← Chapters

မင်းကလူသားမဟုတ်ဘူး

Vol. 75 Ch. 1124

မင်းကလူသားမဟုတ်ဘူး

Vol. 75 Ch. 1124

“အထဲကို တစ်ချက်လောက် ဝင်ပြီးကြည့်ရအောင်...”

ဆူဇီမိုသည် အစွမ်းအစရှိသောကြောင့် ရဲတင်းလေသည်။ သူသည် အပြင်ဘက်တွင် ခဏမျှသာနေပြီးနောက် ဆိုးယုတ်အငွေ့အသက်ထဲသို့ တိုးဝင်ကာ ရှေ့သို့ ဦးတည်လိုက်လေသည်။

ညဝိညာဥ်ကလည်း ကန့်ကွက်ခြင်း မရှိပေ။

သူသည် ဆိုးယုတ်အငွေ့အသက်ထဲသို့ ဝင်ရောက်လိုက်သည့် ခဏမှာပင် ဆူဇီမို၏ အသက်ရှုခြင်းက လေးလံထုံထိုင်းလာသည်ဟု ခံစားရလေသည်။

အဲ့ဒါက သူ၏ အစစ်အမှန်နဂါးခန္ဓာကိုယ်၏ သွေးချီသာဆိုလျှင် သူက ဆိုးယုတ်အငွေ့အသက်ထဲမှာ မည်သည့် မသက်မသာခံစားမှုကိုမှ ရရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါမှာတော့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်၏ မာကြောမှုသည် မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုနှင့် ယှဥ်နိုင်သော်လည်း ဆိုးယုတ်အဆိပ်ဓာတ် အငွေ့အသက်အပေါ် ၎င်း၏ ခုခံနိုင်စွမ်းက အတော်လေးအားနည်းလေသည်။

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွားခဲ့လေသည်။

မီးတောက်လုံးနှစ်လုံးက သူ၏ဘေးတွင် ပေါ်ထွက်လာခဲ့လေသည်။

မီးတောက်တစ်ခုက ရွှေရောင်ဖြစ်ပြီး အခြားတစ်ခုက သွေးနီရောင်ဖြစ်လေသည်။

မီးတောက်လုံးနှစ်လုံးသည် သူ၏ခန္ဓာကိုယ်ဘေးတွင် လှည့်ပတ်လိုက်ပြီး ဆိုးယုတ်အငွေ့အသက်များကို ပျက်ပြယ်သွားစေလေသည်။

“သွေးနီရောင်မီးတောက် နွယ်လိမ်မီးအိမ်”

အဲ့ဒါသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်မှ ဓမ္မပညာရပ်တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေးနှင့် ခုခံရေး နှစ်မျိုးစလုံးအသုံးပြုနိုင်လေသည်။

ညဝိညာဥ်သည် ဘာမှမဖြစ်သည့်အလား တည်ငြိမ်သော အမူအရာဖြင့် ဆိုးယုတ်အငွေ့အသက်ထဲသို့ ဝင်ရောက်လိုက်၏။ သူ၏ အော်ရာကို အာရုံခံမိသွားပြီး ဆိုးယုတ်အငွေ့အသက်များက အလိုလိုနောက်ဆုတ်သွားကြလေသည်။

မမျှော်လင့်ထားစွာဖြင့် သူတို့နှစ်ယောက်သည် လမ်းတစ်လျှောက်တွင် မည်သည့်အဟန့်အတားကိုမှ မကြုံတွေ့ခဲ့ရပေ။

သိပ်မကြာမီ ရှေ့မလှမ်းမကမ်းရှိ သိပ်သည်းသော ဆိုးယုတ်အငွေ့အသက်များအတွင်းတွင် ပြွတ်သိပ်နေသော အဆောက်အအုံများကို တွေ့မြင်လိုက်ရလေသည်။

သံသယရှိစရာမလိုအောင်ပင် အဲ့ဒါက ဂူဂိုဏ်းဖြစ်လေသည်။ တောင်ကုန်းဂိတ်တံခါးရှေ့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သွေးနီရောင်မီးတောက်နွယ်လိမ်မီးအိမ်ကို ရုပ်သိမ်းကာ ခဏမျှရပ်တန့်လိုက်လေသည်။ သူက မဆင်မခြင်ဝင်ရောက်ခြင်း မရှိပေ။

စုန်းဂူကပ်ဘေးသည် တာအိုသက်ရှိ တစ်ကိုယ်တော်ဝိညာဥ်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း ဤကိစ္စတွင် ဂူဂိုဏ်းက မည်သည့်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေလည်း သူသေချာမသိပေ။

“ကျုပ်က တာအိုသက်ရှိ အထီးကျန်သိုင်းသခင်ပဲ... ကျုပ်က အရေးကြီးတဲ့ကိစ္စတစ်ခုရှိတဲ့အတွက် ဂူဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆီကို လာလည်တာ”

ဆူဇီမိုက သူ၏အသက်ရှုသံကို ထိန်းညှိပြီး ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

သူ၏ အသံက ရှင်းလင်း၍ တည်ငြိမ်နေပြီး ဂိုဏ်း၏ တစ်ထောင့်တစ်နေရာမကျန် ​ပျံ့နှံ့သွားခဲ့လေသည်။

တောင်ကုန်းဂိတ်တံခါးတစ်ခုလုံးက မည်သည့်တုံ့ပြန်မှုမှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်ကြုတ်လိုက်လေသည်။

တောင်ကုန်းဂိတ်တံခါးသည် ဆိုးယုတ်အငွေ့အသက်များအတွင်းမှာ တည်ရှိပြီး ထူးဆန်းမှုများနှင့် ပြည့်နှက်နေလေသည်။

အဲ့ဒီမှာ တောင်ကုန်းဂိတ်တံခါးကို စောင့်ကြပ်နေသည့် မည်သည့်ကျင့်ကြံသူမှ မရှိသည့်အပြင် အပြင်ဘက်ကနေ သူအော်ခေါ်ပြီးတာတောင် မည်သူကမှ ထွက်မလာခဲ့ပေ။ အရာရာတိုင်းက မကောင်းဆိုးဝါးဆန်စွာ တိတ်ဆိတ်နေလေသည်။

ညဝိညာဥ်က နှာခေါင်းတစ်ချက်ရှုံ့ပြီး ရုတ်တရက်ပြောလိုက်လေသည််။

“အဲ့ဒီမှာ ဘယ်လူသားမှ မရှိဘူး..”

“ဟမ်...”

ဆူဇီမိုသည် အဲ့ဒါကို တကယ်ပင် နားမလည်ပေ။ သူက မေးမြန်းမည်ပြုစဥ်မှာပင် တောင်ကုန်းဂိတ်တံခါးအတွင်းကနေ ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် ပေါ်ထွက်လာပြီး လျှောက်လှမ်းလာခဲ့လေသည်။

သိပ်မကြာမီ ထိုကျင့်ကြံသူက သူတို့ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူက အဖြူရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ကျင့်ကြံမှုက မူလနတ္ထိအဆင့်မှာ ရှိလေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူက သူတို့နှစ်ယောက်ကို ချိန်ဆကြည့်ပြီး ပြောလိုက်လေသည်။

“ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ...”

ထိုသို့ပြောပြီးသည်နှင့် အဖြူရောင်ဝတ်ကျင့်ကြံသူက အရင်ဆုံး လှည့်ထွက်သွားလေသည်။

ဆူဇီမိုသည် မျက်ခုံးတစ်ချက်ပင့်ပြီး သူ၏ခံစားချက်က ပို၍ပင် ရှုပ်ထွေးလာခဲ့လေသည်။

ဂူဂိုဏ်းသည် သူတို့ကို ကြိုဆိုဖို့အတွက် မူလနတ္ထိတစ်ယောက်ကို စေလွှတ်ပေးသည်မှာ ထူးဆန်းလေသည်။

ပို၍ထူးဆန်းသည်မှာ အဖြူရောင်ဝတ်ကျင့်ကြံသူသည် သူတို့၏ရည်ရွယ်ချက်နှင့် သရုပ်သကန်ကိုပင် မေးမြန်းစုံစမ်းခြင်းမရှိပေ။ ထိုအစား သူက ဂိုဏ်းဆီသို့ သူတို့ကို တိုက်ရိုက်ပင်ဖိတ်ခေါ်ခဲ့လေသည်။

အဲ့ဒါက အဓိပ္ပါယ်သိပ်မရှိပေ...။

တကယ်တော့ ဂူဂိုဏ်းသည် ဤနှစ်များအတွင်း ကျင့်ကြံရေးလောကနှင့် အဆက်ပြတ်နေပြီး ထူးဆန်းသော လောကဝတ်တချို့ရှိသည်မှာ နားလည်လက်ခံ၍ ရနိုင်လေသည်။

ဆူဇီမိုနှင့် ညဝိညာဥ်သည် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ နောက်ကနေ လိုက်ပါသွားကြလေသည်။

သိပ်မကြာမီ သူတို့နှစ်ယောက်က ခန်းမတစ်ခုထဲသို့ ဝင်ရောက်လိုက်ကြလေသည်။

လမ်းတစ်လျှောက်တွင် သူတို့သည် မည်သည့်ဂူသခင်ကိုမှ မတွေ့မြင်ခဲ့ကြပေ။

ဂူဂိုဏ်းရှိ ဂူသခင်များအားလုံးက ပုန်းကွယ်နေသည့်အလားပင်။

“ကျေးဇူးပြုပြီး ခဏလောက် ထိုင်စောင့်ကြပါဦး...”

အဖြူရောင်ဝတ်ကျင့်ကြံသူက သူ့ဘေးတွင်ရှိသော ထိုင်ခုံများကို လက်ညိုးထိုးပြပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။

“ကျုပ်က ခင်ဗျားတို့နှစ်ယောက်အတွက် လက်ဖက်ရည်တစ်အိုး သွားတည်လိုက်ဦးမယ်”

သူ့ဘေးရှိ ထိုင်ခုံများကိုကြည့်ရင်း ညဝိညာဥ်က သူ၏နှုတ်ခမ်းကို စုဝိုင်းကာ ဘာစကားမှ မပြောဘဲ ထိုင်ချလိုက်လေသည်။

အဖြူရောင်ကျင့်ကြံသူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့၏။

သို့သော်လည်း ဆူဇီမိုက လုံးဝလှုပ်ရှားခြင်းမရှိပေ။ သူသည် နေရာမှာပင် မတ်တတ်ရပ်ပြီး သူ၏မျက်လုံးကို မှေးကျဥ်းကာ တစ်စုံတစ်ရာကို ဖော်ထုတ်ချသည့်အလား အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာကို ငေးကြည့်နေလေသည်။

“တာအိုရောင်းရင်း...ခင်ဗျားက ဘာလို့မထိုင်တာလဲ...”

အဖြူရောင်ဝတ်ကျင့်ကြံသူက သာမန်ကာလျှံကာလေသံဖြင့် မေးလိုက်လေသည်။

“ကျုပ်က မထိုင်ရဲလို့ပါ...”

ဆူဇီမိုက ပြန်ဖြေလိုက်လေသည်။

သူက ထိုင်ခုံများပေါ်တွင် ဘာရှိသည်ကို မပြောနိုင်သော်လည်း သူက ထိုင်မည်ပြုစဥ်မှာပင် သူ၏အာရုံခံသတိစိတ်က သူ့ကို သတိပေးလာခဲ့၏။

ညဝိညာဥ်သည်လည်း အဲ့ဒါကို သေချာပေါက်အာရုံခံမိမည်ဆိုတာကို သူသိထားသောကြောင့် ဆူဇီမိုက ညဝိညာဥ်ကို တားဆီးခဲ့ခြင်း မရှိပေ။

ထိုကဲ့သောနည်းလမ်းများက ညဝိညာဥ်အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် ယခုအချိန်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး သူက အနည်းငယ်ပို၍ သတိထားရ​လေသည်။

အဖြူ​ရောင်ဝတ်ကျင့်ကြံသူသည် သူ့ကိုထပ်မံ၍ မဖျောင်းဖျတော့ဘဲ လက်ဖက်ရည်ကျိုဖို့ လှည့်ထွက်သွားလေသည်။ သိပ်မကြာမီ ပြင်းထန်သောရနံ့နှင့်အတူ အငွေ့တထောင်းထောင်းထနေသော လက်ဖက်ရည်နှစ်ခွက်က စားပွဲပေါ်သို့ ရောက်ရှိလာခဲ့လေသည်။

ဆူဇီမိုက တစ်ချက်ကြည့်လိုက်၏။

လက်ဖက်ရည်သည် သင်းပျံ့သောရနံ့နှင့်အတူ စိမ်းစိုကြည်လင်နေ၏။ လက်ဖက်ရည်ထဲတွင် လွင့်မျောနေသော လက်ဖက်ရွက်အချို့ပင်ရှိပြီး အဲ့ဒါက တကယ့်ကို လက်ဖက်ရည်ကောင်းတစ်ခွက်ဖြစ်လေသည်။

သူက ထိုအထဲမှာ မည်သည့်အရာကိုမှ မမြင်ရပေ။ သို့သော်လည်း ဤလက်ဖက်ရည်က မသောက်သုံးသင့်သည်ကို သူသိထားလေသည်။

ညဝိညာဥ်က အဲ့ဒါကို တစ်ချက်ကြည့်ပြီး လက်ဖက်ရည်ခွက်ကိုမကာ တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်လေသည်။ အဲ့ဒီနောက် သူက အာသာမပြေသေးဟန်ဖြင့် သူ၏နှုတ်ခမ်းကို သပ်လိုက်လေသည်။

ထိုသည်ကိုမြင်သောအခါ အဖြူရောင်ဝတ်ကျင့်ကြံသူသည် ပြုံးချင်သည့်အလား သူ၏မျက်နှာက မသိမသာလှုပ်ရှားသွားလေသည်။ ဆူဇီမိုသည် ဘာမှားနေသည်ကို နောက်ဆုံးမှာ နားလည်သွားလေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာက တောင့်တောင့်တင်းတင်းဖြစ်နေပြီး သူ၏အကြည့်က အသက်မပါဘဲ ထုံထိုင်းနေလေသည်။

စောစောက အပြုံးကတင် သဘာဝမဆန်ဘဲ အလွန်တရာမကောင်းဆိုးဝါးဆန်နေလေသည်။

“ငါတို့က ဒီကိုအလည်လာခဲ့ကြတာ... မင်းက ဘာလို့ ငါတို့ကို ထိခိုက်အောင် လုပ်ချင်ရတာလဲ”

​ဆူဇီမိုက အေးစက်စက်အမူအရာဖြင့် အဖြူရောင်ဝတ်ကျင့်ကြံသူကို စိုက်ကြည့်လိုက်လေသည်။

အဲ့ဒီမှာ ဓားများဆေဘာများဖြင့် ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း မရှိသော်လည်း အဖြူရောင်ဝတ်ကျင့်ကြံသူသည် သူတို့ကို နှစ်ကြိမ်ဆင့်၍ တိုက်ခိုက်ခဲ့လေသည်။ အဲ့ဒါက ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို နိုးထလာစေခဲ့လေသည်။

“မင်းက ဉာဏ်လည်းကောင်းတယ်... သတိလည်းကြီးတာပဲ...”

အဖြူရောင်ဝတ်ကျင့်ကြံသူက သူ၏ခေါင်းကို စောင့်ငဲ့လိုက်ပြီး သူ၏မျက်နှာက သူ၏ပုခုံးနှင့် ထိလုမတတ်ဖြစ်ကာ အလွန်တရာထူးဆန်းနေလေသည်။

“ကံမကောင်းစွာနဲ့ပဲ မင်းရဲ့သူငယ်ချင်းကတော့... တော်တော်​လေးနမော်နမဲ့နိုင်တာပဲ..”

အဖြူရောင်ဝတ်ကျင့်ကြံသူက ညဝိညာဥ်ကို လှောင်ပြောင်သရော်လိုသောအကြည့်ဖြင့် လှည့်ကြည့်ပြီး ဆက်ပြောလိုက်လေသည်။

“မင်းထိုင်တဲ့ထိုင်ခုံပေါ်မှာ အရိုးတိုက်စား ဂူကောင်တစ်ကောင်ကို မြှုပ်နှံထားတယ်...”

“အဲ့ဒီဂူကောင်က မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာနဲ့... အဲ့ဒါက မင်းရဲ့ အရိုးတွေအကုန်လုံးကို အရည်ပျော်ကျသွားစေလိမ့်မယ်...”

“အို... ဟုတ်ရဲ့လား...”

ညဝိညာဥ်က စိတ်လှုပ်ရှားသွားခြင်းမရှိပေ။ အဖြူရောင်ဝတ်ကျင့်ကြံသူကိုပင် လှည့်မကြည့်ဘဲ သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်နှင့် ကစားနေလေသည်။

အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်လုံးထဲရှိ လှောင်ပြောင်သရော်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး သူက ပြောလိုက်လေသည်။

“လက်ဖက်ရည်ထဲမှာတော့ ဘာဂူကောင်မှ မရှိဘူး... ဒါပေမယ့်လို့ လက်ဖက်ရည်ခွက်ထဲမှာတော့ ဂူကောင်တချို့ ထည့်ထားတယ်... အဲ့ဒါက သာမန်မျက်လုံးနဲ့ ခွဲခြားသိနိုင်ဖို့ ခက်ခဲတယ်...”

“မင်းက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်တဲ့ အချိန်မှာပဲ ဂူကောင်တွေက မင်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြီ...”

အဖြူရောင်ဝတ်ကျင့်ကြံသူက စိတ်ကျေနပ်နေသည့် ပုံစံဖြင့် ပြုံးပြဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားလိုက်လေသည်။

သို့သော်လည်း သူ၏မျက်နှာက တောင့်တင်းနေပြီး တစ်မူထူးခြားနေ၏။

“ဟုတ်လှချေလား”

ညဝိညာဥ်က သွားဖြီးပြလိုက်လေသည်...။

ဂူကောင်များသည် ညဝိညာဥ်၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က ဝင်ရောက်နိုင်ခဲ့လျှင်တောင် ညဝိညာဥ်၏ ကြောက်စရာကောင်းသော သွေးချီဖြင့် ချက်ချင်းပင် သတ်ဖြတ်ခံရပေလိမ့်မည်။

“ဟမ်....”

အဖြူရောင်ဝတ်ကျင့်ကြံသူက အံအားတသင့်ရေရွတ်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို နောက်ဆုံးမှာ နားလည်သွားလေသည်။ သူက ညဝိညာဥ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“မင်းကဘာလို့... အခုထိ မသေသေးတာလဲ...”

ထိုစဥ်မှာပင် ဆူဇီမို၏မျက်လုံးက ဝင်းလက်သွားပြီး အဖြူရောင်ကျင့်ကြံသူကို စိုက်ကြည့်ကာ ခေါင်းခါလိုက်လေသည်။

“မင်းက လူမဟုတ်ဘူး...”

သူစကားမဆုံးသေးခင်မှာပင် ညဝိညာဥ်၏ ပုံရိပ်က ဖျပ်ခနဲလှုပ်ရှားသွားပြီး အဖြူရောင်ကျင့်ကြံသူ၏ရှေ့သို့ ရောက်ရှိသွားလေသည်။ သာမန်လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အဖြူ​ရောင်ဝတ်ကျင့်ကြံသူ၏ ဦးခေါင်းက အပိုင်းပိုင်းကွဲထွက်သွားလေသည်။

အဲ့ဒါသည် သာမန်ကျင့်ကြံသူများသာဆိုလျှင် သူတို့၏ ဦးခေါင်းက ကြေမွပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရသည်နှင့် သူတို့က ချက်ချင်းသေဆုံးသွားပေလိမ့်မည်။

သို့သော်လည်းအဖြူရောင်ဝတ်ကျင့်ကြံသူ၏ ဦးခေါင်းက ကြေမွသွားတာတောင် သူ၏ခန္ဓာကိုယ်ထဲကနေ ပိုမိုသန်မာသော အသက်ဓာတ်အားတစ်ခုက ထိုးထွက်လာခဲ့လေသည်။

ဖောင်း...

ရုတ်တရက်.. အဖြူရောင်ဝတ်ကျင့်ကြံသူ၏ ကျိုးပြတ်သွားသော လည်ပင်းကနေ အနက်ရောင်အရိပ်တစ်ခုက ဆန့်တန်းထွက်လာခဲ့၏။ ၎င်းက ညှီစို့စို့အနံ့တစ်ခုဖြင့် ဟောင်ထွက်နေပြီး ကြောက်စရာကောင်းသော အမူအရာတစ်ခုရှိကာ ညဝိညာဥ်ကို ဝါးမျိုဖို့အတွက် ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကို ဖွင့်ဟလိုက်လေသည်။

All Chapters