အခန်း (၁၈)
Vol. 1 Ch. 18
Kelby ဆိုင်မှ Ace လျင်မြန်စွာ ထွက်ခွာလာခဲ့ပြီး အနီးနားမှ အဝတ်စားဆိုင်ဆီသို့ ဦးတည်လိုက်သည်။ ဤဆေးလုံးများက သာမန်မဟုတ်မှန်း သူသိပြီး ထိုအဖိုးအိုက ဤဆေးများကို အလွန်ဆိုးဆိုးရွားရွား လိုချင်နေ၏။
သို့သော်လည်း Ace ကို ကိုင်တွယ်ရန် မလွယ်ကူသည်ကို သိပြီးနောက်တွင် သူ၏အထက်မှပုဂ္ဂိုလ်များကို ထိုအကြောင်း တင်ပြပြီး လက်စားလာချေပေလိမ့်မည်။ ဤဆေးလုံးများကို သူ မရရှိနိုင်လျှင် Ace ကိုလည်း ပိုင်ဆိုင်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
Ace ၏ ခန့်မှန်းချက်သည် လုံးဝကို မှန်ပေသည်။ အကယ်၍ Matthew သာ Ace ကို အောင်မြင်စွာ လိမ်လည်နိုင်ခဲ့လျှင် မြို့မှ ထွက်သွားမည် ဖြစ်သည်။ ထိုဆေးနှစ်ပုလင်းသည် ပတ္တမြားဒင်္ဂါး ၁၀၀,၀၀၀နီးပါး တန်ကြေးရှိပြီး ကြယ်တစ်ပွင့်မြို့များတွင် လေလံတင်ခဲ့လျှင် ပို၍မြင့်သောဈေးကို ရရှိနိုင်ပေသည်။ ထိုနောက် ထိုမျှချမ်းသာမှုများဖြင့် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း Ace သည် Matthew ၏ လမ်းတွင်ဝင်ရှုပ်နေ၏။ သူက ကျင့်ကြံသူတစ်ယောက်လည်း မဟုတ်တာကြောင့် Ace ကို လက်စားချေရန်အတွက် ထိုအကြောင်းများကို Asher ကို ပြောပြရန်သာ တတ်နိုင်ပေသည်။
အဝတ်စားဆိုင်မှနေ၍ Ace ဝတ်ရုံရှည်တစ်စုံကို ဝယ်လိုက်ကာ ဝတ်ဆင်လိုက်သည်။ ထိုဆိုင်မှ ထွက်ခွာလာသည့်အချိန်တွင် အဖိုးအို Matthew နှင့် သူ့ဘေးတွင် လူသုံးယောက်ကို မြင်လိုက်ရပေသည်။
သူတို့က Ace ကို ကြည့်နေ၏။ အရပ်ရှည်ပြီး ကြွက်သားများနှင့် လူနှစ်ယောက်သည် Asher ၏ အစောင့်များဖြစ်ပြီး သူတို့နှစ်ယောက်ကြားတွင် Caleb သည် တိတ်တဆိတ်ရပ်နေသည်။
ထိုအစောင့်နှစ်ယောက်ဆီမှ အန္တရာယ်ရှိသော ခံစားချက်များ ရနေတာကြောင့် လျင်မြန်စွာ နောက်လှည့်၍ ငြိမ်သက်စွာ ထွက်ခွာသွားလိုက်သည်။ Matthew ၏ မျက်လုံးများက သိန်းငှက်တစ်ကောင်လိုဖြစ်ပြီး Ace ၏ ဝတ်ရုံရှည်အသစ်နှင့်ပင် သူ့ကို မှတ်မိနေပါသေးသည်။ သူ့ဆီမှ ဆေးများပြန်ယူသွားခဲ့သော လူလည် Ace ကို သူဘယ်လိုမေ့နိုင်ပါလိမ့်မလဲ။
“အဲ့တစ်ယောက်က အပြာရောင် ဝတ်စုံရှည်နဲ့ ကောက်ရိုးဦးထုပ်ရှည်ကို ဆောင်းထားတယ်။ အဲ့တာသူပဲ။ မြန်မြန်လိုက်ကြ။ သူထွက်ပြေးသွားပြီ!” Matthew သည် အချက်ပေးသံဖြင့် အော်ဟစ်လိုက်သည်။
‘ဒီဆိတ်အိုကြီး!!’ Ace လူအုပ်ကြားထဲ ပြေးလွှားရင်း Matthew ကို ဆဲဆိုလိုက်သည်။
ရွေးချယ်စရာမရှိဘဲ ယခု သူတိတ်ဆိတ်ခြေလှမ်းကို အသုံးပြုနေရသည်။ ယခုသည် နေ့အချိန်ဖြစ်ပြီး သူ၏ ကိုယ်ပျောက်စွမ်းရည်သည် ညအချိန်လို အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် တိတ်ဆိတ်ခြေလှမ်းပေါ်တွင်သာ မှီခိုနေရသည်။ တိတ်ဆိတ်ခြေလှမ်းကို အသုံးပြုလိုက်ပြီးနောက် သူလေကဲ့သို့မြန်ဆန်သွားကာ လူထုကြားထဲပျောက်ကွယ်သွားသည်။
“အဲသောက်ကလေးက ဘယ်ကိုရောက်သွားတာလဲ။” Caleb ဒေါသထွက်စွာ အော်လိုက်ရင်း အနီးနားတွင် Ace ၏ သဲလွန်စများကို လိုက်ရှာနေ၏။
“မသိဘူး။ သူကအရမ်းမြန်လွန်းတယ်။” Asher ၏ အစောင့်များထဲမှ တစ်ယောက်က ပြောလိုက်သည်။ သူသည် ဒုတိယတံခါးဖွင့်ပြီးသော ကျင့်ကြံသူဖြစ်ပြီး ဤအဖွဲ့ထဲတွင် စွမ်းအားအရှိဆုံးသူဖြစ်သည်။
“အရမ်းမြန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲဒီသောက်ကလေးက မင်းထက် ပိုပြီးသန်မာတယ်လို့ လာပြောနေတာလား။” Caleb ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့ဘဝသည် ဤအပေါ်တွင် မူတည်နေသည်။ Ace ကို ရှာမတွေ့ခဲ့လျှင် Asher ကို မကျေမနပ်ဖြစ်စေမည်ဖြစ်ပြီး ထိုအကျိုးဆက်ကို သူမတွေးကြည့်ရဲပေ။
“သူတစ်ကယ် ကျွန်တော်တို့ထက် ပိုသန်မာနေမှာ ကြောက်မိတယ်။ အနည်းဆုံး အမြန်နှုန်းမှာ သူကပိုသာတယ်။” နောက်ထပ် အစောင့်တစ်ယောက်က စိတ်ပျက်စွာ ပြောလိုက်သည်။ သူသည်လည်း Asher စိတ်ဆိုးမည်ကို မလိုချင်ပေ။
“အဲတော့ ငါတို့ဘာလုပ်ကြမလဲ။” သူတို့ထဲတွင် Ace စိတ်ပျက်အားငယ်သွားမည်ကို အမြင်ချင်ဆုံးသူသည် Matthew ပင် ဖြစ်သည်။ သို့သော်လည်း Ace က လေလို ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည့်အခါ ထိုဆေးများအကြောင်း Asher ကို ပြောပြခဲ့သည့် သူ၏ဆုံးဖြတ်ချက်ကို နောင်တရလာတော့သည်။ ထိုဆုံးဖြတ်ချက်က သူ့ကိုယ်သူအတွက် ဒုက္ခများသာ ယူဆောင်လာ၏။
“နေရာတစ်ခုလုံးကို လိုက်ရှာကြမယ်။ သူ့ကိုမရှာနိုင်ရင် ငါတို့သေပြီပဲ။” Caleb က ထိတ်လန့်စွာ ပြောလိုက်ပြီးနောက် သူတို့အားလုံး ရူးနေသော ခွေးများလို လိုက်ရှာကြတော့သည်။
Ace လမ်းကြိုလမ်းကြားထဲသို့ ရောက်ချိန်တွင် ပြေးနေသည်ကို ရပ်လိုက်သည်။ သူအလွန်ကို မောပန်းနေပြီ ဖြစ်သည်။ ထိုအဖိုးအိုနှင့်အဖွဲ့ဆီမှ လွှတ်မြောက်ရန်အတွက် တိတ်ဆိတ်ခြေလှမ်းကို သူအချိန်အတော်ကြာ အသုံးပြုလိုက်ရသည်။
‘ခင်ဗျားနဲ့ ကျွန်တော် မပြီးသေးဘူး။ စောင့်နေလိုက်။ သင်္ချိုင်းတစ်ခုက ဘယ်လောက်နက်လဲဆိုတာ ခင်ဗျားကို ပြပေးမယ်။’ အဖိုးအို Matthew ကို သူဆဲဆိုနေချိန်တွင် ရုတ်တရက် ဖောက်ထွင်းမြင်နိုင်သော အနက်ရောင်ဘောင်ကွက်က သူ့မျက်လုံးများရှေ့တွင် ပေါ်လာပြီး တောက်ပနေ၏။
ဘာတွေဖြစ်ပျက်နေသည်ကို သူနားမလည်သေးခင်တွင်ပင် စနစ်၏ ချိုသာသော အသံကို သူကြားလိုက်ရသည်။
[လုပ်ဆောင်ရန် တာဝန်အသစ်တစ်ခု ပေါ်လာပါပြီ]
[တာဝန်ဘောင်ကွက်]
[လေးစားအပ်သော သူခိုး၏ ဂုဏ်သိက္ခာ : တစ်စုံတစ်ယောက်က သူခိုးဆီမှ ခိုးယူရန်ကြိုးစားနေသည်မှာ လက်ခံနိုင်ဖွယ်ရာမရှိပါ။ ထို့ကြောင့် ထိုစက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသော သူခိုးကို မည်သူက သူခိုးအစစ်မှန်ဖြစ်ကြောင်း သင်ပြသပေးရပါမယ်။ Kelby မိသားစုရဲ့ ဘဏ္ဍာတိုက်ကို ဘာမှမကျန်တော့တဲ့အထိ သင်ခိုးယူရပါမယ်။ သူခိုးတစ်ယောက်ရဲ့ ဂုဏ်အသရေက သင့်လက်ထဲမှာပါ။]
{ဆုလာဘ်က သင့်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပါတယ်}
{သင်ဒီတာဝန်ကို ပြီးမြောက်ပြီးတဲ့နောက်မှာ အလုပ်တာဝန်ကို ပေးအပ်ပါမယ်။}
{ကျန်ရှိသောအချိန် : ၂နှစ်}
{တာဝန်ကျရှုံးပါက အပြစ်ဒဏ် : သူခိုးရဲ့ဂုဏ်သိက္ခာရှိတဲ့ အခြားပိုင်ရှင်တစ်ယောက်ကို စနစ်က ရှာဖွေပါမယ်!}
“ဘာ?!? တာဝန်တစ်ခုပေါ်လာပြီးတော့ ဘယ်သူတွေက Kelby မိသားစုတုန်း? ခုနက လူတွေကလည်း Kelby မိသားစုကလား?” Ace ငြီးတွားလိုက်ကာ သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာတို့ ရှိနေ၏။
ဒီလိုတာဝန်မျိုးကို ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အချိန်သတ်မှတ်ချက် ၂နှစ်ကိုကြည့်၍ သူပြောနိုင်သည်မှာ ယခုတာဝန်သည် ယခင်တစ်ခေါက် တာဝန်တုန်းကလို ရိုးရှင်းပုံ မရပေ။ Billy ၏ ဆိုင်ကို လုယက်တုန်းကပင် အချိန်၇ရက်သာ ပေးခဲ့၏။
‘သူခိုးရဲ့ ဂုဏ်သိက္ခာ? ဟမ့် ဒီတစ်ခါတော့ မင်းမှန်တယ်လို့ ငါထင်တယ်။ ငါက သူခိုးဖြစ်ပြီး သူတို့က ငါ့ဆီကနေ လုယက်ချင်နေကြတယ်။’ သူခါးသီးစွာ ရယ်မောရင်း တွေးလိုက်သည်။
‘ကောင်းပြီလေ ပထမဆုံး ဒီဈေးရုံထဲမှာ ငါ့နောက်ကိုလိုက်နေတဲ့ လေးယောက်ဆီကနေ လွှတ်မြောက်အောင် လုပ်ရမယ်။ ပြီးရင် Kelby မိသားစုအကြောင်းကို ရှာရမယ်။ ငါ့မှာ အချိန်၂နှစ်ရှိတယ်ဆိုတော့ အရမ်းကြီး မခက်ခဲလောက်ပါဘူးလို့ မျှော်လင့်တာပဲ။” သူ့ကိုယ်သူ အားပေးလိုက်၏။
ထို့နောက် သူ၏ကုန်ဆုံးသွားသော ချီများပြန်ပြည့်လာရန် စောင့်နေရင်းဖြင့် သူ့အိတ်ကပ်ထဲမှ အနီရောင်ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ ဤဆေးပုလင်းများသည် လက်ရှိအရာများအားလုံးဖြစ်လာရသည့် အဓိကအကြောင်းရင်းပင် ဖြစ်သည်။ အနီရောင်ပုလင်း၏ အဖုံးကိုဖွင့်ကာ Matthew လိုပင် သူအနံ့ရှူကြည့်လိုက်သည်။
ဆေး၏ရနံ့က သူ၏နှာခေါင်းဝဆီသို့ ဝင်ရောက်လာသောအချိန်တွင် စနစ်၏ အသံကို ကြားလိုက်ရသည်။
[အနိမ့်ဆုံးအဆင့်ဆေးကို ရှာဖွေတွေ့ရှိခဲ့သည် : အတွေ့ကြုံရမှတ် ၁၀မှတ်အဖြစ် ပြောင်းလဲနိုင်သည်။]
ဆေးပုလင်းပေါ်တွင် အနက်ရောင်အညွှန်းသေးသေးလေး ပေါ်လာ၏။
“ဘာ?!!” Ace သည် ဒုတိယမြောက် လုပ်ဆောင်ရမည့် တာဝန်ကြောင့်ပင် မအံ့ဩခဲ့သော်လည်း ဤအညွှန်းကတော့ သူ့ကို ကြီးမားစွာ ထိတ်လန့်စေခဲ့သည်။
အတွေ့အကြုံရမှတ်နှင့် စိတ်ဝိညာဥ်ရမှတ်များကို တာဝန်များမလုပ်ဆောင်ဘဲနှင့် မည်သို့ရရှိနိုင်မည့်အကြောင်းကို သူအမြဲတမ်း စိတ်ပူနေခဲ့သော်လည်း နည်းလမ်းရှာမတွေ့ခဲ့ပေ။ စနစ်ကို သူမည်မျှပင်မေးခဲ့ပါစေ စနစ်က မပြောပြခဲ့ပေ။ ယခုတွင်တော့ ရုတ်တရက် စနစ်မှ သတိပေးချက်ပေါ်လာပြီး သူ့ကိုစွံ့အစေခဲ့သည်။
“စနစ်၊ ဆေးတွေနဲ့ အတွေ့အကြုံရမှတ်တွေကို လဲလို့ရကြောင်း ဘာလို့ အရင်က မပြောပြခဲ့ရတာလဲ။ အဲ့လိုမှမဟုတ်ရင် ငါရောင်းခဲ့တဲ့ဆေးတွေကို အတွေ့ကြုံရမှတ်တွေအဖြစ် လဲလိုက်မှာပေါ့!!” နှလုံးသားမဲ့သော စနစ်ကြောင့် သူအတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
[သင်ရောင်းခဲ့တဲ့ဆေးတွေက အမှိုက်တွေပါပဲ။ အဲ့ဆေးတွေကို အတွေ့ကြုံရမှတ်အဖြစ် ပြောင်းလဲလို့ မရပါဘူး။] စနစ်၏ ခံစားချက်မဲ့သော အသံက Ace ၏ ဒေါသကို ဂရုမစိုက်သည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။
“အမှိုက်တွေဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲ့ဆေးတွေက အဖြူရောင်တစ်ဝက်အဆင့်ဆေးတွေ!! ပြီးတော့ ဒီဆေးကလည်း အဖြူရောင်အဆင့်ဆေးကွ!! အဲ့တာကို အနိမ့်ဆုံးအဆင့်ဆေးလို့ ခေါ်တယ်?? မင်းရူးသွားပီလား?!” သူယခုတွင် စနစ်ကို ဆဲဆိုချင်နေသော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။ အရာအားလုံးကို စေ့စေ့စပ်စပ် မစစ်ဆေးခဲ့မိသည့် သူ့အမှားပင် ဖြစ်သည်။
သူရောင်းခဲ့သောဆေးများထဲမှ ကျပန်းဆေးတစ်လုံးကို စားခဲ့သော်လည်း ထိုဆေးက သူ့အပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူက ကောင်းကင်ဘုံချီနှင့် ကျင့်ကြံခြင်းဖြစ်တာကြောင့် သာမန်ဆေးများကို အသုံးပြု၍မရခြင်း ဖြစ်သည်ဟု ရိုးရှင်းစွာ တွေးခဲ့သည်။ သို့သော် သူလုယက်ခဲ့သော ဆေးများထဲတွင် အတွေ့ကြုံရမှတ်များအဖြစ် ပြောင်းလဲနိုင်သော အဖြူရောင်အဆင့်ဆေးများ ပါရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
‘ဟိုလူဝကြီး Billy က ဒီဆေးတွေကို ဘယ်လိုရခဲ့တာပါလိမ့်။’ သူအလွန် စဉ်းစားရခက်သွားခဲ့သည်။ အတွင်းပိုင်းဒေသထဲတွင်ပင် ဤဆေးများပိုင်ဆိုင်သောသူသည် Ace လို နောက်ခံမရှိလျှင် ဒုက္ခရောက်နိုင်၏။
အပြင်ပိုင်းဒေသ၏ သာမန်ဆေးဆိုင်ပိုင်ရှင်တွင် အဖြူရောင်အဆင့် ဆေးနှစ်ပုလင်းပင် ရှိနေခြင်းက ထိတ်လန့်ဖွယ်ရာကောင်း၏။
Ace မသိသည်မှာ Billy သည် ထိုဆေးများကို သူ့အိမ်နံရံထဲတွင် မြှုပ်ထားသည်ကို ရှာတွေ့ခဲ့ခြင်းပင်။ ထို့ကြောင့် Billy သည်လည်း ထိတ်လန့်ခဲ့ရပြီး စိတ်လှုပ်ရှားခဲ့ရ၏။ ထို့နောက် သူ၏အိမ်တစ်ခုလုံးကို ဖျက်ချခဲ့သော်လည်း နောက်ထပ်ဆေးများ ရှာမတွေ့ခဲ့တော့ပေ။ ထိုဆေးများ သူ့အိမ်တွင် အဘယ်ကြောင့် မြှုပ်နှံထားသည်ကို သူလည်းမသိပေ။ ထိုဆေးများကို အတွင်းပိုင်းဒေသမှ မိသားစုတစ်ချို့ဆီသို့ လာဘ်ထိုးကာ အတွင်းပိုင်းဒေသသို့ ဝင်ရောက်ရန် စီစဉ်ထားခဲ့သော်လည်း အဆုံးတွင် Ace က အမြတ်ထုတ်သွားခဲ့၏။
‘အကယ်၍ အဖြူရောင်အဆင့်ဆေးတွေက အတွေ့ကြုံရမှတ်အဖြစ် ပြောင်းလဲနိုင်ရင် သူ့ထက်ပိုအဆင့်မြင့်တဲ့ ဆေးတွေကလည်း ပြောင်းလဲနိုင်တယ်လို့ ဆိုလိုတာပဲမလား။' Ace တွေးလိုက်ကာ စိတ်လှုပ်ရှားသွားသည်။ နောက်ဆုံးတွင် တာဝန်မလုပ်ဘဲ အတွေ့ကြုံရမှတ်ရရှိနိုင်မည့် နည်းလမ်းကို သူရှာတွေ့ခဲ့ပြီ ဖြစ်သည်။
“ဒီဆေးနှစ်ပုလင်းက အတွေ့ကြုံရမှတ် ၂၀မှတ်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုမှတော့ ငါအတွေ့ကြုံရမှတ် ၂၀မှတ်ကို ယူမယ်။ ဟိုလောဘကြီးတဲ့ မျိုးမစစ်အဖိုးကြီးကလည်း ဒီဆေးတွေကို ဆိုးဆိုးဝါးဝါးလိုချင်နေတယ်ဆိုမှတော့ သူ့ကိုလည်း ‘အဖြူရောင်အဆင့်ဆေး’တွေကို ပေးလိုက်မယ်။” Ace ရက်စက်စွာ ရေရွတ်လိုက်ပြီး ထိုအဖိုးကြီးကို သင်ခန်းစာသေးသေးလေးပေးရန် မကောင်းသောအကြံအစည်တစ်ခုကို စီစဉ်လိုက်သည်။
[ပြောင်းလဲမှု ပြီးပါပြီ!]
[အတွေ့ကြုံရမှတ် ၂၀မှတ်က သင့်ရဲ့အချက်အလက်ထဲသို့ ပေါင်းထည့်ပြီးပါပြီ။]
[အတွေ့ကြုံရမှတ် : 70/1000 ]
Ace ၏ အတွေ့ကြုံရမှတ်တိုးလာတာကြောင့် သူ၏ ကောင်းကင်ဘုံချီများသည် လျင်မြန်သော အဟုန်ဖြင့် နဂိုအတိုင်း ပြန်ဖြစ်လာနေသည်ဟု ခံစားရသည်။ ထိုအနီရောင်ဆေးနှစ်ပုလင်းသည် အတွေ့ကြုံရမှတ်များအဖြစ် ပြောင်းလဲသွားတာကြောင့် ယခုတွင် ဗလာဖြစ်နေပြီ ဖြစ်သည်။
‘အခု အဲ့အဖိုးကြီးကို သင်ခန်းစာပေးဖို့ အချိန်ကျပြီ။’ Ace နတ်ဆိုးဆန်စွာ ပြုံးလိုက်သည်။
သူ၏ 'အံ့သြဖွယ်ပြင်ဆင်မှု’ကြီး ပြီးသွားပြီးနောက် Matthew ရှိနေသောနေရာဆီသို့ လျင်မြန်စွာ ပြန်လှည့်သွားလိုက်ကာ သူတို့ကို ရှာဖွေလိုက်သည်။ ထိုလေးယောက်သည် ရူးနေသော ခွေးများလို သူ့ကို ရှာဖွေနေတုန်းပင် ဖြစ်သည်။
Ace အနီရောင်ဆေးနှစ်ပုလင်းကို လမ်း၏အလယ်တွင် သေချာစွာ နေရာချထားလိုက်သည်။ ထို့နောက် အဆုတ်ထဲမှအသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဘုရားရေ၊ တစ်စုံတစ်ယောက်က လမ်းလယ်မှာ အဖြူရောင်အဆင့်ဆေးနှစ်ပုလင်းကို ကျန်ခဲ့တယ်။”
အော်လိုက်ပြီးနောက် သူ၏ တိတ်ဆိတ်ခြေလှမ်းကို အသက်သွင်းလိုက်ကာ ယမန်နေ့ညက အနားယူခဲ့သော တည်းခိုခန်းဆီသို့ ပြေးတော့သည်။ သူယခု လွှတ်မြောက်အောင် ထွက်ပြေးမှဖြစ်မည်။ မဟုတ်လျှင် သူတို့ သတိမထားမိဘဲ ထွက်ပြေးဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့ပေ။
Ace ၏ အသံက မိုးခြိမ်းသံလို ကျယ်လောင်လှ၏။ မိုင်အဝေးမှလူများပင် ရှင်းလင်းစွာ ကြားနိုင်သည်။
အဖြူရောင်အဆင့်ဆေးဟု အသံပဲ့တင်ထပ်သွားချိန်တွင် ဈေးရုံတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
အဖိုးအို Matthew လည်း Ace ၏ အသံကို ကြားလိုက်ရကာ သူ့မျက်လုံးများသည် လမ်းလယ်မှ အနီရောင်ဆေးနှစ်ပုလင်းပေါ်သို့ ရောက်ရှိသွားသည်။ သူ့လိုပင် Caleb နှင့် အခြားလူများအားလုံး၏ မျက်လုံးများသည် အနီရောင်ဆေးနှစ်ပုလင်းပေါ်သို့ ကျရောက်သွားသည်။
မည်သူမှ ထိုဆေးပုလင်းများကို ကောက်မယူနိုင်သေးခင်တွင် Caleb သည် ကျယ်လောင်စွာ အော်လိုက်၏။ “လူတိုင်းပဲ။ အဲဒီအဖြူရောင်အဆင့်ဆေးတွေက ငါ့ရဲ့ Kelby မိသားစုက ပိုင်တာ။ အဲဒီဆေးတွေကို ဒီမနက်က သူခိုးတစ်ယောက် ခိုးသွားလို့ ငါတို့တွေ တစ်နေ့လုံး သူ့ကိုလိုက်ရှာနေကြတာ။ အကယ်၍ တစ်ယောက်ယောက်က ငါ့ကိုမယုံရင် သခင်လေး Asher ဆီကနေ အတည်ပြုနိုင်တယ်။”
မျှော်လင့်ထားသလိုပင် လူတိုင်းက Kelbyမိသားစုဆိုသည့် အမည်ကို ကြားလိုက်ရသည့်အချိန်တွင် လှုပ်ရှားနေသည်များကို ရပ်လိုက်ကြသည်။ သို့သော် 'သခင်လေးAsher’ဟူသော အမည်ကို ကြားလိုက်ရသည့်အချိန်တွင် သူတို့၏ မျက်နှာများ ဖြူဖျော့လာကြပေသည်။ Asher က မည်သို့သော လူစားမျိုးဖြစ်သည်ကို လူတိုင်းသိကြပေသည်။ အလွန်ကို အကြင်နာတရားမရှိသော လူပင်ဖြစ်သည်။
အကယ်၍ ဤဆေးများက အမှန်သာ Asher ၏ အပိုင်ဆိုလျှင် ထိုဆေးများအတွက်သက်သက်နှင့် သူတို့၏ အသက်ကို စွန့်စားရန် မထိုက်တန်ပေ။