← Chapters

လိုက်လံဖမ်းဆီးခြင်း

Vol. 75 Ch. 1116

လိုက်လံဖမ်းဆီးခြင်း

Vol. 75 Ch. 1116

မျက်ကန်းအဖိုးအိုထံမှ ရုတ်တရက်အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ် ထွက်ပေါ်လာမှုကြောင့် ဆူဇီမိုသည် နေရာမှာပင်ရပ်တန့်၍ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းနေရပြီး ဝူလီကို အမဲလိုက်နိုင်မည့် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ရလေသည်။

အဲ့ဒါသည် သိပ်မကြာမြင့်ခံသော်လည်း ဝူလီ၏ အမြန်နှုန်းအရ သူသည် ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

သို့သော်လည်း ဆူဇီမိုက လက်မလျှော့ပေ။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ ထိခတ်ခံရသည့်နေရာတွင် သွေးသံရဲရဲခန္ဓာကိုယ်တစ်ခုက နှစ်ခြမ်းကွဲ၍ မြေပြင်ပေါ်မှာ လဲကျနေလေသည်။

ဤခန္ဓာကိုယ်သည် ဝူလီကို ထွက်ပြေးလွတ်မြောက်နိုင်စေဖို့အတွက် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသုံးခုကို လက်ခံရယူခဲ့လေသည်။

စုန်းမျိုးနွယ်၏ နည်းလမ်းများက ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။

စုန်းမျိုးနွယ်မှ သခင်လေးအနေနှင့် ဝူလီတွင် ဤကဲ့သို့သော သက်စောင့်နည်းလမ်းများရှိနေသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။

ဆူဇီမိုသည် ဝူလီထွက်ပြေးရာဘက်သို့ ဦးတည်ကာ ထွက်လာခဲ့လေသည်။

တကယ်တော့ သူသည် ဝူလီ၏ ခြေရာကို ဆုံးရှုံး၍ မျက်ခြည်ပြတ်သွားခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ဝူလီသည် ဒဏ်ရာရရှိထားပြီး သူသွားရာလမ်းကြောင်းတစ်လျှောက်တွင် စုန်းမျိုးနွယ်မှ မျိုးဆက်သွေး၏ တစ်မူထူးခြားသော အော်ရာတစ်ခုရှိနေလေသည်။

အခြားသူများသည် အဲ့ဒါကို သတိထားမိချင်မှ သတိထားမိမည် ဖြစ်သော်လည်း အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားသော ဆူဇီမိုသည် အလွန်တရာအားကောင်းသော အနံ့ခံအာရုံရှိလေသည်။ သူသည် လေထဲကနေ ထိုအော်ရာကို ဖမ်းဆုပ်နိုင်ပြီး ထိုလမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းလာခဲ့လေသည်။

လေထဲတွင် စိမ်းညိုရောင်ပုံရိပ်တစ်ခုသည် အရိုးဖြူတောင်ဝှေးတစ်ခုပေါ်မှာ စီးနင်း၍ အလွန်တရာမြန်ဆန်သောနှုန်းထားဖြင့် လေထဲမှာပျံသန်းနေလေသည်။

ဝူလီ၏မျက်နှာသည် အနည်းငယ် ဖြူလျော့နေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ရှိကာ ဆိုးဆိုးဝါးဝါးပုံပေါက်နေလေသည်။

ထိုဒဏ်ရာများသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ၏ ထက်ရှမှုကနေ ရရှိလာခဲ့ခြင်းဖြစ်လေသည်။ များစွာသော စိတ်ဝိညာဥ်ဆေးဖက်ဝင်ပစ္စည်းများကို ထိုဒဏ်ရာများပေါ်တွင် သုတ်လိမ်းထားသော်လည်း ထိုဒဏ်ရာများက ပျောက်ကင်းသက်သာမည့် လက္ခဏာများ ပြမလာခဲ့ပေ။

ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကြောင့် ဖြစ်ပေါ်လာသောဒဏ်ရာများသည် အလွန်တရာကြောက်စရာကောင်းသော ဆုတ်ဖြဲစွမ်းအားကို ပိုင်ဆိုင်ထားပြီး သွေးများက အဆက်မပြတ် စီးကျနေလေသည်။

“အထီးကျန်သိုင်းသခင်... ဒီနေ့ရန်ကြွေးအတွက် ငါသေချာပေါက် မင်းကို ဆယ်ဆပြန်ပေးဆပ်ခိုင်းမယ်...”

ဝူလီ၏ မျက်လုံးနှစ်ဖက်က အကန့်အသတ်မဲ့သော အမုန်းတရားဖြင့် ပြည့်နှက်နေပြီး အံကိုတင်းတင်းကြိတ်ကာ ခါးသီးစွာဖြင့် ပြောလိုက်လေသည်။

သူ၏ မြင့်မြတ်သော အဆင့်အတန်းအရ သူသည် ဤတစ်ခေါက် တစ္ဆေကျိန်စာသင်္ချိုင်းကနေ ထွက်ခွာလာဖို့အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့လေသည်။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ ပြောဆိုပုံအရ အင်ပါယာလေးခုတွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များရှိမနေပေ။

တစ်နည်းအားဖြင့်ဆိုလျှင် သူက သူနှင့်အတူ မည်သည့်အကူမှ ခေါ်မလာခဲ့လျှင်တောင် သူသည် အင်ပါယာလေးခုမှာ လွှမ်းမိုးခြယ်လှယ်နိုင်လေသည်။

မတော်တဆဖြစ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် ဦးလေးလန်က ဤခရီးစဥ်ကို ကိုယ်တိုင်လိုက်ပါပို့ဆောင်ပေးခဲ့လေသည်။

ဦးလေးလန်သည် မျက်စိကွယ်နေသော်လည်း သူက လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်နိုင်စွမ်းရှိသည့် ဓမ္မဝိသေသ ပညာရှင်တစ်ယောက်ဖြစ်လေသည်။

လက်ရှိကျင့်ကြံရေးလောကတွင် မဟာယာနမျိုးနွယ်စုခေါင်းဆောင်များက ပေါ်ထွက်လာခဲလေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အသန်မာဆုံးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်လေသည်။

ဆိုလိုသည်မှာ ဦးလေးလန်နှင့်ဆိုပါက ဝူလီသည် အင်ပါယာလေးခုကိုမပြောနှင့် မြောက်ပိုင်းဒေသတစ်ခုလုံးမှာ သူစိတ်ရှိသလို သွားလာနိုင်လေသည်။

တကယ်တော့ သူတို့မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့လေသည်။

လမ်းတစ်လျှောက်တွင် မည်သည့်အဟန့်အတား အနှောက်အယှက်ကိုမှ မတွေ့ရသလောက်နီးပါးပင်။

ကျားနဂါးဂိုဏ်းပင်လျှင် စုန်းမျိုးနွယ်၏ စွမ်းအားမှာ ဦးညွတ်ရလေသည်။

သို့သော်လည်း မြောက်ပိုင်းဒေသမှာ မူမမှန်သည့်လူနှစ်ယောက် ရှိနေလိမ့်မည်ဟု ဝူလီရော မျက်ကန်းအဖိုးအိုကပါ ထင်မှတ်မထားခဲ့ကြပေ။

တိုက်ခိုက်ရည်ခွန်အား အရာမှာဆိုလျှင် ထိုလူနှစ်ယောက်က ကြောက်စရာကောင်းလေသည်။

ဒါ့အပြင် သူတို့သည် စုန်းမျိုးနွယ်၏ ဂုဏ်အဆင့်အတန်းအပေါ် လေးစားသမှု လုံးဝမရှိဘဲ တွေဝေတုံ့ဆိုင်းခြင်းမရှိ သတ်ဖြတ်နိုင်ကြလေသည်။

ထိုသူနှစ်ယောက်၏ မျက်လုံးထဲတွင် စုန်းမျိုးနွယ်က ပုရွက်ဆိတ်များသာသာ ဖြစ်နေသည့်အလားပင်။

ဝူလီသည် ဤတိုက်ပွဲတွင် များစွာမတိုက်ခိုက်ခဲ့ရသော်လည်း သူသည် သေခြင်းတရားနှင့် အနီးကပ် နှစ်ကြိမ်ကြုံတွေ့ခဲ့ရလေသည်။

ပထမအနေဖြင့် ညဝိညာဥ်သည် တိတ်တဆိတ်ချည်းကပ်လာပြီး သူ၏ ကာကွယ်ရေးဓမ္မလက်နက်ကို ဖျက်ဆီးပစ်ခဲ့လေသည်။

အဲ့ဒီနောက် ဆူဇီမို၏ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသုံးခုသည် သူ၏ ကံကြမ္မာရုပ်သေးကို ပေါ်ထွက်လာစေရန် ဖိအားပေးခဲ့လေသည်။

​ကံကြမ္မရုပ်သေးတစ်ခုကို ကျင့်ကြံဖို့က အလွန်တရာခက်ခဲလေသည်။

သူသည် စုန်းမျိုးနွယ်၏ လျှို့ဝှက်အတတ်များနှင့် အဆက်မပြတ်မီးဆေးပြီး သူ့ကိုယ်ပိုင်ရုပ်သေးအဖြစ် ပြောင်းလဲနိုင်မည့် သင့်တော်ကောင်းမွန်သော သက်ရှိခန္ဓာကိုယ်တစ်ခုကို လိုအပ်လေသည်။

သေရေးရှင်ရေးအခြေအနေတွင် ကံကြမ္မရုပ်သေးက သူ့အတွက် သေကွင်းသေကွက် တိုက်ခိုက်မှုတစ်ခုကို ခုခံပေးနိုင်လေသည်။

ကံကြမ္မရုပ်သေးကြောင့်သာမဟုတ်လျှင် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ကို ရရှိစေမည့်အစား သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းစုတ်ပြဲသွားစေမည် ဖြစ်လေသည်။

ဝူလီက ပြေးလွှားနေရင်း သူ၏အရှိန်ကို တဖြည်းဖြည်းလျှော့ချလိုက်လေသည်။ သူသည် သိုလှောင်အိတ်ထဲကနေ နောက်ထပ်ဆေးလုံးတစ်လုံးကို ထုတ်ယူပြီး အဲ့ဒါကို မျိုချကာ သူ၏အသက်ရှုနှုန်းကို ထိန်းညှိလိုက်လေသည်။ သူက မြင့်မားသောအမြန်နှုန်းဖြင့် ဆက်လက်ပြေးလွှားနေမည်ဆိုလျှင် သူ၏ ဒဏ်ရာများကို ကုသဖို့အတွက် ခက်ခဲပြီး ဆေး၏ အကျိုးသက်ရောက်မှုကလည်း ရှိလာတော့မည် မဟုတ်ပေ။

သို့သော်လည်း မိနစ်သုံးဆယ်မကြာခင်မှာပင် ဝူလီသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

အဲ့ဒါက ပင်ကိုယ်ဗီဇလှုံ့ဆော်မှုတစ်ခုနှင့် တူလေသည်။

သူသည် ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက်ခံစားမိလာလေသည်။

သူ၏ ကျင့်ကြံမှုအဆင့်အရ ဤကဲ့သို့သော ခံစားချက်မျိုးက အကြောင်းအရင်းမရှိဘဲ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

ရုတ်တရက် ဝူလီက နောက်သို့ လှည့်ကြည့်လိုက်လေသည်။

မိုးကုပ်စက်ဝိုင်းအစွန်းတစ်နေရာတွင် ခပ်​ဖျော့ဖျော့အလင်းစက်တစ်ခုက သူရှိရာဘက်သို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ပြေးလာနေလေသည်။

ဟင်း...

သူက ပင့်သက်ကို ရှိုက်လိုက်လေသည်။

သူက အမဲလိုက်ခံနေရဆဲ ဖြစ်လေသည်။

ဝူလီသည် ဆက်လက်၍ အနားမယူရဲတော့ဘဲ သူ၏ဓမ္မစွမ်းအားများကို အလောတကြီး လှည့်ပတ်လိုက်လေသည်။ သူသည် သိုလှောင်အိတ်ထဲကနေ အရေးပေါ်အဆောင်တစ်ခုကို ထုတ်ယူပြီး ၎င်းကို ဆုတ်ဖြဲကာ သူ၏အမြန်နှုန်းက ဆပွားတိုးလာခဲ့လေသည်။

သို့သော်လည်း သူ၏အမြန်နှုန်းကို မည်သို့ပင်တင်ပါစေ သူက ဆူဇီမိုကို ယာယီအားဖြင့် နောက်ကောက်ချနိုင်ခဲ့လျှင်တောင် ထိုသူက သိပ်မကြာမီ သူ့ကို မျက်ခြေမပြတ် လိုက်လာနိုင်ဆဲ ဖြစ်လေသည်။ ဝူလီ၏ အမူအရာက ပျက်ယွင်းလာခဲ့လေသည်။

သူသည် တစ်စုံတစ်ရာကို အကွက်ချကြံစည်နေသည့်အလား သူ၏မျက်လုံးများက ဂနာမငြိမ်ဖြစ်နေလေသည်။

ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရပြီး သူ၏ဦးတည်ချက်ကို အနည်းငယ်ပြောင်းလဲကာ ရှေ့သို့ဆက်ပြေးသွားလေသည်။

ဆူဇီမိုက နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာခဲ့လေသည်။

ဝူလီက လမ်းကြောင်းပြောင်းလဲလိုက်သည်ကို သတိထားမိသောအခါ သူကအရေးလုပ်မနေပေ။

ဝူလီသည် ဆူဇီမို၏ ပစ်မှတ်ထားခြင်း ခံရပြီးနောက် ထွက်ပြေးလွတ်မြောက်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သူတို့နှစ်ယောက်စလုံးသည် မူလနတ္ထိအဆင့်မှာ ရှိနေကြလေသည်။

ဒါ့အပြင် ဆူဇီမိုသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံထားလေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်က အလွန်တရာ သိပ်သည်းကျစ်လစ်ပြီး ဝူလီကတော့ ဒဏ်ရာရရှိထား​လေသည်။ သူတို့က ဆက်လက်၍ ပြေးတမ်းလိုက်တမ်းကစားမည်ဆိုလျှင် ဝူလီကသေချာပေါက် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်စလုံးသည် သူတို့၏ ကိုယ်စီအတွေးများရှိကြပြီး မည်သူကမှအလျှော့မပေးကြပေ။

သူတို့နှစ်ယောက်စလုံးသည် လျှပ်စီးလိုအမြန်နှုန်းဖြင့် တစ်နေ့လုံးတစ်ညလုံး ပြေးလွှားခဲ့ကြလေသည်။

စုန်းမျိုးနွယ်မှ သခင်​လေးအနေဖြင့် ဝူလီက ထိုကဲ့သို့ အမှန်တကယ်ပင် လုပ်နိုင်သောအစွမ်းအစ ရှိလေသည်။

သူက ညဝိညာဥ်နှင့် ဆူဇီမို၏ သတ်ဖြတ်ကွက်နှစ်ကွက်ကနေ လွတ်မြောက်နိုင်ခဲ့သည့်အပြင် သူ၏ အမြန်နှုန်းကလည်း သူနှင့်အဆင့်တူများကြားမှာ အမြန်ဆုံးဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ လျှပ်စီးထွက်ပြေးခြင်းနည်းစနစ်နှင့် ဆန်းကြယ်တောင်ပံကို ပေါင်းစပ်ထားတာတောင် သူသည် ခပ်ဝေးဝေးကနေ မျက်​ချေမပြတ်သာ လိုက်နိုင်လေသည်။

တကယ်တော့ တစ်နေ့တစ်ည ကြာပြီးနောက် လူတစ်ယောက်၏ သက်လုံအားက မြောက်မြားစွာ ကုန်ခမ်းပေလိမ့်မည်။

ဝူလီ၏အမြန်နှုန်းက သိသိသာသာ လျော့ကျလာခဲ့လေသည်။

သူတို့နှစ်ယောက်ကြားအကွာအဝေးက နည်းနည်းပို၍ နီးကပ်လာခဲ့လေသည်။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် တဖြေးဖြေး မျက်မှောင်ကြုတ်လိုက်လေသည်။

ဝူလီရွေးချယ်သောလမ်းကြောင်းက... ဖြစ်နိုင်သည်မှာ.....

နောက်ထပ်ခဏအကြာ ဆက်လက်ပြေးလွှားပြီးနောက် ပတ်ဝန်းကျင်နယ်မြေဒေသနှင့် တောအုပ်များက သူ့အတွက် တစ်နည်းတစ်ဖုံ ရင်းနှီးလာသည်ဟု ထင်ရလေသည်။

ရှေ့တည့်တည့်တွင် စိမ်းစိုလန်းဆန်းသော တောအုပ်တစ်ခုရှိနေလေသည်။

ရှေးကျသောသစ်ပင်များက မြင့်မားစွာရပ်တည်နေပြီး စိမ်းစိုလန်းဆန်းနေလေသည်။ သူတို့၏ ကြီးမားသောအကိုင်းအခက်များက အတူတကွ ဆက်စပ်နေပြီး ကောင်းကင်တစ်ခွင် အုပ်မိုးထားလေသည်။ တောအုပ်၏ အနက်ပိုင်းထဲတွင် မဲမှောင်၍ မကောင်းဆိုးဝါးဆန်နေပြီး ခပ်ဖျော့ဖျော့သွေးရနံ့ကို ဖြာထုတ်ပေးနေလေသည်။

ဆူဇီမိုက ဤနေရာကိုအရင်က ရောက်ခဲ့ဖူးလေသည်။

လွန်ခဲ့သည့်နှစ်တစ်ရာကျော်က သွေးကျီးကန်းနန်းတော်သခင်၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် သူသည် ညဝိညာဥ်ကို သယ်ပိုးပြီး ဤနေရာသို့ ထွက်ပြေးလွတ်မြောက်လာခဲ့လေသည်။ တောအုပ်ကို ဖြတ်ကျော်ပြီးနောက် သူသည် နဂါးအရိုးတောင်ကြားဆီသို့ ဝင်ရောက်သွားခဲ့ဖူးလေသည်။

တောအုပ်၏ အစပ်သို့ ရောက်ရှိလာပြီး ဝူလီသည် ခဏမျှရပ်တန့်ကာ ဆူဇီမိုကို လှည့်ကြည့်၍ ​လှောင်ရယ်လိုက်လေသည်။ သူက သည်းထန်စွာ မောဟိုက်နေသော်လည်း ရန်စသလို တစ်ချက်ကြည့်ကာ တောအုပ်ထဲသို့ ဆက်လက်ပြေးဝင်သွားခဲ့လေသည်။

တည်​ငြိမ်နေသောအမူအရာဖြင့်ပင် ဆူဇီမိုက တောအုပ်ထဲသို့ လိုက်ပါဝင်ရောက်သွားလေသည်။

တောအုပ်ထဲမှာ ရှေးကျသော သက်ရှိများစွာက နေထိုင်ကြလေသည်။

ဆူဇီမိုသည် အခြေတည်အဆင့်မှာရှိခဲ့စဥ်က ဤနေရာမှာ သွားလာခြင်းသည် သူ့အတွက်အလွန်တရာအန္တရာယ်များခဲ့ပြီး သေဘေးနှင့် နီးကပ်ခဲ့လေသည်။

သို့သော် ယခုအခါမှာတော့ သူသည် မူလနတ္ထိအဆင့်သို့ရောက်ရှိနေပြီး ဒီတောအုပ်အတွင်းမှာ သူ့ကိုခြိမ်းခြောက်နိုင်သော သက်ရှိများစွာ ရှိမနေတော့ပေ။

ဝူလီ၏ ပုံရိပ်က ရှေ့သို့ ဆက်လက်ပြေးဝင်နေပြီး ခပ်ရေးရေးသာ မြင်ရလေသည်။

သူတို့နှစ်ယောက်သည် ရှေ့ဆင့်နောက်ဆင့် ပြေးလွှားလိုက်ပါလာဆဲ ဖြစ်လေသည်။

သိပ်မကြာမီ... ဝူလီသည် တောအုပ်ကိုဖြတ်ကျော်၍ အဆုံးမဲ့သော အရိုးပင်လယ်ဆီသို့ ပြေးဝင်သွားလေသည်။

သူသည် တောအုပ်ကို ဖြတ်ကျော်နိုင်သည်နှင့်အမျှ နဂါးမျိုးနွယ်၏ နယ်မြေဒေသသို့ ဝင်ရောက်သွားပေလိမ့်မည်။

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ကျင့်ကြံသူများ ရည်ညွန်းပြောဆိုသော တားမြစ်နယ်မြေကိုးခုဖြစ်လေသည်။

တားမြစ်နယ်မြေကိုးခုသည် မျိုးနွယ်စုကိုးစုမှ လူများအတွက် ရင်းနှီးဖော်ရွေမှုရှိသည်ဟု သတ်မှတ်နိုင်လေသည်။

သို့သော်လည်း ပြင်ပမျိုးနွယ်များ ဝင်ရောက်လာပါက သူတို့သည် ဤနေရာမှာ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။

အရိုးပင်လယ်ထဲမှာ မတ်တတ်ရပ်ရင်း ဝူလီသည် နောက်ဆုံးမှာတော့ ပြုံးရွှင်ကာ အပြည့်အဝ စိတ်လက်ပေါ့ပါးသွားခဲ့လေသည်။

All Chapters