စိတ်နှလုံးတည်ငြိမ် မန္တန်
Vol. 75 Ch. 1122
နဂါးသင်္ချိုင်းတောင်ကြား အပြင်ဘက်တွင်..
ဆူဇီမိုသည် သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်ထံမှ သတင်းအချက်အလက်များကို လက်ခံရရှိပြီးမှာသာ.. စိတ်သက်သာရာရပြီး ထွက်ခွာလာခဲ့လေသည်။
ဝူလီသည် နဂါးအရိုးတောင်ကြားမှာ သေဆုံးသွားခဲ့လေသည်။ စုန်းမျိုးနွယ်က လက်စားချေချင်သည်ဆိုလျှင် သူတို့က ဆန်းကြယ်တောင်ထွတ်ကို မဟုတ်ဘဲ နဂါးမျိုးနွယ်ဆီသို့ သွားရောက်ရပေလိမ့်မည်။
သို့သော်လည်း သူ၏ အစစ်အမှန် နဂါးခန္ဓာကိုယ်သည် မီးပဒေသာနဂါးမျိုးရိုး၏ သခင်လေး ဖြစ်နေခဲ့လေပြီ။ နဂါးမျိုးနွယ်၏ မာန်မာနကြီးသော သဘာဝအရ.. စုန်းမျိုးနွယ်သည် ဖြေရှင်းချက်တစ်ခု တောင်းဖို့အတွက် လွယ်ကူလိမ့်မည် မဟုတ်ပေ။
စုန်မျိုးနွယ်၏ အရေးကိစ္စက ယာယီအားဖြင့် ဖြေရှင်းပြီးသား ဖြစ်သွားပြီဟု သတ်မှတ်နိုင်လေသည်။
သို့သော်လည်း စုန်းဂူပြဿနာက ကျန်ရှိနေသေးလေသည်။
မြောက်ပိုင်းဒေသတွင် ဤကပ်ဘေး ဖြစ်ပေါ်လာရသည့် အဓိကအကြောင်းရင်းမှာ စုန်းမျိုးနွယ်ကြောင့် မဟုတ်ဘဲ ဂူပိုးကောင်များ၏ လှုပ်ရှားမှုကြောင့် ဖြစ်လေသည်။
မိစ္ဆာဒိဋ္ဌိဝါဒီ ဂူဂိုဏ်းသည် ဂူပိုးကောင်ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်လေသည်။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက်.. ဆူဇီမိုက တစ်ဖန်လှုပ်ရှားလိုက်လေသည်။
နန်းတော်ထဲတွင်..
ရှောင်းနင်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လုံးဝ အနားမယူခဲ့ဘဲ ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးကို အဆက်မပြတ် သန့်စင်နေခဲ့လေသည်။ သူသည် မြောက်ပိုင်းဒေသရှိ မော်တယ်များစွာကို တတ်နိုင်သမျှများများ ကယ်တင်ဖို့အတွက် ဆေးလုံးများကို ဖော်စပ်ပြီး မဟာကျိုးမှ ကျင့်ကြံသူများကို စေလွှတ်ရလေသည်။
သူမ၏ မျက်နှာက သွေးရောင်မရှိတော့ဘဲ ဖြူဖပ်ဖြူလျော် ဖြစ်လာခဲ့လေပြီ။
ရတနာ ၇ ပါး သွေးအသွင်ပြောင်းဆေးလုံးက အဆင့် ၅ ဆေးလုံး ဖြစ်လေသည်။
ဆေးလုံးများကို အချိန်ကြာမြင့်စွာ ဖော်စပ်ခြင်းက နတ်ဆေးဆရာတစ်ယောက်၏ စိတ်စွမ်းအားနှင့် ရုပ်စွမ်းအင်ကို များစွာကုန်ခမ်းစေလေသည်။
ရှောင်းနင်၏ ခန္ဓာကိုယ်က ယိမ်းထိုးနေခဲ့လေပြီ။
“ခဏတဖြုတ် အနားယူလိုက်ပါဦး.. မင်းကိုယ်မင်း ခြေကုန်လက်ပန်းကျမသွားစေနဲ့”
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. ကျိယောင်ရွှယ်က ရှောင်းနင်၏ဘေးမှာ တစ်ချိန်လုံး ရှိနေခဲ့လေသည်။
ရှောင်းနင်က အခြေအနေမဟန်သည်ကို သူမ မြင်သောအခါ သူမက စိုးရိမ်ပူပန်စွာဖြင့် ဖျောင်းဖျရလေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း.. သူမသည် ရှောင်းနင်ကို ကြိမ်ဖန်များစွာ ဖျောင်းဖျခဲ့သော်လည်း ထိုသူက ငြင်းဆန်ခဲ့လေသည်။
“အစ်မ ယောင်ရွှယ်.. ကျွန်မ အဆင်ပြေပါတယ်”
ရှောင်းနင်က သေးငယ်၍ လက်ရာမြောက်သော ဆေးမီးဖိုကို ဆုပ်ကိုင်ထားပြီး သူမ၏ လက်ဖဝါးမှတစ်ဆင့် နွေးထွေးမှုစီးကြောင်းတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့လေသည်။
သူမသည် စိတ်အားတက်ကြွလာပြီး သူမ၏ ခန္ဓာကိုယ်ထဲရှိ ပင်ပန်းနွမ်းလျမှုက သိသိသာသာ ပြေပျောက်သွားခဲ့လေသည်။
သူမသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း တောင့်ခံနိုင်ခဲ့ခြင်းမှာ ဤဆေးမီးဖိုကို ကျေးဇူးတင်ရပေမည်။
မဟုတ်ပါက.. သူမသည် ပြိုလဲကျသွားသည်မှာ ကြာနေလောက်လေပြီ။
အဲဒါထက်.. ဤနှစ်များအတွင်း သူမသည် မူလနတ္ထိအဆင့်သို့ရောက်အောင် ကျင့်ကြံပြီး ဆေးဖော်စပ်ခြင်းတာအိုတွင် ဤကဲ့သို့သော အောင်မြင်မှုများကို ရရှိနိုင်ခဲ့သည်မှာလည်း ဤဆေးဖိုကိုပင် ကျေးဇူးတင်ရပေမည်။
ရှောင်းနင်သည် အမှန်တကယ်ပင် အနားမယူရဲသလို.. အနားမယူရက်တာလည်း ဖြစ်လေသည်။
လမ်းတစ်လျှောက်တွင် စုန်းဂူကပ်ဘေးကြောင့် အတိဒုက္ခရောက်နေသော လူပေါင်းများစွာကို သူမကိုယ်တိုင် မြင်တွေ့ခဲ့ရလေသည်။
သက်ရှိများ အားလုံးက နာရီတိုင်း မိနစ်တိုင်း သေကြေပျက်စီးနေရသည်ဟု ပြောလျှင် ချဲ့ကားရာကျမည် မဟုတ်ပေ။
နေရာတိုင်းက ငရဲဂိတ်တံခါးတစ်ခုနှင့် တူနေလေသည်။
ကျင့်ကြံထားခြင်း မရှိသော မော်တယ်များသည် ဂူပိုးကောင်များနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ ကူကယ်ရာမဲ့နေပြီး ၎င်းတို့၏ ဝါးမျိုခြင်းကို ခံရ၍ တဖြည်းဖြည်း သေဆုံးကုန်ကြလေသည်။
သို့သော်လည်း ဂူပိုးကောင်များသည် မော်တယ်များ၏ အသက်ဓာတ်အဆီအနှစ်ကို ဝါးမျိုပြီးနောက် သေသွားလိမ့်မည် မဟုတ်ဘဲ သူတို့က အသိစိတ်ပင် ရရှိလာပေလိမ့်မည်။
ဤဂူပိုးကောင်များသည် အသက်ဓာတ်အော်ရာကို အလိုလိုရရှိလာပြီး အခြားသော မော်တယ်များကို ဆက်လက်၍ ဒုက္ခပေးမည် ဖြစ်လေသည်။
၎င်းတို့က အသက်ဓာတ်အဆီအနှစ်ကို ပို၍ဝါးမျိုလေလေ.. ဂူပိုးကောင်များက ပို၍သန်မာလာလေလေ ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ.. ဤကိစ္စက အချိန်ဆက်လက်ကြာမြင့်လာသည်နှင့်အမျှ ပိုမိုများပြားသော အပြစ်မဲ့ပြည်သူများသည် ဂူပိုးကောင်များ၏အောက်မှာ သေဆုံးရပြီး ပျက်စီးနစ်နာဆုံးရှုံးမှုက များစွာပို၍ ကြောက်စရာကောင်းလာပေလိမ့်မည်။
ထိုစဉ်မှာပင်.. အစိမ်းရောင်ပုံရိပ်တစ်ခုက အပြင်ဘက်ကနေ ဆင်းသက်လာခဲ့လေသည်။
ရှောင်းနင်သည် အလိုလိုမော့ကြည့်ပြီး ဝမ်းသာပျော်ရွှင်စွာဖြင့် အော်ခေါ်လိုက်လေသည်။
“အစ်ကို..”
အဲဒါက နဂါးအရိုးတောင်ကြားကနေ ပြန်လည်ရောက်ရှိလာသော ဆူဇီမိုဖြစ်လေသည်။
“အင်း..”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။ ရှောင်းနင်၏ အမူအရာကို ကြည့်ပြီး သူက မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။
“ရှောင်းနင်.. နင်က ဆေးလုံးဖော်စပ်တာကို တောက်လျှောက်လုပ်နေလို့ မဖြစ်ဘူးလေ.. အနားလဲ ယူရလိမ့်မယ်”
“အစ်ကို.. ကျွန်မ တောင့်ခံနိုင်ပါသေးတယ်”
ရှောင်းနင်က ငြင်းဆန်ချင်သော်လည်း ဆူဇီမိုက ခွင့်မပြုပေ။
“မရဘူး”
သူ၏လေသံတွင် ပြန်လှန်မေးခွန်းမထုတ်ဝံ့သော ဆုံးဖြတ်ချက် ပြတ်သားမှုတစ်ခု ပါဝင်နေလေသည်။
သူမက သူမ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီကို သူက ပြောနိုင်လေသည်။ သူမက ဤအချိန်ထိ ဆက်လက်၍ တောင့်ခံနိုင်နေသေးသည့် အကြောင်းရင်းမှာ.. သူမ၏ အသက်ဓာတ်အားကို ဖျစ်ညှစ်၍ ထုတ်သုံးထားသောကြောင့် ဖြစ်လေသည်။
သူမက ဆေးလုံးဖော်စပ်ခြင်းကို ဆက်လက်ပြုလုပ်နေမည်ဆိုလျှင် ရှောင်းနင်က ခြေကုန်လက်ပန်းကျ၍ ပစ်လဲသွားပေလိမ့်မည်။
ဆူဇီမိုက ဘေးဘက်တွင်ရှိသော ကျိယောင်ရွှယ်ကို လှည့်ကြည့်ပြီး ညင်သာစွာ ပြောလိုက်လေသည်။
“မင်းလည်း အနားယူဦးလေ.. ဒီရက်တွေထဲ မင်းအတွက်လည်း အတော်ခက်ခဲနေခဲ့မှာပဲ”
“ကျွန်မက အဆင်ပြေပါတယ်”
ကျိယောင်ရွှယ်က သူမ၏ နှုတ်ခမ်းကို စုဝိုင်းပြီး ပြုံးပြလိုက်လေသည်။
“ကျွန်မက ရှောင်းနင်နဲ့ အဖော်ပြုပေးရုံပါပဲ.. ဆေးလုံးတွေကို သန့်စင်နေရတာ မဟုတ်တဲ့အတွက် ကျွန်မက ပင်ပန်းမနေပါဘူး”
“မင်းက ဂူနည်းစနစ်တွေအကြောင်း ဘယ်လောက်များများ သိထားသလဲ”
ဆူဇီမိုသည် ရှောင်းနင်၏ ဘေးသို့ ရောက်ရှိလာပြီး သူမ၏ စိတ်အာရုံကို လွှဲပြောင်းဖို့အတွက် မေးခွန်းတစ်ခု မေးလိုက်လေသည်။ အဲဒါမှသာ သူမ၏ တင်းကျပ်နေသော စိတ်ခံစားချက်များက နောက်ဆုံး ပြေလျော့သွားပေလိမ့်မည်။
“တကယ်တော့.. ရှေးဟောင်းခေတ်တုန်းက ဂူနည်းစနစ်တွေက လူတွေကို ဒုက္ခပေးဖို့အတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘူး”
ခဏမျှ ရပ်နားပြီးနောက် ရှောင်းနင်က ပြောလိုက်လေသည်။
“အစကတော့.. ဂူနည်းစနစ်တွေကို ဖန်တီးခဲ့တဲ့ ကျင့်ကြံသူတွေက တခြားသူတွေကို ဒုက္ခပေးဖို့အတွက် သုံးဖို့ စိတ်ကူးမရှိခဲ့ဘူး.. အဲဒီအစား သူတို့က သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပြီး သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားကို မြှင့်တင်ဖို့အတွက် အသုံးပြုခဲ့ကြတာ”
“အဲဒါက အဆိပ်က တခြားသူတွေအပေါ် သတ်ဖြတ်နိုင်သလို.. လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ ပုံစံနဲ့ ဆင်တူတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
မတူညီသော ဂူပိုးကောင်များ၏ မတူညီသော ဂုဏ်သတ္တိများအရ.. အဲဒါက ထိုကဲ့သို့သော သက်ရောက်မှုတစ်ခုကို အမှန်တကယ်ပင် ရရှိနိုင်လေသည်။
“ဂူနည်းစနစ်တွေက ပိုမိုသန်မာလာတာနဲ့ ဂူသခင်တွေကလည်း ပိုပြီးတော့ ပေါ်ထွက်လာခဲ့တယ်.. အဖွဲ့အစည်းများစွာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်.. ကြောက်စရာကောင်းတဲ့ ဂူပိုးကောင်အချို့ကလည်း မွေးဖွားပေါ်ထွက်လာခဲ့တယ်”
“ရှေးဟောင်းခေတ်တုန်းက တစ်မူထူးခြားတဲ့ အသိအမြင်တွေနဲ့ ထူးချွန်ထက်မြက်တဲ့သူတွေ များစွာ ပေါ်ထွက်လာခဲ့တယ်.. အဲဒီပညာရှင်တွေက ဂူပိုးကောင်တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားရင် ကြီးမားတဲ့ ကပ်ဘေးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို နားလည်ခဲ့ကြတယ်.. အဲဒါကြောင့် သူတို့က ကြောက်စရာကောင်းတဲ့ ဂူပိုးကောင်အချို့ကို ဖျက်ဆီးချေမှုန်းခဲ့ကြတယ်”
ရှောင်းနင်က ပြောလိုက်လေသည်။
“မဟူရာသွေးဂူက မျိုးတုန်းပျောက်ကွယ်သွားသင့်တဲ့ ဂူပိုးကောင်တစ်မျိုးပဲ”
သူ၏အကြည့်ကို မှေးကျဉ်းပြီး ဆူဇီမိုက တီးတိုးပြောဆိုလိုက်လေသည်။
“ဆိတ်သုဉ်းပျောက်ကွယ်သွားပြီဖြစ်သင့်တဲ့ ဂူပိုးကောင်တစ်မျိုးက ဒီဘက်ခေတ်မှာ ဘာလို့ ပြန်ပေါ်ထွက်လာရတာလဲ”
“ကျွန်မလည်း မသိဘူး”
ရှောင်းနင်က သူမ၏နဖူးကို ပွတ်သပ်ပြီး သူမ၏ စိတ်ထဲရှိ ပင်ပန်းနွမ်းလျမှုများကို ဖြေလျှော့ပစ်ချင်သည့်အလား.. ခေါင်းခါယမ်းလိုက်လေသည်။
“ဂူဂိုဏ်းကပဲ အဲဒီအဖြေကို ပေးနိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်”
“မဟုတ်သေးဘူး.. အဲဒီမှာ တခြားတစ်ယောက် ရှိသေးတယ်”
ဆူဇီမိုက သူ့မျက်လုံးထဲရှိ အေးစက်စက် အလင်းတစ်ချက်နှင့်အတူ ခေါင်းခါပြလိုက်လေသည်။
အဲဒါက လက်ရှိမှာ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်အဖြစ် ခံယူထားသော သွေးကျီးကန်းနန်းတော်သခင် ဖြစ်လေသည်။
တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဉ်သည် ဂူသခင်တစ်ယောက်၏ ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်၍ ပြန်လည်မွေးဖွားပေါ်ထွက်လာခဲ့လေသည်။ ထိုသို့ဖြင့် သူသည် ဂူဂိုဏ်း၏ အရေးကိစ္စများနှင့် ပတ်သက်၍ အတော်အတန် သိထားရပေလိမ့်မည်။
ရှောင်းနင်က သူမ၏နဖူးကို လက်ဖြင့်သပ်ပြီး ကျိယောင်ရွှယ်ကလည်း ပင်ပန်းနွမ်းလျသည့် အမူအရာ ပေါ်ပေါက်နေသည်ကို ဆူဇီမို မြင်သောအခါ သူ၏ရင်က လှုပ်ခတ်သွားပြီး ဗုဒ္ဓကျောင်းတော်များမှ လျှို့ဝှက်နည်းစနစ်တစ်ခုကို ညင်သာစွာ လှည့်ပတ်လိုက်လေသည်။ အဲဒါက စိတ်နှလုံးတည်ငြိမ် မန္တန်ဖြစ်လေသည်။
ဤဗုဒ္ဓမန္တန်သည် မည်သည့်အဖျက်စွမ်းအားမှ မပါရှိဘဲ လူတစ်ယောက်၏ မကျေမချမ်းစိတ်များကို သက်သာပျောက်ကင်းစေပြီး သူတို့၏စိတ်ကို တည်ငြိမ်စေလာမည် ဖြစ်လေသည်။
ဗုဒ္ဓဝါဒအပေါ် ပို၍နက်ရှိုင်းမှု ရှိလေလေ.. စိတ်နှလုံးတည်ငြိမ် မန္တန်၏ အကျိုးသက်ရောက်မှုကလည်း ပို၍ကြီးမားလေလေ ဖြစ်လေသည်။
ရှောင်းနင်နဲ့ ကျိယောင်ရွှယ်သည် စိတ်နှလုံးတည်ငြိမ် မန္တန်မှ ရွတ်ဖတ်သံ ထွက်ပေါ်လာသည်ကို ကြားသောအခါ.. သူတို့က အဲဒါနှင့် ပတ်သက်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိကြပေ။ ထိုမန္တန်ရွတ်ဖတ်သံက အတော်လေး သာယာနာပျော်ဖွယ်ကောင်းသည်ဟုသာ သူတို့က ခံစားမိလိုက်ကြလေသည်။
တဖြည်းဖြည်းနှင့်.. သူတို့နှစ်ယောက်သည် ထိုအထဲမှာ နစ်မျောသွားကြလေသည်။
ရှောင်းနင်၏ မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများနှင့် ပူပန်သောကများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူမ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်လေသည်။
ကျိယောင်ရွှယ်ကလည်း မန္တန်ရွတ်ဖတ်သံမှာ လုံးဝ နစ်မျောသွားခဲ့လေသည်။
စိတ်နှလုံးတည်ငြိမ် မန္တန်၏ အကျိုးသက်ရောက်မှုအောက်တွင် သူတို့နှစ်ယောက်၏ စိတ်က အလွန်တရာ ပြေလျှော့လာပြီး သက်သောင့်သက်သာ ရှိလာခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ.. စိတ်နှလုံးတည်ငြိမ် မန္တန်က ပြီးဆုံးသွားခဲ့လေသည်။
ရှောင်းနင်နှင့် ကျိယောင်ရွှယ်သည် သူတို့၏ မျက်လုံးများကို မှိတ်ထားကြလေသည်။ သူတို့နှစ်ယောက်စလုံးသည် တည်ငြိမ်အေးချမ်းသည့်ပုံ ပေါ်နေပြီး သူတို့၏ မျက်ခုံးများက ပြေလျော့နေလေသည်။ သူတို့သည် မသိလိုက်မသိဘာသာနှင့်ပင် အိပ်မောကျသွားခဲ့ကြလေပြီ။
ဆူဇီမိုက သူတို့နှစ်ယောက်ကို ဂရုတစိုက် ညင်သာစွာ နေရာချပေးလိုက်လေသည်။ သူသည် ထွက်ခွာမသွားဘဲ သူတို့၏ဘေးကနေ စောင့်ကျပ်ပေးနေလေသည်။
မသိလိုက်မသိဘာသာနှင့်ပင်.. တစ်ညတာက ကုန်ဆုံးသွားခဲ့လေသည်။
. . . . .
မနက်ခင်း နေထွက်လာသောအခါ.. ဆူဇီမို၏ ဘေးဘက်တွင် လှဲလျောင်းနေသော ချောမောလှပသည့် အမျိုးသမီးတစ်ယောက်က လှုပ်ရှားလာခဲ့လေသည်။
ရှောင်းနင်က အရင်ဆုံး နိုးထလာခဲ့လေသည်။
သူမက မျက်တောင်ခတ်၍ ထထိုင်လိုက်လေသည်။ သူမ၏ မျက်လုံးများက အနည်းငယ် ငေးငိုင်နေပြီး ဘာတွေဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း စဉ်းစားမရပေ။
သူမသည် ပြီးခဲ့သည့် ညက ဆူဇီမိုနှင့် စကားပြောဆိုခဲ့ပြီး သာယာနာပျော်ဖွယ်ကောင်းသော မန္တန်ရွတ်ဖတ်သံအား နားထောင်ခဲ့ရသည်ကို ပြန်လည်အမှတ်ရလာခဲ့လေသည်။ အဲဒီနောက် အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
“အား.. မိုးတောင် လင်းနေပြီပဲ”
ရှောင်းနင်က အံ့အားတသင့် ရေရွတ်လိုက်လေသည်။
အဲဒီနောက် သူမက မည်သည့် ပင်ပန်းနွမ်းလျမှုကိုမှ လုံးဝ မခံစားရတော့ကြောင်း နားလည်လိုက်လေသည်။
သူမသည် တစ်ညတာ အိပ်စက်ရုံဖြင့် ကောင်းကောင်း အနားယူခဲ့ပြီးသွားလေပြီ။
ပုံမှန်အားဖြင့်ဆိုလျှင်.. ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခြေကုန်လက်ပန်းကျနေပြီဖြစ်သော ရှောင်းနင်သည် သုံးရက်သုံးည အနားယူလျှင်ပင် အပြည့်အဝ ပြန်လည်သက်သာလာလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း စိတ်နှလုံးတည်ငြိမ် မန္တန်၏ အကူအညီနှင့်အတူ ရှောင်းနင်၏ ခန္ဓာကိုယ်နှင့် စိတ်သည် တစ်ညတာ အိပ်စက်ပြီးနောက် အထွတ်အထိပ်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
“ဆေးလုံးတွေကို ဆက်ပြီးတော့ သန့်စင်ပါ.. ပြီးရင် အနားလဲယူဦး”
ဆူဇီမိုက ရှောင်းနင်၏ ပခုံးကို ညင်သာစွာ ပုတ်ပြီး ညွှန်ကြားစရာ ရှိသည်များကို ညွှန်ကြားပြီးနောက် လှည့်ထွက်လာခဲ့လေသည်။
“အစ်ကိုက အစ်မယောင်ရွှယ် နိုးတဲ့အထိ မစောင့်တော့ဘူးလား”
ရှောင်းနင်က မေးလိုက်လေသည်။
“ဟင့်အင်း”
ဆူဇီမိုက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။
“အဲဒီမှာ ငါ မဖြေရှင်းရသေးတဲ့ ကိစ္စတချို့ ရှိသေးတယ်.. ငါက အဖြေတစ်ခုကို ရဖို့လိုတယ်”