အသွေးအသားရွှံ့ညွန်တော
Vol. 75 Ch. 1125
ဆူဇီမိုသည် ဘေးကနေ ဂရုတစိုက် စောင့်ကြည့်လိုက်လေသည်။ အဲ့ဒါက မဟူရာသွေးဂူတစ်ကောင် ဖြစ်လေသည်။ သို့သော်လည်း ဤမဟူရာသွေးဂူသည် သူ့အရင်က တွေ့မြင်ခဲ့ဖူးသောအရာနှင့် လုံးဝမတူ ကွဲပြားလေသည်။
ဤတစ်ကောင်က ရင့်သန်နေခဲ့လေပြီ။
၎င်းဖြာထုတ်ပေးသောအော်ရာက မူလနတ္ထိတစ်ယောက်ထက် သေချာပေါက်အားမနည်းပေ။
အခြားသော ကျင့်ကြံသူများသာဆိုလျှင် ထိုကဲ့သို့ မထင်မှတ်ထားသည့် ဖြစ်ရပ်မှာ သူတို့က ပျာပျာသလဲဖြစ်သွားကြပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင် မဟူရာသွေးဂူသည် ညဝိညာဥ်နှင့် ရင်ဆိုင်နေရလေသည်။
ညဝိညာဥ်၏အကြည့်က အေးစက်နေပြီး သူ၏အမူအရာက လုံးဝပြောင်းလဲသွားခြင်းမရှိပေ။ သူက သူ၏လက်ကိုလွှဲယမ်းပြီး ယခုတင် ပေါ်ထွက်လာသော မဟူရာသွေးဂူကို ဖိချေပစ်ရိုက်လိုက်၏။
ဖောင်း...
အနက်ရောင်သွေးများက ပြန့်ကျဲသွားလေသည်။
မူလနတ္ထိအဆင့် မဟူရာသွေးဂူတစ်ကောင်က သေဆုံးသွားခဲ့လေပြီ။
တကယ်တော့ အဖြူရောင်ဝတ်ကျင့်ကြံသူသည် သေဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို တကယ်တမ်းထိန်းချုပ်ထားသူမှာ သူ့ခန္ဓာကိုယ်ထဲရှိ မဟူရာသွေးဂူဖြစ်လေသည်။
ထို့ကြောင့်ပင် အဖြူရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာက တောင့်တင်း၍ သူ၏အကြည့်က ထုံထိုင်းနေခြင်းဖြစ်လေသည်။ သူ၏အပြုအမူနှင့် အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ကြားမှာ ကြီးမားသော ကွာဟချက်တစ်ခုရှိလေသည်။
ရုတ်တရက်... ဆူဇီမိုက ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွား၏။
ရွှစ်...
ထိုစဥ်မှာပင် အဝတ်စလှုပ်ခတ်သံများကို ကြားလိုက်ရလေသည်။
အဲ့ဒီနောက် ချက်ချင်းပင် များစွာသောကျင့်ကြံသူများက ခန်းမထဲသို့ ဝင်ရောက်လာပြီး ဆူဇီမိုနှင့် ညဝိညာဥ်ကို ဝိုင်းပတ်လိုက်ကြလေသည်။ သူတို့အားလုံးက ရန်လိုနေသော အမူအရာနှင့် သတ်ဖြတ်လိုစိတ်များ ရှိနေကြလေသည်။
ဆူဇီမိုက သူ၏ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်လေသည်။
ထိုကျင့်ကြံသူများ၏ မျက်နှာများက တောင့်တောင့်တင်းတင်းဖြစ်နေပြီး စောစောက အဖြူရောင်ဝတ်ကျင့်ကြံသူနှင့် မခြားနားကြပေ။
သံသယရှိသရာမလိုအောင်ပင် ဤကျင့်ကြံသူများက သေဆုံးသွားခဲ့ကြပြီးလေပြီ...။ သူတို့သည် ဤနေရာသို့ ပြေးလာနိုင်ရသည့် အကြောင်းရင်းမှာ သူတို့ခန္ဓာကိုယ်ထဲရှိ ဂူပိုးကောင်များက သူတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ်ထားသောကြောင့်ဖြစ်လေသည်။
ညဝိညာဥ်က အတည်ပြုလိုသောအကြည့်ဖြင့် ဆူဇီမိုကို ကြည့်လိုက်လေသည်။
“သူတို့အားလုံးကို သတ်မယ်...”
ဆူဇီမိုက အေးစက်စွာဖြင့်ပြောလိုက်လေသည်။
“ဂူဂိုဏ်းမှာ အပြောင်းအလဲတစ်ခု ဖြစ်နေပြီ....”
ညဝိညာဥ်၏ ပုံရိပ်က ဖျပ်ခနဲလှုပ်ရှားသွားပြီး သူက လူအုပ်ထဲသို့ တိုးဝင်သွားလေသည်။ သူဖြတ်သွားရာနေရာတိုင်း ကျင့်ကြံသူတိုင်းက သေဆုံးသွားပေလိမ့်မည်။
အတိအကျဆိုရလျှင်... ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲရှိ ဂူကောင်များက သေဆုံးရပေလိမ့်မည်။
ဆူဇီမိုထင်မှတ်ထားသည့်အတိုင်းပင်... ဤကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှာ ဂူပိုးကောင်များက ပုန်းကွယ်နေကြလေသည်။ အဲ့ဒီမှာ မဟူရာသွေးဂူများသာမက သူဘယ်တုန်းကမှ မမြင်ဖူး မကြားဖူးသော အခြားသော ဂူပိုးကောင်များလည်း ရှိနေကြလေသည်။
ဤဂူပိုးကောင်များအားလုံးက စွမ်းအားကြီးသော အော်ရာများရှိကြလေသည်။
သူတို့ထဲမှ အများစုသည် နိုးထဝိညာဥ် အဆင့်နှင့် မူလနတ္ထိအဆင့်များ ဖြစ်ကြလေသည်။
သူတို့ကြားထဲတွင် ဓမ္မဝိသေသဂူပိုးကောင်အချို့ပင်လျှင် ပါရှိလေသည်။ သို့သော်လည်း ညဝိညာဥ်၏ သတ်ဖြတ်စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ထိုဂူပိုးကောင်များက အားနည်းနေဆဲ ဖြစ်လေသည်။
ဆူဇီမိုကလည်း လူအုပ်ထဲသို့ တိုးဝင်လိုက်၏။
သူသည် အခြားမည်သည့်ဓမ္မပညာရပ်ကိုမှ အသုံးမပြုဘဲ သွေးနီရောင်မီးတောက်နွယ်လိမ်မီးအိမ်ကိုသာ လှည့်ပတ်လိုက်လေသည်။ အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုမီးများက သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ လှည့်ပတ်လာခဲ့၏။
မီးတောက်များနှင့် ထိတွေ့မိသော မည်သည့်ဂူပိုးကောင်မဆို သိပ်မကြာမီ လောင်ကျွမ်းသေဆုံးသွားရပေလိမ့်မည်။
နိုးထဝိညာဥ် ဂူပိုးကောင်တစ်ကောင်က တာအိုမီးနှင့် အနည်းငယ်ထိတွေ့မိလျှင် ၎င်းသည် ချက်ချင်းပင်ပြာအဖြစ်သို့ လောင်ကျွမ်းသွားပေလိမ့်မည်။
ဂူပိုးကောင်များ အကြောက်ဆုံးစွမ်းအားသည် မီးဖြစ်ကြောင်း ရှောင်းနင်က သူ့ကိုပြောဖူးလေသည်။
သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်မှ ဆူဇီမိုကျင့်ကြံထားသော မီးတောက်များသည် အလွန်တရာကြောက်စရာကောင်းသော သေစေနိုင်စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။ ရှေးကျ၍ ဆိတ်သုန်းပျောက်ကွယ်သွားပြီးဖြစ်သော ဂူပိုးကောင်အချို့ပင် အဲ့ဒါကို ခံနိုင်ရည် မရှိပေ။
ညဝိညာဥ်၏ သတ်ဖြတ်ခြင်းနည်းလမ်းများက အရမ်းကို ထက်ရှလေသည်။ သို့သော်လည်း ဤတိုက်ပွဲတွင် ဂူပိုးကောင်များအပေါ် သူကိုင်တွယ်နိုင်သော ပျက်စီးထိခိုက်မှုက တာအိုမီးသုံးခုကို မယှဥ်နိုင်ပေ။
ဆူဇီမိုသည် သွေးနီရောင်မီးတောက်နွယ်လိမ်မီးအိမ်အပေါ် မှီခိုပြီး လူအုပ်ထဲသို့ ပြေးဝင်ကာ သိပ်မကြာမီ နေရာလွတ်တစ်ခုရလာအောင် ရှင်းလင်းလိုက်၏။ သူ၏ လမ်းတစ်လျှောက်တွင် မည်သည့်ဂူပိုးကောင်ကမှ မရပ်တည်နိုင်ကြပေ။
ဓမ္မဝိသေသဂူပိုးကောင်များသာလျှင် အဲ့ဒါကို ခုခံနိုင်ကြလေသည်။
သို့သော်လည်း ထိုဓမ္မဝိသေသဂူပိုးကောင်များက ဆူဇီမိုကို မခြိမ်းခြောက်နိုင်ခင်မှာပင် ညဝိညာဥ်က သူတို့အနားသို့ ချည်းကပ်ပြီး သူတို့ကို သတ်ဖြတ်ပစ်လိုက်၏။
ခန်းမထဲရှိ အပူချိန်က ဆက်တိုက်မြင့်တက်လာခဲ့လေသည်။
ခဏနေပြီးနောက် တာအိုမီးသုံးခုသည် ဆက်လက်၍လောင်ကျွမ်းနေပြီး ခန်းမကို ထောက်ကန်ပေးထားသော ကျောက်တိုင်များစွာကို အရည်ပျော်ကျလာစေ၏။
ခန်းမက သိပ်မကြာခင် ပြိုကျသွားလေသည်။
ဖုန်မှုန့်များက ပျက်ပြယ်သွားသောအခါ ဆူဇီမိုနှင့် ညဝိညာဥ်က မည်သည့်သက်ရောက်မှုမှ မရှိဘဲ အပျက်အဆီးပုံထဲမှာ မတ်တတ်ရပ်နေကြ၏။
ဆူဇီမိုသည် တစ်ချက်လှမ်းမျှော်ကြည့်ပြီး သူ၏အမူအရာက ပြောင်းလဲသွားလေသည်။
မရေမတွက်နိုင်သော ဂူသခင်များသည် ခန်းမ၏ပတ်လည်မှာ စုဝေးနေကြပြီး သူတို့က အနည်းဆုံး သိန်းနှင့်ချီ၍ ရှိလေသည်။
ဂူသခင်များကြားတွင် သူတို့၏ ကျင့်ကြံမှုအဆင့်က အမျိုးမျိုးကွဲပြားကြလေသည်။ အဲ့ဒီမှာ ချီစုဖွဲ့စစ်သည်တော် ၊ အခြေတည်အဆင့်ကျင့်ကြံသူ ၊ ရွှေအမြုတေ ၊ နိုးထဝိညာဥ်နှင့် မူလနတ္ထိများရှိကြလေသည်။
ဂူဂိုဏ်းကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းအနေဖြင့် ဤကဲ့သို့သော အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်ထားသည်မှာ အံ့အားသင့်စရာမကောင်းပေ။
ဆူဇီမိုကို တကယ်တမ်း တုန်လှုပ်သွားစေသည်မှာ ဂူသခင်များ၏ မျက်နှာပေါ်မှာ မည်သည့်အမူအရာမှ မတွေ့မြင်ရခြင်းဖြစ်လေသည်။
သူတို့အားလုံးက တောင့်တင်းနေသော မျက်နှာနှင့် ထုံထိုင်းနေသော အကြည့်များ ရှိကြလေသည်။
ဤဂူသခင်များသည် သေဆုံးသွားကြပြီဖြစ်ပြီး ဂူပိုးကောင်များ၏ ထိန်းချုပ်ခြင်းကိုခံရကာ သူတို့သည် ဖုတ်ဝင်နေသော အလောင်းကောင်များကဲ့သို့ ဖြစ်နေလေသည်။
သူတို့သည် ဂူများကို မွေးမြူခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ သူတို့ကိုယ်တိုင် ပြန်လည်ဝါးမျိုခံခဲ့ရလေသည်။ ဂူပိုးကောင်များက သူတို့၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူတို့ကို ကျွန်အဖြစ်ပြောင်းလဲပစ်လိုက်လေသည်။
အဲ့ဒါက အတော်လေးကို ကြောင်တိကြောင်တောင်နိုင်လေသည်။
ဖောင်း.. ဖောင်း.....ဖောင်း...
ရုတ်တရက် ဤဂူသခင်များ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားပြီး အမျိုးမျိုးသောအရောင်များဖြင့် ဂူပိုးကောင်များက တစ်ကောင်ပြီးတစ်ကောင် တွားသွားပြီး ထွက်လာကြလေသည်။
ဂူပိုးကောင်တစ်ကောင်ချင်းစီသည် ဆိုးယုတ်၍ ကြောက်စရာကောင်းနေပြီး သူတို့၏ အရုပ်ဆိုးသော ခန္ဓာကိုယ်များကို တွန့်လိမ်ကာ ပုပ်အက်အက်အနံ့များကို ဖြာထွက်နေစေ၏။
သိန်းနှင့်ချီသော ဂူသခင်များ၏ ခန္ဓာကိုယ်များသည် ကြေမွသွားပြီး သွေးများက မြစ်များကဲ့သို့ စီးဆင်းလာလေသည်။ တောင်တန်းများနှင့် မြေပြင်က အသွေးအသားများနှင့် ဖုံးအုပ်သွားပြီး ရွှံ့ညွန်တောတစ်ခုအဖြစ် ပြောင်းလဲသွားပြီထင်ရကာ ဆူဇီမိုနှင့် ညဝိညာဥ်ဆီသို့ တုတ်လှုပ်ချောက်ချားစရာပုံစံဖြင့် တလိပ်လိပ်တိုးဝင်လာကြလေသည်။
နေရာတစ်ခုလုံးက သွေးနံ့ဖြင့် ဟောင်ထွက်နေလေသည်။
သွေးချီ၏ လွှမ်းခြုံမှုအောက်တွင် ဆိုးယုတ်ချီများက လေထဲမှာ ပြည့်နှက်နေပြီး တာအိုမီးသုံးခုပင်လျှင် တဖျပ်ဖျပ်ဖြစ်ကာ မှုန်ဝါးလာခဲ့လေသည်။
သိန်းနှင့်ချီသော ဂူပိုးကောင်များကို အသွေးအသားရွှံ့ညွန်တောထဲမှာ ဝိုးတဝါးမြင်နိုင်ပြီး ကြည့်မိသူကို ခေါင်းနပန်းကြီးသွားစေနိုင်၏။
နောက်ဆုံးမှာတော့ ဤနေရာကို ဘာ့ကြောင့် ဂူတစ်သောင်းရွှံ့ညွန်တောဟုခေါ်လဲ ဆူဇီမိုက နားလည်သွားခဲ့လေသည်။
သိန်းနှင့်ချီသော ဂူပိုးကောင်များက မြောက်ပိုင်းဒေသသို့ ဝင်ရောက်လာလျှင် မည်သို့သော ကပ်ဘေးအမျိုးအစားကို ဖြစ်ပေါ်လာစေမလဲ တွေးကြည့်ဖို့ပင် ခက်ခဲလေသည်။
ထိုအချိန်ကျလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး အပေါ်သို့ ဖြည်းဖြည်းချင်း ကြွတက်လိုက်လေသည်။ သူ၏အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်ပြီး သူ၏ဘေးတွင်လှည့်ပတ်နေသော တာအိုမီးများ၏ အပူချိန်ကလည်း မြင့်တက်လာခဲ့လေသည်။
မဟူရာသွေးဂူတစ်ကောင်ကပင်လျှင် မြောက်ပိုင်းဒေသမှာ ကပ်ဘေးတစ်ခုကို ဖြစ်ပေါ်စေဖို့ လုံလောက်လေသည်။ သူက ဤဂူပိုးကောင်များကို ရှင်သန်ခွင့်ပေးစရာအကြောင်းမရှိပေ။ သူတို့အားလုံးကို သတ်ရပေမည်။
အဲ့ဒါက ဆူဇိမိုစဥ်းစားမိသော တစ်ခုတည်းသော အဖြေဖြစ်လေသည်။
“လောင်ကျွမ်းလိုက်စမ်း....”
ဆူဇီမိုက အင်မော်တယ်တာအိုမီး ၊ ဗုဒ္ဓတာအိုမီးနှင့် မိစ္ဆာတာအိုမီးတို့ကို အတူတကွစုစည်းပြီး သမာဓိတာအိုမီးဖြစ်လာစေကာ ၎င်းကို အသွေးအသားရွှံ့ညွန်တောထဲသို့ ပစ်ထုတ်လိုက်လေသည်။
ရွှစ်...
ဒေါသူပုန်ထနေသော မီးတောက်များက တဟုန်းဟုန်းတောက်လောင်လာလေသည်။
အသွေးအသားရွှံ့ညွန်တောက ဘယ်လောက်ပင် သန်မာပါစေ ၎င်းက သမာဓိတာအိုမီးကို မငြိမ်းသတ်နိုင်ပေ။ ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်ကို အကန့်အသတ်ထိ တွန်းတင်လိုက်၏။
သမာဓိတာအိုမီး၏ သက်ရောက်မှုဧရိယာက ဖြန့်ကြက်သွားပြီး အဆက်မပြတ်လောင်ကျွမ်းလာခဲ့လေသည်။
သမာဓိတာအိုမီး လောင်ကျွမ်းရာနေရာတိုင်းတွင် အသွေးအသားရွှံ့ညွန်တောက ခမ်းခြောက်သွားပြီး ခြောက်သွေ့အက်ကွဲသော ရွှံ့ခဲများအဖြစ် ပြောင်းလဲသွားလေသည်။
မရေမတွက်နိုင်သော ဂူပိုးကောင်များသည် သမာဓိတာအိုမီးအောက်မှာ ဆိုးဆိုးဝါးဝါးအော်ဟစ်၍ ပြာအဖြစ် လောင်ကျွမ်းကုန်ကြ၏။
ဆူဇီမိုသည် ထိန်ချန်ခြင်းမရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဥ်ကို အဆက်မပြတ်လှည့်ပတ်ကာ သမာဓိတာအိုမီးကို ပိုမိုတောက်ပစွာ လောင်ကျွမ်းလာစေခဲ့လေသည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးကို မီးတောက်များက လွှမ်းခြုံသွား၏။
သမာဓိတာအိုမီး၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ဓမ္မဝိသေသဂူပိုးကောင်များပင်လျှင် သိပ်ကြာကြာမခံနိုင်ပေ။
အချိန်ကြာလာသည်နှင့်အမျှ သမာဓိတာအိုမီးက ဆက်လက်၍ မဖြန့်ကြက်နိုင်တော့ပေ။
ဆူဇီမို၏ အမူအရာကလည်း ဖြူဖပ်ဖြူရော်ဖြစ်လာခဲ့လေသည်။
သမာဓိတာအိုမီးကို အဆက်မပြတ်ထုတ်ဖော်ခြင်းက သူ၏အမြုတေစိတ်ဝိညာဥ်အပေါ် အင်အားအမြောက်အမြားကို ကုန်ခမ်းစေလေသည်။
ထိုကဲ့သို့ အချိန်ကြာမြင့်စွာထုတ်ဖော်ပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခံစားလာရကာ သူ့အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားကလည်း လျင်မြန်စွာ ကုန်ခန်းလာခဲ့လေသည်။
ညဝိညာဥ်သည် ဆက်လက်၍တိုက်ခိုက်ခြင်းမရှိတော့ဘဲ ဆူဇီမို၏ ဘေးမှာစောင့်ကြပ်၍ ရပ်နေလေသည်။
သူက လှုပ်ရှားမှုပြုလုပ်မည်ဆိုလျှင်တောင် သူကိုင်တွယ်နိုင်သော ပျက်စီးထိခိုက်မှုက သမာဓိတာအိုမီးကို လုံးဝမယှဥ်နိုင်ပေ။
ဒါ့အပြင် ဆူဇီမိုက ယခုအချိန်မှာ သူ၏ခွန်အားကို အပြည့်အဝလှည့်ပတ်ထားရလေသည်။ ဤအချိန်က သူ၏အားအနည်းဆုံး အချိန်ဖြစ်ပြီး သူက စိတ်အာရုံပျက်ယွင်းဖို့ကို မတတ်နိုင်ပေ။ ထို့ကြောင့်ပင် ညဝိညာဥ်က မတော်တဆဖြစ်ရပ်များကို ကာကွယ်တားဆီးရန် အနီးနားမှာ စောင့်ကြပ်နေခြင်းဖြစ်လေသည်။
ဘာပဲပြောပြော ဤနေရာက မိစ္ဆာဒိဋ္ဌိ ၅ ဝါဒီထဲမှ တစ်ခုဖြစ်သော ဂူဂိုဏ်းဖြစ်လေသည်။
ညဝိညာဥ်သည် မြေအောက်အနက်ပိုင်းထဲမှာ ပိုမိုသန်မာသော သက်ရှိတစ်ကောင်က နိုးထလာသည်ကို ဝိုးတဝါး ခံစားမိနိုင်လေသည်။