စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ
Vol. 75 Ch. 1114
ထိုသို့ဆိုလျှင်တောင် မျက်ကန်းအဖိုးအိုသည် သေကွင်းသေကွက်ကို ရှောင်ရှားလိုက်နိုင်လေသည်။ သူ၏ ညာဘက်ရင်အုပ်သည် ညဝိညာဥ်၏အမြီးဖြင့် ထိုးဖောက်ခြင်းခံရပြီး သွေးများက တစ်စက်စက် စီးကျလာလေသည်။
“အား....”
သူက နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
မျက်ကန်းအဖိုးအိုသည် ဓမ္မဝိသေသ အဆင့်သို့ကျင့်ကြံထားပြီး သူ၏အဆုတ် ထိခိုက်ဒဏ်ရာရရှိလျှင်တောင် သေရမည်မဟုတ်သော်လည်း သူ၏တိုက်ခိုက်ရည်ခွန်အားက သေချာပေါက် လျော့ကျသွားပေလိမ့်မည်။
ဒါ့အပြင် ညဝိညာဥ်က သူ့အနားသို့ ချည်းကပ်နေခဲ့ပြီး ဖြစ်လေသည်။
သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့လေသည်။
“သွားစမ်း...”
မျက်ကန်းအဖိုးအို၏ တုံ့ပြန်မှုက အလွန်တရာမြန်ဆန်လေသည်။ ညဝိညာဥ်၏ အမြီးက သူ့ကိုထိုးဖောက်လိုက်သည့်ခဏမှာပင် သူ၏လက်ဝါးကို လှုပ်ရှားပြီး စိမ်းညိုရောင် လက်ဝါးပုံနှိပ်ရာတစ်ခုကို ဆင့်ခေါ်ကာ ညဝိညာဥ်ဆီသို့ ပစ်ရိုက်ချလိုက်လေသည်။
ညဝိညာဥ်၏ အမြီးက မျက်ကန်းအဖိုးအို၏ ခန္ဓာကိုယ်မှာစိုက်နေပြီး သူက အချိန်မီမရှောင်တိမ်းနိုင်ဘဲ သူ၏လက်နှစ်ဖက်ကိုသာ ပင့်မြှောက်ခံလိုက်ရလေသည်။
ဘန်း...
ညဝိညာဥ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး မျက်ကန်းအဖိုးအို၏ လက်ဝါးရိုက်ချက်ဖြင့် လွင့်စင်ထွက်သွားလေသည်။
သို့သော်လည်း သူသည် သန်မာသော ခန္ဓာကိုယ်နှင့် တုန်လှုပ်စရာကောင်းသော ကိုယ်ကာယကို ပိုင်ဆိုင်ထားလေသည်။ သူက မျက်ကန်းအဖိုးအို၏ စွမ်းအားအပြည့်တိုက်ခိုက်မှုကို လက်ခံရရှိပြီးတာတောင် သူသည် နှုတ်ခမ်းထောင့်မှ သွေးစအချို့စီးကျရုံကလွဲ၍ သူ၏ခန္ဓာကိုယ်က အဆင်ပြေလေသည်။
ညဝိညာဥ်သည် လေထဲမှာလှည့်ပတ်၍ တစ်ဖန်ပျောက်ကွယ်သွားလေသည်။
အစက ဆူဇီမိုကို ဝိုင်းပတ်ထားသော ဦးခေါင်းခွံခြောက်ခုကလည်း ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
ဆူဇီမို၏ မျက်လုံးကဝင်းလက်သွားပြီး ရှေ့သို့ပြေးတက်ကာ ညဝိညာဥ်နှင့်အတူ ပူးပေါင်း၍ မျက်ကန်းအဖိုးအိုကို သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။
ထိုစဥ်မှာပင် ဝူလီက အချိန်မီတိုက်ခိုက်လာခဲ့လေသည်။
“ကျိန်စာလှံတံ....”
သူက မန္တန်တစ်ခုကို ရွတ်ဆိုပြီး သူ့လက်ထဲရှိ အရိုးဖြူတောင်ဝှေးကို ဝှေ့ယမ်းလိုက်လေသည်။ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး စိမ်းညိုရောင်လှံတံတစ်စင်းက လေထဲမှာ ထွက်ပေါ်လာခဲ့လေသည်။
လှံတံ၏ ကိုယ်ထည်က အလွန်တရာ ဆိုးယုတ်သောစွမ်းအားတစ်ခုဖြင့် ဖြာထွက်နေလေသည်။
တိုက်ပွဲနယ်မြေရှိ ဆူဇီမိုကို မပြောနှင့် အဝေးကနေစောင့်ကြည့်နေကြသော ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများပင်လျှင် တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့၏ဦးခေါင်းက ချာချာလည်ပြီး ဆိုးယုတ်သောအတွေးအကြံများဖြင့် ပြည့်နှက်လာသည်ဟု ထင်ရလေသည်။
ဤဆိုးယုတ်လှံတံက လူသားတစ်ယောက်ကို ထိခိုက်မိသွားလျှင် ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အဖျက်စွမ်းအား ထွက်ပေါ်လာမလဲ စဥ်းစားကြည့်ဖို့ ခက်ခဲလေသည်။
ဆူဇီမိုက ရပ်တန့်လိုက်ပြီး သူ၏အမူအရာက အေးစက်လာခဲ့လေသည်။
အစကတော့ သူသည် စုန်းမျိုးနွယ်မှ ဤသခင်လေးကို နောက်ဆုံးမှ ကိုင်တွယ်ဖို့ စီစဥ်ထားလေသည်။
ယခုအခါမှာတော့ ဤလူက သေဖို့အတွက် စိတ်အားထက်သန်နေသည်ဆိုမှတော့ သူက ထိုသူ၏ဆန္ဒကို ဖြည့်ဆည်းပေးရပေတော့မည်။
သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဓားကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ချက်ချင်းပင် ကောင်းကင်ထက်မှာ ကြယ်များက ထွက်ပေါ်လာခဲ့လေသည်။
အလွန်တရာထက်ရှသော သတ်ဖြတ်လိုစိတ်က ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး မိုးထိတိုင်ထိုးတက်သွားလေသည်။ ကောင်းကင်ထက်ရှိ ကြယ်များပင်လျှင် စတင်၍ ကသောင်းကနင်းဖြစ်လာခဲ့လေသည်။
ကောင်းကင်၏ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသောအခါ ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်ပေလိမ့်မည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်....
ဆူဇီမို၏ မျက်လုံးက မှေးကျဥ်းသွားပြီး ဝင်ရောက်လာသော ကျိန်စာလှံတံကို ကြည့်လိုက်လေသည်။ သူ၏လက်ချောင်းကို ဓားတစ်လက်ကဲ့သို့ ဝှေ့ယမ်းပြီး သုံးချက်ဆင့်၍ ခုတ်ပိုင်းလိုက်လေသည်။
အဖြူရောင်ဓားချီသုံးခုက လေထုကို ဆုတ်ဖြဲ၍ ထွက်ပေါ်လာခဲ့လေသည်။
လေဟာနယ်တစ်ခုလုံးသည် အပေါက်သုံးပေါက်ဖြင့် စုတ်ပြဲသွားသော ဧရာမပိတ်စတစ်ခုကဲ့သို့ ဖြစ်လာခဲ့လေသည်။
နိုးထဝိညာဥ်အဆင့်မှာတုန်းက ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်ဖြင့် ဓားချီတစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့လေသည်။
ယခုသူသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိလာပြီး ဓားချီသုံးခုကို တစ်ခါတည်းဖြင့် ထုတ်ဖော်နိုင်လာလေသည်။
တကယ်တော့ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို နားလည်ဆင်ခြင်ရင်းဖြင့် ဓားချီ၏ စွမ်းအားကလည်း အဆက်မပြတ် တိုးတက်လာခဲ့လေသည်။
ဓားချီသုံးခုသည် အတူတကွထပ်ဆင့်သွားပြီး သတ်ဖြတ်ခြင်းစွမ်းအားက ၎င်း၏အကန့်အသတ်ထိ ရောက်ရှိသွားခဲ့လေသည်။
ကျိန်စာလှံတံကို ထည့်ပြောနေစရာပင် မလိုအပ်ပေ။
ဓမ္မဝိသေသ အဆင့်မှာရှိနေသော မျက်ကန်းအဖိုးအိုပင်လျှင် ထိုတိုကိခိုက်မှုကနေ မထိမခိုက် ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ဟု ဆူဇီမိုက ယုံကြည်လေသည်။
အဲ့ဒါသည် ရှေးဟောင်းမဟာဓားပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်လေသည်။
မျက်ကန်းအဖိုးအိုသည် အဲ့ဒါကို မမြင်နိုင်သော်လည်း ဓားချီသုံးခု ထွက်ပေါ်လာသည့်ခဏမှာပင် သူ၏အမူအရာက ပြောင်းလဲသွားလေသည်။
ရုတ်တရက်သူက အော်ဟစ်ပြောဆိုလိုက်လေသည်။
“သခင်လေး..... ပြေးတော့”
သူ့စကားမဆုံးသေးခင်မှာပင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက ကျိန်စာလှံတံနှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။
ရပ်တန့်မှုမရှိလုနီးပါးဖြင့် နတ်ဆိုးလှံတံသည် ဓားချီသုံးခု၏ ထိုးဖောက်လှီးဖြတ်ခြင်းကို ခံရပြီး ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
ဝူလီ၏ သူငယ်အိမ်က ပြင်ထန်စွာတင်းကျပ်သွားခဲ့လေသည်။ မျက်ကန်းအဖိုးအို၏ သတိပေးခြင်းမရှိလျှင်တောင် ဤဓားချီသုံးခုက ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သူခံစားမိလေသည်။
“ပြေး....”
ဖြူဖပ်ဖြူရော်မျက်နှာနဲ့အတူ ဝူလီက လှည့်ထွက်ပြေးလိုက်လေသည်။
သို့သော်လည်း သူက ဘယ်လိုပင်မြန်ဆန်ပါစေ ကောင်းကင်သတ်ဖြတ်ခြင်း ဓားချီက သူ့ထက်ပို၍ မြန်ဆန်လေသည်။ ချက်ချင်းပင် ဓားချီသုံးခုက ဝူလီ၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်သွားခဲ့လေသည်။
“ဖွီး....”
သွေးရောင်က ဖြာလက်သွားလေသည်။
ဝူလီ၏ ပုံရိပ်သည် ဒယီးဒယိုင်ဖြင့် ယိမ်းထိုးသွားပြီးနောက် စိမ်းညိုရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တုတ်လှုပ်စရာကောင်းသော အမြန်နှုန်းဖြင့် အဝေးတစ်နေရာသို့ ပြေးထွက်သွားလေသည်။
“ဟမ့်....”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်လေသည်။
“သူက သေမသွားဘူးလား....”
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ စွမ်းအားသည် ကျိန်စာလှံတံနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် လျော့ကျသွားခဲ့လေသည်။
သို့သော်လည်း ဓားချီသုံးခုသည် ဝူလီ၏ခန္ဓာကိုယ်ကို အမှန်တကယ်ပင် ထိတွေ့ရိက်ခတ်ခဲ့ကြောင်း ဆူဇီမိုက ရှင်းလင်းစွာ မြင်ခဲ့ရလေသည်။
ဤလူက စုန်းမျိုးနွယ်၏ မျိုးဆက်သွေး ရှိနေတာကိုမပြောနှင့် နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်၏ မျိုးဆက်သွေးနှင့်ပင်လျှင် ဓားချီသုံးခု၏ ထိခိုက်ခြင်းကို ခံရပါက သူတို့သည် နေရာမှာပင် သေဆုံးရပေလိမ့်မည်။
ဓားချီမှာပါဝင်သော သတ်ဖြတ်ခြင်းစွမ်းအားသည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို တစ်ခဏအတွင်း ဖျက်ဆီးချေမွပစ်နိုင်စွမ်းရှိလေသည်။
စုန်းမျိုးနွယ်မှ သခင်လေးက ဘယ်လိုလုပ် ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ...
ဆူဇီမို၏စိတ်ထဲတွင် သံသယတစ်ခုက ဝင်ရောက်လာခဲ့လေသည်။ သူက အဲ့ဒါကို များစွာစဥ်းစားခြင်းမရှိတော့ဘဲ ထိုသူ၏နောက်သို့ ပြေးလိုက်လေသည်။
ဝူလီထွက်မပြေးခင်က သူ၏ခြေလှမ်းများက ဒယီးဒယိုင်ဖြစ်နေခဲ့သည်မှာ သိသာလေသည်။
ကြည့်ရသည်မှာ သူက သေဘေးကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ဆိုလျှင်တောင် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားခံပေလိမ့်မည်။
ဆူဇီမို၏အမြန်နှုန်းအရ သူ၏အစွမ်းကုန်ကို ထုတ်ဖော်၍လိုက်ပါက ဝူလီသည် သေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ။
စုန်းမျိုးနွယ်မှသခင်လေးက သေရပေလိမ့်မည်။
သွေးကျီးကန်းနန်းတော်သခင် ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်ပြီးနောက် ဆူဇီမိုသည် နောက်ထပ်ကျားတစ်ကောင်ကို သူ၏ တောအုပ်ထဲသို့ ပြန်သွားခွင့်ပေးမည်မဟုတ်ပေ။
သူက သေရမည်ဆိုလျှင်တောင် ဝူလီကိုသတ်ဖြတ်ရပေလိမ့်မည်။
သို့သော်လည်း သူက လှုပ်ရှားတော့မည်ရှိစဥ်မှာပင် သူ၏စိတ်ထဲမှာ သတိပေးချက်က ထွက်ပေါ်လာခဲ့လေသည်။
အားကောင်းသည့် အန္တရာယ်အငွေ့အသက်က ဆင်းသက်လာခဲ့လေသည်။
“စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ”
ရုတ်တရက် မျက်ကန်းအဖိုးအို၏အသံက ဆူဇီမို၏နောက်ကနေ ထွက်ပေါ်လာခဲ့လေသည်။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်လား...
ဆူဇီမိုက နောက်သို့ပြန်လှည့်မကြည့်ပေ။
သို့သော်လည်း လေထဲတွင် ထောက်လှမ်း၍ မရနိင်သော စိတ်ဝိညာဥ်အသိစိတ် အတက်အကျတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
အဲ့ဒါက တည်ငြိမ်နေသော ရေမျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသော ဝဲဂယက်များနှင့်တူလေသည်။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မင်းဝမ်ဆုတောင်းပုတီးကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။
ဇီ......
သူ၏ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးသည် ဝင်းလက်တေက်ပလာပြီး ရွှေရောင်အကာအရံအလင်းလွှာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန်စာလုံးများက ပေါ်ထွက်လာပြီး သိပ်သည်းပြင်းထန်သော နတ်ဘုရားစွမ်းအားဖြင့် တောက်ပနေလေသည်။
အကာအရံအလွှာက ဖြစ်ပေါ်လာပြီဖြစ်သော်လည်း အဲ့ဒါက မည်သည့် ထိတွေ့ရိုက်ခတ်မှုကိုမှ လက်ခံရရှိခြင်းမရှိပေ။
“ဟမ့်...”
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ....
အဲ့ဒါက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခု မဟုတ်ဘူးလား...
သူက တွေဝေရှုပ်ထွေးနေစဥ်မှာပင် မကောင်းဆိုးဝါးဆန်၍ ထူးဆန်းသော စွမ်းအားတစ်ခုသည် သူ၏အသိစိတ်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
ထိုစွမ်းအားက လျင်မြန်စွာစုစည်း၍ ဆူဇီမို၏ အသိစိတ်ထဲတွင် စိမ်းဖန့်ဖန့်မုန်တိုင်းတစ်ခုကို ဖန်တီးကာ သူ၏အမြုတေစိတ်ဝိညာဥ်ဆီသို့ တိုက်ခတ်လာခဲ့လေသည်။
အို....
ဆူဇီမို၏အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။
မျက်ကန်းအဖိုးအို၏ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သည် မင်းဝမ်ဆုတောင်းပုတီး၏ အကာအရံအလွှာကို လျစ်လျူရှုပြီး သူ၏အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်လာခဲ့လေသည်။
ထိုကဲ့သို့သော ထူးဆန်းသည့် တိုက်ခိုက်မှုတစ်ခုက တကယ့်ကို ကျောချမ်းစရာကောင်းလေသည်။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်များကို ခုခံဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ဖြင့် ပြန်လည်ခုခံခြင်းအပြင် အဲ့ဒါကို ခုခံဖို့အတွက် အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်များကိုသာ အသုံးပြုနိုင်လေသည်။
သို့သော်... ယခုအခါမှာတော့ မျက်ကန်းအဖိုးအို၏ စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာသည် အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်ကို လျစ်လျူရှုပြီး ကျင့်ကြံသူတစ်ယောက်၏ အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်လာနိုင်ခဲ့လေသည်။
ထိုကဲ့သို့သော သတ်ဖြတ်ကွက်နှင့် ရင်ဆိုင်ရပါက လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် နေရာမှာတင် သေဆုံးရပေလိမ့်မည်။
ရှေးဟောင်းစစ်ပွဲမှာတုန်းက စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာအောက်တွင် သေဆုံးခဲ့ရသော လူသားကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိခဲ့လေသည်။
ကံမကောင်းစွာနှင့်ပင် မျက်ကန်းအဖိုးအိုက ဆူဇီမိုနှင့် ရင်ဆိုင်နေရလေသည်။
ဆူဇီမိုတွင် မင်းဝမ်ဆုတောင်းပုတီးအပြင် သူ့မှာနောက်ထပ် ရတနာတစ်ခု ရှိသေးလေသည်။ ထိုရတနာက သူ၏အသိစိတ်ထဲမှာ ရှိနေလေသည်။