အဆုံးသတ်ပေးခြင်း
Vol. 75 Ch. 1118
ဝူလီကကြောင်အ,မှင်တက်သွားခဲ့လေသည်။
သူသည် တစ်စုံတစ်ရာလွဲမှားနေသည်ဟု အလိုလိုခံစားမိလာလေသည်။
သူသည် မီးပဒေသာနဂါးမျိုးရိုးမှ သခင်လေးနှင့် သိကျွမ်းဖို့နေနေသာ သူတို့သည် အရင်က တစ်ခါမှပင် မတွေ့မြင်ဖူးခဲ့ပေ။ ဒီငနဲက ဟန်ပိုစွာဖြင့် စိတ်အားထက်သန်နေသည်ဟု ထင်ရလေသည်။
သို့သော်လည်း ဘာလွဲမှားနေသည်ကို သူက ဖော်ထုတ်ပြသနိုင်ခြင်း မရှိပေ။
ဝူလီသည် ထိုအကြောင်းနှင့် ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေတော့ပေ။
ကမ္ဘာဦးမျိုးနွယ် ၉ စုသည် စည်းလုံးမှုမရှိသော်လည်း သူတို့ကြားမှာ နက်ရှိုင်းသည့် ရန်ငြိုးရန်စများ မရှိကြပေ။
စုန်းမျိုးနွယ်မှ သခင်လေးတစ်ယောက်အနေဖြင့် သူ့ကို နဂါးအရိုးတောင်ကြားမှာ အရေးကြီးသောဧည့်သည်တော်တစ်ယောက်အဖြစ် လက်မခံဘူးဆိုလျှင်တောင် သူက အန္တရာယ်တစ်စုံတစ်ရာ မရှိနိုင်ပေ။
ဒါ့အပြင် သူ့ရှေ့မှလူသည် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဖြစ်ပြီး သူတို့၏ အဆင့်အတန်းက မတိမ်းမယိမ်းမှာ ရှိနေကြလေသည်။
ဤပုဂ္ဂိုလ်နှင့် မိတ်ဆွေဖြစ်ရခြင်းက သူ၏အဆင့်အတန်းကို နိမ့်ပါးစေလိမ့်မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ဝူလီက ရယ်မောလိုက်လေသည်။
“ဟုတ်တာပေါ့... တာအိုရောင်းရင်းလုံကျူးက ဒီလောက်ကြင်ကြင်နာနာနဲ့ ဖိတ်ခေါ်နေမှတော့ ကျုပ်ကလည်း လက်ခံရတော့မှာပေါ့...”
ဆူဇီမိုသည် ခေါင်းညိတ်၍ ဖိတ်ခေါ်ကြိုဆိုသည့် လက်ဟန်အမူအရာလုပ်ပြကာ ဝူလီနှင့်အတူ သူ၏သားရဲတွင်းဆီသို့ လျှောက်လှမ်းလိုက်လေသည်။
အစက ဝူလီကို လာကြိုကြသော နဂါးများသည် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။
သူတို့အားလုံးသည် နဂါးများဖြစ်ကြပြီး သူတို့ထဲတွင် ဓမ္မဝိသေသအဆင့် နဂါးများပင် ပါရှိသော်လည်း သူတို့၏ အဆင့်အတန်းသည် ဆူဇီမို၏ အဆင့်အတန်းကို မယှဥ်နိုင်ပေ။ ဆူဇီမိုက ဝူလီကို ခေါ်ဆောင်သွားသည်ကို သူတို့က စောင့်ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
ဆူဇီမိုက ဝူလီကို ဖိတ်ခေါ်လာခဲ့သည်ဆိုသောသတင်းသည် မီးပဒေသာနဂါးများစွာဆီသို့ ရောက်ရှိသွားပြီး သူတို့က စူးစမ်းလိုစိတ်ဖြင့် အနီးနားမှာ စုဝေးလာကြလေသည်။
“သခင်လေးဆိုတဲ့အတိုင်းပါပဲလား.... သူက စုန်းမျိုးနွယ်က သခင်လေးကိုတောင် ဖိတ်ခေါ်လာနိုင်ခဲ့တာပဲ...”
“အမှန်ပဲ.... ကြည့်ရတာတော့ သူတို့နှစ်ယောက်က ပတ်သက်ဆက်နွယ်မှုတချို့ရှိတဲ့ပုံပဲ...”
နဂါးများက ဆွေးနွေးလိုက်ကြလေသည်။
သူ၏ ဘေးနားပတ်လည်မှ ဆွေးနွေးသံများကို နားထောင်ရင်း ဝူလီက ဘေးဘက်သို့ တစ်ချက်ကြည့်ကာ ရယ်မောလိုက်လေသည်။
“တာအိုရောင်းရင်းလုံကျူး... ကျုပ်တို့က ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုပေမယ့်လို့ ကျုပ်တို့က တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့တာကြာနေပြီလို့.. ကျုပ်စိတ်ထဲမှာ ထင်မိနေတယ်”
“ခင်ဗျားထင်တာ မမှားပါဘူး...”
ဆူဇီမိုက ရပ်တန့်ခြင်းမရှိဘဲ သာမန်ကာလျှံကာပုံစံဖြင့် ပြန်ပြောလိုက်လေသည်။
“ဟမ်....”
ဝူလီက ကြောင်အ,မှင်တက်သွားခဲ့လေသည်။ ခဏမျှကြာသည်အထိ ဆူဇီမို၏ စကားနောက်ကွယ်က အဓိပ္ပါယ်ကို သူနားမလည်နိုင်ပေ။
“တာအိုရောင်းရင်း...ခင်ဗျားက ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ... ကျုပ်တို့အရင်က တွေ့ဖူးလို့လား...”
ဝူလီသည် မှတ်ဉာဏ်များကို ပြန်လည်တူးဆွနေရင်း လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“ကျုပ်က.. ဒီတစ်ခေါက် တစ္ဆေကျိန်စာသင်္ချိုင်းကနေ ထွက်လာခဲ့တာ ပထမဆုံးအကြိမ်ပဲ... ကျုပ်ရဲ့မှတ်ဉာဏ်ထဲမှာတော့ ကျုပ်က ခင်ဗျားနဲ့တွေ့ဖူးခဲ့တယ်လို့ မထင်မိပါဘူး”
ဆူဇီမိုက သူ၏ခြေလှမ်းကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်လေသည်။ မျက်နှာဖုံးအောက်ရှိ သူ၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးညွတ်သွားပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်လေသည်။
“တကယ်တော့... ကျုပ်တို့အရင်က တွေ့ဖူးပါတယ်”
“ဘယ်တုန်းကလဲ...”
ဝူလီက အလိုလိုပြန်မေးလိုက်လေသည်။
“စောစောလေးကတင်လေ....”
ဆူဇီမိုသည် ဝူလီက ဒီလောက်တောင်မေ့လွယ်ရကောင်းလားဆိုသည့်ပုံစံဖြင့် ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
ထိုသက်ပြင်းချသံသည် ဝူလီ၏နားထဲသို့ ဝင်ရောက်လာသောအခါ သူသည် ရုတ်တရက် ကြက်သီးမွေးညင်းများထ၍ ခေါင်းမွေးများ ထောင်ထလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် သူ၏စိတ်က ဝရုန်းသုန်းကားဖြစ်လာခဲ့လေသည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိ ဆူဇီမို၏ မျက်နှာပေါ်ရှိ သွေးနီရောင်မျက်နှာဖုံးကို မြင်သောအခါ သူကစိုးတထိတ်ထိတ်ခံစားလာရလေသည်။
သူတို့က အခုလေးတင်တွေ့ဆုံခဲ့သည်တဲ့လား...
အဲ့ဒါက ဘာအဓိပ္ပါယ်လဲ...
ဆူဇီမို၏ပုံရိပ်က ဝူလီ၏အတွေးထဲမှာ ဖျပ်ခနဲပေါ်ထွက််လာခဲ့လေသည်။
သို့သော်လည်း သူက ထိုအတွေးကို လျင်မြန်စွာပယ်ချလိုက်လေသည်။
အဲ့ဒါကမဖြစ်နိုင်ပေ။
ဆူဇီမိုသည် အရိုးပင်လယ်၏ အပြင်ဘက်မှာကျန်နေခဲ့ပြီး လူသားတစ်ယောက်အနေဖြင့် သူက ဤနေရာသို့ ဝင်ရောက်နိုင်စရာအကြောင်းမရှိပေ။
ဒါဆို မီးပဒေသာနဂါးမျိုးရိုးမှ ဤသခင်လေးပြောသည့် အဓိပ္ပါယ်က ဘာပါလိမ့်...။
“တာအိုရောင်းရင်း...ခင်ဗျားရဲ့မျက်နှာဖုံးကို ချွတ်ပြပါလား....”
ဝူလီသည် မျက်မှောင်အနည်းငယ်ကြုတ်၍ စိမ်းသက်သောအမူအရာဖြင့် ဆူဇီမိုကို စိုက်ကြည့်လိုက်လေသည်။
“ခင်ဗျားက ကျုပ်ကို ဖိတ်ခေါ်တယ်ဆိုမှတော့ ခင်ဗျားက ကျုပ်အပေါ်မှာ ရိုးသားမှုရှိရမှာပေါ့... အဲ့လိုမျိုးသိုဝှက်ထားစရာ မလိုပါဘူး”
သာမန်အခြေအနေမှာဆိုလျှင် နဂါးမျိုးနွယ်သို့ လာရောက်သောဧည့်သည်တစ်ယောက်အနေဖြင့် သူသည် နဂါးတစ်ကောင်မျက်နှာဖုံးတပ်ထားသည်ကိုမြင်လျှင်တောင် ထိုသူ၏ မျက်နှာဖုံးကို ချွတ်ပြခိုင်းခွင့်မရှိပေ။
အဲ့ဒါက အရမ်းကို ရိုင်းပျရာ ကျလေသည်။
ဒါ့အပြင် ဤသူက မီးပဒေသာနဂါးမျိုးရိုးမှ သခင်လေးဖြစ်နေလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူလီ၏စိတ်က ရှုပ်ထွေးနောက်ကျိနေလေသည်။ သူသည် တစ်ဘက်လူ၏ အကြည့်မှ လှောင်ပြောင်သရော်လိုမှု၊ သနားမှုနှင့် ဝမ်းနည်းမှုတစ်စွန်းတစ်စကို ခံစားမိနိုင်လေသည်။
အဲ့ဒါက သေချာပေါက် ပုံမှန်အခြေအနေ မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် မီးပဒေသာနဂါးများစွာက ဤနေရာမှာ စုဝေးလာကြလေသည်။ သူတို့နှစ်ယောက်၏ တစ်မူထူးခြားသော အမူအရာများကို သူတို့မြင်သောအခါ သူတို့ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြလေသည်။
ဆူဇီမိုသည် သူ၏လက်ကိုမြှောက်ပြီး သူ၏မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ခွာချကာ ကြော့ရှင်းချောမောသော မျက်နှာတစ်ခုကို ထုတ်ပြလာခဲ့လေသည်။ သူက ဝူလီကို ပြုံးပြလိုက်လေသည်။
“မင်းမှာ အဲ့ဒီ အခွင့်အရေးမရှိတော့ဘူး...”
ထိုစကားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်နှင့် ဝူလီတို့ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဥ်က ပြောခဲ့သောစကားဖြစ်လေသည်။
ယခုထိုစကားသည် အစစ်အမှန်နဂါးခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာခဲ့လေသည်။
အဲ့ဒါက သေမိန့်တစ်ခုနှင့် တူနေလေသည်။
ဝူလီသည် သူ့ရှေ့မှ ရင်းနှီးကျွမ်းဝင်ပြီးသားမျက်နှာကို မြင်လိုက်ရသောအခါ သူ၏သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားခဲ့လေသည်။ သူသည် ခေါင်းနပန်းကြီးလာပြီး သူ၏ဝိညာဥ်က သူ၏ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်သွားလုနီးပါး ဖြစ်သွားခဲ့လေသည်။
သူ့ရှေ့မှ ဤလူသည် တာအိုသက်ရှိ အထီးကျန်သိုင်းသခင်နှင့် ဆံပင်အရောင်ကွဲလွဲနေသည်မှလွဲ၍ သူတို့နှစ်ယောက်သည် တူညီသောသွင်ပြင်နှင့် တူညီသောမျက်နှာပေါက်များ ရှိကြလေသည်။
အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ....
အထီးကျန်သိုင်းသခင်က နဂါးမျိုးနွယ်မှာ ဘာ့ကြောင့်ပေါ်ထွက်လာရတာလဲ...။
အထီးကျန်သိုင်းသခင်က နဂါးအရိုးတောင်ကြားသို့ ဝင်ရောက်ဖို့အဆင့်မီသည်ဆိုလျှင်တောင် သူက ဘာ့ကြောင့်သူ့ထက်အရင်စောပြီး ရောက်နေရတာလဲ...။
ဝူလီသည် တစ်ခဏတာအတွင်း ရှုပ်ထွေးနက်နဲသော ထိုကိစ္စကို စဥ်းစားတွေးတောနိုင်ခြင်း မရှိပေ။
မရေမတွက်နိုင်သောအတွေးများက သူ၏နားထဲမှာ စုဝေးလာပြီး နောက်ဆုံးမှာတော့ အသံတစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။
ထွက်ပြေး....
အထီးကျန်သိုင်းသခင်က နဂါးမျိုးနွယ်သို့ ဘယ်လိုပင်ရောက်ရှိလာပါစေ... သူက မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေးဘယ်လိုပင်ဖြစ်လာပါစေ... ဝူလီသိထားသည်မှာ အချက်တစ်ချက်သာလျှင် ရှိလေသည်။ သူ့ရှေ့မှ ဤလူက သူ့ကိုသတ်ဖြတ်ချင်နေလေသည်။
သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေကြလေသည်။
သူ့အနေဖြင့် တိုက်ရိုက်လှည့်ထွက်ပြေးဖို့က ခက်ခဲလေသည်။
အဲ့ဒါကြောင့် ဝူလီသည် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အလိုလိုအသက်သွင်းပြီး ဆူဇီမိုကို တတ်နိုင်သမျှ နှောင့်နှေးကြန့်ကြာစေချင်လေသည်။
“စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ....”
ဝူလီက စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာကို အသက်သွင်းလိုက်လေသည်။
စုန်းမျိုးနွယ်၏ ထူးဆန်းသော ဤလျှို့ဝှက်အတတ်က သူတို့နှစ်ယောက်ကြားအကွာအဝေးကို လျစ်လျူရှုပြီး ဆူဇီမို၏ အသိစိတ်ထဲသို့ တိုက်ရိုက်ဆင်းသက်နိုင်လေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ပြီးနောက် ဝူလီက လှည့်ထွက်ပြေးလိုက်လေသည်။
သူ၏ ပြုမူလှုပ်ရှားမှုနှစ်ခုသည် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တစ်ပြိုင်နက်တည်းနီးပါး ပေါ်ထွက်လာခဲ့လေသည်။
သို့သော်လည်း သူ့လှည့်ထွက်လိုက်သည့်ခဏမှာပင် ဆူဇီမို၏ မျက်လုံးထဲမှ လှောင်ပြောင်သရော်လိုသည့် အကြည့်ကို တွေ့မြင်လိုက်ရလေသည်။
ဝူလီက ရင်ထဲမှာ ချက်ချင်းဆို့နင့်သွားခဲ့လေသည်။
သူသည် အမှားကြီးကြီးတစ်ခု ပြုလုပ်လိုက်မိပြီဖြစ်ကြောင်း ရုတ်တရက် နားလည်သွားခဲ့လေသည်။
သူက မတိုက်ခိုက်ခဲ့သင့်ပေ....
ဤနေရာက နဂါးအရိုးတောင်ကြားဖြစ်လေသည်။ သူ၏ အဆင့်အတန်းအရ သူက မတိုက်ခိုက်သည်နှင့်အမျှ အထီးကျန်သိုင်းသခင်သည် မီးပဒေသာနဂါးသခင်လေးဖြစ်နေလျှင်တောင် ထိုသူက သူ့ကို သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက်ကောင်းရှိလိမ့်မည် မဟုတ်ပေ။
သူက သူ့ကိုသတ်ဖြတ်ဖို့ကြိုးစားမည်ဆို အဲ့ဒါက နဂါးမျိုးနွယ်နှင့် စုန်းမျိုးနွယ်ကြား စစ်ပွဲတစ်ခုစတင်လိုက်ခြင်းနှင့် တူညီလေသည်။
သို့သော်လည်း ယခုသူက နဂါးအရိုးတောင်ကြားသို့ ရောက်ရှိလာပြီး မီးပဒေသာနဂါးမျိုးရိုးမှ သခင်လေးအပေါ် သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်သောကြောင့် အဲ့ဒါသည် သူက တစ်ဘက်လူကို တိုက်ခိုက်ဖို့ အကြောင်းပြချက်ပေးလိုက်သည်နှင့် တူညီလေသည်။
တကယ်တော့ ထိုဆုံးဖြတ်ချက်အတွက် ဝူလီကို အပြစ်တင်လို့ မရပေ။
အစကတော့ သူသည် အန္တရာယ်ကနေ လုံးဝလွတ်မြောက်လာနိုင်ခဲ့ပြီဟု တွေးထင်ခဲ့လေသည်။
သို့သော်လည်း ဤကြောက်စရာကောင်းသော ပြန်ဝင်စားမွန်းစတားက သူ့ကို ဤနေရာအထိ အမဲဆက်လိုက်လာလိမ့်မည်ဟု သူက ထင်မှတ်ထားစရာ အကြောင်းမရှိပေ။
သူတို့နှစ်ယောက်က စောစောကတင် ရင်းနှီးဖော်ရွေစွာဖြင့် စကားပြောဆိုနေခဲ့ကြလေသည်။
ဤကဲ့သို့ ကြက်သီးတဖြန်းဖြန်းထရ၍ ကျောချမ်းဖွယ်ရာအခြေအနေတစ်ခုနှင့် ကြုံတွေ့ရသူ မည်သူမဆို စိတ်ထဲမှာ ယောက်ယက်ခက်သွားပေလိမ့်မည်။
ယခုအချိန်တွင် ဝူလီထံမှာ အတွေးတစ်ခုသာလျှင် ရှိတော့လေသည်။
သူက စကားပြောဆိုရပေမည်....။
ဆူဇီမိုသည် သူ့ကိုချက်ချင်းမသတ်ဖြတ်နိုင်သည်နှင့်အမျှ သူက စကားပြောဆိုနိုင်သည်နှင့်အမျှ သူသည်နဂါးများအားလုံးကို အဖြစ်မှန်အတိုင်းပြောပြရပေလိမ့်မည်။
သူ၏ ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှာပင် ဆူဇီမိုက သူ၏အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို အသက်သွင်းလိုက်လေသည်။
သွေးနီရောင်နဂါးကြေးခွံတစ်ခုက သူ၏အသိစိတ်ထဲမှာ ပေါ်ထွက်လာခဲ့လေသည်။
အဲ့ဒါက သာမန်နဂါးကြေးခွံမဟုတ်ပေ။
အဲ့ဒါက နဂါးတစ်ကောင်၏ တစ်မူအထူးခြားဆုံးနှင့် တစ်ခုတည်းသော ဘက်ပြန်ကြေးခွံဖြစ်လေသည်။
နဂါးကြေးခွံသည် စိတ်ဝိညာဥ်သတ်ဖြတ်ခြင်းကျိန်စာ၏ မုန်တိုင်းနှင့် ညင်သာစွာ ထိတွေ့ရိုက်ခတ်သွားလေသည်။
အရာရာတိုင်းက တိတ်တဆိတ်ဖြစ်ပျက်ခဲ့လေသည်။
မုန်ုတိုင်းက ပျက်ပြယ်သွားလေသည်။
ဝူလီက တစ်စုံတစ်ရာမပြောနိုင်ခင်မှာပင် သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏ မျက်လုံးနှစ်ဖက်က ပြုးကျယ်သွားပြီး သူ့မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်းမှိန်ကျသွားလေသည်။
သူ၏ အသိစိတ်ထဲတွင် သူ၏ စိမ်းညိုရောင်အမြုတေစိတ်ဝိညာဥ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာပြီး ပြိုကွဲသွားခဲ့လေပြီ။
နဂါးတစ်ကောင်၏ ဘက်ပြန် နဂါးကြေးခွံကို ထိမိသူ.. မည်သူမဆို သေရပေလိမ့်မည်။
ဘုန်း...
ဝူလီသည် တောင့်တင်းစွာဖြင့် လဲပြိုကျသွားးပြီး သူ၏အသက်ဓာတ်က ပျက်ပြယ်ကာ အလောင်းကောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
စုန်းမျိုးနွယ်မှ သခင်လေးသည် နဂါးအရိုးတောင်ကြားမှာ သေဆုံးသွားခဲ့ရလေပြီ။