ်ကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲမြေပြင်ရှိ ဖြစ်ပျက်သမျှတိုင်းကို နားလည်နိုင်လေသည်။

ထိုအခိုက်အတန့်တွင် သူက သုန်မှုန်နေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“သူက.. လူသားတစ်ယောက် မဟုတ်ဘူး..”

“လူသား မဟုတ်ဘူးလား..”

ဝူလီက တုန်လှုပ်စွာဖြင့် ထပ်မေးလိုက်လေသည်။

“သူက လူမဟုတ်ဘူးဆိုတာ ခင်ဗျားပြောတာ ဘာအဓိပ္ပာယ်လဲ.. သူက သားရဲတစ်ကောင်လား..”

ခဏမျှ ရပ်တန့်ပြီးနောက် သူက ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်လေသည်။

“မဖြစ်နိုင်ဘူး.. ဘယ်သားရဲမျိုးနွယ်ကမှ သူ့ဆီက အော်ရာမျိုးကို မထုတ်ပေးနိုင်ဘူး”

မျက်ကန်းအဘိုးအိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ထိုစဉ်မှာပင် တိုက်ပွဲမြေပြင်မှာ အပြောင်းအလဲတစ်ခုက ဖြစ်ပေါ်လာခဲ့လေသည်။

ညဝိညာဉ်က ဝူလီကို နောက်တစ်ကြိမ် ဘယ်တော့တိုက်ခိုက်မလဲ လူတိုင်းက အလိုလိုစောင့်ကြည့်နေကြလေသည်။

သို့သော်လည်း ဒီတစ်ခေါက်မှာတော့ ညဝိညာဉ်သည် ကျားနဂါးဂိုဏ်းမှ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်၏ ဘေးမှာ ပေါ်ထွက်လာခဲ့လေသည်။

ဖောင်း..

ဓမ္မဝိသေသ တာအိုအရှင်သည် တုံ့ပြန်လိုက်ပြီး သူ၏လက်ကို ပင့်မြှောက်လိုက်စဉ်မှာပင် သူ၏ ဦးခေါင်းက ညဝိညာဉ် လက်ချက်ဖြင့် ကြေမွသွားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီး နေရာမှာပင် သေဆုံးသွားလေသည်။

မျက်ကန်းအဘိုးအိုက စိတ်လှုပ်ရှားလာခဲ့လေသည်။

ဤအနက်ရောင်ဝတ်လူက သတ်ဖြတ်ခြင်းမှာ အထူးတလည် ကျွမ်းကျင်နေလေသည်။

သူ တစ်ကြိမ်ပေါ်ထွက်လာတိုင်း သူပြုလုပ်သော လှုပ်ရှားမှုတစ်ခုချင်းစီမှာ ရည်ရွယ်ချက်တစ်ခုသာလျှင် ရှိလေသည်။ အဲဒါက သတ်​ဖြတ်ဖို့ပင်။

လက်ရှိလူတိုင်းသည် သူ၏သားကောင်များ ဖြစ်လာပုံရလေသည်။

အနက်ရောင်ဝတ်လူထံမှ ဖြာထွက်လာသော အော်ရာသည် စုန်းမျိုးတစ်ယောက်အနေဖြင့် သူ၏ မျိုးဆက်သွေးထဲရှိ ရှေးကျသော အကြောက်တရားကို နှိုးဆွပေးလာပုံရလေသည်။

ဆူဇီမိုသည်လည်း သူ့ထက် အဆင့်ကြီးတစ်ဆင့်မြင့်သော ဓမ္မဝိသေသ တာအိုအရှင်များကို သတ်ဖြတ်နိုင်လေသည်။

သို့သော်လည်း ညဝိညာဉ်၏ သတ်ဖြတ်မှုက ပို၍ သက်သောင့်သက်သာရှိသည်ဟု ထင်ရလေသည်။

အဲဒါသည် ညဝိညာဉ်က တိုက်ခိုက်ရည်ခွန်အားအရာမှာ ဆူဇီမိုထက် ပိုမိုသန်မာသည်ဟု အဓိပ္ပာယ်မရပေ။

ညဝိညာဉ်က သတ်ဖြတ်ခြင်း နည်းလမ်းများမှာ ပို၍သာလွန်သည်ဟုသာ ပြောရပေမည်။

တစ်ခဏအတွင်းမှာပင် ဓမ္မဝိသေသ တာအိုအရှင်ငါးယောက်ထဲမှ နှစ်ယောက်သာလျှင် ကျန်တော့လေသည်။

“မင်း..”

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က ဒေါသူပုန်ထသွားပြီး သူ၏မျက်လုံးနှစ်ဖက်က ကျွတ်ကျမတတ် ပြူးထွက်လာခဲ့လေသည်။ သူ၏ခန္ဓာကိုယ်ထဲမှ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ဧရာမ ကျောက်ပုဆိန်ကို ညဝိညာဉ်၏ ဦးခေါင်းဆီသို့ လွှဲခုတ်လိုက်လေသည်။

ညဝိညာဉ်က ညင်သာစွာ လှုပ်ရှား၍ ထိုဓမ္မဝိသေသ တာအိုအရှင်၏ နောက်ဘက်သို့ ဖျတ်ခနဲ ရောက်ရှိသွားလေသည်။

အခြားသော ဓမ္မဝိသေသ တာအိုအရှင်သည် အခြေအနေမကောင်းတော့သည်ကို မြင်လိုက်ပြီး သူ့လက်ထဲရှိ ဆေဘာကို အလောတကြီး လွှဲယမ်းကာ ညဝိညာဉ်ဆီသို့ ခုတ်ပိုင်းချလိုက်လေသည်။

ညဝိညာဉ်က နောက်ပြန်လှည့်ကြည့်ခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်ကို ယိမ်းနွဲ့၍ တစ်ဖန်ပျောက်ကွယ်သွားခဲ့လေသည်။

ဓမ္မဝိသေသ တာအိုအရှင်သည် ထိတ်လန့်သွားပြီး သူ၏ဆေဘာကို အလိုလိုရုတ်သိမ်းကာ သူ၏ ဘေးပတ်ပတ်လည်ကို အဆက်မပြတ် လွှဲယမ်းခုတ်ပိုင်းနေလေသည်။ သူသည် ညဝိညာဉ် ချဉ်းကပ်လာမည်ကို စိုးရိမ်သောကြောင့် သူ၏သွေးချီများ အားလုံးကို ထုတ်ဖော်ထားရလေသည်။

သို့သော်လည်း ညဝိညာဉ်က လုံးဝ ပြန်ပေါ်မလာတော့ပေ။

ပြောရမည်ဆိုလျှင်.. ညဝိညာဉ်က မတိုက်ခိုက်ခင်မှာပင် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ချွေးပြန်၍ မောဟိုက်နေကြလေပြီ။

“အား..”

မလှမ်းမကမ်းရှိ ကျားနဂါးဂိုဏ်း၏ မူလနတ္ထိလူအုပ်ထဲမှ စူးစူးဝါးဝါး အော်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

ညဝိညာဉ်က ထိုနေရာမှာ ပေါ်လာခဲ့လေသည်။

သူ၏ကိုယ်ကာယနှင့် သတ်ဖြတ်ခြင်း နည်းစနစ်များနှင့်အတူ သူသည် သိုးအုပ်ထဲသို့ ရောက်ရှိသွားသော ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေလေသည်။

မူလနတ္ထိများကို မဆိုထားနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သူ၏ ချဉ်းကပ်ခြင်းကို ခံရပါက သေဆုံးရပေလိမ့်မည်။

တစ်ခဏအတွင်းမှာပင် ညဝိညာဉ်၏ လက်ထဲမှာ မူလနတ္ထိ ရှစ်ယောက် သေဆုံးသွားခဲ့လေသည်။

များစွာသော မူလနတ္ထိများသည် ခုခံတိုက်ခိုက်ကြသော်လည်း သူတို့သည် ညဝိညာဉ်၏ အဝတ်စကိုပင် မထိတွေ့နိုင်ကြပေ။ ထိုအစား သူတို့သည် အချင်းချင်း ဒဏ်ရာရရှိစေမိပြီး ဆူညံပွက်လောရိုက်လာခဲ့လေသည်။

ညဝိညာဉ်သည် ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကိုသာ ပြသခဲ့ခြင်း မဟုတ်ပေ။

သူသည် အခြေအနေအပေါ် ပကတိထိန်းချုပ်ခြင်းကိုပါ ပြသခဲ့လေသည်။

သူသည် ပေါ်ထွက်လာကတည်းက မူလနတ္ထိနှစ်ယောက်ကို တိုက်ခိုက်ခဲ့လေသည်။

ထို့နောက် ဝူလီကို တိုက်ခိုက်ပြီး နန်းကြည်ကို ကယ်တင်ခဲ့လေသည်။

မမျှော်လင့်ထားစွာပင် သူ၏ပစ်မှတ်က ပြောင်းလဲသွားပြီး နောက်ထပ် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ကို သတ်ဖြတ်လိုက်လေသည်။

သူသည် ကျန်ရှိနေသော ဓမ္မဝိသေသနှစ်ယောက်ကို ဟန်ပြမျှသာ တိုက်ခိုက်ခဲ့ပြီး မူလနတ္ထိလူအုပ်ထဲမှာ ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။

နောက်ထပ် သူ၏လှုပ်ရှားမှုကို မည်သူကမှ မခန့်မှန်းနိုင်ကြပေ။

သူ၏ သတ်ဖြတ်ခြင်းကို မည်သူကမှ မတားဆီးနိုင်ကြပေ။

ညဝိညာဉ် ပျောက်ကွယ်သွားသည့် အချိန်မှာ လက်ရှိလူတိုင်းသည် ရင်တမမ ဖြစ်နေကြလေသည်။

ကျားနဂါးဂိုဏ်းမှ ကျန်ရှိနေသော ဓမ္မဝိသေသနှစ်ယောက်သည် ညဝိညာဉ်က မူလနတ္ထိလူအုပ်ထဲမှာ ပေါ်ထွက်လာသည်ကို မြင်သောအခါ သူတို့က စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။

အနည်းဆုံး လောလောဆယ်တော့ သူတို့က ဘေးကင်းလုံခြုံသွားခဲ့လေပြီ။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ သူတို့က တစ်ယောက်၏ စိတ်ဆန္ဒကိုတစ်ယောက် ပြောနိုင်ကြလေသည်။

သူတို့နှစ်ယောက်စလုံးက နောက်ဆုတ်ဖို့ စဉ်းစားလာကြလေပြီ။

ထိုစဉ်မှာပင် သူတို့၏ နားထဲသို့ နောက်ထပ် အသံတစ်သံက ဝင်ရောက်လာခဲ့လေသည်။

“မင်းတို့က ဆန်းကြယ်တောင်ထွတ်ကို သတ်ဖြတ်ဖို့အတွက် လာရဲမှတော့ အသက်ရှင်လျက်ပြန်သွားဖို့ မစဉ်းစားနဲ့တော့”

ဆူဇီမိုသည် အခွင့်အရေးကို ဖမ်းဆုပ်ကာ ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ ဘေးသို့ ရောက်ရှိလာပြီး အေးစက်စွာဖြင့်​ ပြောလိုက်လေသည်။

“မင်းတို့ရဲ့ အဖော်တွေနဲ့အတူ လိုက်သေလိုက်တော့”

“သတ်..”

တစ်ချိန်တည်းနီးပါးမှာပင်.. ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် ဆူဇီမိုဘက်သို့ လှည့်ပြီး ဟိန်းဟောက်လိုက်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်သည် သူ့လက်ထဲရှိ ဧရာမ ပုဆိန်ကို ပင့်မြှောက်လိုက်ပြီး အခြားတစ်ယောက်က သူ့လက်ထဲရှိ ဆေဘာကို ဝှေ့ယမ်းကာ ဆူဇီမိုကို ရက်ရက်စက်စက် ခုတ်ပိုင်းလိုက်ကြလေသည်။

ဆူဇီမို၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုက ပေါ်ထွက်လာခဲ့လေသည်။ သူက နောက်ဆုတ်ခြင်း ရှောင်ရှားခြင်း မရှိဘဲ သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဝင်ရောက်လာသော ပုဆိန်နှင့် ဆေဘာကို ဖမ်းဆွဲလိုက်လေသည်။

“အား..”

ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းက တုန်လှုပ်သွားကြလေသည်။

သူက ရူးသွပ်သွားတာလား..။

မူလနတ္ထိတစ်ယောက်သည် တာအိုအရှင် ဓမ္မလက်နက်များကို ရင်ဆိုင်ခုခံဖို့အတွက် သူ၏ကိုယ်ကာယကို အမှန်တကယ်ပင် အသုံးပြုလာခဲ့လေသည်။

အဲဒါက အရင်တုန်းကသာဆိုလျှင် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို လက်ခံနိုင်ကောင်း လက်ခံနိုင်ကြပေလိမ့်မည်။

ဘာပဲပြောပြော.. ထိုစဉ်တုန်းက ဆူဇီမိုသည် နတ်ဖီးနစ်အရိုးကဲ့သို့ ရတနာတစ်ခုနှင့်အတူ သမိုင်းတစ်လျှောက် နံပါတ်တစ် ပြန်ဝင်စား မွန်းစတားဟု ကျော်ကြားခဲ့ဖူးလေသည်။ သူသည် သန်မာသော ကိုယ်ကာယရှိပြီး အနီးကပ်တိုက်ခိုက်ရေးမှာ ပြိုင်ဘက်ကင်းလေသည်။ သူက ရှုံးနိမ့်မှုကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။

သို့သော်လည်း လွန်ခဲ့သည့် ဆယ်နှစ်က တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ လက်ချက်ဖြင့် သူ၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့လေသည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ မျက်လုံးများက စိတ်အားတက်ကြွမှုဖြင့် တောက်ပလာခဲ့လေသည်။

တာအိုသက်ရှိ အထီးကျန်သိုင်းသခင်က အရမ်းကို မိုက်မဲလွန်းလေသည်။

သူတို့၏ ဓမ္မလက်နက်များသည် အရည်အသွေး အရမ်းမမြင့်မားဘဲ သာလွန်အဆင့်များသာ ဖြစ်ကြသော်လည်း သူတို့သည် ဘာပဲပြောပြော တာအိုအရှင်ဓမ္မလက်နက်များဖြစ်ပြီး မူလနတ္ထိများ ခုခံနိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

ဘန်း.. ဘန်း..

ဆေဘာနှင့် ပုဆိန်သည် ဆင်းသက်လာခဲ့ပြီး ဆူဇီမို၏ လက်ဝါးနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။ သို့သော်လည်း မည်သည့်သွေးစက်ကမှ ထွက်ပေါ်မလာခဲ့ပေ။ ထိုအစား ခပ်ထိုင်းထိုင်းအသံကသာ ထွက်ပေါ်လာခဲ့လေသည်။

“ဟမ့်”

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ သူငယ်အိမ်များက တင်းကျပ်သွားလေသည်။

သူတို့၏ ဓမ္မလက်နက်များနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမို၏ လက်ဖဝါးက အကောင်းအတိုင်း ရှိနေလေသည်။

ဆူဇီမို၏ အရေပြားသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ကြာရွက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ သာလွန်အဆင့် တာအိုအရှင်ဓမ္မလက်နက်များပင်လျှင် သူ့ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။

တကယ်တော့ သူသည် တာအိုအရှင်ဓမ္မလက်နက်များ၏ ထက်ရှမှုကို ခုခံနိုင်ခဲ့သော်လည်း ဓမ္မဝိသေသအဆင့် စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး သူ၏ကိုယ်တွင်းမှာ တုန်ခါလှိုင်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

သူ၏ သွေးချီက တလိပ်လိပ်တက်လာ​ပြီး သူ၏ ကိုယ်လက်အင်္ဂါများက တုန်ခါသွားခဲ့လေသည်။

ဆူဇီမိုသည် ခပ်သဲ့သဲ့ ညည်းတွားလိုက်ရလေသည်။

သူသည် သူ၏ လှုပ်ရှားမှု နည်းစနစ်နှင့်အတူ ဓမ္မဝိသေသ တာအိုအရှင်များ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်စွမ်း ရှိလေသည်။

သို့သော်လည်း ထိုသို့ပြုလုပ်ပါက သူသည် သူတို့နှစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် အချိန်အနည်းငယ် ပိုယူရပေလိမ့်မည်။

ဆူဇီမိုက ဆက်လက်၍ အချိန်ဆွဲလိုစိတ် မရှိတော့ပေ။

သူသည် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို ချက်ချင်းလက်ငင်း သတ်ဖြတ်ချင်လေသည်။

“သေစမ်း”

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ ဓမ္မလက်နက်များကို လက်ဗလာဖြင့် လက်ခံပြီးနောက် ဆူဇီမိုက အေးစက်စွာဖြင့် ပြောလိုက်လေသည်။ သူသည် သူတို့နှစ်ယောက်ကို နောက်ထပ်တိုက်ခိုက်ဖို့အတွက် အခွင့်အရေး ဆက်မပေးတော့ပေ။

သူတို့နှစ်ယောက်၏ နောက်ဘက်တွင် အလွန်ကြီးမားသည့် နက်မှောင်နေသော တံစဉ်တစ်လက်က ဖြစ်ပေါ်လာပြီး အေးစက်၍ မကောင်းဆိုးဝါးဆန်ဆန် အော်ရာတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

ကောင်းကင်ဘုံမိစ္ဆာတံစဉ်..

ဆူဇီမိုက ရှေ့သို့ပြေးဝင်လာသည့် ခဏမှာပင် ထိုဓမ္မပညာရပ်ကို ထုတ်ဖော်ထားခဲ့ပြီးလေပြီ။

ဆူဇီမို၏ အတွေးတစ်ချက်နှင့်အတူ နက်မှောင်နေသော ဧရာမတံစဉ်သည် ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ လည်ပင်းများကို လှီးဖြတ်လိုက်လေသည်။

“ရှီး..”

ဦးခေါင်းနှစ်လုံးက လွင့်ပျံလာပြီး သူတို့၏ လည်ပင်းများမှ သွေးများက ပန်းထွက်လာခဲ့လေသည်။

လေထဲတွင် အကန့်အသတ်မဲ့သော မိစ္ဆာချီများသည် ဦးခေါင်းနှစ်လုံး၏ အသိစိတ်ထဲသို့ ကျုးကျော်ဝင်ရောက်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို နေရာမှာပင် ဖျက်ဆီးပစ်လိုက်လေသည်။

ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်၏ အသက်သည် ပေါင်းပင်များကဲ့သို့ ကောင်းကင်ဘုံမိစ္ဆာတံစဉ်၏ ရိတ်သိမ်းခြင်းကို ခံလိုက်ရလေသည်။

All Chapters