သုတ်သင်ခြင်း
Vol. 43 Ch. 645
မိုထျန်းချီသည် သူ့ကိုယ်သူ ပါရမီရှင် သိုင်းသမားတစ်ယောက်ဟု အစဉ်အမြဲ မှတ်ယူထားခဲ့သည်။ သို့သော် ရဲ့လင်းချန်နှင့် ယှဉ်လိုက်သောအခါ ကွာခြားမှုက မိုးနှင့်မြေလိုပင်။
သူတို့ တိုက်ခိုက်ချိန်တွင် အလွန်အမင်း ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူသည် ရဲ့လင်းချန်ကြောင့် အဘက်ဘက်မှ သိမ်ငယ်နေရသည်။ ထို့အပြင် သူသည် တိုက်စစ်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းမျိုးစုံကို တွေးမိသော်လည်း ရဲ့လင်းချန်၏ ခံစစ်က လုံခြုံကျစ်လျစ်နေ၏။
ရုပ်ခန္ဓာ အင်အား၊ လျင်မြန်မှု၊ ပေါ့ပါးမှုနှင့် စိတ်ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှု။ သူသည် ၎င်းတို့အားလုံး၌ ကျွမ်းကျင် နေလေသည်။
*ချီးပဲ*
*ပြီးပြည့်စုံတဲ့ မိစ္ဆာကောင်ပါလား*
ရဲ့လင်းချန်၏ ပခုံးအား လက်ဝါးဖြင့် ရိုက်နိုင်ရန် သူ ဒဏ်ရာများကို ရင်းခဲ့သော်လည်း သူ အလွန် ဂုဏ်ယူရသည့် နှလုံးဖျက် လက်ဝါးက ရဲ့လင်းချန်၏ အပြင် ခံစစ်ကို မထိုးဖောက် နိုင်ချေ။ ထိုအစား ရဲ့လင်းချန်၏ သန်မာသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အင်အားကြောင့် သူ့လက်များပင် ထုံလာရသည်။
*မြတ်စွာဘုရား*
မိုထျန်းချီသည် တိုက်ခိုက်မှုများကို အစွမ်းကုန် ကြိုးစား၍ တောင့်ခံနေရသည်။
*ငါ ထွက်ပြေးနိုင်မယ့် နည်းလမ်းကို ရှာမှဖြစ်မယ်*
“ဝုန်း ဝုန်း ဝုန်း”
အံ့ဩနေသော လူအုပ်ကြီး၏ မျက်စိရှေ့တွင် သူတို့ နှစ်ယောက်လုံးသည် လူသားကြိတ်စက်နှင့် တူနေသည်။ သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ စိတ်ဝိညာဉ် စွမ်းအင် မုန်တိုင်း ထန်နေပြီး ဓားမုန်တိုင်းသဖွယ် ဖြစ်နေလေသည်။ ရုပ်ရှင်များထဲမှကဲ့သို့ မပေါက်ကွဲသော်လည်း သူတို့ ဘေးပတ်ဝန်းကျင်မှ မြက်ပင်များနှင့် သစ်ပင်များက ကျိုးပျက်နေသည်။
“သ…သ…သူတို့တွေ လူတွေရော ဟုတ်သေးရဲ့လား”
ဘေးလူများသည် တံတွေးကို မနည်းမျိုချ၍ တုန်ယင်နေသော အသံဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောနေကြသည်။
မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်များက သန်မာကြောင်း သူတို့ ကြိုသိထားသော်လည်း ဤမျှ ရူးချင်စရာ ကောင်းလောက်အောင် သန်မာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ လူတစ်ယောက်၏ ခန္ဓာကိုယ်၌ ထိုသို့ ကြောက်စရာ ကောင်းသော အင်အားမျိုး အဘယ်သို့ ထိန်းသိမ်းထားနိုင်မည်နည်း။ သူတို့က ဘူဒိုဇာများလိုပင်။
မိသားစုကြီး လေးခုမှ သခင်ကြီးများသည် အချင်းချင်း အပြန်အလှန် ကြည့်နေကြသည်။ အစောပိုင်းက သူတို့သည် သူတို့ လေးယောက် ပူးပေါင်းလျင် မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် တိုက်ခိုက်နိုင်မည့် အခွင့်အရေး ငါးဆယ်/ငါးဆယ် ရှိလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ လက်ရှိတွင် သူတို့၏ အမှားကို သူတို့ သတိပြုမိ သွားသည်။ ကြောက်စရာကောင်းသော ရဲ့လင်းချန် ရုတ်တရက် မပေါ်လာခဲ့လျင် မိုမိသားစုသည် စီချွမ်-တိဘက် ဒေသကို မကြာခင် စိုးမိုးလာလောက်သည်။
“ဒီတော့ ဒါက မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်ရဲ့ သန်မာမှုပေါ့၊ နိုင်ငံတိုင်းမှာ စစ်သည်တော်ဌာနလို ကိုယ်ပိုင် အဖွဲ့အစည်းတွေ ရှိတာ အံ့ဩစရာ မဟုတ်တော့ဘူး၊ သူတို့က သိုင်းပညာရှင်တွေ တိုးတက်လာအောင် ကူညီခဲ့ရင် သူတို့က ကျည်ဆံတွေထက် အများကြီး ပိုကြောက်စရာ ကောင်းလာမှာပဲ”
စုချင်းယောင်၏ မျက်ဝန်းများက ရဲ့လင်းချန်ပေါ် ကပ်ညိနေပြီး တောက်ပဝင်းလက်နေ၏။
“သူက ဒီလောက်တောင် သန်မာတာပဲ၊ ငါတို့ ခေတ်သစ် လူအဖွဲ့အစည်းထဲမှာ သူ ပြိုင်ဘက်တစ်ယောက်တောင် တွေ့ပါဦးမလား”
“ဟူး … တကယ်ကို ငါ့အမှားပဲ”
စုထျန်းဟုန် မှတ်ချက်ချသည်။ ရဲ့လင်းချန်က ဤမျှ အစွမ်းအစ ရှိသည်ကို သူ သိခဲ့ပါလျင် သူ အမိအရ ခြေထောက်ကို ဆွဲဖက်ထားမိမှာပင်။
သူတို့ နှစ်ယောက်လုံး အပြင်းအထန် တိုက်ခိုက်နေသော်လည်း ရဲ့လင်းချန်က အချိန်အများစု၌ တိုက်စစ် ဆင်နေသူ ဖြစ်ပြီး မိုထျန်းချီက ခံနေရသူ ဖြစ်သည်။
ပညာရှင်များကြားမှ တိုက်ပွဲကို အပြည့်အဝ သုံးသပ်နိုင်ရန် ခက်ခဲသော်လည်း ဖိနှိပ်နေသူနှင့် ခံရသူအား အလွယ်တကူ အကဲဖြတ်နိုင်ပေသည်။
“ဒါ မိုမိသားစုအတွက် အဆုံးသတ်ပဲ၊ နတ်ဆေးဆရာဝိုင်က သန်မာလွန်းတယ်၊ သူ့ဒေါသက အခြားမိသားစုတွေဆီ ဆက်ရောက်လာမှာလား”
မိသားစုကြီးများမှ လူများ စိုးရိမ်နေကြပြီး သူတို့နှစ်ယောက်၏ တိုက်ပွဲကို ကြည့်ရင်း လက်ဝါးမှ ချွေးများ ထွက်လာကြသည်။
ထိုအချိန်တွင် နတ်ဆေးဆရာဝိုင်၏ အသံကို ကြားလိုက်ရသည်။
“မိုမိသားစုရဲ့ နှလုံးဖျက် လက်ဝါးက ဝူရှဝတ္ထုထဲက ယင်ကိုးမျိုး သိုင်းကျမ်းထဲက ဆင်းသက်လာတာလား”
သူတို့အားလုံး ဆွံ့အသွားလေသည်။
“မဟုတ်ဘူး၊ ဒါ သီးသန့် နှလုံးဖျက် လက်ဝါးပဲ၊ ဝတ္ထုထဲကဟာက အတုကြီး”
မိုထျန်းချီက ခါးသက်စွာ ပြန်ပြောလိုက်သည်။
“ဝုန်း”
ထိုအခိုက်တွင် မိုထျန်းချီ လွင့်ထွက်သွားပြိး ရဲ့လင်းချန်က သိချင်သည့် အကြောင်းအရာအား ဆက်မေးသည်ကို လူတိုင်း တွေ့လိုက်ရသည်။
“ယင်ကိုးမျိုး သိုင်းကျမ်းနဲ့ ယန်ကိုးမျိုး နတ်ဘုရား သိုင်းပညာက အစစ်လား၊ အခြား သိုင်းပညာတွေ ရှိသေးလား”
ရဲ့လင်းချန် ဆက်မေးလိုက်သည်။ သိုင်းပညာများကြားမှ မတူညီသော အင်အားကို သူ သိလိုက်ရသဖြင့် အကောင်းဆုံး သိုင်းပညာကို သူ ပိုင်ဆိုင်ရရန် မျှော်လင့်နေမိသည်။
“ငါ အဲ့ဒါတွေကို တခါမှ မကြားဖူးဘူး၊ ငါ တခြား သိုင်းပညာတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး”
မိုထျန်းချီ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။
ရဲ့လင်းချန်၏ မျက်ခုံးများ တွန့်ကွေးလာပြီး မကျေမနပ် ဖြစ်နေပုံရသည်။
“မင်း အခု သေလို့ရပြီ”
တည်ငြိမ်သော အသံတစ်သံက ပေါက်ကွဲမှုများကြားမှ ပျံ့လွင့်လာသည်။ နူးညံ့သော လက်ဝါးတစ်ဖက် ပေါ်လာပြီး လက်ချောင်းများက ရုတ်တရက် လက်သည်းအဖြစ် ပြောင်းလဲသွားသည်ကို သူတို့အားလုံး မြင်လိုက်ရသည်။ ထိုလက်သည်းများက လေထဲတွင် ယိမ်းထိုးကာ အရိပ်များ ထပ်နေကာ မိုထျန်းချီ၏ လက်မောင်းအား အငိုက်ဖမ်း၍ ဖမ်းချုပ်သွားသည်။
“မလုပ်နဲ့”
မိုထျန်းချီ ငယ်သံပါအောင် အော်ဟစ်လာသည်။ တစ်ခဏအကြာတွင် ဂျွတ်ခနဲ မြည်သံနှင့်အတူ မိုထျန်းချီ၏ လက်မောင်းက လိမ်ကောက်သွားပြီး လေထဲသို့ လွင့်ပျံလာလေသည်။ သူသည်လည်း ဒုံးကျည်သဖွယ် လွင့်ထွက်ကာ သစ်ပင်များကို အရှိန်ဖြင့် ဝင်တိုက်လေသည်။
“ဝေါ့”
မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးသော်လည်း ထိုသို့သော တိုက်ခိုက်မှုများကို သူ တောင့်မခံနိုင်ပေ။ မိုထျန်းချီသည် တစ်ကိုယ်လုံး ထိခိုက်နာကျင်နေပြီး သွေးအန်ကာ သူ့ခန္ဓာကိုယ်မှ အရိုးများအားလုံး ကျိုးကြေသွားသည်ဟု ခံစားနေရသည်။
ထိုစဉ် ရဲ့လင်းချန်က သူ့အရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး တည်ငြိမ်စွာ ကြည့်လာသည်။ သူတို့ အနီးအနားမှ လေထုတွင် ဖုန်များနှင့် ပြည့်နှက်နေပြီး သစ်ပင်များက ရစရာ မရှိတော့ချေ။ ၎င်းက ကမ္ဘာ့ အဆုံးသတ်ချိန်နှင့် တူနေလေသည်။
သို့သော် ရဲ့လင်းချန်က ဘာကိုမှ ဂရုမစိုက်ပေ။ သူ့အတွက် ယင်းက ပန်းခြံထဲ လမ်းလျှောက်ရုံမျှသာ ဖြစ်သည်။ သူ၏ လေသံကတောင်မှ အနည်းငယ် ပြောင်းလဲသွားခြင်း မရှိချေ။
သူ့ဘေးပတ်ဝန်းကျင်မှ လူတိုင်း အသက်ကို အောင့်ထားကြပြီး မျက်လုံးများ ပြူးကျယ်နေသည်။ မိုမိသားစုဖြစ်စေ၊ စုမိသားစုဖြစ်စေ၊ ချန်မိသားစုဖြစ်စေ၊ အခြား မိသားစုကြီး နှစ်ခုနှင့် အခြား မိသားစုများဖြစ်စေ ပွဲကို ကြည့်ရုံသာ ကြည့်နေကြပြီး အသံပင် မထွက်ရဲကြပေ။
လွန်ခဲ့သော ဆယ်မိနစ်က စီချွမ်-တိဘက်ဒေသကို ဦးဆောင်နေသည့် မိသားစုမှ မူလ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားသော ထိပ်တန်း ပညာရှင်သည် ယခုအခါတွင် မြေကြီးပေါ် လဲနေပြီး လှုပ်ပင် မလှုပ်နိုင်ချေ။
အခြား မည်သူက ထူးဆန်းသော နတ်ဆေးဆရာဝိုင်ကို စေ့စေ့ကြည့်ရဲပါမည်နည်း။
“ငါ့ကို မသတ်ပါနဲ့၊ ငါ့မိုမိသားစုက နတ်ဆေးဆရာဝိုင်ကို လိုလိုလားလားနဲ့ အညံ့ခံမှာပါ၊ နှလုံးဖျက် လက်ဝါး သိုင်းပညာကိုလဲ ငါ မင်းကို လက်ဆင့်ကမ်းပေးနိုင်ပါတယ်”
မိုထျန်းချီက အသည်းအသန် တောင်းပန်သည်။ သူသည် ခေါင်းကိုငုံ့၍ သူ့မျက်လုံးတွင်းမှ မုန်းတီးမှုနှင့် အရှက်ကွဲခြင်းတို့အား ဖုံးကွယ်နေသည်။
“အခု မင်းက သက်ညှာပေးဖို့ တောင်းပန်နေတာလား၊ အရမ်း နောက်ကျသွားပြီ”
ရဲ့လင်းချန်က ထိုသို့ပြောပြီးသည်နှင့် လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ မိုထျန်းချီသည် ဘာမှ မတုံ့ပြန်နိုင်ဘဲ ရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့် အထိုးခံလိုက်ရသည်။
ရဲ့လင်းချန်က ထိုလက်သီးတွင် အားသိပ်မထည့်ထားသော်လည်း ၎င်း၏ ခွန်အားက ကြောက်စရာ ကောင်းနေပြီ ဖြစ်သည်။ မိုထျန်းချီ၏ အခြေအနေအရ ယင်းအား ဟန့်တားရန် မဖြစ်နိုင်ပေ။ သူသည် ထပ်မံ၍ လွင့်ထွက်သွားပြီး ချက်ချင်း အသက်မဲ့သွားလေသည်။
“မင်း”
“သခင်ကြီး”
မိုမိသားစုမှ လူများအားလုံး ဒေါသူပုန်ထသွားကြသည်။ သူတို့၏ လေးစားရသော သခင်ကြီးသည် သူ့ကိုယ်သူ နှိမ့်ချနေပြိ ဖြစ်သော်လည်း နတ်ဆေးဆရာဝိုင်က အားလုံးရျေ့၌ သူ့အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
“မင်းတို့လဲ သေချင်လို့လား”
ရဲ့လင်းချန်က အေးစက်သော အမူအရာဖြင့် လေသံ ခပ်နိမ့်နိမ့် ပြောလာသောကြောင့် လူတိုင်း ကျောချမ်းသွားသည်။
သေခြင်းတရားက ပတ်ဝန်းကျင်အား လွှမ်းခြုံလာသည်။
မိုမိသားစုသည် ရေခဲရေနှင့် လောင်းချခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ သူတို့စိတ်ထဲမှ ဒေါသအားလုံး ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထိုသူသည် မူလ စိတ်ဝိညာဉ်အဆင့် ဖြစ်သော သူတို့၏ သခင်ကြီးအား အလွယ်တကူ သတ်နိုင်သည့်သူ ဖြစ်သည်။ အခြား မည်သူက သူ့ကို ဆန့်ကျင်နိုင်ပါမည်နည်း။
လူတိုင်း တုန်လှုပ်နေပြီး ရဲ့လင်းချန်ကို မကြည့်ရဲကြချေ။
ရဲ့လင်းချန်သည် ထိုသို့သော ပညာရှင်နှင့် ရန်သူ ဖြစ်သွားပြီးပြီ ဖြစ်သဖြင့် သူ့အား ထွက်သွားခွင့်ပေးရန် မစဉ်းစားထားချေ။ မူလ စိတ်ဝိညာဉ်အဆင့် သိုင်းပညာရှင်သည် ကြောက်စရာ ကောင်းလွန်းလှ၏။ လက်တုံ့ပြန်ရန်အတွက် သူတို့ အသုံးပြုမည့် နည်းလမ်းများကလည်း ကြောက်စရာ ကောင်းပေလိမ့်မည်။ ယနေ့ မိုထျန်းချီကို အသက်ချမ်းသာပေးလိုက်ပါက သူ အေးအေးချမ်းချမ်း နေရမည် မဟုတ်ဘဲ ပြဿနာများသာ ဖြစ်လာပေမည်။
မိုမိုသားစုက အသေးအဖွဲလေးအဖြစ် ပြောင်းလဲသွားလေပြီ။ မိုထျန်းချီနှင့် ဟော်ရှန် သေဆုံးမှုကြောင့် မိုမိသားစု၌ ခေါင်းဆောင်မဲ့သွားကာ သူတို့ကို ကာကွယ်မည့် ပညာရှင်လည်း မရှိတော့ချေ။ ရဲ့လင်းချန် ဝင်မပါလျင်တောင်မှ အခြား မိသားစုကြီး လေးခုက သူတို့ကို တစ်စစီ စုတ်ဖြဲပေလိမ့်မည်။ သူတို့ အသက်ရှင်ကျန်နိုင်လျင်တောင်မှ အရေးမပါသော ယင်ကောင်အဖြစ်ဖြင့်သာ ကျန်ရှိပေတော့မည်။
“ဒီနေ့ မင်းတို့ အုပ်စုဖွဲ့ပြီး ငါ့ကို အနိုင်ကျင့်ဖို့ လာတာ မဟုတ်လား”
ရဲ့လင်းချန်က ဘေးဘီကို ဝေ့ကြည့်၍ မချိုမချဉ် ပြောလိုက်သည်။
လူတိုင်း ရင်တုန်သွားလေသည်။ သူတို့သည် လိပ်ပြာမလုံသောကြောင့် ခေါင်းကို ငုံ့ထားပြီး ရဲ့လင်းချန်ကို မကြည့်ရဲချေ။
မိသားစုကြီး လေးခု၏ သခင်ကြီးများသည်လည်း ထိုနည်းတူပင်။ သူတို့သည် စိတ်ထဲ၌ ကျိတ်၍ ဝမ်းသာနေကြသည်။ သူတို့၏ ခွန်အားက မကြီးမားသဖြင့် ဘေးမှ ကြည့်နေရန်သာ ဆုံးဖြတ်လိုက်သည်က ကံကောင်းသွားခဲ့သည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။
စာစဉ် ၄၃ ပြီးပါပြီ။