မင်းမှာ အဲ့ဒီအခွင့်အရေးမရှိတော့ဘူး
Vol. 75 Ch. 1117
ဝူလီသည် သူ၏ဆုံးဖြတ်ချက်ကိုသူ ချီးကျူးမိလေသည်။
သူသည် မူလလမ်းကြောင်းအတိုင်းပြေးမည်ဆိုလျှင် သူက တစ္ဆေကျိန်စာသင်္ချိုင်းဆီသို့ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိခင်မှာပင် ဆူဇီမို၏ ဖမ်းဆီးခြင်းကို ခံရပြီး အသတ်ခံရပေလိမ့်မည်။
ကံကောင်းထောက်မစွာနှင့် သူသည် နောက်ဆုံးအခိုက်အတန့်မှာ သူ၏ဦးတည်ဘက်ကို ပြောင်းလဲပြီး ဤနေရာသို့ ရောက်ရှိလာခဲ့လေသည်။
နဂါးမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ နဂါးအရိုးတောင်ကြား....
အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေ ၉ ခုထဲမှ တစ်ခုဖြစ်လေသည်။
ဤနေရာသည် လူသားကျင့်ကြံသူများအတွက် တားမြစ်နယ်မြေတစ်ခုဖြစ်သော်လည်း သူ့အတွက်တော့ မဟုတ်ပေ။
ဝူလီက အရိုးပင်လယ်ထဲသို့ လှမ်းဝင်လိုက်သည့်ခဏမှာပင် အရိုးပင်လယ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး စတင်၍ ရုန်းကြွလာခဲ့လေသည်။ မရေမတွက်နိုင်သော အရိုးအပိုင်းအစများသည် ကြီးမား၍ ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်တစ်ကောင်အဖြစ်သို့ သိပ်သည်းစုဖွဲ့တော့မည့်အလား လေထဲမှာ ကခုန်လာခဲ့လေသည်။
ဝူလီက ညင်သာစွာ ပြုံး၍ သူ၏ ဒဏ်ရာမှ သွေးတစ်စက်ကို အသာအယာလှုပ်ခါချလိုက်လေသည်။ စိမ်းညိုရောင်သွေးသည် သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ ခပ်ဖျော့ဖျော့အလင်းအကာအရံအလွှာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
အရိုးပင်လယ်ထဲရှိ အပိုင်းအစများက ဝူလီ၏ မျိုးဆက်သွေးအော်ရာကို ခံစားမိသောအခါ သူတို့သည် ဘာမှမဖြစ်ပျက်ခဲ့သည့်အလား တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။
အနည်းဆုံးသော ကမ္ဘာဦးမျိုးနွယ်ကိုးစုသည် နဂါးအရိုးတောင်ကြား၏ အပြင်ပိုင်းနယ်မြေဆီသို့ ဝင်ရောက်နိုင်ကြလေသည်။
စုန်းမျိုးနွယ်မှ သခင်လေးအနေဖြင့် သူသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်ပါက နဂါးများ၏ နွေးထွေးစွာကြိုဆိုခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။
သူသည် နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်ခြင်းဖြင့် ခဲတစ်လုံးတည်းနှင့် ငှက်သုံးကောင်ကို ပစ်လိုက်နိုင်ခြင်းဖြစ်လေသည်။
ပထမတစ်ချက်အနေဖြင့် သူက အန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေသည်။
ဒုတိယအချက်အနေဖြင့် နဂါးအရိုးတောင်ကြားမှာ ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းရှိလေသည်။ စုန်းမျိုးနွယ်မှ သခင်လေးဟူသော သူ၏ဂုဏ်အဆင့်အတန်းအရ သူသည် ထိုနေရာသို့ ဝင်ရောက်ဖို့ အဆင့်မီလေသည်။
တတိယအချက်အနေဖြင့် သူသည် စုန်းမျိုးနွယ်ကို ကိုယ်စားပြုပြီး မြောက်ပိုင်းဒေသကို နှိမ်နင်းဖို့အတွက် နဂါးမျိုးနွယ်နှင့် ပူးပေါင်းဆွေးနွေးနိုင်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ကသောင်းကနင်း အခြေအနေများက ဖြစ်ပျက်လာနေပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအခွင့်အလမ်းက လျော့ကျလာနေလေသည်။ ယခုအချိန်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုအနေဖြင့် ပြန်လည်ပေါ်ထွက်လာဖို့ အကောင်းဆုံးအချိန်ဖြစ်လေသည်။
ဆူဇီမိုသည် တောအုပ်၏ အစပ်သို့ရောက်ရှိလာပြီး ရှေ့သို့အလောတကြီး ပြေးဝင်သွားခြင်း မရှိပေ။ သူက တောအုပ်၏ အရိပ်အောက်မှာ မတ်တတ်ရပ်၍ ထူးဆန်းသောအမူအရာဖြင့် အရာရာတိုင်းကို တိတ်တဆိတ်စောင့်ကြည့်နေလေသည်။
အရိုးပင်လယ်မှာမတ်တတ်ရပ်ရင်း ဝူလီသည် တောအုပ်ထဲမှရှိသည့် ဆူဇီမိုကို လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် အေးအေးဆေးဆေးလှည့်ကြည့်လိုက်လေသည်။
“အထီးကျန်သိုင်းသခင်.... မင်းက မောက်မာဝံ့ကြွားမနေတော့ဘူးလား”
ဝူလီက လှောင်ရယ်လိုက်လေသည်။
“ငါက အခုဒီမှာရပ်နေတယ်လေ... မင်းကဘာလို့ လိုက်ဝင်မလာတာလဲ...”
ဆူဇီမိုက တစ်လက်မမျှ လှုပ်ရှားခြင်းမရှိပေ။
အရိုးပင်လယ်က အနည်းငယ် ထူးဆန်းလေသည်။
ဟိုအရင်တုန်းက ညဝိညာဥ်ကြောင့်သာ မဟုတ်လျှင် သူသည် ထိုနေရာကို ဖြတ်ကျော်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ဝူလီသည် နဂါးအရိုးတောင်ကြားမှာ အမှန်တကယ်ပုန်းကွယ်နေချင်သည်ဆိုလျှင် သူ့အနေဖြင့် အန္တရာယ်ကို စွန့်စားပြီး အရိုးပင်လယ်ဆီသို့ ဝင်ရောက်စရာ မလိုအပ်ပေ။
သူ့မှာ ပို၍ရိုးရှင်းသော အဖြေတစ်ခု ရှိလေသည်။
“မင်းက... ဒီနေရာရဲ့စွမ်းအားကို သိတယ်ဆိုတော့... တော်တော်ပါးနပ်တဲ့ကောင်ပဲ...”
ဝူလီ၏ အမူအရာက သုန်မှုန်လာပြီး အငြိုးအတေးကြီးသော အကြည့်နှင့်အတူ အံကိုတင်းတင်းကြိတ်လိုက်လေသည်။
“ပုရွက်ဆိတ်... မင်းရဲ့မျိုးဆက်သွေးက နိမ့်ကျတဲ့အတွက် မင်းဘဝတစ်လျှောက်လုံး ဒီနေရာကိုဝင်ရောက်ဖို့ အဆင့်မီမှာမဟုတ်ဘူး...”
“စောင့်ကြည့်နေလိုက်....ငါလက်စားချေမှာကို မင်းစောင့်ကြည့်နေလိုက်... ငါက မြောက်ပိုင်းဒေသကို ပြန်လာပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှာကို စောင့်သာကြည့်နေလိုက်...ဟားဟားဟားဟား...”
ဝူလီ၏အပြုံးက မကောင်းဆိုးဝါးဆန်နေပြီး အေးစက်စက်သတ်ဖြတ်လိုစိတ်တစ်ခုဖြင့် ပြည့်နှက်နေလေသည်။
ဆူဇီမိုသည် လှုပ်ရှားမှုမရှိဘဲ အခြားသူများနားလည်နိုင်မည်မဟုတ်သော ထူးဆန်းသည့်အမူအရာဖြင့် ဝူလီကို တည်ငြိမ်စွာသာ ကြည့်နေလေသည်။
“မင်းမှာ... အဲ့ဒီအခွင့်အရေး မရှိတော့ဘူး”
နောက်ဆုံးမှာတော့ ဆူဇီမိုက မှင်သေသေဖြင့် ပြန်ပြောလိုက်လေသည်။
ဝူလီသည် လှောင်ရယ်၍ အရိုးပင်လယ်အနက်ပိုင်းထဲသို့ ထီမထင်မျက်နှာပေးဖြင့် လှည့်ဝင်သွားခဲ့လေသည်။
ဝူလီ၏ ပုံရိပ်ပျောက်ကွယ်သွားပြီးမှသာလျှင် ဆူဇီမိုက လှည့်ထွက်လာခဲ့လေသည်။
တောအုပ်ထဲသို့ လှည့်ထွက်လာပြီးနောက် ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ပိတ်ထားလိုက်လေသည်။ သူ၏ စိတ်ကိုရှင်းလင်းပြီး သူ၏ အမြုတေစိတ်ဝိညာဥ်သည် နဂါးအရိုးတောင်ကြားမှ သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် စတင်ဆက်သွယ်လိုက်လေသည်။
အမြုတေစိတ်ဝိညာဥ်နှစ်ခုစလုံးက ဆူဇီမိုပင်ဖြစ်လေသည်။
၎င်းသည် နှစ်ခုကွဲထွက်သွားသော်လည်း အမြုတေစိတ်ဝိညာဥ်နှစ်ခုက တစ်ခုနှင့်တစ်ခု အာရုံခံမိနိုင်ဆဲ ဖြစ်လေသည်။
သို့သော်လည်း တစ်ယောက်၏ ကျင့်ကြံမှုအပေါ်တစ်ယောက် သက်ရောက်မှုမရှိစေရန် လိုအပ်မှုမရှိဘဲ သူတို့က ဆက်သွယ်မှုကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
ယခုအချိန်တွင် ဝူလီက နဂါးအရိုးတောင်ကြားမှာ ပုန်းကွယ်တော့မည်ဖြစ်တာကြောင့် နဂါးမျိုးနွယ်မှ သူ၏ အစစ်အမှန်ခန္ဓာကိုယ်ကသာလျှင် တိုက်ခိုက်ဖို့အတွက် သင့်လျော်ပေတော့မည်။ တစ်ချိန်တည်းမှာပင် နဂါးမျိုးနွယ်က အစစ်အမှန်ခန္ဓာကိုယ်သည် သူ၏ လိုဏ်ဂူထဲမှာ တံခါးပိတ်ကျင့်ကြံနေလေသည်။
ရုတ်တရက်.... နက်မှောင်နေသော လိုဏ်ဂူထဲမှာ နတ်ဘုရားဆန်ဆန် အလင်းစက်နှစ်ခုက တောက်ပလာခဲ့လေသည်။
နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်သည် ဆက်သွယ်မှုတစ်ခုကို လက်ခံရရှိလိုက်ပြီး ကျင့်ကြံနေရာကနေ နိုးထလာကာ မတ်တတ်ထရပ်လိုက်လေသည်။
အစစ်အမှန်ခန္ဓာကိုယ်နှစ်ခုက ဆက်သွယ်မိသွားကြလေသည်။
နဂါးမျိုးနွယ် အစစ်အမှန်ခန္ဓာကိုယ်သည် အရေးတကြီးလိုအပ်သည့် ကိစ္စမရှိဘဲ သူ့ကိုဆက်သွယ်မည် မဟုတ်သည်ကို သိရှိထားလေသည်။
သိပ်မကြာမီ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်သည် မြောက်ပိုင်းဒေသရှိ စုန်းဂူကပ်ဘေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအားလုံးကို ပို့ဆောင်ပေးလိုက်လေသည်။
သွေးနီရောင်ဆံပင် ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲ လက်သွားပြီး သတ်ဖြတ်လိုစိတ်က ထကြွလာခဲ့လေသည်။
သူသည် ခဏမျှစဥ်းစားချင့်ချိန်ပြီးနောက် သူ၏သိုလှောင်အိတ်ထဲကနေ မျက်နှာဖုံးတစ်ခုကို ထုတ်ယူကာ တပ်ဆင်လိုက်လေသည်။
ထိုမျက်နှာဖုံးသည် ချစ်ချစ်တောက်လမျက်နှာဖုံးဟု ကျော်ကြားသော နဂါးမျိုးနွယ်မှ ရတနာတစ်ခုဖြစ်လေသည်။ ၎င်းက လူတစ်ယောက်၏ ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်ပေးနိုင်ရုံသာမက ကျင့်ကြံသူများ၏ ထောက်လှမ်းမှုကနေလည်း ကာကွယ်ပေးနိုင်လေသည်။
အဲ့ဒီနောက် ဆူဇီမိုက လိုဏ်ဂူထဲကနေ ထွက်ခွာလာခဲ့လေသည်။
“သခင်လေး... ခင်ဗျားကျင့်ကြံနေရာကနေ ထွက်လာပြီပေါ့...”
သူက သူ၏သားရဲတွင်းထဲကနေ ထွက်လာသည့်ခဏမှာပင် မီးပဒေသာနဂါးတစ်ကောင်က သူ့ကို ကြိုဆိုနှုတ်ဆက်လိုက်လေသည်။
ယခုအချိန်တွင် သွေးနီရောင်ဆံပင်ဆူဇီမိုက နဂါးမျိုးနွယ်မှာ မြင့်မားသောဂုဏ်အဆင့်အတန်းတစ်ခု ရှိလာခဲ့လေသည်။
အထူးသဖြင့် မီးပဒေသာနဂါးမျိုးရိုးမှာဖြစ်လေသည်။
ဆူဇီမို၏ အကြည့်သည် ရွေ့လျားသွားပြီး နဂါးအချို့သည် စိမ်းညိုရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ဆီသို့ လေထဲကနေ ပျံသန်းနေကြသည်ကို တွေ့လိုက်ရလေသည်။
“သခင်လေး... ခင်ဗျားက အချိန်မှန်ထွက်လာခဲ့တာပဲ”
မီးပဒေသာနဂါးတစ်ကောင်က ပြုံးလိုက်လေသည်။
“အခုပဲ... စုန်းမျိုးနွယ်က သခင်လေးဝူလီက... ကျုပ်တို့နဂါးမျိုးနွယ်ကို လာလည်တာ...သူက အပြင်ဘက်မှာ ဒဏ်ရာရရှိလာခဲ့ပြီး ကုသဖို့အတွက် ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းဆီကို ဝင်ရောက်တော့မယ်လို့ ကျုပ်ကြားမိတယ်...”
“အို.... ဟုတ်လား”
ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်ပြီး ထပ်မေးလိုက်လေသည်။
“သူ့ကိုဘယ်သူက လက်ခံတွေ့ဆုံမှာလဲ...”
“ဘယ်သူရှိရမလဲ...လုံစန်းပေါ့”
ထိုနာမည်ကို ပြောဆိုချိန်တွင် မီးပဒေသာနဂါးသည် သူ့မျက်လုံးထဲမှာ ကြည်ညိုလေးစားမှုအရိပ်အယောင်ကို ထုတ်ဖော်ပြသပြီး တီးတိုးပြောဆိုလိုက်လေသည်။
“လုံစန်းက... ကျုပ်တို့နဂါးမျိုးနွယ်ရဲ့ တစ်ဦးတည်းသော လက်သည်းလေးဖက်နဂါးပဲ... အမှားအယွင်းတစ်စုံတစ်ရာ မရှိဘူးဆိုရင် သူက ကျုပ်တို့နဂါးမျိုးနွယ်ရဲ့သခင်လေး သေချာပေါက်ဖြစ်လာပြီး မျိုးရိုးငါးခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်”
အပြာရောင်နဂါးမျိုးရိုး၏ သခင်လေးလုံစန်းသည် ကောင်းကင်ဘုံနဂါးအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်လည်း ဖြစ်လေသည်။
နဂါးမျိုးနွယ်၏ သခင်လေးဟူသော သူ၏ ဂုဏ်အဆင့်အတန်းအရ သူအနေဖြင့် စုန်းမျိုးနွယ်မှ သခင်လေးကို လက်ခံတွေ့ဆုံမည်မှာ သဘာဝကျလေသည်။
မည်သည့်စကားမှ မပြောဆိုတော့ဘဲ ဆူဇီမိုက လေထဲသို့ ရုတ်တရက်ပျံတက်လိုက်လေသည်။
ဝူလီက လုံစန်းနှင့်တွေ့ဆုံသွားမည်ဆိုလျှင် သူက တိုက်ခိုက်ဖို့အတွက် အခွင့်အရေးရရှိတော့မည်မဟုတ်ပေ။
သိပ်မကြာမီ ဆူဇီမိုသည် လေထဲသို့ ရောက်ရှိလာပြီး နဂါးအုပ်စုတစ်စုကို တားဆီးလိုက်လေသည်။
“အဲ့ဒါက... ညီအစ်ကိုကျူးပဲ...”
ဆူဇီမိုသည် ချစ်ချစ်တောက်လမျက်နှာဖုံးကို တပ်ဆင်ထားသော်လည်း နဂါးများအားလုံးက သူ့ကိုသိထားကြလေသည်။
ခေါင်းဆောင်ဖြစ်သူ အပြာရောင်နဂါးတစ်ကောင်က သူ၏လက်သီးနှစ်ဖက်ကို ယှက်ပြီး အပြုံးတစ်ခုဖြင့် နှုတ်ဆက်လိုက်လေသည်။
“အင်း...”
သွေးနီရောင်ဆံပင် ဆူဇီမိုက ခေါင်းညိတ်ပြပြီး သူ၏အကြည့်က ဝူလီဆီသို့ ရောက်ရှိသွား၏။ ရုတ်တရက်သူက ပြောလိုက်လေသည်။
“ကျုပ်ကအခုပဲ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်မှာပဲ စုန်မျိုးနွယ်က သခင်လေးရောက်လာတယ်လို့ ကြားလိုက်ရတယ်... ကျုပ်က သဘောတွေ့သွားတဲ့အတွက် ခင်ဗျားကိုတွေ့ဖို့ ရောက်လာခဲ့တာပဲ...”
နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်က အလောတကြီး မိတ်ဆက်ပေးလိုက်လေသည်။
“ဒါကတော့ မီးပဒေသာနဂါးမျိုးရိုးရဲ့ သခင်လေးလုံကျူးပဲ...”
“ဟားဟား....”
ဝူလီကရယ်မောလိုက်လေသည်။
“ဒါပေါ့ ဒါပေါ့....”
သူက တကယ်ပင် ရွှင်ပျနေလေသည်။
မမျှော်လင့်ထားစွာပင် သူသည် နဂါးမျိုးနွယ်သို့ ရောက်ရှိလာပြီးနောက် အတော်လေး နာမည်ကြီးသွားပုံရလေသည်။
မီးပဒေသာနဂါးမျိုးရိုးမှ သခင်လေးပင်လျှင် ဦးစွာစတင်၍ သူ့ကို ကိုယ်တိုင်လာရောက် နှုတ်ဆက်လာခဲ့လေသည်။
ချက်ချင်းပင် ဝူလီ၏မျက်နှာက ဝင်းလက်သွားခဲ့လေသည်။
အခြားသောနဂါးများက အိုးတိုးအမ်းတမ်းအမူအရာများ ရှိနေကြလေသည်။
ဆူဇီမိုသည် နဂါးမျိုးနွယ်သို့ ဝင်ရောက်လာသည်မှာ ဆယ်နှစ်မျှသာရှိသေးသော်လည်း နဂါးအများစုက သူ၏ စိတ်နေစရိုက်ကို အကြမ်းဖျင်းအားဖြင့် နားလည်ထားကြလေသည်။
လုံကျူးက ဂုဏ်ယူဝံ့ကြွားသော အမူအရာရှိပြီး ဤကဲ့သို့သော အပြုအမူမျိုးကို ပြုမူခဲလေသည်။
“ညီကိုဝူ... ကျုပ်တို့က ပထမဆုံးအကြိမ်တွေ့ဆုံတာဆိုပေမယ့်လို့.. ကျုပ်က ခင်ဗျားကို မိတ်ဆွေဟောင်းတစ်ယောက်လို ခံစားနေရတယ်...”
ဆူဇီမိုက ပြုံးပြလိုက်လေသည်။
“စကားလေးဘာလေးပြောဖို့အတွက် ခင်ဗျားက ကျုပ်နေတဲ့ဆီကို ခဏတဖြုတ်အလည်လိုက်ခဲ့လို့ မရဘူးလား... ညီကိုဝူ... ကျုပ်မှာ ခင်ဗျားကို ဧည့်ခံဖို့အတွက် သောက်စရာကောင်းတချို့ရှိတယ်”
“ဒါက....”
နဂါးများက ကြောင်အ,မှင်တက်သွားလေသည်။ သူတို့သည် ဝူလီကို လုံစန်းနှင့် တွေ့ဆုံပေးဖို့အတွက် အပြာရောင်နဂါးမျိုးရိုးဆီသို့ ခေါ်ဆောင်သွားရန် ရောက်လာကြခြင်းဖြစ်လေသည်။
မမျှော်လင့်ထားစွာပင် ဆူဇီမိုက သူတို့၏ လမ်းမှာ ပေါ်ထွက်လာခဲ့လေသည်။
မီးပဒေသာနဂါးမျိုးရိုးမှ သခင်လေးဖြစ်နေသည့်အတွက် သူတို့အနေဖြင့် သူ့စကားကို ငြင်းပယ်ဖို့က အနည်းငယ်အခက်တွေ့ရလေသည်။
နဂါးများအားလုံးက ဝူလီကို အလိုလိုလှည့်ကြည့်လိုက်ကြလေသည်။