← Chapters

ဂူတစ်သောင်းရွှံ့ညွန်တော

Vol. 75 Ch. 1123

ဂူတစ်သောင်းရွှံ့ညွန်တော

Vol. 75 Ch. 1123

ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်သို့ ပြန်ရောက်လာသောအခါ ဂိုဏ်၏ အပြင်ဘက်ရှိ တိုက်ပွဲနယ်မြေကို ရှင်းလင်းပြီးသွားလေပြီ။

သူက တောင်ထွတ်သို့ ရောက်ရှိလာသည့် ခဏမှာပင် ညဝိညာဥ်က တိတ်တဆိတ်ရောက်ရှိလာခဲ့လေသည်။

“အခြေအနေဘယ်လိုလဲ...”

ဆူဇီမိုက မေးလိုက်လေသည်။

“သတ်ခဲ့တယ်...”

ညဝိညာဥ်က သာမန်ကာလျှံကာ ပုံစံဖြင့် ပြန်ဖြေလိုက်လေသည်။

ဆူဇီမိုသည် ညဝိညာဥ်ကို လေးနက်စွာကြည့်လိုက်သော်လည်း ထပ်မံ၍ မေးမြန်းခြင်းမပြုတော့ပေ။

မျက်ကန်းအဖိုးအိုသည် စုန်းမျိုးနွယ်မှ ဓမ္မဝိသေသ ပညာရှင်တစ်ယောက်ဖြစ်သော်လည်း သူ၏တိုက်ခိုက်ရည်ခွန်အားက လူသားမျိုးနွယ်မှ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဥ်နိုင်လေသည်။

မျက်ကန်းအဖိုးအိုသည် တစ်ယောက်တည်းကျန်ရစ်ခဲ့ပြီးနောက် ဆူဇီမိုက ထွက်ခွာသွားလျှင်တောင် ညဝိညာဥ်က သူ့ကိုယ်သူ သေချာပေါက်ကာကွယ်နိုင်စွမ်းရှိလေသည်။

သို့သော်လည်း ညဝိညာဥ်က ထိုသူကို သတ်ဖြတ်နိုင်ခဲ့သည်ဆိုသောအချက်က သူ၏တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်တောင် ကြောက်စရာကောင်းကြောင်း ပြသပေးနေလေသည်။

တကယ်တော့ ညဝိညာဥ်သည် အခြားသူများ၏ရှေ့မှာ သူ၏အစစ်အမှန်ခွန်အားကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ပေ။

ထို့ကြောင့်ပင် ညဝိညာဥ်သည် သူ၏အမြုတေကို ဖွဲ့တည်ပြီးကတည်းက သူ၏သားရဲသွင်ပြင်သို့ လုံးလုံးလျားလျားပြောင်းလဲပြခြင်း မရှိတော့ပေ။

အသင်္ချေနယ်မြေမြို့တော်မှာတုန်းကတောင် ညဝိညာဥ်သည် သူ၏ သားရဲပုံစံတစ်စွန်းတစ်စကိုသာ ထုတ်ဖော်ပြသခဲ့လေသည်။

ညဝိညာဥ်၏ ရင်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေလေသည်။

ဆူဇီမိုကလည်း သိထားလေသည်။ သို့သော်လည်း သူက ညဝိညာဥ် အပေါ်မှာ လေးစားမှုရှိလေသည်။ ညဝိညာဥ်က တစ်စုံတစ်ရာကို ထုတ်ဖော်မပြောသရွေ့ သူကလည်း စစ်ဆေးမေးမြန်းခြင်း ပြုမည်မဟုတ်ပေ။

အဲ့ဒီနောက် သူတို့နှစ်ယောက်သည် ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ ရောက်ရှိလာပြီး နန်းကြည်ကိုယ်တိုင်စောင့်ကြပ်နေသော စိတ်အားညိုးငယ်နေသည့် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ကို တွေ့မြင်လိုက်ရလေသည်။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်သည် အစက ခေါင်းငိုက်စိုက်ကျနေပြီး စကာသံအချို့ကို ကြားရသောအခါ သူက ခေါင်းထောင်ကြည့်လိုက်လေသည်။

ဆူဇီမိုကို မြင်သောအခါ သူ၏ မျက်လုံးအနက်ပိုင်းထဲရှိ အမုန်းတရားများက ပြန်လည်ထကြွလာခဲ့လေသည်။

သူက အမုန်းတရားများဖြင့် ပြည့်နှက်နေလေသည်။

သူသည် စုန်းမျိုးနွယ်၏ နောက်ခံခွန်အားကို ရရှိထားပြီးနောက် သူ၏ အစီအစဥ်များအားလုံးကို ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူက ဖျက်ဆီးပစ်လိုက်ပစ်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အရင်တုန်းက ဤအစိမ်း​ရောင်ဝတ်ကျင့်ကြံသူသည် အခြေတည်အဆင့်မျှသာ ရှိခဲ့လေသည်။

သူ့အတွက်တော့ ဆူဇီမိုက ပုရွက်ဆိတ်တစ်ကောင်ထက် ပိုမနေခဲ့ပေ။

အတိတ်ကာလက ဤပုရွက်ဆိတ်သည် နှစ်တစ်ရာသာသာအချိန်ကာလနှင့် ဤမျှအထိ ကြောက်စရာကောင်းလာခဲ့သည်ဆိုတော့....။

လွန်ခဲ့သည့်နှစ်တစ်ရာကျော်က တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ လွှမ်းမိုးခြယ်လှယ်မည့် အစီအစဥ်သည် မအောင်မြင်ခဲ့ပေ။ အပေါ်ယံကြည့်လျှင်တော့ အဲ့ဒါသည် အဆူရာယန်ပေးချန်၏ ဝင်ရောက်နှောက်ယှက်မှုကြောင့်ဖြစ်လေသည်။

သို့သော်လည်း တကယ့်တမ်းမှာတော့ ယန်ပေးချန်ရောက်ရှိလာရသည့် အကြောင်းရင်းကပင် ဆူဇီမိုကြောင့်ဖြစ်လေသည်။

ထိုစဥ်တုန်းက နတ်ဆိုးမကျိသည် ဆူဇီမို၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် သူမသည် စင်ကြယ်အပျိုစင်ဂိုဏ်းနှင့် အဆူရာဂိုဏ်း၏ ပတ်သက်ဆက်နွယ်မှုကို အသုံးချကာ ဆန်းကြယ်တောင်ထွတ်၏ အကျပ်အတည်းပြဿနာအကြောင်း ယန်ပေးချန်ကို အသိပေးခဲ့လေသည်။

“ဟားဟားဟားဟား...”

ဆူဇီမိုဝင်ရောက်လာသည်ကို မြင်သောအခါ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က ခြောက်ကပ်အက်ကွဲသောအသံဖြင့် လှောင်ရယ်လိုက်လေသည်။

“မင်းကျရှုံးသွားတယ်လေ... ဟုတ်တယ်မလား.. စုန်းမျိုးနွယ်က သခင်လေးဆိုတာ မင်းလိုပုရွက်ဆိတ်တစ်ကောင် ခြိမ်းခြောက်နိုင်တဲ့ တစ်စုံတစ်ယောက်မဟုတ်ဘူး... စုန်းမျိုးနွယ်ပြန်ရောက်လာပြီဆိုရင် ဆန်းကြယ်တောင်ထွတ်က မင်းတို့အားလုံးကလည်း ငါနဲ့အတူသေရလိမ့်မယ်”

သူက ယနေ့သေရတော့မည်ဆိုတာကို သိထားပြီး တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က ဆက်လက်၍ ကြောက်ရွံ့နေခြင်း မရှိတော့ပေ။

“မင်းကို စိတ်ပျက်စေမိတာ... စိတ်မကောင်းစရာပဲ”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်လေသည်။

“ဝူလီက သေဆုံးသွားခဲ့ပြီ”

“မဖြစ်နိုင်တာကွာ...”

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်သည် ပထမကြောင်,မှင်တက်သွားပြီးနောက် စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။ သူက အဲ့ဒါကို မယုံကြည်ပေ။

စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ် ၉ စုမှတစ်စုဖြစ်ပြီး စုန်းမျိုးနွယ်၏ သခင်လေးသည် သူနှင့် အဆင့်တူများကြားမှာ အသန်မာဆုံးဖြစ်လေသည်။ လူသားမျိုးနွယ်ကျင့်ကြံသူတစ်ယောက်က စုန်းမျိုးနွယ်၏ သခင်လေးကို သတ်ဖြတ်နိုင်စရာအကြောင်းမရှိပေ။

ဆူဇီမိုသည် ထိုသူနှင့် ငြင်းခုန်လိုခြင်းမရှိပေ။ သူက တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ရှေ့သို့ ရောက်ရှိလာပြီးနောက် တစ်ခါက လွှမ်းမိုးခြယ်လှယ်ခဲ့ဖူးသော ထိုပုဂ္ဂိုလ်ကို ငုံ့ကြည့်ကာ မေးလိုက်လေသည်။

“ဂူဂိုဏ်းက ဘယ်နေရာမှာရှိတာလဲ... ငါ့ကိုပြောစမ်း”

“ဟီးဟီး...”

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က လှောင်ရယ်လိုက်လေသည်။

“မဟူရာသွေးဂူကြောင့်ဖြစ်လာတဲ့ကပ်ဘေးက ဆက်ပြီးတော့ ထိန်းချုပ်လို့ မရတော့ဘူးလေ... ဟုတ်တယ်မလား.. မင်းက ဘယ်လိုပဲမေးမေး ငါက မင်းကို ပြောပြမှာ မဟုတ်ဘူး..”

သူသည် သေရတော့မည်ဆိုတာကို သိထားတာကြောင့် သူသည် ဆူဇီမိုကို မည်သည့်အရာမှ ထုတ်ဖော်မပြောဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးလေပြီ။

“မင်းမပြောချင်ဘူးဆိုလည်း ရတယ်လေ... ငါ့ဘာသာငါ သိအောင်လုပ်ရမှာပေါ့”

ရုတ်တရက် ဆူဇီမိုက သူ၏လက်ကိုဆန့်ထုတ်ပြီး တစ်ကိုယ်တော်ဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်ကို ဆွဲထုတ်လိုက်လေသည်။

သူ၏လက်ဖဝါးထဲတွင် အလင်းလုံးတစ်လုံးက ပေါ်ထွက်လာပြီး နက်မှောင်နေသော ချည်မျှင်များက အလင်းလုံးထဲကနေ ဆန့်တန်းထွက်ပေါ်လာကာ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်နှင့် ချိတ်ဆက်လိုက်လေသည်။

“ဒါက.....”

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်က ကြောင်အ,မှင်တက်သွားလေသည်။

ဝိညာဥ်ရှာဖွေခြင်းအတတ်.....

သူ၏အမူအရာက အကန့်အသတ်မဲ့သော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။

အဲ့ဒီနောက် ချက်ချင်းပင် သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ရစ်ခွေထားသော အနက်ရောင်ချည်မျှင်များသည် မမြင်ရသော စွမ်းအားတစ်ခုကို အကန့်အသတ်မဲ့စွာ စုပ်ယူလိုက်သည့်အလား သူ၏အမြုတေစိတ်ဝိညာဥ်ထဲမှ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလာရ၏။

ဆူဇီမိသည် ဝိညာဥ်ရှာဖွေခြင်းအတတ်ကို အသက်သွင်းပြီး တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ မှတ်ဉာဏ်များကို ထပ်တလဲလဲ ရှာဖွေလိုက်၏။

တကယ်တော့... စုန်းမျိုးနွယ်မှ သွေးနှောကပြားတစ်ယောက်အနေဖြင့် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ မှတ်ဉာဏ်များထဲတွင် လျှို့ဝှက်ချက်များစွာရှိလေသည်။

သို့သော်လည်း လက်ရှိဂူပိုးကောင်ကပ်ဘေးကို ဖြေရှင်းနိုင်စေရန် ဆူဇီမိုသည် ကျယ်ပြောလှသော မှတ်ဉာဏ်များထဲမှ ဂူဂိုဏ်းနှင့်ပတ်သက်သည့် သဲလွန်စများကိုသာ အတတ်နိုင်ဆုံး ရှာဖွေဖို့ ကြိုးစားလိုက်လေသည်။

အချိန်အတန်ကြာပြီးနောက် ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားလေသည်။

နောက်ဆုံးမှာတော့ တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ မှတ်ဉာဏ်များ၏ တစ်ဝက်အရောက်တွင် သူသည် ဂူဂိုဏ်းနှင့်ပတ်သက်သည့် သဲလွန်စအချို့ကို တွေ့ရှိလိုက်ရလေသည်။

နောက်ထပ်အနည်းငယ်ကြာပြီးနောက် ဆူဇီမိုသည် လေပူတစ်ချက်ကို မှုတ်ထုတ်ကာ ဝိညာဥ်ရှာဖွေခြင်းကို အဆုံးသတ်လိုက်လေသည်။

ဝိညာဥ်ရှာဖွေခြင်း ပြီးဆုံးသွားပြီးနောက် တာအိုသက်ရှိတစ်ကိုယ်တော်ဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်က သေဆုံးမသွားသော်လည်း ၎င်း၏အရောင်အဝါက လုံးဝမှိန်ကျသွားလေသည်။

သူသည် အရူးတစ်ယောက်ကဲ့သို့ ငေးငိုင်စွာရပ်နေပြီး စဥ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားလေသည်။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆူဇီမိုက တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ အမြုတေစိတ်ဝိညာဥ်ကို ချေမွဖျက်ဆီးကာ သတ်ပစ်လိုက်လေသည်။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်သည် စုန်းဂူကပ်ဘေးဖြစ်ပေါ်စေဖို့အတွက် အဓိကကျသော အားဖြည့်လောင်စာဖြစ်သော်လည်း ဆိတ်သုန်းပျောက်ကွယ်သွားပြီဖြစ်သော ဂူပိုးကောင်များ ပေါ်ထွက်မလာဘဲနှင့် ဤမျှအထိကြောက်စရာကောင်းသော အဖျက်စွမ်းအားက ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

သူသည် စုန်းဂူပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းကိုင်တွယ်ချင်သည်ဆိုလျှင် သူက ဂူဂိုဏ်းထံမှ အဖြေတစ်ခုကို ရှာဖွေဖို့ လိုအပ်လေသည်။

“သခင်လေး... ရှင်က ဂူဂိုဏ်းကိုသွားဖို့ စီစဥ်နေတာလား...”

နန်းကြည်က မေးလိုက်လေသည်။

“အင်း...”

ဆူဇီမိုက ဖုံးကွယ်ထားခြင်းမရှိပေ။

“ကျွန်မ.. ရှင်နဲ့အတူလိုက်ခဲ့မယ်”

နန်းကြည်က အလောတကြီးမတ်တတ်ထရပ်၍ စိတ်အားထက်သန်စွာ ပြောလိုက်လေသည်။

“ဆန်းကြယ်တောင်ထွတ်က ကြီးမားတဲ့တိုက်ပွဲကို ဆင်နွှဲခဲ့တာ မကြာသေးဘူး... ဒီမှာရှိတဲ့အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ဖို့ လိုသေးတယ်”

ဆူဇီမိုကပြုံးလိုက်လေသည်။

“ဘာမှမပူနဲ့... ငါက အခြေအနေကို သွားပြီးစစ်ဆေးကြည့်ရုံပဲ... ငါ့ရဲ့အစွမ်းအစနဲ့ဆို အခြေအနေမဟန်ဘူးထင်ရင် ငါက လွတ်အောင်ထွက်ပြေးနိုင်တယ်... ငါ့ကိုတား​ဆီးနိုင်တဲ့သူ များများစားစားမရှိဘူး”

“ကျုပ်... ခင်ဗျားနဲ့ လိုက်ခဲ့မယ်”

ညဝိညာဥ်က ဘေးကနေ ပြောလိုက်လေသည်။

“ကောင်းတာပေါ့...”

ဆူဇီမိုက ရွှင်ပျသွားလေသည်။ ညဝိညာဥ်၏ အကူအညီဖြင့်ဆိုပါက သူတို့သည် ကျားတစ်ကောင် သို့မဟုတ် နဂါးတစ်ကောင်၏ သားရဲတွင်းထဲသို့ပင် စွန့်စားဝင်ရောက်နိုင်လေသည်။

ရှောင်းနင်၏ အဆိုအရ ဂူဂိုဏ်းသည် မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲမှ တစ်ခုဖြစ်သော်လည်း သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီတွင် အောက်ဆုံးအဆင့်မှာ ရပ်တည်လေသည်။

အကြောင်းမှာ ဂူသခင်များသည် သူတို့၏ အချိန်များစုကို ဂူပိုးကောင်များ ပြုစုပျိုးထောင်ဖို့အတွက် အသုံးပြုရပြီး သူတို့ဂိုဏ်းတွင် ထိပ်သီးပညာရှင်များ မရှိတတ်ကြပေ။

ဂူဂိုဏ်းသည် မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲတွင် ရပ်တည်နိုင်ခဲ့ခြင်းမှာ သူတို့၏ ကြောက်စရာကောင်းသော အဖျက်စွမ်းအားကြောင့်ဖြစ်လေသည်။

ဒီတစ်ခေါက် မြောက်ပိုင်းဒေသရှိ စုန်းဂူကပ်ဘေးက နမူနာကောင်းတစ်ခု ဖြစ်လေသည်။

ဂူပိုးကောင်များသည် မြောက်ပိုင်းဒေသမှာ ရှိနေဆဲ ဖြစ်လေသည်။ ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်မှာ ဆက်လက်၍ ကြန့်ကြာမနေလိုဘဲ ညဝိညာဥ်နှင့်အတူ အနောက်တောင်ဘက်သို့ ထွက်လာခဲ့လေသည်။

ကျင့်ကြံရေးလောကတွင် ဂူသခင်များထွက်ပေါ်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။

ဂူဂိုဏ်း၏ တည်နေရာက ကျင့်ကြံသူအများစုအတွက် လျှို့ဝှက်ချက်တစ်ခုဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုသည် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ မှတ်ဉာဏ်များအတွင်းမှ ဂူဂိုဏ်း၏ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့လေသည်။

. . . . .

မြောက်ပိုင်းဒေသ၏ အနောက်တောင်ဘက်ထောင့်စွန်းတွင် တစ်နှစ်ပတ်လုံး အဆိပ်ဓာတ်ရှိသော ရွှံညွန်များဖြင့် ပြည့်နှက်နေသည့် နေရာဒေသတစ်ခုရှိလေသည်။ ရွှံ့ညွန်များက နေရာတစ်ခွင်လွှမ်းခြုံထားပြီး အလွန်တရာစွမ်းအားကြီးမားလေသည်။ ထိုနေရာသို့ ချည်းကပ်လာသော မည်သည့်သက်ရှိမဆို အဆိပ်ဓာတ်ကြောင့် သေဆုံးရပေလိမ့်မည်။

ထိုနေရာဒေသက ကျက်တီးမြေဖြစ်ပြီး သက်ရှိများ အရောက်အပေါက်မရှိပေ။

အဲ့ဒါက အလွန်တရာအန္တရာယ်များသော ကုန်းမြေတစ်ခုလည်း ဖြစ်လေသည်။

ကျင့်ကြံသူများကိုမဆိုထားနှင့် များစွာသော သားရဲတောကောင်များပင်လျှင် ထိုနေရာသို့ အလွယ်တကူ မဝင်ရောက်နိုင်ကြပေ။

ပုံရိပ်နှစ်ခုက ထိုကုန်းမြေမှာ ပေါ်ထွက်လာခဲ့လေသည်။ သူတို့ထဲမှ တစ်ယောက်သည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြော့ရှင်းချောမောသော အသွင်အပြင်ရှိလေသည်။

သူတို့ထဲမှ တစ်ယောက်ကတော့ အနက်ရောင်ကို ဝတ်ဆင်ထားပြီး အေးစက်စက်အမူအရာတစ်ခုရှိလေသည်။

အဲ့ဒါက ဆူဇီမိုနှင့် ညဝိညာဥ်ဖြစ်လေသည်။

ရွှံ့ညွန်တော၏ အပြင်ဘက်တွင် ဆူဇီမိုက ကုန်းမြေကို ငုံ့ကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

ရွှံ့ညွန်များက အလွန်တရာအားကောင်းပြီး စိတ်ဝိညာဥ်အသိစိတ်နှင့် ​အမြင်အာရုံကို ပိုင်းခြားပေးနိုင်လေသည်။

သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်ပင်လျှင် သူက မီတာ ရာဂဏန်းအနည်းငယ်အထိသာ စစ်ဆေးကြည့်ရှုနိုင်လေသည်။

“ဂူတစ်သောင်းရွှံ့ညွန်တောတဲ့လား....”

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ကြုတ်လိုက်လေသည်။

တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်၏ မှတ်ဉာဏ်များထဲတွင် ဂူဂိုဏ်းသည် ဂူတစ်သောင်းရွှံ့ညွန်တော၏ အထက်မှာတည်ရှိပြီး အဲ့ဒါက ခန့်မှန်းခြေတည်နေရာတစ်ခုသာ ဖြစ်လေသည်။

သို့သော်လည်း သူ့ရှေ့ရှိ နေရာသည် ဂူတစ်သောင်းရွှံ့ညွန်တောဟူသော စကားလုံးနှင့် ဆက်စပ်မှုမရှိဟု ထင်ရလေသည်။

All Chapters