အခန်း (၄၄၄)
Vol. 37 Ch. 444
“အဲ့ဒါဆိုရင်လည်း မင်းရဲ့အရိုးတွေကို ဘာနဲ့လုပ်ထားလဲဆိုတာ ငါကြည့်ချင်သေးတယ်”
ညီအစ်ကိုနှစ်ဦးက တစ်ပြိုင်တည်းပင် တိုက်ခိုက်လိုက်ပါတော့သည်။ သူတို့နှစ်ဦးက လီဟမ်ရှန်းထံသို့ တိုးဝင်သွားပြီး အလယ်တွင် ပိတ်ဆို့လိုက်သည်။ သူတို့နှစ်ဦးထံမှ ထွက်ပေါ်နေသော စွမ်းအားများသည် သာမန် တစ္ဆေမျိုးနွယ်များထက် သာလွန်နေပါ၏။ ရေထဲတွင် ဖြစ်နေသောကြောင့် သူတို့၏စွမ်းအားများသည် သာမန် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်ထက် များပြားနေခဲ့သည်။
သူတို့နှစ်ဦးသာ ပူးပေါင်းပြီး တိုက်ခိုက်လိုက်ပါက မူလအဆင့် ကျင့်ကြံသူကိုပင်လျှင် သတ်ဖြတ်နိုင်စွမ်း ရှိကောင်းရှိနိုင်ပါ၏။ လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိသော်လည်း မူလအဆင့် ကျင့်ကြံသူများကို သိုင်းကွက် တစ်ကွက်နှင့်ပင် သတ်ဖြတ်နိုင်စွမ်း ရှိပါ၏။ ယခုအချိန်တွင်တော့ လီဟမ်ရှန်းသည် ငြိမ်ငြိမ်မတ်တပ်ရပ်နေပြီး သေခြင်းတရား ရောက်လာမည်ကို စောင့်ဆိုင်းမနေပါ။ သူက တောင်နှင့်မြစ်ရွေ့လျားခြင်းနည်းလမ်းကို အသုံးပြုလိုက်၏။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အမြှောက်ဆံမှ ပစ်လွှတ်လိုက်သည့် အမြှောက်ကဲ့သို့ပင်လျှင် လွှင့်ထွက်လာပြီး ကျုံးရှန်းနှင့် တိုက်မိသွားပါတော့သည်။ ဒီတစ်ကြိမ်တွင်တော့ လီဟမ်ရှန်းက သူ၏ လှံသိုင်းကွက်ကို အသုံးမပြုခဲ့ပါ။ သူသည် ထိုအစား ရေလှိုင်းလက်ညှိုးကို အသုံးပြုလိုက်ပါ၏။ ရေလှိုင်းလက်ညှိုးသိုင်းသည် လှံသိုင်းကို မယှဉ်နိုင်သော်လည်း စွမ်းအား ကြီးပါသည်။
လီဟမ်ရှန်း၏ လက်ရှိခွန်အားနှင့် ဆိုလျှင် ပထမအကြိမ်မှာပင်လျှင် လက်ညှိုးချက် ဆယ်ချက်ထုတ်သည့် ခွန်အားကို တစ်ချက်ထဲ ပေါင်းပြီး ထုတ်ယူနိုင်ပါသည်။ စစ်သူကြီးတဲကောင်းစံအိမ်တော်၏ မူလအဆင့်ဖြစ်သော တပ်မှူးတစ်ယောက်ပင်လျှင် လက်ညှိုးချက်နှင့်တင် အသက်ပျောက်ခဲ့ရသည်မလား။ ထိုကဲ့သို့ သေဆုံးရမည့် ကံတရားမှ မလွတ်မြောက်နိုင်ခဲ့ပါ။ လီဟမ်ရှန်း တိုက်ကွက်ထုတ်လိုက်သည်နှင့် ကျုံးရှန်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိခဲ့ပါတော့သည်။
လီဟမ်ရှန်းထံမှ ထွက်ပေါ်လာသော အန္တရာယ် အငွေ့အသက်သည် လွန်စွာမှကို ကြီးမားသည်ကို သူသိလိုက်ရ၏။ ထိုသူသည် သာမန် ပြန်လည်မွေးဖွားခြင်း အဆင့်ရှိသော လူသားတစ်ဦးနှင့် မတူပါ။ သူက လူသားမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော မူလအဆင့်ကျင့်ကြံသူတစ်ဦးနှင့် အင်အားခြင်း တူညီနေခဲ့ပါသည်။
ဘုန်း…..
သူက လက်ထဲတွင်ရှိသော လက်နက်နှင့်် ကာကွယ်ရန် ကြိုးစားလိုက်၏။ သို့သော် လီဟမ်ရှန်း၏ လက်ညှိုးချက်ကို တောင့်မခံနိုင်ဘဲ ချက်ချင်းပင်လျှင် လက်နက်မှာ ထွင်းဖောက်ခြင်း ခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် လီဟမ်ရှန်း၏ လက်ညှိုးက ကျုံးရှန်း၏ ရင်ဝကို ချေမွ သွားခဲ့ပါတော့သည်။ ကျုံးရှန်း၏ အရိုးများသည် ချက်ချင်းပင်လျှင် တစစီကြေမွသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရပါ၏။
နံဘေးတွင် ကြည့်နေသည့် ကျုံးပေ့ကလည်း သူ့မျက်လုံးကိုပင် သူမယုံနိုင်ခဲ့ပါ။ သူ့လိုမျိုး သန်မာသည့် အစ်ကိုကြီးက ရန်သူ၏ လက်ညှိုးတစ်ချက်ကိုတောင် မတောင့်ခံနိုင်ဘူးလား။
ဘယ်လိုဖြစ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ကျုံးပေ့၏ သတ်ဖြတ်လိုစိတ်သည် စွမ်းအားကြီးမားလာခဲ့ပါတော့သည်။ သူသည် ဓားကို ကိုင်ပြီး လီဟမ်ရှန်းကို ခုတ်ပိုင်းလိုက်ပါ၏။ သို့ပေမဲ့ လီဟမ်ရှန်း၏ လှုပ်ရှားမှု သိုင်းကွက်မှာ အလွန်အင်မတန်မှကို မြန်ဆန်လွန်းလှပါသည်။
သူ၏လက်ထဲတွင်ရှိသော လှံအနက်ကလည်း တုန်ခါသွားပြီးနောက်တွင် ခုတ်ပိုင်းလိုက်သော ဓားချက်ကို ဆီးကာ ကာလိုက်ပါတော့သည်။ ပြင်းထန်လှသော စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာဖြင့် ထွက်လာ၏။ လီဟမ်ရှန်း၏ လက်ထဲတွင် ရှိသော လှံတံသည် ဓားချက်၏ ခုတ်ပိုင်းမှုကြောင့် အနောက်သို့ လွင့်စင်သွား၏။ သို့သော် ကျုံးပေ့သည်လည်း အခြေအနေမကောင်းပါ။
သူကလည်း နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး လွင့်ပျံသွားခဲ့ပါသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီးနောက် လီဟမ်ရှန်းက နောက်သို့ လှည့်ပြီး လှံတံကို ဆွဲယူလိုက်သည်။ ချက်ချင်းပင်လျှင် မိုးရေစက်တစ်ထောင်အကွက်ကို သုံးပြီး ကျုံးပေ့ကို ဖိနှိပ်လိုက်ပါတော့သည်။ ကျုံးပေ့က အသံနက်ကြီးဖြင့် ဟစ်ကြွေးလိုက်၏။ သူ၏ခြေထောက်အောက်တွင် ရှိသော ရေမျက်နှာပြင်ကလည်း ချက်ချင်းပင်လျှင် ရေဝဲများ ဖြစ်ပေါ်လာပြီး ကောင်းကင်ထက်သို့ မြင့်တက်လာသည်။
သွေးမြစ်ကြီးက ရေကန့်လန့်ကာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျုံးပေ့အား အကာအကွယ်တစ်ခုအဖြစ် ဖုံးလွှမ်းလိုက်ပါတော့သည်။ လီဟမ်ရှန်း၏ လှံသိုင်းကွက်များ ကျဆင်းလာသောအခါတွင် ရေကန့်လန့်ကာကြီးက လှံချက်များကို ကာကွယ်လိုက်ပါသည်။ သို့ပေမဲ့ ကျုံးပေ့သည် လီဟမ်ရှန်း၏ ခွန်အားကို လျော့တွက်ခဲ့မိပြန်သည်။ လှံတံ၏ အရိပ်များက ကျုံးပေ့၏ ရေကန့်လန့်ကာကို ဖောက်ထွင်းသွားပြီးနောက် သူ့ကို နေရာတွင်ပင် တစ်ချက်ထဲ သတ်ပစ်လိုက်ပါတော့သည်။
ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ..။ သူ၏ညီ၄ဖြစ်သူ အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသော ကျုံးရှန်းကလည်း မျက်လုံးများ ပြူးကျယ်သွားခဲ့ပါသည်။ သူက ဒဏ်ရာကို ဖိနှိပ်ပြီး အနောက်သို့ လှည့်ကာ ကမန်းကတန်း ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် လီဟမ်ရှန်းက အခွင့်အရေးမပေးခဲ့ပါ။
သူသည် လက်ထဲတွင် ရှိသော လှံနက်ကို ကိုင်ပြီး ကျုံးရှန်းကို ပစ်ပေါက်လိုက်သည်။ လှံနက်က ကျုံးရှန်း၏ ဦးခေါင်းခွံကို ထွင်းဖောက်သွားပြီး ချက်ချင်းသတ်ပစ်လိုက်ပါတော့သည်။ ထျန်းရွှေမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူ နှစ်ဦးသည် လီဟမ်ရှန်း၏ သတ်ဖြတ်မှုကို အသက်ရှုချိန် သုံးလေး ငါးကြိမ်အတွင်းမှာပဲ အသတ်ခံခဲ့ရပါတော့သည်။
စောင့်ကြည့်နေကြသော ထျန်းရွှေမျိုးနွယ်ဝင်မှ လူများသည် သူတို့မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျောက်ရုပ်ကြီးလိုပင် ဖြစ်သွားခဲ့ပါသည်။ သူတို့၏ ဝှက်ဖဲက ယခုအချိန်တွင် လုံးဝကို ပျောက်ကွယ်သွားခဲ့ရပါ၏။ တစ္ဆေမြို့တော်မှ စစ်သားများကို ယခုအချိန်တွင် သူတို့သည် ဘယ်လိုမှ မတောင့်ခံနိုင်တော့ပါ။
“ပစ္စည်းတွေ သိမ်းကြကွာ…”
ကမ်းစပ်၌ အူကြောင်ကြောင်နှင့် မတ်တပ်ရပ်ကာ ပွဲကြည့်နေကြသော စစ်သားများကို လီဟမ်ရှန်းက အော်ဟစ်ကာ အမိန့်ပေးလိုက်၏။
“အမိန့်အတိုင်းပါ တပ်မှူး…. အမိန့်အတိုင်းပါ”
ထိုအချိန်မှသာ လူတိုင်းက တိုက်ပွဲပြီးသွားသည်ကို သတိပြုလိုက်မိကြတော့သည်။ သူတို့သည် အိပ်မက်မှ နိုးလာသကဲ့သို့ပင် ဖြစ်နေကြ၏။ ငါတို့ခေါင်းဆောင်က ဘယ်လိုလူမျိုးတုန်း….။ ဘယ်လိုဖြစ်လို့ သူက အဲ့လောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ။ သူက အခုမှပဲ ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ် မဟုတ်ဘူးလား။
ဘယ်လိုဖြစ်ပြီးတော့ ပြန်လည်မွေးဖွားခြင်း အဆင့် နှစ်ယောက် ကျွမ်းကျင်သူကို ခဏလေးနဲ့ သတ်နိုင်ရတာလဲ။ ဒါကြီးက ဟာသကြီးလား။
“ခုခံတဲ့ ဘယ်သူမဆို အသတ်ခံရမယ်..”
လီဟမ်ရှန်းက ထျန်းရွှေမျိုးနွယ်ဝင်များကို ကြည့်ပြီးနောက် ပေါ့ပါးစွာပင် ပြောလိုက်ပါသည်။ မျိုးနွယ်ဝင်များ၏ မျက်နှာများသည် ဖြူဖက်ဖြူလျော် ဖြစ်သွားပါသည်။ ယနေ့တွင် ထျန်းရွှေမျိုးနွယ်က လုံးဝကို ပျောက်ကွယ်သွားပြီဟု သူတို့ သိလိုက်ကြပါသည်။ လွန်စွာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးက ယခုလိုမျိုး ရောက်လာမည်ဟု သူတို့ မထင်ထားခဲ့မိပါ။
ထျန်းရွှေမျိုးနွယ်များ၌ အရင်းအမြစ်များစွာ ရှိပါသည်။ အရာအားလုံးကို လှည်းပေါ်တွင် တင်ပြီး ထုတ်ပိုးပြီးသည့်အခါတွင် လီဟမ်ရှန်းက ဆုလာဘ်များအပြည့်နှင့် ပြန်လာခဲ့ပါတော့သည်။ လီဟမ်ရှန်းသည် ထျန်းရွှေမျိုးနွယ်ဝင်များထံမှ တစ္ဆေမြို့တော်သို့ ပြန်လာနေစဉ်မှာပင် သူပြန်လာသည့် သတင်းကို ပထမဦးဆုံး ရလိုက်သူက ဟုန်ရှန်ပင် ဖြစ်သည်။
သိပ်မကြာခင် တခြားသော ခေါင်းဆောင်များကလည်း လီဟမ်ရှန်း ပြန်လာသည့် သတင်းကို ရလိုက်ပါတော့သည်။ လီဟမ်ရှန်းက အနိုင်ယူပြီး ပြန်လာသည်ဟူသော သတင်းကို ကြားသောအခါ ခေါင်းဆောင် တော်တော်များများက မယုံကြည်နိုင်ကြပါ။
လွန်စွာ ဖိနှိပ်ရန် ခက်ခဲလှသော ထျန်းရွှေမျိုးနွယ်ဝင်များကို လီဟမ်ရှန်းက အနိုင်တိုက်နိုင်လာတာတဲ့လား။ ဟုန်ရှန်၏ လက်အောက်တွင် ရှိသော တခြားသော တပ်မှူးများကလည်း ထိုအဖြစ်အပျက်ကို မယုံကြည်နိုင်ကြပါချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထျန်းရွှေမျိုးနွယ်၏ ညီအစ်ကိုနှစ်ဦးဖြစ်သော ရေတစ္ဆေ ကျုံးရှန်းနှင့် ကျုံးပေ့တို့၏ စွမ်းအားကြီးမှုကို ကောင်းကောင်းသိသောကြောင့် ဖြစ်ပါသည်။
သူတို့သာ စစ်တပ် တစ်တပ်ကို ဦးဆောင်ခေါ်သွားပြီး ထိုညီအစ်ကိုနှစ်ယောက်နှင့် တိုက်ခိုက်ရမည် ဆိုပါက လွယ်လွယ်ကူကူနှင့် အနိုင်မရမည်ကို သူတို့သိထားပြီးသောကြောင့်ပင် ဖြစ်ပါသည်။ ဒါပေမဲ့ လီဟမ်ရှန်းက တကယ်ပဲ အနိုင်ယူနိုင်လာခဲ့တာလား..။
သူ၏ လူများထံမှ ထိုသတင်းကို ဟုန်ရှန်ကြားသောအခါ သူက အားပါးတရ ရယ်မောလိုက်သည်။ ထျန်းရွှေမျိုးနွယ်ဝင်များသည် တိုက်ခိုက်ရန် အလွန်ခက်ခဲနေခဲ့ပါသည်။ သူ့လက်အောက်မှ တပ်မှူးများသည် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ပါ၏။ သို့သော် သူတို့သည် ရှုံးနိမ့်မှု များစွာဖြင့်သာ ပြန်လာခဲ့ရသည့်အပြင် ခေါင်းဆောင် တစ်ဦးပင်လျှင် အသက်ပေးလိုက်ရပါတော့သည်။
စစ်သူကြီး တဲကောင်းကိုယ်တိုင် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြီး မပိတ်ပင်ထားတာကြောင့်သာ မဟုတ်လျှင် ဟုန်ရှန်ကိုယ်တိုင်ပင်လျှင် စစ်သားများကို ဦးဆောင်ပြီး ထျန်းရွှေမျိုးနွယ်ကို သွားရောက် တိုက်ခိုက်မည် ဖြစ်သည်။ သို့သော် ထိုလုပ်ရပ်သည် စစ်သူကြီး ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ဆန့်ကျင်နေပါ၏။
သူသာ မဆင်မခြင် သွားလုပ်မည် ဆိုပါက စစ်သူကြီးကို အမျက်ထွက်စေမည့် အပြင် တခြားသော ခေါင်းဆောင်များကပါ သူ့ကို လှောင်ပြောင်ကဲ့ရဲ့မည် ဖြစ်ပါသည်။ မမျှော်လင့်ထားတာက လီဟမ်ရှန်းသည် ထျန်းရွှေမျိုးနွယ်ဝင်များကို တိုက်ခိုက်ရာ၌ အောင်အောင်မြင်မြင်နှင့် ပြန်လာနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
တပ်မှူးတစ်ယောက်ဖြစ်သော လီဟမ်ရှန်းသည် သူ၏လက်အောက်တွင် အမိန့်ပေးနိုင်သော စစ်သားများမှာ လွန်စွာမှကို နည်းပါးလွန်းလှပါ၏။ သူက အများဆုံး စစ်သား အယောက်သုံးရာကျော်ခန့်ကိုသာ အမိန့်ပေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ ဖြစ်ရခြင်းမှာ အရင်ခေါင်းဆောင်၏ ဦးဆောင်မှုကြောင့် ထျန်းရွှေမျိုးနွယ်ဝင်များတွင် ကျဆုံးခဲ့သော စစ်သားအရေအတွက်သည် အလွန်အင်မတန် များပြားလှသောကြောင့် ဖြစ်ပါသည်။
စစ်သားအင်အားကို ပြန်လည် ဖြည့်တင်းရန်အတွက် ဟုန်ရှန်က မဆောင်ရွက်ရပါသေးချေ။
“အကျအရှုံး ဘယ်လောက်ရှိလဲ”
ဟုန်ရှန်က သတင်းလာပို့သော စစ်သားကို မေးလိုက်သည်။ ပြီးတော့ ဆက်၍ ပြောလိုက်ပါ၏။
“လူတစ်ဝက်လောက်တော့ ပြန်ကျန်ရဲ့လား”
“ခေါင်းဆောင်ကို သတင်းပို့ပါတယ်..”
စစ်သားသည် အရှက်ရနေသည့် ဟန်ပန်ဖြင့် ပြောလိုက်ပါသည်။
“သခင်လီယွင်ရဲ့အဖွဲ့က တပ်သား တစ်ယောက်မှတောင် မဆုံးရှုံးခဲ့ပါဘူး။ ဒဏ်ရာရတဲ့သူတောင် မရှိခဲ့ပါဘူး။”
“မင်းဘာပြောလိုက်တာ….”
ထိုစကားကို ကြားသော် ဟုန်ရှန်က နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။ ဟုန်ရှန်သည် မယုံကြည်နိုင်စွာဖြင့် မတ်တပ်ရပ်ပြီး အပြင်သို့ ထွက်လိုက်သည်။ ထိုအခိုက်မှာပင် လီဟမ်ရှန်းတို့အဖွဲ့ကလည်း စစ်သူကြီး တဲကောင်း၏ စံအိမ်တော်ထဲသို့ ဝင်လာခဲ့ပါသည်။ ဟုန်ရှန်သည် သူ့ထံသို့ ဦးတည်လာသည်ကို လီဟမ်ရှန်း တွေ့လိုက်၏။
“ခေါင်းဆောင်”
လီဟမ်ရှန်းသည် မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက်တွင် ဟုန်ရှန်အား လက်ယှက်ကာ အရိုအသေပေးလိုက်ပါ၏။
“လီယွင်….မင်းတော်တော် ကြိုးစားခဲ့တာပဲ.. ငါ ကျေးဇူးတင်တယ်ကွာ..”
ဟုန်ရှန်က ခပ်မြန်မြန်ပင် ပြောလိုက်ပြီး အနောက်တွင် ရှိသော စစ်သားများကို လွှမ်းခြုံပြီး ကြည့်လိုက်သည်။ လူတိုင်း သပ်သပ်ရပ်ရပ် ရှိနေပြီး စစ်ချပ်ဝတ်တန်ဆာများတွင် ရွှံ့များ သဲများ သွေးများ စွန်းထင်းနေခြင်း မရှိပါ။ ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်တွင် မည်သည့် ဒဏ်ရာ ဒဏ်ချက်များမှလည်း ရမနေပါ။ ထိုမြင်ကွင်းကို မြင်သော် ဟုန်ရှန်သည် ကြောင်တက်တက်ဖြစ်နေခဲ့ပါသည်။
“တကယ်ကြီး ဘယ်သူမှ မသေတဲ့အပြင် ဒဏ်ရာလည်း မရတာဟ….။ မင်းဒဏ်ရာရသေးလား”
ဟုန်ရှန်က မယုံကြည်နိုင်စွာဖြင့် စစ်သားများစွာကို မေးလိုက်ပါသည်။
“ခေါင်းဆောင်ကို တင်ပြပါတယ်။ သခင်လီယွင်က ထျန်းရွှေမျိုးနွယ်ဝင်တွေ အကုန်လုံးကို သတ်ဖြတ်ခဲ့ပြီးတော့ ကျုံးညီအစ်ကိုရဲ့ ခေါင်းတွေကို ယူလာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့က တစ်ယောက်မှ ဒဏ်ရာ မရသလို အသတ်လည်း မခံခဲ့ရပါဘူး။”
ပိုင်ဟသည် အရှေ့သို့ တိုးလားပြီးနောက် ဟုန်ရှန်အား စိတ်အား တက်ကြွသော လေသံဖြင့် ပြောလိုက်ပါသည်။ ဟုန်ရှန်ကို မဆိုထားနှင့် သူတို့ကိုယ်တိုင်ပင်လျှင် ယခုတာဝန်သည် ထိုမျှ လွယ်ကူမည်ဟု မတွေးထင်ထားခဲ့မိပါချေ။ သူတို့ လုပ်ခဲ့သည်မှာ အရင်းအမြစ်များ ကုန်စည်များကို လှည်းပေါ်သို့ တင်ခြင်းမှ အပ တိုက်ပွဲထဲတွင်ပင် ဝင်ရောက် မပါဝင်ခဲ့ရပါ။
ထို့ကြောင့် သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒဏ်ရာရမှာလဲ။ လီဟမ်ရှန်းက ထျန်းရွှေမျိုးနွယ်တစ်ခုလုံးကို တစ်ယောက်ထဲနှင့် သတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။ ထိုအချိန်တုန်းက လီဟမ်ရှန်းသည် စစ်ပွဲ နတ်ဘုရားကဲ့သို့ပင် သောင်းကျန်းနေခဲ့ခြင်း ဖြစ်ပါသည်။
“ဪ… ဒီလိုလား”
ဟုန်ရှန်သည် စိတ်မထိန်းနိုင်စွာဖြင့် လီဟမ်ရှန်း၏ပုခုံးကို တဖျက်ဖျက်ပုတ်ရင်းနှင့် ပြောလိုက်သည်။
“မင်းကို ဆုလာဘ်တွေ ရအောင်အတွက် ငါပြောပေးမယ်”
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
လီဟမ်ရှန်းသည် အပြုံးနှင့် ပြောလိုက်ပါတော့သည်။
လီဟမ်ရှန်းက ထျန်းရွှေမျိုးနွယ်ဝင်များကို တိုက်ခိုက်ပြီး များပြားလှသော အရင်းအမြစ်များကို ယူပြီးနောက် မိမိဘက်မှ စစ်သားများတစ်ဦးတစ်ယောက်မှ အသေအဆုံးမရှိပဲ ပြန်ရောက်လာသော သတင်းသည် စစ်သူကြီးတဲကောင်းစံအိမ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတော့သည်။
တစ္ဆေမြို့တော်တစ်ခုလုံးတွင်ပင်လျှင် ထိုသတင်းသည် သတင်းကြီးတစ်ခုပင်ဖြစ်နေခဲ့ပါသည်။ ထိုဖြစ်ရပ်သည် တခြားသော ခေါင်းဆောင်များကို မယုံကြည်နိုင်အောင်ဖြစ်နေခဲ့၏။ သူတို့က မျိုးနွယ်စုငယ်လေးကို တိုက်ခိုက်မည် ဆိုလျှင် အသေအဆုံးအပျောက်အရှတော့ရှိပါလိမ့်မည်။ ထျန်းရွှေမျိုးနွယ်ဝင်လိုမျိုး မျိုးနွယ်စုကြီးကို တိုက်ခိုက်ပြီးနောက် အသေအဆုံးမရှိခြင်းက မဖြစ်နိုင်ဟု မယုံနိုင်ဖြစ်နေခဲ့ပါသည်။
ထိုဖြစ်ရပ်က ကျန်တဲ့သူများအားလုံးကို အမှိုက်ဟု ခိုင်းနှိုင်းလိုက်သလားပင် ဖြစ်ပါသည်။ ထိုသတင်းကို စစ်သူကြီးတဲကောင်း ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး ချက်ချင်းပင် ထိုသတင်းကို အာရုံစိုက်မိသွားတော့သည်။ ထို့ကြောင့် ညနေခင်းတွင် စစ်သူကြီးတဲကောင်းသည် လီဟမ်ရှန်းကို ဆင့်ခေါ်လိုက်ပါတော့သည်။